____ကြံလို လူသား____
တပည့်တော်တို့ကတော့ ကြံလိုပဲဘုရား၊ ကြိတ်စက်ထဲ ထည့်ပြီး အကြိတ်ခံရသည့်တိုင် အချိုတွေပဲ ပေးသွားမှာပါ
ဤလောကဝယ် အများအကျိုးကို ငဲ့ကာ မိမိနေထိုင်ရာရပ်ဝန်းကို ကောင်းမွန်ပြည့်စုံအောင်, သာယာလှပအောင် ဖန်တီးတည်ဆောက်သူများ ရှိကြသကဲ့သို့ ကိုယ်ကျိုးသက်သက်ကို ငဲ့ကာ မိမိနေထိုင်ရာရပ်ဝန်းကို ဆုတ်ယုတ်ပျက်စီးအောင်, ရုပ်ဆိုးအကျည်းတန်အောင် ဖြိုခွင်းဖျက်ဆီးနေသူများလည်း ရှိကြ၏။
ဗုဒ္ဓရှင်တော်သည် လက်တော်သို့ရောက်လုရောက်ဆဲဖြစ်သော နိဗ္ဗာန်ချမ်းသာကို စွန့်လျှက် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီ(၁၀)ပါး, စွန့်ခြင်းကြီး(၅)ပါး, စရိယ(၃)ပါးတို့ကို ဖြည့်ကျင့်တော်မူခဲ့ခြင်းသည် လောကအကျိုးသက်သက်အတွက်သာ ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဖြစ်တော်စဉ်ကိုပြသောစကားရပ်တို့၌ လောကာနုကမ္ပာယ-လောကကို သနားစောင့်ရှောက်ချီးမြှောက်ခြင်းငှါဟူသောစကားလုံးလေးသည် မပါမဖြစ်သော စကားလုံးလေး ဖြစ်ခဲ့၏။
ဗုဒ္ဓသည် လောကသားတို့အကျိုးအတွက် လောကအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ လောကအကျိုးပြုကြရန် မိန့်မြွက်တော်မူခဲ့သော်လည်း လောကသားများ၌ အချို့ကား ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ လောကကို ရုပ်ဆိုးအကျည်းတန်အောင် ပြုကြ၏။ အချို့ကား အတ္တ ပရ ညီမျှစွာပင် လောကကို လှပအောင် ဖန်တီးတည်ဆောက်ကြ၏။
ဟိုတလောက နောင်တော်ကြီးတစ်ပါးနှင့် စကားစမြည်ပြောဖြစ်ကြသည့်အခါ သူ့လက်ရှိအခြေအနေများကို ပြောပြရင်း သူပြောသည့်စကားထဲမှာပါသည့် စကားစုလေးတစ်ခုကြောင့် အတွေးကမ္ဘာထဲ ကိုယ့်သိက္ခာ ကိုယ်ထမ်းကာ ခရီးဆက်မိပါသေး၏။
နောင်တော်ကြီး၏စကားစုလေးကား တပည့်တော်တို့ကတော့ ကြံလိုပဲဘုရား၊ ကြိတ်စက်ထဲ ထည့်ပြီး အကြိတ်ခံရသည့်တိုင် အချိုတွေပဲ ပေးသွားမှာပါဟူ၏။
အခုလက်ရှိနေနေရသည့်နေရာမှာ ဆက်နေဖို့ရန် အဆင်မပြေကြောင်း, အကောက်ကြံချင်သူ အပြစ်ရှာချင်သူများကြောင့် အနေခက်ရကြောင်း, အာဏာပြချင်သူ ဂရုဂါရဝနည်းပါးသူတို့ကြောင့် စိတ်ညစ်ရကြောင်း စသည် စသည်များတည်း။
အဆိုးဆုံးကတော့ အပြစ်ရှာသူများ၏ထုံးစံအတိုင်း တစ်ဖက်သားက သူတို့အပေါ်ပြန်လည်၍ တစ်ခုခုလုပ်သွားမှာ စိုးရိမ်နေကြခြင်းပင် ဖြစ်၏။
နောင်တော်ကြီးကတော့ (စိတ်နာနာနဲ့)ပြောရှာပါ၏ တပည့်တော်လည်း သူတော်ကောင်းကြီးတော့ မဟုတ်ပါဘူးဘုရား၊ ဒါပေမယ့် ကြံလိုပဲဘုရား၊ ကြိတ်စက်ထဲရောက်ရင်တောင် အချိုတွေပဲ ပေးသွားမှာပါဘုရားဟူ၏။
(နေရသည့်အခိုက်၌ အကောင်းဆုံးနေပေး၍ ထွက်ခွါသွားသည့်အခိုက်၌လည်း အကောင်းဆုံးတွေကိုသာ ချန်ရစ်ထားခဲ့မည်ဟူသော သဘောပင် ဖြစ်၏။)
နောင်တော်ကြီးက အခုလို ပြောသည့်အတွက် သူ့ကို သူများက သူတော်ကောင်းယောင်ဆောင်နေသည်ဟု ထင်မှာစိုးရွံ့ပုံ ရ၏။ သူတော်ကောင်းကြီးမဟုတ်ပါဘူးဘုရားဟု အတွင်တွင် ပြောဆိုနေခဲ့ပါ၏။ သို့သော် ယခုလက်ရှိဖြစ်ပေါ်နေသော သူ၏စိတ်ထားကား လေးစားဖွယ်ပင် ဖြစ်၏။
ဤလောက၌ တချို့သောသူများသည် တစ်ဖက်သားကို ကြိတ်ချေဖို့ရန်သာ အားထုတ်နေကြ၏။ ကိုယ်ကပဲ အသာစီးရချင်ကြ၏။ ကိုယ်ကပဲ လွှမ်းမိုးချင်ကြ၏။ မိမိနေထိုင်ရာရပ်ဝန်းကို ပျက်စီးဆုတ်ယုတ်အောင်, ရုပ်ဆိုးအကျည်းတန်အောင် လုပ်မှန်းမသိ လုပ်နေမိတတ်ကြ၏။ ကိုယ့်အတ္တကို ရှေ့တန်းတင်ပါများလျှင် ကိုယ်ပါ ပျက်စီးရတတ်သည်ကို သတိမူသင့်၏။
တချို့သောသူများကား ဗြဟ္မစိုရ်စိတ်အပြည့်အဝ ရှိကြ၏။ လှပသောစိတ်ထားများဖြင့် မိမိနေထိုင်ရာရပ်ဝန်းကို တင့်တယ်လှပအောင်, သာယာစိုပြေအောင်, ပြည့်စုံကြွယ်ဝအောင် ဖန်တီးတတ်ကြ၏။ သူတော်တို့နှလုံးအိမ်၌ အငြိမ်းဓာတ်သည် အလိုလို ကိန်းဝပ်ပြီးသား ဖြစ်၏။
-
ချစ်သားဒီဃာဝုအရှည်ကိုလည်း မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်
လွန်လေပြီးသောအခါ၌ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မည်သော ကာသိမင်း စိုးမိုးအုပ်ချုပ် မင်းလုပ်စဉ် ဘုရားလောင်း၏ခမည်းတော်ဖြစ်သော ဒီဃီတိကောသလမင်းသည် ကောသလတိုင်း၌ စိုးမိုးအုပ်ချုပ်မင်းလုပ်၏။
ကာသိမင်းသည် ကြွယ်ဝချမ်းသာ၏။ ရဲမက်ဗိုလ်ပါ စစ်မြင်းရထား များ၏။ ကျယ်ဝန်းသောနိုင်ငံကို ပိုင်ဆိုင်၏။ တိုင်းပြည်ဘဏ္ဍာ ပေါများ၏။
ဒီဃီတိကောသလမင်းကား ကာသိမင်းနှင့် ပြောင်းပြန်ဖြစ်၏။ ပစ္စည်းဥစ္စာနည်းပါး၍ ဆင်းရဲ၏။ ရဲမက်ဗိုလ်ပါ စစ်မြင်းရထား နည်းပါးလှ၏။ သေးငယ်သောနိုင်ငံကို ပိုင်ဆိုင်ရ၏။ တိုင်းပြည်ဘဏ္ဍာ နည်းပါး၏။
ကာသိမင်းက ကောသလတိုင်းကို သိမ်းပိုက်ဖို့ရန် စစ်တပ်ဖြင့်ချီတက်၍ လာသည့်သတင်းကို ဒီဃီတိကောသလမင်းကြားသည်ရှိသော် ခုခံ၍စစ်ထိုးခြင်းငှါမစွမ်းနိုင်မှန်းသိ၍ မိဖုရားကြီးကိုခေါ်ကာ မြို့တော်မှ ကြိုတင်၍ ထွက်ပြေးလေ၏။ ရှင်ဘုရင်မရှိတော့သည်ဖြစ်၍ ကာသိမင်းသည် ကောသလတိုင်းကို အလွယ်တကူပင် သိမ်းပိုက်ကာ စိုးမိုးအုပ်ချုပ်လေတော့၏။
ဒီဃီတိကောသလမင်းသည် မိဖုရားကြီးနှင့်အတူ ဗာရာဏသီပြည်ထဲဝင်ပြေးကာ မြို့တော်၏အစွန်အဖျားနားက အိုးဖုတ်သည့်တဲထဲ၌ လင်မယားနှစ်ယောက်ရုပ်ဖျက်ကာ ပရိဗိုဇ်ယောင် ဆောင်၍ နေကြ၏။
နောင်အခါ ပရိဗိုဇ်ယောင်ဆောင်နေသောမိဖုရားကြီး၌ ကိုယ်ဝန်ရ၍ (၁) အင်္ဂါလေးပါးနှင့်ပြည့်စုံသောစစ်တပ်ကြီး စစ်ဝတ်တန်ဆာများဆင်ယင်လျှက် မြေ၌ရပ်နေသည်ကို မြင်လိုခြင်း (၂) သန်လျက်ဆေးသောရေကို သောက်လိုခြင်းဟူသော ချဉ်ခြင်းများတပ်သည့်အတွက် ပရိဗိုဇ်ယောင်ဆောင်ထားသော ဒီဃီတိကောသမင်းကို (မမြင်ရ,မသောက်ရလျှင် သေရပါတော့မည်ဟု) ပူဆာလေရာ ဒီဃီတိကောသလမင်းသည် သူငယ်ချင်းဖြစ်သူ ကာသိမင်း၏ပုရောဟိတ်ပုဏ္ဏား၏အကူအညီဖြင့် (ကာသိမင်းကို မလိမ့်တပတ်လုပ်ကာ) မိဖုရားကြီး၏ချဉ်ခြင်းကို ဖြေဖျောက်ပေးခဲ့ရ၏။
မိဖုရားကြီးသည် ကိုယ်ဝန်ရင့်မာခြင်းသို့ရောက်သော် ဘုရားလောင်းဒီဃာဝုမင်းသားလေးကို ဖွားမြင်လေ၏။ ဒီဃာဝုမင်းသားလေး အရွယ်ရောက်သည့်အခါ ဒီဃီတိကောသလမင်းသည် ကာသိမင်းသည် ငါတို့ကို သိသွားလျှင် ငါတို့သုံးယောက်လုံးကို သတ်စေလိမ့်မည်ဟု ကြံစည်မိ၍ သားတော်ဒီဃာဝုမင်းသားကို မိဘများနှင့်ခွဲကာ မြို့အပြင်၌ သီးသန့်နေစေ၍ အတတ်ပညာများ တတ်မြောက်အောင် သင်ပေးထားလေ၏။
ဒီဃီတိကောသလမင်း၏ ဆေတ္တာသည်ဟောင်းသည် ဒီဃီတိကောသလမင်းတို့ ရုပ်ဖျက်ကာ အိုးဖုတ်သည့်တဲ၌နေသည်ကို သိရ၍ ကျေးဇူးကန်းကာ ကာသိမင်းအထံ သွားရောက်လျှောက်ထားလေ၏။ ကာသိမင်းသည် ဒီဃီတိကောသလမင်းနှင့်မိဖုရားကြီးကို ဖမ်းယူစေ၍ လက်ပြန်ကြိုးတုပ်လျှက် ကတုံး တုံးစေကာ မြို့ထဲလှည့်ပတ်ခေါ်ယူစေပြီးလျှင် မြို့၏တောင်တံခါးမှထုတ်ပြီးနောက် အပိုင်းပိုင်းခုတ်ကာ သတ်စေလေ၏။
ဒီဃာဝုမင်းသားသည် မိဘတို့ကို မတွေ့ရတာကြာလှပြီဖြစ်၍ လာတွေ့လေသော် မိဘများကို သတ်ဖို့ရန်ခေါ်ဆောင်သည်ကို ပက်ပင်းတွေ့ရ၍ မိဘများ၏အနီးနားသို့ အသာလေး ချဉ်းကပ်သွားလေ၏။
ဒီဃီတိကောသလမင်းသည် သားဖြစ်သူဒီဃာဝုမင်းသားကို အဝေးမှ လှမ်းတွေ့ရသည့်အခါ လိမ္မာပါးနပ်စွာဖြင့်ပင် စကားလေးခွန်းကို တစ်ယောက်တည်းပြောနေသကဲ့သို့ မြွက်ဆိုလေ၏။
ထိုစကားလေးခွန်းကား (၁) ချစ်သားဒီဃာဝု အရှည်ကိုလည်း မကြည့်ပါလင့် (၂) အတိုကိုလည်း မကြည့်ပါလင့် (၃) ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းအေးနိုင်ကုန် (၄) ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏-ဟူသောစကားတို့ပင် ဖြစ်၏။
အရှည်ကို မကြည့်ပါလင့်ဟူသည် ရန်စကို မရှည်စေလင့်ဟူသော အဓိပ်ပါယျပငျ ဖြစ်၏။ အတိုကို မကြည့်လင့်ဟူသည် အဆွေခင်ပွန်းတိုနှင့် အချိန်တိုတိုအတွင်းမှာ မိတ်မပျက်စေလင့်ဟူသော အဓိပ်ပါယျပငျ ဖြစ်၏။
အမတ်များက ဒီဃီတိကောသလမင်းကို ယောင်ယမ်းပြီးပြောနေသည်ဟု ထင်ကြ၏။ ဒီဃီတိကောသလမင်းကား ပညာရှိသူ သိပါလိမ့်မည်ဟုသာ ဆိုလေ၏။ ဒီဃာဝုမင်းသားသည်ကား သူ့ခမည်းတော်သည် သူ့ကို ဩဝါဒပေးနေသည်ဟု သိလေ၏။
မိဘများအသတ်ခံရပြီးနောက် ဒီဃာဝုမင်းသားသည် ကာသိမင်းထံ သီချင်းဆို၍ စောင်းတီးကျွမ်းကျင်သည့်ပုံစံမျိုးဖမ်းကာ တစ်ဖက်လှည့်ဖြင့် ဝင်ရောက်ဆည်းကပ်၍ အတွင်းလူယုံတော်ဖြစ်သည့်အထိ အယုံသွင်းပြီးလျှင် သက်တော်စောင့်ရာထူးကို ရရှိလေ၏။
တစ်နေ့သ၌ ကာသိမင်းသည် ဒီဃာဝုမင်းသားနှင့်အတူ တောလိုက်ထွက်စဉ် ဒီဃာဝုမင်းသားသည် စစ်သည်ဗိုလ်ပါများနှင့်ဝေးကွာသွားအောင် ရထားကို မောင်းနှင်လေ၏။
တစ်နေရာအရောက် အနားယူကြသည့်အခါ ကာသိမင်းသည် ဒီဃာဝုမင်းသား၏ပေါင်ပေါ်၌ ခေါင်းအုံးကာ ခဏတဖြုတ် အိပ်စက်အနားယူလေ၏။
ထိုအခါ ဒီဃာဝုမင်းသားသည် သန်လျက်ကို ဆွဲထုတ်လျှက် ဤကာသိမင်းသည် ငါတို့၏တိုင်းပြည်ကို သိမ်းပိုက်ခဲ့၏။ ငါ၏မိဘများကို သတ်ဖြတ်ခဲ့၏။ ယခုအခါသည် လက်စားချေရမည့် အခါပေတည်းကြံကာ ကာသိမင်းကို သတ်မည်လုပ်ပြီးမှ ခမည်းတော်ပြောခဲ့သောဩဝါဒစကားကို အမှတ်ရ၍ ခမည်းတော်၏စကားကို မလွန်ဆန်ချင်သည့်အတွက် သန်လျက်ကို သန်လျက်အိမ်ထဲ ပြန်ထည့်ထားလိုက်၏။
နှစ်ကြိမ် သုံးကြိမ် ထိုကဲ့သို့ ဖြစ်နေပြီးနောက် ကာသိမင်းသည်လည်း အိပ်နေရာမှ ကြောက်လန့်တကြီး နိုးလာလေရာ အကြောင်းစုံကို မေးမြန်သော် အိပ်မက်ထဲ၌ ဒီဃီတိကောသလမင်း၏သားဖြစ်သူ ဒီဃာဝုမင်းသားက ငါ့ကို သန်လျက်ဖြင့် လိုက်သောကြောင့်ဟုဆိုသည့်အခါ ထိုအခါကျတော့မှ ကာသိမင်း၏ဆံပင်ကို ဘယ်လက်ဖြင့် ကိုင်၍ သန်လျက်ကို ညာလက်ဖြင့်ကိုင်ပြီးလျှင် ဒီဃီတိကောသလမင်း၏သားဒီဃာဝုမင်းသားဆိုတာ ငါပဲ၊ သင့်ကို လက်စားချေရမည်ဟု ဆိုလေ၏။
(ခမည်းတော်၏ဆုံးမစကားကို ဦးထိပ်ပန်ဆင်ထားသည့်အတွက် တကယ်သတ်လို၍ ဆိုသည်မဟုတ်၊ လက်စားချေလိုလျှင် ချေလို့ရသည်ဟု သိစေရန် ပြောဆိုခြင်းဖြစ်လေ၏။)
ထိုအခါ ကာသိမင်းက အသက်ချမ်းသာပေးရန် တောင်းဆိုသည့်အတွက် ဒီဃာဝုမင်းသားကလည်း သူ့ကိုလည်း အသက်ချမ်းသာပေးရန် ပြန်လည်တောင်းဆိုသည့်အခါ နှစ်ယောက်သား သင့်မြတ်သွားကြလေတော့၏။ ချစ်ကြည်ရေး ယူကြ၏။ အချင်းချင်း မပြစ်မှားကြရန် ကတိသစ္စာပြုကြလေ၏။
နန်းတော်သို့ ပြန်ရောက်သည့်အခါ ကာသိမင်းသည် ဒီဃာဝုမင်းသားအား ကောသလတိုင်းကို ပြန်လည်အပ်နှင်းပြီးလျှင် အရွယ်သို့ရောက်ပြီးသောသမီးတော်နှင့်လည်း လက်ထပ်ထိမ်းမြားပေးလေ၏။
ဒီဃာဝုမင်းသားသည် ကြိတ်စက်ထဲထည့်ကာ အကြိတ်ခံခဲ့ရပါ၏။ သို့သော် ခမည်းတော်ကြီး၏အဆုံးအမကို ဦးထိပ်ပန်ဆင်ကာ ကာသိမင်းအား အချိုဓာတ်တွေသာ ပေးသွားလေ၏။
သူတော်သူမြတ်တို့သည် ဒုက်ဓားလက်နက်ကို စွဲကိုင်ရသည့်ဘဝမျိုး၌ တည်ရှိနေစေကာမူ ခန္တီ(သည်းခံခြင်း)တရား, သောရစ္စ(ကောင်းသောလုပ်ရပ်များကို ဖန်တီးလိုခြင်း)တရားများကို လက်ကိုင်ထားကာ လောကကြီးအပေါ် အချိုဓာတ်တွေသာ ပေးသွားခဲ့၏။
ဤသဘောတရားကို ရည်ရွယ်၍ ရှေးပညာရှိသူတော်ကောင်းတို့သည် (၁)ရန်စကို မရှည်စေလင့် (၂)ချစ်စကို မတိုစေလင့် (၃)ရန်မလိုမှ ရန်ပြိုသည် (၄)ရန်လိုလျှင် ရန်ပိုတတ်သည်-ဟု ဓမ္မူပဒေသစကားများ ထားရှိခဲ့ကြလေ၏။
လောက၏နှလုံးသား၌ အပြုံးများဝေလိုလျှင် နင်းချေဖျက်ဆီးတတ်သောကြိတ်စက်များလည်း မရှိဖို့ လို၏။ စိမ့်ဝင်စီးဆင်းသွားလျှင် ကြည်နူးအေးမြဖွယ်ကောင်းသောအချိုဓာတ်များလည်း သွန်းလောင်းထားဖို့ လိုပေ၏။
-
အိုမျောက်ကြီး သင်သည် မိမိကိုယ့်ကို တံတားသဖွယ်ပြု၍ အသက်ကို စွန့်ကာ ဤမျောက်တို့ကို ဘေးကင်းရာကမ်းတစ်ဖက်သို့ ကူးစေခဲ့ပြီ၊ သင်နှင့် ဤမျောက်တို့သည် အဘယ်သို့ တော်စပ်ကြပါသနည်း
မဟာကပိဇာတ်တော်၌ ဗာရာဏသီမင်းသည် ဂင်္ဂါမြစ်၌ ပိုက်ကွန်များကာရံကာ ရေချိုးနေစဉ် ဂင်္ဂါမြစ်၏အထက်အရပ်မှ မျောပါလာ၍ ပိုက်ကွန်၌ ချိတ်နေသော မွှေးပျံ့သောအနံ့နှင့် ထူးကဲစွာချိုမြသောအရသာရှိသော သရက်သီးကြီးတစ်လုံးကို မြင်ရသည့်အတွက် စားသုံးကြည့်သည့်အခါ အင်မတန်ထူးကဲသောသရက်သီးကြီး၏အနံ့အရသာ၌ စွဲလမ်းသွားပြီးလျှင် ဂင်္ဂါမြစ်၏အထက်အရပ်သို့ သရက်သီးရှာပုံတော် ဖွင့်ခဲ့လေ၏။
ဂင်္ဂါမြစ်၏အထက်တစ်နေရာအရောက် သရက်ပင်ကြီးကို တွေ့ရ၍ ထိုသရက်ပင်၏အောက်၌ စခန်းချကာ သရက်သီးများကို စားသုံးလေ၏။ ညဘက်၌ အန္တရာယ်ကင်းအောင် မီးများဖိုကာ အစောင့်အရှောက်များကိုလည်း ချထားလေ၏။
ထိုအခါ ဘုရားလောင်းသည် မျောက်မျိုး၌ဖြစ်၍ အားအစွမ်း,အရပ်အမောင်းများနှင့် ပြည့်စုံကာ ရှစ်သောင်းသောမျောက်အပေါင်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်လေ၏။
ရှင်ဘုရင်နှင့်မူးမတ်ဗိုလ်ပါများအိပ်ချိန် ညသန်းခေါင်းယံရောက်သည့်အခါ ဘုရားလောင်းမျောက်မင်းသည် မျောက်များနှင့်အတူ ထိုသရက်ပင်သို့လာ၍ တစ်ကိုင်းမှ တစ်ကိုင်းသို့ကူးကာ သရက်သီးများကို စားကြလေ၏။
ရှင်ဘုရင်သည် နိုးလာပြီးနောက် သရက်ပင်ပေါ်က မျောက်များကို မြင်၍ မျောက်တွေ ထွက်မပြေးနိုင်အောင် ဝိုင်းထားကြပြီး လေးများနှင့် ပစ်ကြကုန်၊ မနက်ဖြန် သရက်သီးများကိုလည်း စားမည်၊ မျောက်သားကိုလည်း စားမည်ဟု လေးသမားများအား ပြောဆိုလေ၏။ လေးသမားများကလည်း လေးများနှင့် ပစ်ကြရန် ဝိုင်းထားကြလေ၏။
ထိုအခါ မျောက်များက ဘုရားလောင်းမျောက်မင်းကို အရှင်မျောက်မင်း ပြေးသည့်မျောက်များကို လေးများနှင့်ပစ်မည်ဟု ပြောကာ ဝိုင်းထားကြပါပြီ၊ ကျွန်တော်မျိုးတို့ အဘယ်သို့ပြုရမည်နည်းဟု ဆိုကြလေသော် ဘုရားလောင်းမျောက်မင်းက အို မျောက်အပေါင်းတို့မကြောက်ကြပါလင့်၊ ငါသည် သင်တို့အား အသက်ချမ်းသာခွင့်ရအောင် လုပ်ပေးမည်ဟု နှစ်သိမ့်ပြီးလျှင် သရက်ပင်၏ ထိပ်ဆုံးသို့တက်ရောက်၍ လေးအပြန်တစ်ရာခန့်ဝေးသော ဂဂင်္ဂါမြစ်တစ်ဖက်ကမ်းရှိချုံပေါ်သို့ လှမ်းခုန်လေ၏။
သူခုန်ခဲ့သော ဂင်္ဂါမြစ်၏ဟိုဘက်ကမ်း သည်ဘက်ကမ်းအကွာအဝေးကို မှန်းဆ၍ သစ်ပင်၌ချည်မည့်ပမာဏ, ကြိုးတမ်းပမာဏတို့ကို ထည့်တွက်ကာ နွယ်ကြိုးကို ဖြတ်လေ၏။ ပြီးလျှင် နွယ်ကြိုးတစ်ဖက်ကို ဤမှာဘက်သစ်ပင်၌ချည်လျှက် နွယ်ကြိုးတစ်ဖက်ကို ခါး၌ချည်ကာ ဟိုဘက်ကမ်းရှိသရက်ပင်သို့ လှမ်းခုန်လေ၏။
ဘုရားလောင်းမျောက်မင်းကား ခါး၌ချည်ရမည့်နွယ်ကြိုးတစ်ကိုက်စာလောက်ကို ထည့်တွက်ဖို့ရန် မေ့လျော့ခဲ့သည် ထင်၏။ သရက်ပင်သို့ လှမ်းခုန်လိုက်သည့်အခါ နွယ်ကြိုးက တိုနေသည့်အတွက် သရက်ပင်ပေါ်သို့မရောက်ဘဲ သရက်ကိုင်းကိုသာ လှမ်းဆွဲမိလေ၏။
အခြေအနေပေးသည့်အတိုင်း အကောင်းဆုံး လျှောက်လှမ်းရုံသာ ရှိတော့၏။ ကျောပေါ်ကနေသာ ဖြတ်လျှောက်၍ ဘေးကင်းရာတစ်ဖက်ကမ်းသို့သွားရန် ဘုရားလောင်းမျောက်မင်းသည် မျောက်များကို အချက်ပေးရတော့၏။
ထိုအခါ တခြားသောမျောက်များသည် ဘုရားလောင်းမျောက်မင်းကို မတက်သာ၍နင်းသွားရသည်မို့ ခွင့်လွှတ်ပေးပါရန်တောင်းပန်ကန်တော့ပြီး တစ်ဖက်ကမ်းသို့ သွားကြလေ၏။
ဒေဝဒတ်လောင်းမျောက်ယုတ်သည်ကား မကျေနပ်ချက်များကို လက်တုန့်ပြန်ရမည်၊ တွေ့ကြသေးတာပေါ့ဟူသည့်သဘောမျိုးဖြင့် အရှိန်ပြင်းအောင် သရက်ကိုင်းမြင့်မြင့်ပေါ်သို့တက်ပြီးလျှင် ဘုရားလောင်းမျောက်မင်း၏ကျောပေါ်သို့ ခပ်ပြင်းပြင်း ခုန်ချလိုက်လေ၏။
သရက်ကိုင်းကိုဆွဲကာ တန်းလန်းကြီးဖြစ်နေသောဘုရားလောင်း၏ကျောပြင်ကို အားပြင်းပြင်းဖြင့် ရိုက်ချလိုက်သကဲ့သို့ဖြစ်ကာ ဘုရားလောင်းမျောက်မင်းသည် နှလုံးကွဲမတက် ဖြစ်သွား၏။ အဆုတ်လည်း ကွာသွားပုံရ၏။ ကြီးမားပြင်းထန်သောဝေဒနာကို ခံစားရလေတော့၏။
ဒေဝဒတ်လောင်း မျောက်ယုတ်ကား ဝေဒနာခံစားနေရသောဘုရားလောင်းမျောက်မင်းကို ကျေနပ်အားရစွာကြည့်ကာ တစ်ဖက်ကမ်းသို့ ကူးသွားလေတော့၏။
ဗာရာဏသီမင်းသည် သရက်ပင်အောက်၌ မအိပ်ဘဲစောင့်ကြည့်နေလေရာ ဘုရားလောင်းမျောက်မင်းနှင့် တခြားသောမျောက်တို့၏ဖြစ်ရပ်အားလုံးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။
နောက်နေ့မနက် မိုးလင်းသော် ဘုရားလောင်းမျောက်မင်းကို သစ်ပင်ပေါ်ကချ၍ ရေချိုးပေးခြင်း ဆီများလိမ်းကြံပေးခြင်းစသည်ဖြင့် ပြုစုပေးကာ အထက်ပါစကားကို မေးမြန်းပြောဆိုခြင်းဖြစ်၏။
အိုမျောက်ကြီး သင်သည် မိမိကိုယ့်ကို တံတားသဖွယ်ပြု၍ အသက်ကို စွန့်ကာ ဤမျောက်တို့ကို ဘေးကင်းရာကမ်းတစ်ဖက်သို့ ကူးစေခဲ့ပြီ၊ သင်နှင့် ဤမျောက်တို့သည် အဘယ်သို့ တော်စပ်ကြပါသနည်းဟူ၏။
ထိုအခါ ဘုရားလောင်းမျောက်မင်းသည် အရှင်မင်းမြတ်ငါသည် စိုးရိမ်ကြောက်ရွံ့လျှက်သောကဗျာပွေနေသောမျောက်အပေါင်း၏ ခေါင်းဆောင်ဖြစ်ပါ၏။
ထို့ကြောင့် သူတို့၏အသက်ကို ကယ်တင်ဖို့ရန်အတွက် လေးအပြန်တစ်ရာဝေးသောတစ်ဖက်ကမ်းသို့ ခုန်ကာ နွယ်ကြိုးကို ဖြတ်ပြီးလျှင် ဤဘက်ကမ်းသို့ ပြန်လည်ခုန်ကူးခဲ့ပါ၏။
သို့သော်လည်း နွယ်ကြိုးတစ်ကိုက်စာလောက် လိုနေခဲ့သည့်အတွက် သရက်ကိုင်း၌ ဆွဲလျှက်တွဲလျားကျနေခြင်း ဖြစ်ပါ၏။
မျောက်အပေါင်းသည် ငါ့ကို နင်းလျှက် ဘေးကင်းရာတစ်ဖက်ကမ်းသို့ ကူးသွားခဲ့ပါပြီ။
သူတို့၏ခေါင်းဆောင်လုပ်ခြင်းသည် (အသက်ကိုပင် စွန့်ရပါစေ) သူတို့အတွက်ချမ်းသာရာကို ဆောင်ယူပေးဖို့အတွက်သာ ဖြစ်ပါ၏။
အရှင်မင်းမြတ်ခေါင်းဆောင်လုပ်သူသည် နောက်လိုက်နောက်ပါတို့၏ချမ်းသာရာကိုသာ ရှာဖွေနေသင့်သည်မဟုတ်ပါလားဟု ပြန်လည်ဖြေကြားလေ၏။
ထိုသို့ပြောဆိုပြီးနောက် ဘုရားလောင်းမျောက်မင်းသည် ကွယ်လွန်အနိစ္စရောက်လေ၏။ ဗာရာဏသီမင်းလည်း ဘုရားလောင်းမျောက်မင်းကို ဘုရင်တစ်ပါးလို သင်္ဂြိုဟ်ပေးလေ၏။
ဤလောက၌ ကြိတ်စက်ကဲ့သို့ အရည်ထွက်အောင် ကြိတ်ချေမည့်သူများ ရှိနေတတ်သလို ကြံကဲ့သို့ အကြိတ်ခံရသည့်တိုင် အချိုဓာတ်များ ပေးနေဦးမည့်သူများလည်း ရှိနေတတ်ပါ၏။
ကြိတ်စက်ကဲ့သို့ကြိတ်ချေမည့်သူများသည် ဂွင်ကောင်းကို အမြဲချောင်းမြောင်းနေတတ်ကြ၏။ ကျေးဇူးကိုမမြင်ဘဲ ကျေးဇူးကန်းတတ်ကြ၏။ ကိုယ့်အတ္တကို ရှေ့တန်းတင်ကာ ကိုယ်အဆင်ပြေရင်ပြီးရောဆိုသည့်သဘောဖြင့် လောကကို ရုပ်ဆိုးအကျည်းတန်အောင် ပြုလုပ်လေ့ရှိကြ၏။
ကြံကဲ့သို့အချိုဓာတ်ပေးမည့်သူများသည်လည်း သရက်ပင်မှသရက်သီးကြီး ဂင်္ဂါမြစ်ထဲမျောပါမသွားအောင် အစကတည်းက သေသေချာချာ ဂရုစိုက်သင့်သကဲ့သို့ အရာရာတိုင်းဝယ် ဂရုစိုက်သင့်၏။
အသက်ကယ်ဖို့ နွယ်ကြိုးဖြတ်မည်ဆိုလျှင်လည်း သေသေချာချာသတိထားတွက်ချက်ပြီးမှ လစ်ဟာကွက်မရှိအောင် ဖြတ်သင့်သကဲ့သို့ ဟာကွက် လျော့ကွက် ချွတ်ချော်နိုင်မည့်အကွက်တို့ကို ကြိုတင်တွက်ဆထားပြီးလျှင်
ပြင်ဆင်သင့်တာကို ကြိုတင်၍ပြင်ဆင်ထားသင့်၏။
သူတော်တို့နှလုံးသားကား ဘယ်လိုအခြေနေမျိုးနှင့်ကြုံကြုံ အပြုံးများဖြင့် ဝေဆာပြီးဖြစ်သော်လည်း စျေးတွက် တွက်ကြည့်လျှင် အချိုဓာတ်ပေးရကျိုးမနပ်ဘဲ ဖြစ်တတ်၏။
ဤလောက၌ သူတော်သူမြတ်တို့သည် ကြိတ်စက်ထဲ ထည့်၍ အကြိတ်ခံရသည့်တိုင် အချိုဓာတ်များကိုသာ ပေးသွားခဲ့ကြ၏။
မြင့်မြတ်သောစိတ်ထားများ, ဖြူစင်သောစာရိတ္တများ, ကောင်းမွန်သောလုပ်ရပ်များဖြင့် လောကကြီး အေးချမ်းသာယာလှပအောင်, ပြည့်စုံကြွယ်ဝအောင်, ဘေးရန်များကင်းဝေးအောင် စွမ်းနိုင်သမျှ ကြိုးစားတည်ဆောက်ခဲ့ကြ၏။
လောကသားအားလုံးတို့သည်လည်း သူမြတ်တို့ထုံး နှလုံးမူ၍ ကောင်းမွန်သောလုပ်ရပ်များကို ဖန်တီးတည်ဆောက်ခြင်းဖြင့် ကြံပမာ လောကကို အချိုဓာတ်ပေးသူများ ဖြစ်ကြပါစေ
-အရှင်ဝါယာမိန္ဒာလင်္ကာရာဘိဝံသ