စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, December 31, 2022

ကောင်းသောစိတ်၏ ကောင်းနိူင်စွမ်

ကောင်းသောစိတ်၏ ကောင်းနိူင်စွမ်း
_____________________________

ကောင်းသောစိတ်က လွဲလို့
မိမိကိုယ် ကူညီနိုင်သော
စောင့်ရှောက်နိုင်သော
ဖေးမနိုင်သော
ကောင်းသွားစေနိုင်သော အရာ
အခြားမရှိ။

စိတ်တကယ် ကောင်းလာပြီဆိုလို့ရှိရင်
စိတ်တကယ် အဆင့်မြင့်လာပြီဆိုလို့ရှိရင်
နိဗ္ဗာန်ကိုတောင် မြင်နိုင်စွမ်း ရှိလာတယ်။

အခု နိဗ္ဗာန်ကို မမြင်သေးဘူး။
နိဗ္ဗာန်ကို မမြင်သေးတော့ ချမ်းသာစစ်
ချမ်းသာမှန်ကို မမြင်သေးတော့
ဒီချမ်းသာတု ချမ်းသာယောင်ကိုပဲ
ချမ်းသာစစ် ချမ်းသာမှန် ထင်ပြီးတော့
လောဘတွေ ကြီးကြတယ်, လိုချင်မူတွေ
များလာတယ်။
လိုချင်တဲ့အတိုင်း မဖြစ်တဲ့အခါ
မကျေနပ်မူတွေ ဖြစ်လာတယ်။
လိုချင်မူရဲ့ ဖြည့်ဆည်းပေးမယ့်
အရာကိုတောင် တာဆီးလာပြီဆိုရင်
အဲဒီ အတားအဆီးတွေကို 
ဖျက်ဆီးပစ်မယ်ဆိုပြီးတော့ 
ဒေါသတွေကြီးကြတယ်။
ဒေါသတွေ ကြီးတယ်ဆိုတာ
လောဘတွေ ကြီးလို့ ကြီးတာဗျ။
အကြောင်းမဲ့ ဒေါသ ဖြစ်တာ မဟုတ်ဘူး။

အလိုဆန္ဒတွေ ရှိနေသေးသမျှ 
အလိုကျခြင်း, အလိုမကျခြင်းဆိုတာတွေ
ရှိနေအုံးမှာပဲ။
ဆိုလိုတာက လောဘတွေ ရှိနေသေးသမျှ
ဒေါသတွေ ကြီးနေရအုံးမှာပဲ။
ဒေါသတွေ ကြီးနေရသေးသမျှ
ဒုက္ခတွေ ရောက်နေရအုံးမှာပဲ။
စိတ်ဟာ မသက်မသာ ဖြစ်နေအုံးမှာပဲ။

စိတ်ဓာတ်တွေ နိမ့်ကျနေတဲ့အချိန်မှာ
နိဗ္ဗာန်ကို မမြင်နိုင်ဘူး။
စိတ်ဓာတ်တွေ တကယ်မြင့်လာပြီ
အရည်အသွေး ရှိလာပြီ
အမှန်တွေ မြင်ပါ များလာပြီ
စိတ်ဓာတ်တွေ ဖြူစင်လာပြီ
သန့်ရှင်းလာပြီဆိုရင် နောက်ဆုံး
နိဗ္ဗာန်ကို မြင်မယ်။
ခန္ဓာရဲ့အပြစ်ကို မြင်မယ်။
ခန္ဓာဟာ ဆင်းရဲပဲဆိုတာကို
တကယ် သိမယ်။
တကယ်သိလာတာနဲ့ တစ်ပြိုင်နက်တည်း
လိုချင်မူဟာ တကယ် နည်းလာမယ်။
လိုချင်မူ နည်းလာတာနဲ့ တစ်ပြိုင်နက်တည်း
အလိုမကျဘူးဆိုတာတွေဟာ နည်းလာမယ်။

လိုချင်တာတွေ များနေသေးသမျှ
ကြိုးစားအားထုတ်မူတွေ များမယ်။
ကြိုးစားအားထုတ်မူတွေ များလာတာနဲ့
တစ်ပြိုင်နက်တည်း အခက်အခဲတွေ
အကြပ်အတည်းတွေ ခလုတ်တွေ 
ဆူးငြှောင့်တွေဆိုတာတွေ 
အများကြီး ဖြစ်လာမယ်။

အေး ဒါကြောင့် ကောင်းတဲ့စိတ်ကလေးကို
အခြေခံလိုက်ရတာဟာ ဘယ်လောက်
ကောင်းလည်းဆိုတာလေးကို ပုံပေါ်အောင်
ပြောနေတာ။

စိတ်တကယ်ကောင်းလာပြီ
စိတ်တကယ် မြင့်မြတ်လာပြီဆိုလို့ရှိရင်
တကယ် ဖြူစင်လာပြီဆိုလို့ရှိရင်
နိဗ္ဗာန်ကိုတောင် မြင်နိူင်တယ်။

စိတ်တကယ် ဖြူလာပြီဆိုတော့
အရိယာကိုကစ ဖြူစင်ခြင်းလို့
အဓိပ္ပာယ် ရတာ မဟုတ်လား။
စိတ်တကယ် ဖြူလာပြီ
စိတ်တကယ် အဆင့်မြင့်လာပြီဆိုရင်
နိဗ္ဗာန်ကို မြင်ပြီးတော့ 
လောကရဲ့ အမှန်တရားတွေကို မြင်ပြီးတော့
စိတ်ဓာတ်တွေ မြင့်ပြီးတော့
ဆင်းရဲဒုက္ခ တကယ် ငြိမ်းသွားကြတယ်။

ဒါကြောင့် စိတ်တွေ ဖြူစင်ရတာ
စိတ်တွေ ကောင်းရတာဟာ
လောကမှာ အကောင်းဆုံးပဲလို့
နားလည်ဖို့ လိုတယ်။

   သစ္စာရွှေစည်ဆရာတော်

"ချမ်းသာချင်ရင် စိတ်ကိုပြင်" တရားတော်မှ
ကောက်နူတ်ချက် ဖြစ်ပါသည်။

ဓမ္မ"အမြင်နှင့် နှစ်သစ်ကူးခြင်

(ဓမ္မ"အမြင်နှင့် နှစ်သစ်ကူးခြင်း)

နှစ်သစ် ကူးတိုင်းကူးတိုင်း 
နှစ်ဟောင်းထက် ကို
လာမယ့်နှစ်က 
ပိုကောင်းလာလိမ့်မယ်လို့ 
စိတ်ထဲမှာမျှော်လင့်ကြတယ်၊

သို့သော် 
သဒ္ဓါ'သီလ'သုတ
စာဂ'ပညာတို့ ဆိုတဲ့ 
အရေးပါတဲ့
အခြေအနေကောင်းတွေ 
မဖန်တီးနိုင်ဘူး ဆိုရင် 
လူတွေရဲ့မျှော်လင့်ချက်ဟာ 
ဖြစ်လာမှာ မဟုတ်ဘူး!

ပိုကောင်းလာဖို့ဆိုတာ
မဖြစ်နိုင်ဘူး၊
နှစ်သစ်"အခါ(သမယ)မှာ
ပိုပြီးတော့
ကောင်းလာစေချင်ရင်

🌿ပိုၿပီး သဒ္ဓါတရားတွေ
ကောင်းလာအောင်

🌿ပိုပြီး ကိုယ်ကျင့်တရားတွေ
လုံခြုံလာအောင်

🌿ပိုပြီး စွန့်လွတ်မှုတွေ
ခိုင်မာလာအောင်

🌿ပိုပြီး အသိဉာဏ်တွေ
ကြွယ်ဝလာအောင် 
လုပ်ကြဖို့လိုတယ်။

အဲဒီ
အကြောင်းတရားတွေ
ပြည့်စုံမှ သာလျှင်
မိမိတို့ရဲ့မျှော်လင့်ချက်နဲ့
ချမ်းသာသုခတွေ 
မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ဆိုတဲ့
ဆုတောင်းတွေတောင်းဆိုမှုတွေဟာ 
တစ်လုံးတစ်ဝ ကြီးဖြစ်လာမှာဖြစ်တယ်။ 

နှစ်သစ်"ကူးတာသက်သက်နဲ့ကတော့ 
ကောင်းကျိုး ချမ်းသာတွေ
ရလာမှာ မဟုတ်ဘူးတဲ့။ 

လောကမှာ
အသစ်အသစ်"ဆိုတာ
ရှည်တဲ့ကာလအပိုင်းလေးတစ်ခုကို ကြည့်ပြီးတော့
အဟောင်းကုန်ပြီးရင်အသစ်ကူးတယ် လို့ 
ဒီလို ပြောကြတာ။

ဓမ္မအမြင်နဲ့
ကြည့်မယ် ဆိုလို့ရှိရင် 
စက္ကန့်ပိုင်း တိုင်းဟာအသစ် 
ကူးနေတာပါ 
အဟောင်းကုန်ပြီးရင်အသစ်ကို 
ပြောင်းနေတာပါ

ဒီလကုန်ရင်
နောက်လရောက်တာလည်း
(လ)အသစ် ကူးနေတာပါပဲ

ဒီနေ့ကုန်လို့
နောက်တစ်ရက်
ရောက်လာတာဟာရက်အသစ် ကူးနေတာပါ

ဒီနာရီကုန်လို့
နောင်နာရီဆိုတာလည်းအသစ်ကူးနေတာပါ

နောက်ဆုံး
ဒီစက္ကန့်လေး ကုန်သွားလို့
နောက်စက္ကန့်လေး ဆိုတာလည်း
ကူးနေတာပါ။

နေ့စဉ်နဲ့အမျှဟာ
အသစ်၊အသစ်"တွေချည်းပါပဲ

အဲသလို
အဟောင်းအဟောင်းတွေ
ချုပ်သွားပြီး
အသစ်၊အသစ်တွေပေါ်လာနေတယ် ဆိုတာ

လောကရဲ့ မတည်မြဲတဲ့
ရပ်တည်မနေတဲ့
အစဉ်,"ထာဝရ”
ရွှေ့ပြောင်းနေတဲ့
သဘာဝတရားကြီးမျှသာဖြစ်ပါတယ်။

တစ်ကယ်
စဉ်းစားကြည့်မယ် ဆိုလို့ရှိရင် 
အသစ်ကို မျှော်တာဟာ
တဏှာ"လောဘ “ရဲ့ 
သွေးဆောင်မှုတစ်ခုသာ
ဖြစ်တယ်။

အသစ်ကို မျှော်ခြင်းသည်
တဏှာ"မကင်းသူ တို့ရဲ့ 
အတွေး တစ်ခုမျှသာဖြစ်တယ်။

နေ့စဉ်နဲ့အမျှ ကြည့်လေ
နေကြီး ထွက်လာပြီးတော့
ဝင်သွားလို့ရှိရင် မနက်ဖြန်ခါနေအသစ်ပေါ့

အဲဒီလို
နေ့တွေ၊ လတွေ
အသစ်အသစ် ပြောင်းနေတဲ့
အချိန်ကိုတော့ အသစ်လို့ မထင်ဘူး။ 

နဲနဲလေး
ကြာလာတဲ့အခါ ကျတော့ 
လပေါင်း (၁၂)လ၊ရက်ပေါင်း (၃၆၅)ရက် 
ကြာညောင်းလာတဲ့အခါ ကျတော့ 

နှစ်ဟောင်း ကုန်လို့
နှစ်သစ် ရောက်လာပြီလို့ 
လူတွေကသတိထား မိလာတာပါ။

ဝိပဿနာ"ဉာဏ် နဲ့
ဆက်စပ်သုံးမယ် ဆိုလို့ရှိရင်
စက္ကန့်ပိုင်းတိုင်းမှာအသစ်အသစ်တွေဟာ
ပြောင်းနေတယ်လို့သိလာနိုင်တယ်။

အဲဒီတော့
အသစ်ပြောင်းတာတွေကို
မျှော်လင့်နေမယ် ဆိုရင်
တဏှာ"လောဘ ရဲ့
အမြင်နဲ့ 
မျှော်လင့်နေတာသာဖြစ်တယ်၊ 
ကောင်းကျိုးတရားတွေဖြစ်မလာနိုင်ပါဘူး။

ဒါကြောင့်
အသစ်ကိုမျှော်တာကိုရုတ်သိမ်းလိုက်တယ်၊

တရား"အမြင်နဲ့
ကြည့်လိုက်မယ် ဆိုရင် 
အသစ်ရော"အဟောင်းပါအတူတူ ပါပဲ
အသစ် မမျှော်တော့ဘူး။

ဒါကြောင့်
မြတ်စွာဘုရားက
ငါ့"ဘဝ ဟာ
ဒါ နောက်ဆုံးပဲ
နောက်ထပ် မရှိတော့ဘူးလို့မိန့်တော်မူပါတယ်။

အသစ်ကို မမျှော်တော့ဘူး
ဆိုလို့ရှိရင် 
ဒါဟာ သံသရာ"မှာ
ဒုက္ခတွေချုပ်ငြိမ်းသွားခြင်းသာ
ဖြစ်ပါတယ်။

အသစ်မျှော်နေသေးသမျှ
သံသရာထဲမှာ
ဒုက္ခတွေနဲ့
ဆုံကြ ကြုံကြရဦးမှာဖြစ်ပါတယ်။

ဒါကြောင့်
“တဏှာ"ရဲ့မျှော်လင့်ချက်မျိုး
မဖြစ်ပဲနဲ့
မိမိတို့ရရှိလာတဲ့
နှစ်သစ်ကာလအခါ(သမယ)မှာ 

မဖြစ်သေးတဲ့ သဒ္ဒါတရားဖြစ်လာအောင်
မဖြစ်သေးတဲ့
ကိုယ်ကျင့်တရားတွေ ကောင်းမွန်လာအောင်

မဖြစ်သေးတဲ့ စာဂတရားတွေ များပြားလာအောင်
မဖြစ်သေးတဲ့ ပညာတရားတွေ
အသစ်ဖြစ်လာကြအောင်လို့
ကြိုးစားခြင်းသည်သာလျှင် 

တစ်ကယ့်အစစ်အမှန်ဖြစ်တယ် 
ဆိုတာကိုယုံကြည်ပြီးတော့
အားလုံးသော
တရားချစ်ခင် သူတော်စင်
ပရိတ်သတ်တို့သည်
နှစ်သစ်ကူးပြီးစ
နှစ်ဦး အခါသမယမှာ
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့တရားဓမ္မကို
လိုက်နာကျင့်သုံးနိုင်ကြပါစေ လို့
ဓမ္မလက်ဆောင်
ပေးတဲ့အနေနဲ့  ဒီတရားကို
ဟောကြားအပ်ပါတယ်။

🙏🙏🙏
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး

အကျိုးမရပဲ အချိန်တွေမဖြုန်းကြနဲ့

❝ အကျိုးမရပဲ အချိန်တွေမဖြုန်းကြနဲ့ ❞
*********************
ရာဂသောင်းကျန်းလာရင်လဲ
ကိုယ်ကိုယ်တိုင်ပျက်စီးတက်သလို •••
သူတစ်ပါးကိုလဲ ဖျက်ဆီးတက်တယ်။ ရာဂဆိုတဲ့
ရန်သူထကြွသောင်းကျန်းလာရင် ကာကွယ်ဖို့က
`အသုဘ တရား´ပဲ 
ဝိတက်သောင်းကျန်းလာရင် 
ကိုယ်တိုင်လဲ ပျက်စီးတက်တယ် 
သူတစ်ပါးကိုလဲ ဖျက်ဆီးတက်တယ် 
၀ိတက်ဆိုတဲ့ ရန်သူကို ကာကွယ်ဖို့က
အာနာပါန
*****************
နိ၀ရဏသောင်းကျန်းလာလို့ရှိရင်
ကိုယ်တိုင်လဲပင်ပန်းသလို ၊သူတစ်ပါးကိုလဲ
ပင်ပန်းစေတယ် 
နိဝရဏကို ကာကွယ်ဖို့က 
``ဗုဒ္ဓါနုဿတိသာထိ
*******************
ဒေါသဆိုတာ ရန်သူတစ်မျိုးပဲ 
အဲဒီဒေါသဟာ သောင်းကျန်းလာရင်
ပျက်စီးတက်တယ် 
ကိုယ်ကိုယ်တိုင်လဲ ပျက်စီးတက်သလို ၊
သူတစ်ပါးကိုလဲ ဖျက်ဆီးတက်တယ် ••
အဲဒီရန်သူကို ကာကွယ်ဖို့ ကိုယ့်စောင့်တရား
တစ်ပါးရှိတယ် 
အဲဒါဟာ မေ တ္တာ ပါ ပဲ

 လူ့အသက်က တိုတိုလေးပဲ 
အိပ်တဲ့အချိန်က ပိုများနေရင် ဘဝဟာ အလကားပဲ။ 

 ၂၄ နာရီ တစ်ရက်မှာ အိပ်ချိန်နာရီပေါင်း ဘယ်လောက်ရှိသလဲ။

 ည ၉ နာရီဆို အိပ်တယ်
မနက် ၅ နာရီ ထတယ်
 တစ်ရက် ၈ နာရီ
အိပ်တဲ့သူ ဘဝရဲ့ ဘယ်နှစ်ပုံ ကုန်သွားပြီလဲ။ 
ဒါ တွက်ကြည့်ရမယ်။
 နှစ်တစ်ရာ အသက်ရှည်တဲ့ လူ့ဘဝမှာ 
အိပ်တဲ့ အချိန်လေးက 
ဒီလောက်ကုန်သွားရင်
စီးပွားရေးအတွက် အလုပ်လုပ်ချိန် ဘယ်လောက်
ရှိလဲ တိုင်းပြည်အတွက် သာသနာတော်အတွက်
အလုပ်လုပ်ချိန် ဘယ်လောက်ရှိသလဲ 
ဘဝ သံသရာအတွက် ကိုယ်အားထုတ်တာ
အချိန်ဘယ်လောက်ရလဲ တွက်ကြည့်လိုက်ရင် ရှုံးတယ်တဲ့
ကိုယ်ရလိုက်တဲ့ အချိန်လေးမှာ 
အလုပ်လုပ်ရတာက နည်းပြီး အိပ်ပြီးတော့
အချိန်ဖြုန်းတာက ပိုများနေတယ် •••

 'မောဃ ကာလံန ခေပယေ - အကျိုးမရဘဲနဲ့ အချိန်မဖြုန်းကြနဲ့' လို့ ဘုရားသိပ်ပြောတယ်။

【သီတဂူဆရာတော်ဘုရားကြီး
      "ကိုယ်စောင့်တရားလေးပါး" "ဆုတောင်း ၆ မျိုး"တရားတော်မှ

Friday, December 30, 2022

ဘဝဖြစ်ခြင်း၏ လက်သည်တရားခံ

ဘဝဖြစ်ခြင်း၏ လက်သည်တရားခံ
____________________________

ဘာဖြစ်လို့ ဘဝတွေက
ဖြစ်ခဲ့တာတုန်း။

အဝိဇ်ဇာ နီဝရဏာနံ သတ်တာနံ 
တဏှာသံယောဇနာနံ။

သတ္တဝါတွေရဲ့စိတ်ကို
မသိမူက ဖုံးထားတယ်တဲ့။
ဖြစ်နေတာက တစ်မျိုး။
ကိုယ် ထင်နေတာ 
သိနေတာကတစ်မျိုး။

အဲသလို လွဲမှားတဲ့ 
အသိတွေနဲ့နေလာတာ။

ပြီးတော့ ဘုန်းဘုန်းတို့ရဲ့
စိတ်ကလေးဟာ မက်မောမူနဲ့ 
ချည်တုပ်ခံထားရတာ။

အဲဒါကြောင့်မို့ သတ္တဝါတွေဟာ
ဘယ်လောက်ကာလ
ကြာခဲ့ပြီလို့ ပြောလို့ 
မရလောက်အောင် ရှည်လျားတဲ့
သံသရာတစ်လျှောက်လုံး
နိမ့်ချည်မြင့်ချည်၊ စုံချည်ဆန်ချည်နဲ့
လာနေကြတာ၊ အခုလည်း
ဆုံးပြီလားဆိုတော့ မဆုံးသေးဘူး။

ရှေ့အနာဂါတ်ခရီးကို 
မျှော်ကြည့်ရင်လည်း
ဒီအဝိဇ္ဇာနဲ့ ဖုံးထားသမျှ၊ 
တဏှာနဲ့ ချည်ထားသမျှ
သူ သွားအုံးမှာ။
ကန့်သတ်ချက် မရှိဘူး။

ဒီအကြောင်းတရားကို 
ဘုန်းဘုန်းတို့ 
မဖျက်ဆီးနိုင်သေးသမျှ
သွားအုံးမှာနော်။

ဒီဟာကို ရပ်ချင်တယ်၊
မသွားချင်ဘူးဆိုရင်
အဝိဇ္ဇာအဖုံးကို ဖွင့်နိုင်အောင်
ကြိုးစားရမယ်။
တဏှာချည်ထားတာကို
ဖျက်နိုင်အောင် ကြိုးစားရမယ်။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

"အကောင်းဆုံး ကုသိုလ်"တရားတော်မှ

"မမျှော်စိတ်နဲ့ လှူလိုက်ပါ"

"မမျှော်စိတ်နဲ့ လှူလိုက်ပါ"
════════════════

" တပည့်တော်တို ရန်ကုန်ကတောင် လာဖူးရတာပါဘုရား..."ဟု အစချီလျက် ဟောဒါက ဘာလေးပါဘုရား၊ ညာလေးပါဘုရား၊ နိုင်ငံခြားကတပည့်တော်သား၊ သမီးပို့လိုက်တဲ့ ရှားရှားပါးပါး အသုံးအဆောင်လေးပါဘုရား၊ မေတ္တာပို့ပေးပါဦးဘုရား စသည်ဖြင့်ဖွဲ့ဖွဲ့နွဲ့နွဲ့ လျှောက်ထားလာသူများအား "ဟောဗျာ၊ ရန်ကုန်မှာ သံဃာမရှိတာကျလို့ဗျား၊ ကိုယ့်အိမ်ရှေ့ဆွမ်းလာရပ်တဲ့ သံဃာလှူလိုက်တော့ကော ကုသိုလ်မရလို့လားဗျ....အင်၊ ခင်ဗျားတို့ ဒီလိုပုဂ္ဂိုလ်စွဲနဲ့သာ လှူနေရင် ငါစွဲ၊ ငါ့ပစ္စည်းစွဲဆိုတဲ့ တဏှာမာန ဒိဋ္ဌိတွေက ဘယ်တော့လွတ်မတုန်းဗျ။ ငါတော့ ဘယ်ဆရာတော်ကြီးကို ဘာလှူလိုက်ရတာဆိုတဲ့ စွဲစိတ်တွေ၊ ပျော်စိတ်တွေ၊ ဒီလိုလှူလိုက်ရလို့ နောင်ဘဝကျ၊ ငါဘာဖြစ်မှာဆိုတဲ့ အမျှော်စိတ်တွေနဲ့ လှူနေသမျှ ခင်ဗျားတို့ဒါနအကျိုးပေး မစင်ကြယ်သေးဘူးလို့မှတ်ဗျာ...။ 

အကျိုးပေးမှ မစင်ကြယ်သေးရင် မဂ်ဖိုလ်နိမ္ဗာန်ဆိုတာ ဝေးသေးဗျ။ ပြီးတော့ တို့ကို တစ်ကျပ်ဖိုး အထင်ကြီးရင် တခြားသံဃာကို တစ်ကျပ်ဖိုးအထင်သေးသလို့ ဖြစ်နေတတ်တဲ့သဘောကိုရော ဆင်ခြင်မိကြရဲ့လာဗျာ...။ ဟုတ်ဗျား...။ သံဃာဆိုတာ မြတ်စွာဘုရားနဲ့ အမြင်တူ အကျင်တူလို့ သံဃာခေါ်တာဗျ...။ 
ဟာ...ဘယ်သံဃာတော့ဖြင့် ကြည်ညိုစရာမကောင်းလို့ မလှူဘူးမလုပ်ပါနဲ့...။ မကောင်းတာ သူ့အပိုင်း၊ သူ့အပြစ်သူခံလိမ့်မယ်...။ ခင်ဗျားတို့ကောင်းတာလုပ် ကောင်းတာဖြစ်မှပေါ့....။ 

ဟုတ်ဗျား လှူတတ်မယ်ဆိုရင် ဆွမ်းကလေးတစ်ဇွန်းနဲ့လည်း တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးကသံဃာတွေကို လှူလို့ရပါတယ်ဗျ၊ သံဃာလို့ဆိုလိုက်တာနဲ့ ဒီနေ့မှ ရှင်ဖြစ်တဲ့သံဃာကနေ ဘုရားရဟန္တာတွေအထိ အကုန်ပါတယ်ဗျ၊ တို့ ဘာနဲ့တူလဲဆိုတော့ ဒီနေ့မှ စစ်ထဲဝင်တဲ့ ရဲဘော်အသစ်ကနေ ဟိုဗိုလ်ချုပ်ကြီးအထိကို စစ်တပ်လို့ခေါ်သလိုပေါ့...။ သံဃာလည်း ဒီနေ့မှ သင်္ကန်းစဝတ်သူကနေ ဘုရားရဟန္တာတွေအထိဆိုတော့ နည်းသလားဗျ...။ သက်တော်ထင်ရှားတွေရော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေရော အားလုံးအကျုံးဝင်တယ်ဗျ...၊ ဒါ့ကြောင့် လှူတတ်မယ်ဆိုရင် ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့သာလှူ၊ အိမ်ရှေ့ဆွမ်းရပ်တဲ့ ကိုယ်တော်သပိတ်ထဲ ဆွမ်းလေးတစ်ဇွန်းလောင်းပြီး သံဃာ့ဂုဏ်များ အာရုံပြုနေရင်ဗျာ နိဗ္ဗာန်မှာ စံတော်မူနေတဲ့ ဘုရားရဟန္တာပေါင်း မရေမတွက်နိုင်အောင်ထိ လှူပြီးဖြစ်ပါတယ်ဗျာ....။ 

ဒါနပြုတယ်ဆိုတာ ငါစွဲဖြုတ်နေတာ ငါပိုင်တယ်ဆိုတာတွေကို စွန့်လွှတ်ပေးလှူပစ်တာ၊ လိုချင်မှု သိမ်းပိုက်မှုဆိုတဲ့ တဏှာလောဘတွေကို ဒါနနဲ့ခွာချနေတာ၊ ရင်ဝမှာစူးနေတဲ့လှံကို ဆွဲနုတ်ပစ်လိုက်တာ ငါ ဒီလိုအလှူကြီးလှူလိုက်လို့ နောင်ဘဝ ဘယ်လိုကောင်းစားဦးမှာဆိုတဲ့ အမျှော်စိတ်နဲ့လှူနေရင် နောက်ထပ်စိုက်ဝင်စူးဝင်လာမယ် လှံတွေကို ရင်ကော့ပြီးခံနေသလိုဖြစ်မှာပေါ့...။ ငါးကြီးကြီးလိုချင်လို့ ငါးသေးသေးကို ငါးစာလုပ်မျှားချိတ်မှာ တပ်မျှားသလို ဖြစ်မှာပေါ့....။ ဒီလိုအလှူမျိုးလှူတိုင်း မကောင်းဘူး။ ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်ပဲများမယ်...၊ ကျောင်းကြီးဆောက်လှူပါရဲ့၊ ငါ့ကျောင်းလို့စွဲနေရင် ကိုယ့်ကျောင်းကိုယ်ပြန်စောင့်ရလိမ့်မယ်...။ 

ဘုရားတည်ပြီး ဘုရားဒကာဘွဲ့ထူကြီးတော့ ခံယူပါရဲ့၊ ငါ့ဘုရားလို့စွဲနေရင် အဲဒီဘုရား ပြန်စောင့်နေရလိမ့်မယ်...။ ငါ့ဆရာတော်လို့စွဲနေရင် ဆရာတော့်ကျောင်းနား ပြိတ္တာကြီးလာဖြစ်လိမ့်မယ်ဗျ....။ တို့ကျောင်းနားလာကပ်လို့ကတော့ ကျောက်ခဲပရိတ်မန်းပြီး ထုလွှတ်မှာဗျနော်....၊ ဟုတ်လား...။ 
လဲတယ်ဆိုတာ သူတကာခြေထိုးလို့ လဲတာမဟုတ်ဘူး၊ ကိုယ့်ပုဆိုးစ ကိုယ်တက်နင်းမိလို့ လဲကြတာဗျ...။ 

ဗုဒ္ဓဘာသာမှ လှူသလားဗျာ၊ လူဖြစ်မှ လှူကြသလားဗျာ၊ တိရစ္ဆာန်တွေရော၊ ဘာသာခြားတွေရော ဒါနပြုနေကြတာပါပဲ။ 
ဟော...ခွေးအိုမကြီးဗျာ၊ သူ့သားသမီးတွေ နို့တိုက်ကျွေးမွေးလို့ ဒါနမပြုဘူးလားဗျာ။ ဒီခွေးမကြီးအလှူကမှာ ဘာမျှော်စိတ်မှမရှိလို့ မေတ္တာစစ်နဲ့ယှဉ်ပြီး ပေးကျွေးတဲ့ဒါနဖြစ်လို့ မြတ်သေးဗျာ၊ တို့လူတွေများ အလှူလေးလုပ်ပြီးတာနဲ့ တောင်းလိုက်တဲ့ဆု၊ ဒီဘဝ ဘာဖြစ်ရပါစေ၊ နောက်ဘဝ ဘာဖြစ်ရပါစေနဲ့ နိဗ္ဗာန်က နောက်ဆုံးမှပါဗျာ....။ 

ဟော....ဒိပြင်ဘာသာဝင်တွေလည်း လှူတာကောင်းမှန်သိလို့ လှူနေကြတာပါပဲ၊ ဒါနခင်းချဉ်းကပ်မိတာပါပဲ...။ 
ဒါပေမဲ့ ငါ, ငါစွဲအတ္တ၊ ပစ္စည်းမာန၊ ပုဂ္ဂိုလ်စွဲတွေရှိနေသမျှ ပါရမီမြောက်တဲ့ဒါန မဖြစ်ဘူး၊ စွန့်လွှတ်ခြင်းအစား တစ်ဖန်ပြန်လည်ရယူရေးကို ဦးတည်နေလို့ ပါရမီဆိုတဲ့စကားနဲ့တော့ ဖီလာကန့်လန့်ချည်းပဲ...။ 

ပါရမီဒါနဆိုတာ လှူဆဲကာလ ဉာဏ်ယှဉ်ပါမှဗျ...။ အဲဒီတော့ ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ပစ္စည်းစွဲတွေအစား ငါလည်းမမြဲ၊ ပုဂ္ဂိုလ်လည်းမမြဲလို့ ဆင်ခြင်ပြီးလှူနိုင်ပါမှ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့ အကြောင်းအထောက်အပံ့ဖြစ်တယ်ဗျ....။ ။
"ကြည့်သောသူသည် မြင်၍ မြင်သောသူသည် ဆင်ခြင်၏..." 

《မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး》

Credit... 

Thursday, December 29, 2022

မမေ့မလျော့နေတယ်ဆိုတာ

“မမေ့မလျော့နေတယ်ဆိုတာ”

မေ့လျော့တယ်ဆိုတာ ဘာကိုပြောတာတုံးဆိုတော့ အပျော်အပါးတွေ လိုက်စားပြီးတော့ ကိုယ့်စိတ်ကို ကာမဂုဏ်တွေထဲမှာ လွှတ်ထားတာဟာ ဒါ မေ့လျော့တယ် လို့ ခေါ်တယ်ပေါ့။

သဘာဝတရားကို မစဉ်းစားနိုင်ဘဲနဲ့ ကာမဂုဏ်အာရုံတွေထဲ စိတ်ကို လွှတ်ထားတယ်၊ ဒါဟာ မေ့လျော့ခြင်းပဲ၊ တစ်ဖက်ကနေကြည့်မယ်ဆိုရင် စဉ်းစားကြည့်ပေါ့။

ဘုန်းကြီးတို့တစ်တွေဟာ မမေ့လျော့သင့်ဘူးဆိုတာ ဘာလဲလို့ဆိုရင် ကုသိုလ်ကောင်းမှု လုပ်ဖို့ သတိရတာဟာ မမေ့လျော့ခြင်းပဲ ဖြစ်တယ်။

လူ့လောကရောက်လာတဲ့အခါ စားစရာ ရှာရတာတို့ နေစရာ ရှာရတာတို့နော်၊ ဒါတွေဟာ သဘာဝသာလျှင် ဖြစ်တယ်။

လောကမှာ တိရိစ္ဆာန်တွေဟာလည်းပဲ အတူတူပဲ၊ အိပ် စား ကာမ လို့ ဆိုတဲ့အတိုင်း အိပ်တာရယ် စားတာရယ် ကာမဂုဏ်ရယ် ဒီသုံးမျိုးကတော့ သတ္တဝါတိုင်းမှာ ရှိကြတယ်။ အဲဒီ သုံးမျိုးနဲ့ အချိန်ကုန်နေရင် မေ့လျော့တယ်လို့ ခေါ်တယ်။

လူတွေဟာလည်း နေ့စဉ် စီးပွားရေးကိစ္စ ဒီကိစ္စတွေနဲ့ချည်းပဲ အချိန်ကုန်နေရင် မေ့လျော့တယ်လို့ ခေါ်တယ်။ ဘာဖြစ်လို့လဲဆိုရင် စဉ်းစားကြည့်ပေါ့-

စားစရာတို့ ၊ နေစရာတို့ ၊ ဝတ်စရာတို့ ၊ စီးပွားရေးကိစ္စတို့ ဒီကိစ္စတွေနဲ့ချည်း အချိန်ကုန်ပြီးတော့ နေမယ်ဆိုလို့ရှိရင် လူ့ရဲ့ ဘဝတစ်သက်တာ ကာလဆိုတာ ထာဝရမှ မဟုတ်တာ၊ မကြာခင်ပဲ ကုန်ဆုံးသွားမှာ၊ အချိန်ဆိုတာ ထာဝရ ရွေ့လျားနေတဲ့ အရာကြီးသာ ဖြစ်တယ်၊ အချိန်ကုန်သွားလို့ရှိရင် ဒီထဲက ဘာအကျိုးတွေ ရလိုက်မှာလဲ၊ ဘာမှ မရဘူး။ 

ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ တစ်ဘဝ တစ်နပ်စာအတွက်တွေချည်းပဲ၊ သံသရာအတွက်လည်း ဘာမှ ပါမှာ မဟုတ်ဘူး၊ နောင်ဘဝအတွက် ဘာမှ ပြင်ဆင်ထားတာ မရှိဘူး။

ဒီ ဖြစ်လာတဲ့ ဘဝမှာ မေ့မေ့လျော့လျော့ အာရုံကာမဂုဏ်တွေထဲမှာ စိတ်ပျော်သလို နေသွားပြီးတော့ သေဆုံးသွားတဲ့ အခါမှာကျတော့ ဘာမှ ပါမလာတဲ့အပြင် အကုသိုလ်တွေနဲ့ သွားရတဲ့အခါ နောင်ဘဝမှာ ဒီထက် ပိုနိမ့်ကျသွားနိုင်တယ်လို့ ဒီလို ဆိုတာ။

ဒါကြောင့်မို့လို့ ဘဝရလာတဲ့အခါ မမေ့မလျော့ နေရမယ်၊ မမေ့မလျော့ဆိုတာ တန်ဖိုးရှိတဲ့ အလုပ်ဟာ ဘာလဲ၊ အဲဒီ တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ဖို့ လိုတယ်ပေါ့၊ တန်ဖိုးရှိတယ်၊ ဒီ ဘဝတင် မဟုတ်ဘူး၊ သံသရာမှာ ဘဝကောင်းစားဖို့အတွက် ဘာတွေ လုပ်သင့်သလဲ။

ဆိုပါစို့ -
ဒီဘဝနေတဲ့ ပုဂ္ဂိုလ်တွေဟာ စားစရာနဲ့ ဝတ်စရာ ဒါနဲ့တင် အချိန်ကုန်ရမှာလား မဟုတ်ဘူး၊ လုပ်စရာတွေ ဘာတွေရှိတုံးဆိုရင် အသိပညာတွေ ဆည်းပူးအားထုတ်ရမယ်။ 

အသိပညာဆိုတဲ့နေရာမှာ စီးပွားရေးပညာလည်းပါတယ်၊ လူမှုရေးပညာလည်း ပါတယ်၊ ဒီထက်အရေးကြီးတဲ့ပညာကတော့ လုပ်သင့်တာနဲ့ မလုပ်သင့်တာ ခွဲခြားသိတဲ့အသိ ဓမ္မပညာမျိုးဆိုတာ ဆည်းပူးအားထုတ်ရမယ်။

အဲဒီလိုမှ မသိဘူးဆိုလို့ရှိရင် ကိုယ့်ဘဝဟာ တန်ဖိုးအလွန်နည်းသွားလိမ့်မယ်၊ ဒါကြောင့်မို့လို့ ရလာတဲ့ဘဝရဲ့အသိတွေ မရ ရအောင် ကြိုးစားရှာဖွေကြရမယ်၊ အသိရှိတဲ့လူ အသိရှိတဲ့ သားတစ်ယောက်ဖြစ်ဖို့ လုပ်ရမယ်၊ အဲဒါကို မမေ့မလျော့နေတယ်လို့ ဒီလိုပြောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
🙏🙏🙏🙏

crd

အပ္ပမာဒဆိုတဲ့သတိ

ပညာကြောင့်ဖြစ်တဲ့ ငြိမ်းအေးမှုကို
ရယူရန်အတွက် ပညာဖြစ်စေတဲ့ 
သတိကိုမွေးမြူပါ။

သတိဆိုတာ မိမိခန္ဓာမှာ
လောလောဆယ်ဖြစ်နေတဲ့
သဘောလေးတွေကို
သိသိနေတဲ့ သဘောလေးပါ။

ကိုယ့်ခန္ဓာမှာ သတိရှိနေပါစေ။
သတိရှိရင် မကောင်းတဲ့စိတ်တွေ
မဝင်နိုင်ဘူး။
မကောင်းတဲ့စိတ်တွေ မဝင်ရင်
မဆင်းရဲဘူး။

သတိရှိရင် စိတ်ကောင်းတွေ ဖြစ်တယ်။
စိတ်ကောင်းဖြစ်ရင် ချမ်းသာတယ်။
သတိရှိရင် မဆင်းရဲဘူး။
သတိရှိရင် ချမ်းသာတယ်။
သတိရှိရင် အကုသိုလ်မဖြစ်ဘူး။
သတိရှိရင် ကုသိုလ်ဖြစ်တယ်။

သူတော်ကောင်းတရားတွေထဲမှာ
အပ္ပမာဒဆိုတဲ့သတိဟာ
အကြီးကျယ်ဆုံးတရားဖြစ်ပါတယ်။

   (သစ္စာရွှေစည်ဆရာတော်)

ကိုယ့်ကိုကိုယ်သာ အားကိုးရာ

'အတ္တဒီပ'ဆိုတာ မိမိသည်သာလျှင်
မှီခိုရာကျွန်းသဖွယ်ဖြစ်တယ်ဆိုတဲ့
အဓိပ္ပာယ်ပေါ့။

ကိုယ့်ကိုကိုယ် အားကိုးရမယ်ပေါ့။

ကိုယ့်အတွက် မှီရာခိုရာ
အားကိုးအားထား ပြုရာဟာ
ကိုယ်ပဲရှိတယ်လို့ ပြောချင်တာပါပဲ။

ဒါကလည်းပဲ ကိုယ့်အတွက်
မှီခိုရာအားထားရာကို
ကိုယ်တိုင်လုပ်မှ ရမှာ
ဖြစ်တဲ့အတွက်ကြောင့်
ကိုယ်သည်သာလျှင် ကိုယ်အတွက်
မှီခိုရာအားထားရာလို့ ဆိုလိုတာပါ။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

၂၀၂၂.၁၂.၂၅(တနင်္ဂနွေနေ့)

သာသနာတော်၌ငြီးငွေ့နေသောရဟန်းတစ်ပါး

⚜"စိတ်" ကို "ငါ" ဟူ၍ စွဲလမ်းနေသူများအတွက် မျက်စိသည် အခြား အရာဝတ္ထု များကိုသာ မြင်နိုင်ပြီး မိမိကိုယ်ကိုမူ ပြန်၍ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ ထို့အတူ စိတ်သည်လည်း အခြားအာရုံများကိုသာ မြင်နိုင်ပြီး မိမိကိုယ်ကိုမူ ပြန်၍ မမြင်နိုင်ပါချေ။ ထိုကြောင့် စိတ်သည် မြင်နိုင်ခဲ့ခြင်း ဖြစ်၏။ အကယ်၍ စိတ်ကို မြင်လိုပါက စိတ်သည် အမြင်ခံတရားအဖြစ်သို့ ရောက်အောင် ပြုလုပ်ဖို့ လို၏။ ထိုသို့ မလုပ်ပါဘဲ စိတ်သည် မြင်တတ်သောတရား အဖြစ်၌သာ ရှိနေပါက လက်ညှိုးသည် အခြားအရာဝတ္ထုများကိုသာ ညွှန်ပြနိုင်ပြီး မိမိကိုယ်ကိုမူ ပြန်၍ မညွှန်ပြနိုင်သကဲ့သို့၊ ထို့အတူ စိတ်သည်လည်း အခြားအရာများကိုသာ မြင်ပြီး မိမိကိုယ်ကိုမူ ပြန်၍မြင်ရန် မတတ်ကောင်းချေ။ ထို့ကြောင့် စိတ်ကို မြင်တက်သော ဓမ္မသဘောမှ အမြင်ခံ ဓမ္မသဘောသို့ ရောက်အောင် ရှေးဦးစွာ အားထုတ်အပ်၏။ ထိုအခါမှသာ စိတ်သည် " မိမိ " မဟုတ်တော့ဘဲ " သူတစ်ပါး " ဖြစ်သွားမည် ဖြစ်၏။ သူတစ်ပါး ဖြစ်သွားလျှင် အာရုံတို့၏ ဓမ္မတာအတိုင်း မြင်၍ရပြီ ဖြစ်၏။ ဤသဘောကို ရည်ရွယ်၍ ခန္ဓာကို သူတစ်ပါး " ပရသဘော " အနေဖြင့် ရှုရမည်ဟူ၍ ဝိသုဒ္ဓိမဂ်၌ မိန့်ခြင်း ဖြစ်၏။

မိမိ၏ မျက်စိကို မိမိ၏ မျက်စိဖြင့် မြင်အောင် ကြည့်နိုင်သကဲ့သို့ မိမိ၏ စိတ်ကိုလည်း မိမိ၏ စိတ်ဖြင့် မြင်အောင် ကြည့်ရှု၍ရ၏။ မိမိနှင့် သူတစ်ပါး ကွဲသွားသောအခါ မိမိက ကြည့်သူ၊ သူတစ်ပါးက အကြည့်ခံ ဖြစ်၏။ ထိုနည်းအတူပင် စိတ်တစ်ခုက ကြည့်သူ၊ စိတ်တစ်ခုက အကြည့်ခံ ဖြစ်ရ၏။ ကြည့်သူအဖြစ် ဆောင်ရွက်သောစိတ်က မဂ္ဂင်စိတ်၊ အကြည့်ခံအဖြစ် ဆောင်ရွက်သောစိတ်က ကမ္မဋ္ဌာန်း အာရုံစိတ် ဖြစ်ရ၏။ မျက်စိက မျက်စိကို မြင်ရာ၌လည်း ထို့အတူ အကြည့်ခံမျက်စိက ကမ္မဋ္ဌာန်းအာရုံ၊ ကြည့်သူမျက်စိက မဂ္ဂင်တို့ ဖြစ်ကြ၏။ ဤသို့ နှစ်မျိုးစီ နှစ်မျိုးစီ ကွဲပြားသွားရ၏။

ဤနေရာ၌ ဉာဏ် ( မဂ္ဂင် ) ကိုပင် မျက်စိဟု ဆိုခြင်း ဖြစ်၏။ ပကတိမျက်စိသည် မိမိ၏ အာရုံကို မြင်၍ ပိုင်ပိုင်နိုင်နိုင် သိသလို ဉာဏ်သည်လည်း မိမိ၏ အာရုံကို ရှု၍ ပိုင်ပိုင်နိုင်နိုင် သိ၏။ ထိုသို့ ပိုင်နိုင်စွာသိမှုခြင်း တူသဖြင့် ဉာဏ်ကိုပင် မျက်စိဟု တင်စား၍ ဆိုခြင်း ဖြစ်၏။ ရူပါရုံသည် မြင်၍ရသလို ဓမ္မာရုံသည်လည်း မြင်၍ရသည်ဟု ဆိုလိုခြင်း မဟုတ်။ ပိုင်ပိုင်နိုင်နိုင် သိ၍ ရနိုင်ခြင်း တူမှုကိုသာ ဆိုလိုခြင်း ဖြစ်ပါ၏။ တရားရှုမှတ်ရာ၌ " စက္ခုံဥဒပါဒိ " အရ ဉာဏစက္ခု ပေါ်လာအောင် အားထုတ်ရ၏။ သမာဓိ အားကောင်းသောအခါ ဉာဏ်မျက်စိသည် ပေါ်လာ၏။ ထို့ကြောင့် ဉာဏ်မျက်စိ ပေါ်လာအောင် သမာဓိကို ထူထောင်ရ၏။ သမာဓိအားကောင်း၍ ဉာဏ်မျက်စိ ပေါ်လာအောင် ရုပ်ကိုလည်း ကြည့်၍ ရ၏။ စိတ်ကိုလည်း ကြည့်၍ ရ၏။ ပကတိမျက်စိဖြင့် မြင်၍ ပိုင်ပိုင်နိုင်နိုင် သိသလို ဉာဏ်မျက်စိဖြင့် ရှု၍ ပိုင်ပိုင်နိုင်နိုင် သိလေ၏။

----------------------
ဦးရွှေအောင် [ မဟာဝိဇ္ဇာ ( သက္ကတ )၊ ဝဋံသကာ နှင့် သိရောမဏိ ] ၏ [ ဓမ္မပဒ -စိတ္တဝဂ် - သာသနာတော်၌ ငြီးငွေ့သော ရဟန်းတော်တစ်ပါး - စာမျက်နှာ - ၂၃၆/ ၂၃၇ ] မှ ကောက်နုတ်ဖော်ပြပါသည်။

#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
မေတ္တာဖြင့်ပြန်လည်မျှဝေပေးပါ၏။ 

Org#ပုညသိန်းနိုင်

Wednesday, December 28, 2022

အလုပ်ပေးတရားတော်

🔹 တရားအားထုတ်မယ့်စိတ်က
  တရားစိတ်ဖြစ်ရမယ်၊ ကုသိုလ်စိတ်ဖြစ်ရမယ်၊
  စိုက်မရှုနဲ့၊  ထိန်းမရှုနဲ့၊ လုပ်မရှုနဲ့၊ ချုပ်မရှုနဲ့
  တရားအားထုတ်တယ်ဆိုတာ  
  အားစိုက်ပြီးတော့
  အတင်းလုပ်ရတာမျိုးမဟုတ်ဘူး။
  တရားစိတ်ဖြစ်အောင် နေရတာပဲ၊
  ကုသိုလ်စိတ်ဖြစ်အောင် နေရင် 
  တရားအားထုတ်တာပဲ။

  လိုချင်တာတွေ၊  ဖြစ်ချင်တာတွေ၊ 
  ကောင်းချင်တာတွေ၊  ရချင်တာတွေ 
  အဲဒီစိတ်တွေ  အားကြီးကြီးနဲ့ လုပ်ရင်  
  အားတွေစိုက်ပြီးတော့  
  လူပင်ပန်း၊  စိတ်ပင်ပန်းဖြစ်လိမ့်မယ်။

  လောဘတွေ၊ ဒေါသတွေ၊  မောဟတွေ 
  လျော့လာအောင်  လျှော့ပေးတာဟာ   
  တရားအားထုတ်တဲ့စိတ်ပဲ။
  လောဘလျှော့တာကတော့  
  အားကိုလျှော့လိုက်ရင်   လျော့ပါတယ်၊
  အတွေးအခေါ်နဲ့  ပြောင်းရင်လဲ လျော့ပါတယ်၊
  ဘာမှမလိုချင်တော့ဘူး၊  ဖြစ်တဲ့အတိုင်းပဲ၊
  ရသလောက်ပဲ 
  အဲလိုဆို   စိတ်ကလျော့သွားတယ်။
  ဒေါသလဲ  အဲသည်လိုပဲ။

  မောဟကြ  ဘယ်လိုလျှော့မလဲ၊
  မောဟက  …
  နှလုံးသွင်းမှန်မှ၊   အယူအဆမှန်မှ
  အသိဉာဏ်တွေပါမှ   မောဟက လျော့လာမှာ။
  နှလုံးသွင်းမှန်အောင်  လေ့ကျင့်ရတယ်။
  သတိထားတာများလို့  သဘောပေါက်လာရင်
  မောဟတွေလျော့လာမယ်၊၊

🔹 ဘာဖြစ်လို့   
  ဝင်လေ/ထွက်လေကို  အာရုံပြုတာလဲ၊
  ဖြစ်နေတဲ့  သဘာဝတွေကို  သိချင်လို့
  သတိထားတာ။
  ငြိမ်အောင် အာရုံပြုတာ  မဟုတ်ပါဘူး၊
  သိအောင်  အာရုံပြုတာ။
  ဝင်တဲ့အခါ …   ထွက်တဲ့အခါ …
  ရုပ်မှာ .… ဘယ်လိုဖြစ်တယ်၊  
  စိတ်မှာ … ဘယ်လိုဖြစ်တယ်
  ဒါတွေသိချင်လို့   သတိထားကြည့်တာ။
  ငြိမ်ဘို့  ဦးတည်မထားရဘူး၊
  သိဘို့  ဦးတည်ထားရတယ်။

  ငြိမ်ဖို့  အရေးမကြီးပါဘူး၊ 
  ငြိမ်အောင်  လိုက်လုပ်မနေပါနဲ့၊
  ငြိမ်ချင်တာဟာ  မငြိမ်တဲ့  အကြောင်းပဲ၊
  ငြိမ်ချင်တဲ့လောဘ  အားကြီးရင်  မငြိမ်တော့ဘူး။
  #ဖြစ်တဲ့အတိုင်းသိဖို့ကြိုးစားရင်
  #ငြိမ်လာပါလိမ့်မယ်။
  သိတာတွေ ဆက်လာတယ်၊
  သိတာတွေ  ကြာကြာသိလာပြီဆိုရင် 
  ငြိမ်လာတာပါပဲ။    သိဖို့ပဲ ကြိုးစားပါ၊  
  ငြိမ်တာက ပါလာပါလိမ့်မယ်။

  ပူမှန်းသိ၊  အေးမှန်းသိ၊ ကြားရင် ကြားမှန်းသိ၊
  ထိရင် ထိမှန်းသိ၊  ဝင်ရင် ဝင်မှန်းသိ၊ 
  ထွက်ရင် ထွက်မှန်းသိ၊  
  ဖြစ်သမျှ  လိုက်သိခိုင်းတာပါ၊
  ငြိမ်ခိုင်းတာ မဟုတ်ပါဘူး။
  ဘယ်လောက်ကြာကြာသိနိုင်မလဲ၊
  လွတ်သွားရင်  ပြန်ထားပေါ့၊

  ကိုယ့်ကိုယ်နဲ့  ကိုယ့်စိတ်  
  ဘယ်လောက် ကပ်ထားလို့ရမလဲ။
  ကိုယ့်ခန္ဓာအကြောင်းကို  
  ဘယ်လောက်ကြာကြာ    သိသလဲ၊၊
  ကိုယ့်စိတ်အကြောင်းကို
  ဘယ်လောက်ကြာကြာ  သိသလဲ။
  ဒါကို  →
  လေ့ကျင့်နေရတယ်၊  ကြိုးစားနေရတယ်။
  သတိထားနေရင် …
  သိနိုင်သလောက်တော့ သိနေတာပဲ။
.
.
.       { ဆရာတော်အရှင်တေဇနိယ-ရွှေဥမင် }
                           🙏 🙏 🙏 
                          Virgo Virgo 
.
.    [ “အလုပ်ပေးတရားတော်”မှ ပူဇော်ပါသည် ]

Monday, December 26, 2022

လျော့ချနိုင်ဖို့..

ကိုယ်နှစ်သက်မြတ်နိူးတဲ့အရာ 
မပျက်အောင် ဦးဇင်းတို့က 
ထိန်းလို့လည်း မရဘူး။ 
ပြင်လို့လည်း မရဘူး။
အချိန်စွဲလို့လည်း မရဘူး။ 
ဘာမှ လုပ်လို့ မရဘူး။
သူက သူ့ဟာသူ ပုံမှန် သွားနေတာ။
နားလည်မူ ရှိပြီးတော့ 
ဒါရဲ့အပေါ်မှာ စွဲမက်မူကို 
လျော့ချနိုင်မှသာလျှင်
ဦးဇင်းတို့မှာ သက်သာခွင့် 
ရကြလိမ့်မယ်။

အဲဒါတစ်ခုတည်း အဖြေပဲ။

နားလည်မူ ရှိအောင် 
မကြိုးစားဘူးဆိုရင်
မက်မောမူကိုလည်း 
လျော့ချနိုင်မှာ မဟုတ်ဘူး။

မက်မောမူ လျော့ချ မနိုင်ဘူးဆိုရင် 
ပျက်စီးမူ ကြုံလာတဲ့ 
တစ်နေ့မှာ အဲဒါ အကြီးအကျယ် 
ဒုက္ခတွေ့ကြရမှာပဲ၊ ဒါပဲနော်။ 

         သစ္စာရွှေစည်ဆရာတော်
         ၂၅-ဒီဇင်ဘာ-၂၀၁၉

လူမိုက်များ

လူမိုက်များ
°°°°°°°°°°°°°°°°

(မာဂဓီ-သာစည်)

သက္ကတဘာသာဖြင့် ရေးထားသော တန္ဒြသာရအမည်ရှိသည့်ကျမ်းတွင် လူမိုက်ကြီးရှစ်ဦးအကြောင်းကို ပြဆိုထားလေသည်။ 

လူမိုက်ရှစ်ဦးမှာ
(၁) သူတပါး ရန်ဖြစ်သည်ကို ကြားဝင်သူ 
(၂) မြင်သမျှကို လိုချင်သူ
(၃) စာသာတတ်၍ စာမရေးတတ်သူ 
(၄) မိမိရေးသောစာကို အမှားအမှန်မတည်းဖြတ်သူ 
(၅) ယောက္ခမကို ကပ်ရပ်စားသူ
(၆) ဆွေမျိုးချင်း မတည့်အောင် ကုန်းတိုက်သူ 
(၇) မိန်းမအနားမှ မခွာနိုင်သူ 
(၈) သူများပြောစကားလက်ခံသူတို့ ဖြစ်သည်။

#ပထမလူမိုက်

ပထမလူမိုက်ကြီးမှာ သူတပါးရန်ဖြစ်သည်ကို ကြားဝင်သော လူမိုက်ကြီး ဖြစ်သည်။ သူတပါးရန်ဖြစ်သည်ကို အဆောတလျင် မဆင်မခြင်ကြားမဝင်ပါနှင့်၊ ကြားဝင်လျှင် ကိုယ်သာခံရတတ်သည်။ ရန်ဖြစ်သူနှစ်ဦးမှာ ဒေါသအိုး ပေါက်ကွဲနေချိန်ဖြစ်၍ ကြားဝင်ဖျန်ဖြေသူ၏စကားကို ရုတ်တရက် သည်းခံနိုင်လိမ့်မည် မဟုတ်ပါ။ အထူးသဖြင့် တုတ်-ဓား လက်နက်ကိုင်စွဲသော ရန်ပွဲမျိုး ဖြစ်ပါက ပို၍ အန္တရာယ်ကြီးမားသည်။
ယင်းရန်ပွဲမျိုးကို မိမိက စေတနာထား၍ ဖျန်ဖြေသော်လည်း ရန်ဖြစ်သူနှစ်ဦး၏ ဒေါသအရှိန်ကြောင့် ကြားဝင်မိသူမှာ တုတ်ဖြင့် အနှက်ခံရခြင်း၊ ဓားဖြင့် အဆော်ခံရခြင်းစသော ဆိုးကျိုးများ ခံရတတ်သည်။ ထိပ်ပေါက်ခေါင်းကွဲဖြစ်ရုံမျှမက အချို့ဆိုလျှင် အသက်ဆုံးရှုံးရသည်အထိ ဘေးဒုက္ခတွေ့ ရတတ်သည်။ ယင်းသတင်းမျိုး သတင်းစာတွင် အကြိမ်ကြိမ်တွေ့ ဖတ်နေကြရသည်။ သို့ဖြစ်၍ သူတပါးရန်ဖြစ်သည်ကို ကြားဝင်မိသူအား လူမိုက်ဟူ၍ ဆိုခြင်းဖြစ်လေသည်။ ကျွဲနှစ်ကောင်ခတ်သည့်အကြား မြေစာပင် မဖြစ်ပါစေနှင့်၊ သူတပါး
ဓားခုတ်ရာ လက်ဝင်မလျှိုပါနှင့် စသောစကားပုံများမှာ ပထမလူမိုက်ကြီးကို
ရည်ရွယ်ပြောဆိုသော စကားပုံများ ဖြစ်သည်။

#ဒုတိယလူမိုက်

ဒုတိယလူမိုက်ကြီးမှာ မြင်မြင်သမျှကို လိုချင်စိတ်ရှိသူ လူမိုက်ကြီးဖြစ်သည်။ သူ့ကို လူမိုက်ဟု ဆိုရခြင်းမှာ လောဘဖိစီးခံရပြီး ဟိုဟာလိုချင် -သည်ဟာလိုချင် ဣန္ဒြေမရသောကြောင့် ဖြစ်သည်။ တွေ့သမျှ မြင်သမျှကို လိုချင်စိတ်ဖြင့် တောင်းရမ်းသည့်အခါ တစ်ဖက်လူက အမြင်ကပ်ပြီး မုန်းတီးခြင်းကိုပင် ခံရတတ်သည်။ လောဘသည်မျောက်နှဲစေးနှင့်တူ၍ လောဘဖိစီးခံရသူမှာ မျောက်နှဲစေး အငြိခံရသော မျောက်သတ္တဝါနှင့် တူနေသည်။ သေဖို့ရာလမ်းဝသို့ရောက်သောမျောက်နှင့်တူသောကြောင့် မြင်သမျှလိုချင်တတ်သောသူကို လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။

အလိုလောဘကို မီးပုံးကြီးနှင့်တူကြောင်း၊ သမုဒ္ဒရာနှင့်တူကြောင်း
ကျမ်းဂန်များတွင် ဥပမာပြဆိုထားပေသည်။ အလိုလောဘနှိပ်စက်၍ တင်းမတိမ် အားမရနိုင်သောကြောင့် အကျိုး
တရား ပျက်စီးရပုံအကြောင်းကို ဧကနိပါတ် သုဝဏ္ဏဟံသဇာတ်တော်ကို
သာဓကအဖြစ် ကြည့်သင့်သည်။ သမီးသုံးယောက်နှင့် ဇနီးဖြစ်သူတို့ ဆင်းရဲ
သည်ကို ချီးမြှောက်လို၍ ဘဝဟောင်းမှ ဖခင်ဖြစ်ဖူးသောရွှေဟင်္သာငှက်ကအိမ်သို့လာပြီး တစ်နေ့လျှင် ရွှေတောင်ရွှေခက် တစ်ရွက်စီ နေ့စဉ်မှန်မှန် ပေးနေပါလျက် တင်းမတိမ် အားမရနိုင်သော လောဘကြောင့်အမွေးအတောင် အားလုံးကို နုတ်ယူပစ်သည့်အတွက် ရွှေရောင်ကွယ်ပြီး ဗျိုင်းတောင်သဖွယ်ဖြစ်ကုန်ရသည်။ လောဘကြီးသောမိသားစုတို့လည်း
ဆင်းရဲမြဲ ဆင်းရဲကုန်သည်။

ဤအကြောင်းကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ၌ အောက်ပါအတိုင်း ရေးဖွဲ့ စပ်ဆိုထားလေသည်။

ရွှေဟင်္သာငှက်၊ တောင်တစ်ရွက်ဖြင့်
နှစ်သက်စိတ်က၊ ပေးသမျှကို
အားရမရှိ၊ ကဲလွန်ဘိလျက်
အတိ ဗလဝ၊ ကြီးလောဘနှင့်
အရသုတ်သုတ်၊ ဖြုတ်ဖြုတ်မကြွင်း
နင်း၍ကုန်အောင်၊ နုတ်ယူဆောင်သော်
ရွှေရောင်ကွယ်လစ်၊ ဗျိုင်းတောင်ဖြစ်၏။

လောဘတရားဆိုး၏ အလိုပြည့်နိုင်ခဲပုံကို တိကနိပါတ်၊ မန္ဓာတုဇာတ်တော်ထဲမှ စကြာမင်းကြီး၏ ဖြစ်ရပ်ကိုလည်းသာဓကအဖြစ် ကြည့်ရှုသင့်၏။

အထက်ပါသာဓကတို့ကို ထောက်၍ မြင်သမျှ တွေ့ သမျှ လိုချင်သောသူများကို လူမိုက်ဟု ဆိုရခြင်းဖြစ်သည်။ ပုဂ္ဂလိကပိုင်ပစ္စည်း၊ အများပိုင်ပစ္စည်းနှင့် နိုင်ငံပိုင်ပစ္စည်းများကို မတော်လောဘဖြင့် ရလိုသူများ၊ ယူဆောင်သူများကိုလည်း လူမိုက်စာရင်းတွင် သွင်းရမည်ဖြစ်ကြောင်း သဘောပေါက်ကြရန် ဖြစ်ပေသည်။

#တတိယလူမိုက်

တတိယလူမိုက်ကြီးမှာ စာသာတတ်ပြီး စာမရေးတတ်သော လူမိုက်ကြီး ဖြစ်သည်။ သူ ကို လူမိုက်ဟု ဆိုရခြင်းမှာ ရာဇ၀တ်မှုကျူးလွန်၍ ဆိုခြင်းမဟုတ်၊ အကုသိုလ်အမှု ပြုလုပ်၍ ဆိုခြင်းမဟုတ်။ မိမိသိထား၊ တတ်ထား၊ လေ့လာသင်ကြားထားသော အတတ်ပညာများ၊ ဗဟုသုတများ၊ အတွေ့အကြုံများကို သူတပါး နည်းယူနိုင်စေရန် ရေးသားမှုမပြုသောကြောင့် လူမိုက်ဟု တင်စားခေါ်ဆိုခြင်း ဖြစ်သည်။ စာတွေ ဘယ်လောက်တတ်တတ် စာတစ်စောင်ပေတစ်ဖွဲ့ ကျမ်းစာတစ်အုပ်မျှ ရေးသားခြင်း မပြုခဲ့သော် ထိုသူကွယ်လွန်သည့်အခါ မည်သည့်ပညာအမွေအနှစ်မျှ ကျန်ရစ်မည် မဟုတ်ပေ။ ယင်းကိုရည်ရွယ်၍ လူမိုက်ဟုဆိုထားခြင်း ဖြစ်သည်။

#စတုတ်ထလူမိုကျ

စတုတ္ထလူမိုက်ကြီးမှာ မိမိရေးပြီးစာများကို အမှားအမှန် ပြန်လည် မစစ်ဆေးဘဲ ပြီးလွယ်စီးလွယ်လုပ်တတ်သူ လူမိုက်ကြီး ဖြစ်သည်။ သူ ့ကို လူမိုက်ဟုဆိုရခြင်းမှာ အလွန်သဘာဝကျလေသည်။ မိမိရေးသားသော ကဗျာကို ဖြစ်စေ၊ သီချင်းကို ဖြစ်စေ၊ ဆောင်းပါးကို ဖြစ်စေ၊ ဝတ္ထုကို ဖြစ်စေ၊ မှတ်တမ်းကို ဖြစ်စေ၊ ဝေဖန်ချက်စသည်များကို ဖြစ်စေ စိစစ်ခြင်း၊ အမှားအမှန် ပြန်လည် သုံးသပ်ခြင်း၊ နှီးနှော တိုက်ဆိုင်ခြင်းမပြုဘဲ ဖြစ်ကတတ်ဆန်းပေးပို့လျှင်၊ ဖြန့်ဖြူးလျှင်၊ ထုတ်ဝေလျှင် နောင်တစ်ချိန် ပြဿနာ ထိပ်တိုက်တွေ့တတ်ပါသည်။

မိမိရေးသောစာ၌ သူတပါးကို ထိခိုက်နစ်နာစေမည့်အကြောင်းများပါနေလျှင်၊ နိုင်ငံရေးအရှုပ်အထွေးစာမျိုး ဖြစ်နေလျှင်၊ တိုင်းပြည်နှင့်လူမျိုးဂုဏ်သရေ ညှိုးစေမည့်စာမျိုး ဖြစ်နေလျှင်၊ ဘာသာ-သာသနာကို ထိခိုက်စေမည့် စာမျိုးဖြစ်နေလျှင် ရေးသူ၌တာဝန်မကင်းပါ။ တာဝန်မကင်းရုံမျှမက လောကသံသရာနှစ်ဖြာအကျိုး ထိခိုက်တတ်လေသည်။ သို့ဖြစ်၍ မိမိရေးပြီးစာများကို အကြိမ်ကြိမ်အခါခါ သေသေချာချာ တည်းဖြတ် စိစစ်သင့်ပေသည်။
ရေးပြီးစာများ မတည်းဖြတ်သော စာရေးဆရာမျိုးကို လူမိုက်ဟု ဆိုရတော့သည်။ လူမိုက်အခေါ်မခံချင်ပါက ရေးပြီးစာကို ပြန်လည်စိစစ် မှားမှန်သုံးသပ်ပါ။

#ပဉ္စမလူမိုက်

ပဉ္စမလူမိုက်ကြီးမှာ ယောက္ခမကို ကပ်ရပ်မှီခို အချောင်နေလိုသောလူမိုက်ကြီး ဖြစ်သည်။ သူြသမီးကို ယူထားပြီးကိုယ်စွမ်းကိုယ်စ ဘာတစ်ခုမျှ အားမထုတ်ဘဲ ယောက္ခမအရိပ်ကို ခိုပြီး လက်ဝေခံ စားသောက်နေထိုင်သောသမက်မျိုးတွေ ဤလောက၌ များစွာရှိတတ်သည်။ ယောက္ခမမျက်နှာကြည့်ရ၊ မိန်းမအငေါက်ခံရ၊ သူတပါးအထင်သေးခံရသူများဖြစ်၍ သမက်ဈေးကျသူများ ဖြစ်သည်။ ယောက္ခမအိမ်မှာနေ၊ ယောက္ခမကျွေးတာစား၊ ယောက္ခမပေးတာဝတ်၊ ယောက္ခမပြုသမျှ နုရသောသမက်များအဖို့ ရွှေသမက် မဟုတ်၊ ရွှံ့ သမက်များသာ ဖြစ်လေသည်။ 

အစွမ်းအစကြံရည်ဉာဏ်ရည်သတ္တိဗျတ္တိ လူရေးလူရာ အညွန့်တုံးသူများ ဖြစ်၏။ ဤသမက်မျိုးကို လူမိုက်စာရင်းသွင်းရခြင်း ဖြစ်သည်။ သင်လည်း လူမိုက်စာရင်းတွင် မပါပါစေလင့်။

#ဆဋ္ဌမလူမိုက်

ဆဋ္ဌမလူမိုက်ကြီးမှာ ဆွေမျိုးချင်းမတည့်အောင် ကုန်းတိုက်သောလူမိုက်ကြီး ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး သင့်မျှသည်ကို မသင့်အောင် မတည့်အောင် ကုန်းတိုက်ခြင်းမှာ မလုပ်သင့်မလုပ်ထိုက်သောကိစ္စဖြစ်သည်။ လူမှန်လျှင် ဉာတကာနဉ္စသင်္ဂဟမင်္ဂလာအရ ဆွေမျိုးသားချင်းတို့အား ထောက်ပံ့ကူညီရမြဲ ဖြစ်သည်။ စီးပွားရေးကိုအကြောင်းပြု၍ဖြစ်စေ၊ အိမ်တွင်းရေးကို အကြောင်းပြု၍ဖြစ်စေ၊ သားရေး သမီးရေးကို အကြောင်းပြု၍ဖြစ်စေ စိတ်ရိုင်း စိတ်မိုက်ဝင်ပြီး ဆွေမျိုးသားချင်းတို့အား အချင်းချင်း မသင့်မျှအောင် သွေးခွဲလျှင်၊ ကုန်းတိုက်လျှင် အလွန်မိုက်ရိုင်းရာကျသည်။ မင်္ဂလာတရားတော်ကို ပစ်ပယ်ရာရောက်သည်။ ထို့ကြောင့် ကုန်းတိုက်သူကို လူမိုက်ဟု ဆိုရသည်။

ရှေးအခါက ရာဇဂြိုဟ်မြို့သားတစ်ဦးသည် အရပ်သားအချင်းချင်းမတည့်အောင်၊ အမှုထမ်းအချင်းချင်း မတည့်အောင်၊ ပြည်သူနှင့်ရှင်ဘုရင် မတည့်အောင် ကုန်းတိုက်သောကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်းများစွာခံရပြီး ငရဲမှလွတ်သော် ဂိဇ္ဈကုဋ်တောင်၌ အပ်အမွေးပေါက် ပြိတ္တာကြီးဖြစ်ရကြောင်း ပါရာဇိကဏ်ကျမ်း၌ ဖတ်ရှုရသည်။

#သတ္တမလူမိုက်

သတ္တမလူမိုက်ကြီးမှာ မိန်းမအနားမှ မခွာနိုင်သော လူမိုက်ကြီး ဖြစ်သည်။ ယောက်ျားမှန်လျှင် ကြီးပွားတိုးတက်အောင် ဆောင်ရွက်လုပ်ကိုင်ကြရမြဲ ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာ၌ ဇနီးမယားကို ခဏခေတ္တ ခွဲတန်ခွဲရမည်။ မခွဲနိုင်လျှင် လူမိုက်စာရင်း အသွင်းခံရမည်။ သားမယားကို မခွဲနိုင်၍ စီးပွားရေးလမ်းကောင်းနှင့် လွဲရသူများ၊ ပညာရေးလမ်းခရီး ပိတ်သွားကြသူများ၊ ရာထူးတိုးတက်မှုနှင့် ဝေးရသူများကို လူ လောက၌ မကြာမကြာ တွေ့ရတတ်သည်။ ယင်းသို့ ဇနီးမယားအပါးမှ မခွာနိုင်၍ တက်လမ်းပိတ်နေသူများကို လူမိုက်ဟု ဆိုရခြင်း ဖြစ်သည်။

#အဋ္ဌမလူမိုက်

အဋ္ဌမမြောက်လူမိုက်မှာ သူများပြောသည်ကို အရမ်းလက်ခံယုံကြည်
သောလူမိုက်မျိုးဖြစ်သည်။ စဉ်းစားဉာဏ်မရှိ၊ ဆင်ခြင်တွေးတောမှု မပြု၊
သူတပါးပြောသမျှ အဟုတ်မှတ်၍ လက်ခံယုံကြည်ပါက လူနုံ လူအ လူ့ငတုံးဟု ဆိုရပေလိမ့်မည်။ သူတပါးပြောသည်ကို ယုံကြည်မိ၍ ဒုက္ခတွေ့ ရပုံ သာဓကကို အောက်ပါအဖြစ်အပျက်များကို ရှု၍ သိသင့်ပေသည်။

ဧကနိပါတ် သိင်္ဂါလဇာတ်၌ "ငွေ ၂၀၀ ပေးမည်၊ ငါ့ကို ကျောပိုး၍ ပို့ဆောင်ပါ”ဟု မြေခွေး လှည့်ပတ်သောစကားကို ယုံမိ၍ ပုဏ္ဏားအို အရှက်ကွဲရဖူးသည်။

စတုတ္ထနိပါတ် ဒုဒ္ဒဘဇာတ်၌ ဥသျှစ်သီးကြွေကျသည်ကို မြေပြိုပါပြီဟု ဟစ်အော်ပြေးသွားသောယုန်တစ်ကောင်၏စကားကို ယုံမိ၍ တောတွင်းရှိတိရစ္ဆာန်အများ ပြေးကြလွှားကြ ဒုက္ခရောက်ကြရဖူးသည်။

ဒီဃနိကာယ် သုတ်မဟာဝါ၌ ဝေဿကာရပုဏ္ဏား၏ပြောဆိုသောစကားကို ယုံမိ၍ ဝေသာလီပြည်ကြီး ပျက်စီးခဲ့ရဖူးသည်။

ဤဖြစ်ရပ်၊ ဤသာဓကများကို ရှု၍ သူတပါးပြောတိုင်း အရမ်းမယုံပါနှင့်၊ ယုံလျှင် လူမိုက်ကြီး အခေါ်ခံရပေလိမ့်မည်။

#ကင်းဝန်မင်းကြီး၏ကဗျာ

ဤဖော်ပြပါ လူမိုက်ကြီး ရှစ်ဦးအကြောင်းကို ကင်းဝန်မင်းကြီးက
အောက်ပါအတိုင်း ကဗျာရေး၍ ထားခဲ့လေသည်။

* သူခိုက်ပွား၊ ဝင်စားတတ်တဲ့လူ။
* မြင်တိုင်းလိုချင်လို့၊ စာသာသင် စာမရေးနိုင်နှင့်၊
*စာရေးလျှင် ဖြတ်မတည်းတဲ့ပြင်၊ 
ကပ်ဆည်းသသူရကို၊ ယမ်းခဘိမူ။
*မျိုးဆွေကိုပေး သုညနှင့်၊ မိန်းမကိုမခွာအားလို့၊ အများလက်ခံသူ၊ မှတ်ယူပရှစ်ဦး။
*မှန်ဘိချေ၊ ပဏ္ဍိမဟူစေနှင့်၊ ဇမ္ဗူမြေ မြလျှံပိုင်းမှာဖြင့်၊ ရိုင်းခေါင်းထိမှူး။

မာဂဓီ-သာစည်ဆရာတော်၏ လူမိုက်ရှစ်ဦးဆောင်းပါးမှ

🙏🙏🙏

Sunday, December 25, 2022

ဘာလုပ်ရင် ချမ်းသာမှာလဲ

ဘာလုပ်ရင် ချမ်းသာမှာလဲ
==================

ကောင်းကောင်း လေ့ကျင့်
အားထုတ်မယ်ဆိုရင် 
ဘယ်အရာဟာ ချမ်းသာသုခကို 
ပေးနိင်မလဲ?

ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ---

ကောင်းကောင်း လေ့ကျင့် 
ကြိုးစားအားထုတ်မယ်ဆိုရင် 
ချမ်းသာသုခကို ပေးနိင်တဲ့ 
အရာဟာ သူတော်ကောင်းတရားပါ။

သူတော်ကောင်းတရားလို့ 
ပြောလိုက်တဲ့အခါမှာ 
စိတ်ထဲမှာ (၄)မျိုးလောက်တော့ 
နားလည်ပြီးသား ဖြစ်ရမယ်။

(၁)   ဒါနသည် သူတော်ကောင်း 
တရားလို့ နားလည် ရမယ်။ 

(၂)   သီလသည် သူတော်ကောင်း 
တရားလို့ နားလည် ရမယ်။

(၃)   သမာဓိသည် သူတော်ကောင်း 
တရားလို့ နားလည် ရမယ်။

(၄)   ပညာသည် သူတော်ကောင်း 
တရားလို့ နားလည် ရမယ်။

ဒါန သီလ သမာဓိ ပညာတို့ကို 
ကောင်းကောင်း လေ့ကျင့် 
ကြိုးစားအားထုတ်မယ်ဆိုရင် 
အဲဒီ ကောင်းကောင်း လေ့ကျင့် 
ကြိုးစားအားထုတ်ထားတဲ့ 
သူတော်ကောင်းတရားကပဲ 
ကိုယ့်ကိုယ် ချမ်းသာသုခကို ပေးလိမ့်မယ်။

သစ္စာရွှေစည်ဆရာတော်
           ၏
"အမြတ်ဆုံးသော ရှင်သန်ခြင်း"တရားတော်မှ ကူးယူ ပူဇော်သည်။

Saturday, December 24, 2022

ပေါ့ပေါ့ပါးပါးစိတ်ကိုထား

#ပေါ့ပေါ့ပါးပါးစိတ်ကိုထား
_______________________

လောကမှာ ဘယ်အရာမှ ထာဝရ ဆုပ်ကိုင်ထားလို့ မရဘူး၊ ဒါကြောင့် ဘာကိုပဲဖြစ်ဖြစ် " မရှိလို့ မဖြစ်ဘူး၊ ရှိကို ရှိမှ ဖြစ်မယ်" ဆိုပြီး တမ်းတမ်းစွဲ မဖြစ်ဖို့ အရေးကြီးတယ်။ တမ်းတမ်းစွဲဖြစ်နေရင် " ရမှ ရပါ့မလား" ဆိုပြီး စိုးရိမ်စိတ် လွန်ကဲသွားတယ်။ စိုးရိမ်စိတ် လွန်ကဲရင် စိတ်ဖိစီးမှု များသွားတယ်။

စိတ်ဖိစီးမှုများရင် အိပ်လို့ မကောင်းတော့ဘူး။ အိပ်လို့ မကောင်းရင် စားလို့လည်း မကောင်းတော့ဘူး။ ဒီတော့ "စိတ်ပျိုတော့ ကိုယ်နု စိတ်ထောင်းတော့ ကိုယ်ကြေ" ဆိုတဲ့အတိုင်း လူက ပုံကျသွားတယ်။

ဒါကြောင့် စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ စိတ်ချမ်းသာဖို့အတွက် ပေါ့ပေါ့ပါးပါးလေး နေတတ်ရမယ်။ ပေါ့ပေါ့ပါးပါးနေဆိုတာ အလေးအနက် မထားတာကို ပြောတာ မဟုတ်ဘူး။ "ကိုယ့်အလုပ် ကိုယ်လုပ်၊ မဆိုင်တာတွေ ခေါင်းထဲ မထည့်နဲ့" လို့ ဆိုလိုတယ်။ 

လမ်းဆိုတာ အများအတွက်
--------------------------

စစ်ကိုင်းတိုင်းအထက်ပိုင်း၌ ရွာကြီးတစ်ရွာ ရှိတယ်။ ရေခံမြေခံ ကောင်းလို့ ကောက်ပဲသီးနှံ ဖြစ်ထွန်းတဲ့ ရွာကြီးပါပဲ။ ဒါပေမဲ့ မြို့သွားဖို့ လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူး။ 

ဒါကြောင့် ရွာသူရွာသားတွေက လမ်းဖောက်ပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများကို တင်ပြကြတယ်။ ဒါနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများက လမ်းဖောက်ဖို့ ခွင့်ပြုလိုက်တယ်။ ရွာသူရွာသားတွေ ဝမ်းသာသွားကြတယ်။

အဲဒီနောက် အုပ်ချုပ်ရေးအကြီးအကဲများ ရွာကို ရောက်လာပြီး လမ်းဖောက်ဖို့ မြေတိုင်းတာကြတယ်။ မြေတိုင်းတာပြီးတဲ့နောက် ရွာထဲမှာ အသံတွေ ဆူညံသွားတယ်။ ဘာကြောင့်လဲ၊ လမ်းနယ်နိမိတ်ထဲ သူတို့ရဲ့ လယ်မြေတွေ ပါသွားကြလို့။ တချို့ဆိုရင် ငိုတောင်ငိုကြတယ်။

ရွာထဲက လူတစ်ယောက်လည်း သူ့မြေတွေ အများကြီး လမ်းထဲ ပါသွားတယ်။ ဒီတော့ သူ့ညီက " အကိုရေ ... အကို့မြေတွေတော့ လမ်းထဲ ပါသွားပြီဗျာ" လို့ ပြောလိုက်တယ်။

ဒီတော့ သူက ပြန်ပြောတယ်။ " ဘာတတ်နိုင်မှာလဲကွာ၊ လမ်းဆိုတာ အများအတွက်ပဲ၊ ငါ့မြေတွေ လမ်းထဲ ပါသွားလို့ မွဲမသွားပါဘူး၊ ကျန်တဲ့မြေနှင့် လုပ်စားရမှာပေါ့" တဲ့။

အလွန်တော်တဲ့ လူလို့ ဆိုရမှာပါ။ ဘာကြောင့်လဲ၊ သူ့မြေတွေ လမ်းထဲပါသွားပေမဲ့ စိတ်ဓာတ်မကျဘူး၊ သောက မဖြစ်ဘူး။ သူပြောလိုက်တဲ့ စကားက မှတ်သားစရာ။ " လမ်းဆိုတာ အများအတွက်ပဲ" တဲ့။ ဒီလိုစိတ်ထားတတ်လို့လည်း သူဟာ ဘာသောကမှ မဖြစ်တော့ဘူး။

လွတ်လပ်မှ ငြိမ်းချမ်းမယ်
-------------------------

ရှေးလူကြီးတွေက ပြောကြတယ်။ " ဦးခေါင်း အေးစေ ခြေထောက်နွေးစေ" တဲ့။ ဦးခေါင်းအေးစေဆိုတာ သောကကို အကြာကြီး သိမ်းမထာနဲ့လို့ ဆိုလိုတယ်။ သောကဖြစ်လွန်းအားကြီးရင် ခေါင်းပူသွားတယ်။ ဒီတော့ လူက နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး နေတတ်ဖို့ လိုတယ်။

#ဘာပဲလုပ်လုပ် လုပ်စရာရှိတာကို လုပ်နိုင်သလောက် အေးအေးဆေးဆေး လုပ်ပါ။ ဆန္ဒမစောရဘူး။ အလုပ်လုပ်ပြီးရင်လည်း အေးအေးဆေးဆေး အနားယူရမယ်။

#အလုပ်လုပ်ရင်လည်း လောဘ မကြီးရဘူး၊ ဖြစ်ရင် ဖြစ်သလောက်ပဲ ကျေနပ်ပါ။ လိုသေးတယ် လိုသေးတယ်ဆိုပြီး မတွေးရဘူး။ နည်းနည်းရရ များများရရ ကျေနပ်ရမယ်။ 

#ဘယ်အရာမဆို အကြောင်းစုံမှ ဖြစ်တာပါ။ ဒါကြောင့် ပြောကြတာပေါ့၊ ကံမရှိ ဉာဏ်ရှိတိုင်းမွဲဆိုပြီး။ ဒါကြောင့် အလုပ်လုပ်ပါလျက် မဖြစ်ခဲ့ရင် ကံမပေးသေးလို့ပဲလို့ နှလုံးသွင်းရမယ်။

ဒီလိုစိတ်ထားတတ်ရင် ဘာသောကမှ ဖြစ်စရာ အကြောင်း မရှိဘူး။ သောကမဖြစ်ရင် လူက ပေါ့ပေါ့ပါးပါးလေး ဖြစ်သွားတယ်။ ပေါ့ပါးမှ လွတ်လပ်မယ်။ လွတ်လပ်မှလည်း ဘဝက ငြိမ်းချမ်းမှာ မဟုတ်လား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

Friday, December 23, 2022

ကုသိုလ်ပြုသူရဲ့စိတ်ဆန္ဒအတိုင်းအကျိုးပေးတာပါ

*ကုသိုလ်ပြုသူရဲ့စိတ်ဆန္ဒအတိုင်း
အကျိုးပေးတာပါ*
----------------------

ဗုဒ္ဓဘာသာဝင်အများစုဟာ တတ်အားသ၍ 
လှူကြပါတယ်။ကုသိုလ်ပြုကြပါတယ်။

"ကုသိုလ်ပြုခြင်းဟာ အပြစ်မရှိ။ကောင်းသောအကျိုးကိုပေးတဲ့လက္ခဏာရှိ၏။
အကုသိုလ်ကတော့ အပြစ်နှင့်တကွဖြစ်ခြင်း
မကောင်းသောအကျိုးကိုပေးခြင်း
လက္ခဏာရှိ၏"လို့ဆိုထားပါတယ်။

ကုသိုလ်ကောင်းမှုပြုသူကို ကုသိုလ်ကပဲ
တာဝန်ယူပြီး ကောင်းရာသုဂတိသို့ပို့ပေးပါတယ်။
အကုသိုလ်ပြုသူမှာတော့ ပြုလုပ်သူကသာ
တာဝန်ယူရပါတယ်။

"ဒါနပြုရင် သံသရာရှည်တယ်"လို့
လူတစ်ချို့က ပြောကြပါတယ်။
"ဗာလာ ဟဝေ နပ်ပသံသန်တိ ဒါနံ"
လူမိုက်တွေဟာ ဒါနကို မချီးမွမ်းကြဘူး။
ကဲ့ရဲ့ခြင်းအမှုကိုတောင် ပြုကြပါသေးတယ်တဲ့။
သဒ္ဓါတရားနည်းတဲ့သူ၊အသိဉာဏ်နည်းတဲ့သူတွေ
ပြောကြတဲ့စကားပါ။

တကယ်တော့ ပေးလှူခြင်းဟာ လူချစ်ဆေးပါ။
သံသရာရှည်ခြင်း၊တိုခြင်းဟာ ဒါနကောင်းမှုနဲ့
မဆိုင်ပါဘူး။ဒါနကောင်းမှုပြုသူရဲ့စိတ်ထားနဲ့သာ
ဆိုင်တာပါ။

သံသရာရှည်ချင်တဲ့စိတ်ထားနဲဒါနကောင်းမှုပြုရင်
သံသရာရှည်မယ်။သံသရာတိုချင်တဲ့စိတ်ထားနဲ့
ကောင်းမှုပြုရင် သံသရာတိုမယ်။
တဏှာစိတ်ထားနဲ့လှူရင် သံသရာရှည်စေပြီး
(နေက္ခမ္မစိတ်)က သံသရာတိုစေပါတယ်။
ကိုယ့်စိတ်ထားက ကိုယ့်ကိုအကျိုးပေးတာပါ။

ဆဒ္ဒန်ဆင်မင်းဇာတ်တော်မှာ စူဠသုဘဒ္ဒါဟာ
သစ်သီးဝလံတွေကို ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို
လှူပြီး...."ဘုရားတပည့်တော်မ ဤကုသိုလ်
စေတနာကြောင့် နောင်သောအခါ မဒ္ဒရာဇ်မင်းကြီး၏မိဖုရားဝမ်းမှာ ပဋိသန္ဓေယူကာ
ဗာရာဏသီဘုရင်ကြီးရဲ့မိဖုရားဖြစ်ရပါလို၏။

ဇာတိဿရဉာဏ်ကိုရပြီးလျှင် ရံခြွေတော်ပေါင်း
တစ်သောင်းခြောက်ထောင်တို့နှင့်ခံစားရပါလို၏။
အဲဒီအခါ ဆဒ္ဒန်ဆင်မင်းကိုသတ်ပြီး
စွယ်တော်နှစ်ဆူကို ဖြတ်ယူရပါလို၏"လို့
ဆုတောင်းပါတယ်။

စူဠသုဘဒ္ဒါရဲ့တောင်းတဲ့ဆုနဲ့တော့ပြည့်ပါရဲ့တဏှာ မာန ဒိဌိတွေခြံရံတဲ့အလှူဆုတောင်းဆိုတော့...နောက်ဆုံး သောက နောင်တတွေနဲ့အဆုံသတ်ပြီး ရင်ကွဲနာကျဇာတ်သိမ်းမလှ
အဖြစ်ဆိုးနဲ့သေရပါတယ်။

ပစ္စေကဗုဒ္ဓါငါးရာနဲ့လည်းမျက်ဝါးထင်ထင်ဖူးတွေရပြီး လှူစရာဒါနဝတ္ထုလည်းရှိပါလျက်နဲ့
အရင်းအနှီးကောင်းသလောက်
ဆုတောင်းမတတ်တော့ အရှုံးကြီးရှုံးပြီး
နစ်နာရတာပါ။
စူဠသုဘဒ္ဒါလို ဆုတောင်းမမှားဖို့နဲ့
တဏှာ မာန ဒိဌိတွေခြံရံပြီးမလှူမိဖို့
သတိပြုသင့်ပါတယ်။

ဘုရားအလောင်းဆဒ္ဒန်ဆင်မင်းကတော့
သဗ္ဗညုတဉာဏ်ရဖို့ဆန္ဒနဲ့စွယ်တော်နှစ်ဆူကို
အနာခံအသေခံလှူခဲ့လို့ ဘဒ္ဒကမ္ဘာမှာ
ဂေါတမမြတ်စွာဘုရားဖြစ်တော်မူလာခဲ့ပါတယ်။
ကုသိုလ်ပြုသူရဲ့စိတ်ဆန္ဒအတိုင်း
အကျိုးပေးသွားကြတာပါပဲ။
အရင်းအနှီးမတူလို့ အကျိုးပေးခြင်းမတူကြတာပါ။

ဒါ့ကြောင့် ဒါနကောင်းမှုပြုခြင်းသည် သံသရာရှည်ခြင်းမဟုတ်ပဲ ဒါနပြုသူရဲ့ စိတ်ကသာ သံသရာရှည်ချင်စိတ်နဲ့လှူရင်
သံသရာရှည်မည်ဖြစ်ပြီး...

ဒါနကောင်းမှုပြုသူရဲ့စိတ်က 
သံသရာတိုချင်စိတ်နဲ့လှူရင်
သံသရာတိုမည်သာဖြစ်ပါတယ်။

မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။
အရှင်ဇဝန(လယ်ဝေး)

ကိုယ့်ဖို့လည်းမမေ့စေချင်

🌷ကိုယ့်ဖို့လည်း မမေ့စေချင်🌷

သူများဘ၀တွေကို
ကဲ့ရဲ့ရတာ လွယ်သလောက်

ကိုယ့်တိုင် အပြစ်ကင်းအောင်တော့
ကြိုးစားဖို့ မေ့နေတတ်ကြတယ် ။

သူများဘ၀တွေကို
အထင်သေးရတာလွယ်သလောက်

ကိုယ့်တိုင် ဘာမှမဟုတ်တာကိုတော့
လက်မခံနိုင်ပဲ မေ့နေတတ်ကြတယ် ။

သူများဘ၀တွေကို 
ဆုံးမရတာ လွယ်သလောက်

ကိုယ်ကိုယ်ကို ဆုံးမဖို့အတွက်တော့
အရမ်းခက်ခဲ နေတတ်ကြတယ် ။

သူများဘ၀တွေကို 
ဝေဖန်ရတာ လွယ်သလောက်

ကိုယ့်ကိုယ်ကို မဟုတ်သေးဘူးလို့
ဝေဖန်ရတာက ခက်နေတတ်တယ် ။

သူများဘ၀တွေကို
အားကိုးရတာဟာလွယ်သလောက်

ကိုယ်တိုင် အားကိုးရာရှိဖို့ကတော့
လုပ်ရတာ ခက်နေတတ်ပါတယ် ။

သူများဘ၀ကို 
အချိန်ပေးရတာ လွယ်သလောက်

ကိုယ်တိုင်မှာ အချိန်ပေးဖို့ကြတော့
လူအများစုဟာ မေ့နေတတ်ပါတယ် ။

              သာရ ဂ ဝေ သီ

Saturday, December 17, 2022

ဒေါသ (၅) မိနစ် အပါယ်လေးဘုံ နှစ်တစ်သောင်း

ဒေါသ (၅) မိနစ် အပါယ်လေးဘုံ နှစ်တစ်သောင်း
<><><>🌹🌿🌹🌿🌹🌿🌹<><><>

ကုသိုလ်ကံပဲဖြစ်ဖြစ်
အကုသိုလ်ကံပဲဖြစ်ဖြစ် 
အင်အားပြည့်ဝနေတဲ့ကံ တစ်ခု
စေတနာ တစ်ခု သည်
ဘဝတစ်ခုကိုအကျိုးပေးနိုင်တဲ့
စွမ်းအင်ရှိတယ်။ 

ဘဝတစ်ခုမှာ
ဒီးဒုတ်ငှက် တစ်ကောင်ဟာ 
မိမိစားကျက်အနီး
လာရောက်စားသော
ဇီးကွက်ကလေးကို
သူ့ရဲ့နှုတ်သီးနဲ့
စိတ်ရှိလက်ရှိ ပေါက်သတ်နေလိုက်တာ 
အချိန်အားဖြင့် ငါးမိနစ်လောက်တော့
ကြာမယ်ဆိုကြပါစို့။ 

ဒီငါးမိနစ်အတွင်းမှာ
သူပေါက်သတ်လိုက်လို့
သေသွားပြီဆိုရင် 
အဲဒီငါးမိနစ်ဆိုတဲ့အချိန်ကာလ
အသေးလေးမှာ 
ဒီဇီးကွက်ကိုပေါက်သတ်နေတဲ့
ဒေါသဇော ပြဌာန်းနေတဲ့
အကုသိုလ်ဇောတွေ
ဘယ်လောက် ဖြစ်မလဲ
မှန်းမျှော်ပြီး ကြည့်။ 

မျက်စိတစ်မှိတ်လို့ ခေါ်ဆိုအပ်တဲ့
အချိန်ကာလအတွင်းမှာ
ဒီအကုသိုလ်ဇောတွေသည် 
သိန်းနဲ့ချီပြီး အမှုတော်ကို
ထမ်းရွက်နေကြပါတယ်။ 

ဒီတော့ငါးမိနစ်လောက်ဆိုရင်
ဇောပေါင်းဘယ်လောက်ဖြစ်မလဲ
စဉ်းစားကြည့်။ 

အဲဒီဇောတစ်ခုခုသည်
အပါယ်လေးဘုံမှာ
ပဋိသန္ဓေဖြစ်စေနိုင်တဲ့
စွမ်းအားအပြည့်အဝရှိတယ်။

အပါယ်လေးဘုံက
လွတ်မြောက်လာပြီး
လူ့လောကကိုရောက်လာရင်လည်း
အနာရောဂါထူပြောခြင်း စတဲ့
မကောင်းကျိုးတွေ
ဆက်တိုက်ပေါ်လာတတ်တယ်။ 

ဒါဟာဘာကို
အခြေခံလဲလို့ မေးရင် 
မိမိရဲ့ကိုယ်ကျင့်သီလကို
သန့်ရှင်းစင်ကြယ်အောင်
ကျင့်ကြံအားထုတ်မှု မရှိခြင်း
အပေါ်မှာအခြေတည်နေပါတယ်။ 

ဒါကြောင့် 
အခုလိုအသိဉာဏ်ရှိနေတဲ့
ဘဝတစ်ခုကိုရကြပြီ၊
ဘုန်းကြီးတွေကလည်း
တရားအကြိမ်ကြိမ်ဟောနေပြီ။

သာသနာတော်ကို ကြည်ညိုတဲ့
စိတ်ထားတွေလည်း ပေါ်နေပြီ။
တရားဘာဝနာတွေကိုလည်း 
ကျင့်ကြံအားထုတ်ခွင့် ရနေပြီ
ဖြစ်ပါတယ်။

ယခုလိုကာလမှာ 
ဒီလိုမကောင်းတဲ့အကျိုးကို ပေးတတ်တဲ့
ကိုယ်ကျင့်သီလ ပျက်စီးမှုဆိုတဲ့
လုပ်ငန်းရပ်တွေကို မပြုလုပ်သင့်ပါ။ 

ဘာကြောင့်လဲ
မိမိရဲ့အကျိုးကို
မျှော်လင့်တောင့်တခဲ့တယ်ဆိုရင် 
သီလပျက်စီးကြောင်းဖြစ်တဲ့
ဒုစရိုက်တရားတွေကို
မကျုးလွန်သင့်ပါ။ 

ထို့ကြောင့်မြတ်စွာဘုရားရှင်က
တုံမေ-သင်ချစ်သားတို့ 
သုသီလ ကိုယ်ကျင့်သီလရှိသော
ပုဂ္ဂိုလ်တို့သည် ဟောထဖြစ်ကြပါကုန်လော့။  

မိမိရဲ့မှီခိုအားထားရာအတွက် 
နံပါတ်တစ် ပြုကျင့်ရမယ့်
တရားက ကိုယ်ကျင့်သီလ
ဖြူစင်အောင်
ကာယကံ ဝစီကံ မနောကံ တို့ကို
ကောင်းစွာစောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။

၎င်းသည်ပင်လျှင် မိမိ၏ ကိုးကွယ်အားထားရာဖြစ်တော့သည်။

ကျေးဇူးရှင် ဖားအောက်တောရဆရာတော်ကြိီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
အရှင်နန္ဒိယ-သာကီနွယ်

Friday, December 16, 2022

စိတ်နောက်ကိုလူမပါစေနဲ့

စိတ်နောက်ကို လူမပါစေနဲ့ 
*********************

သံသရာ တစ်လျှောက်လုံး
စိတ်နောက်ကို လူပါလို့ မောခဲ့တာတွေ
များလှပြီ …

ဒီတော့
လူနောက်ကို စိတ်ကလေးပါအောင်
ဆွဲနိုင်မှ ချမ်းသာရာ ရလိမ့်မယ် …

ကိုယ်နောက်ကို
စိတ်ကလေးပါအောင် ဆွဲဖို့ဆိုတာကလည်း
သူတော်ကောင်းတရားကို 
မကြာမကြာ နာပေးမှ ဖြစ်လိမ့်မယ် …

တရားနာရရင်
ကိုယ်မသိတာလေးတွေ သိလာလိမ့်မယ် …

ကိုယ်သိပြီးသားတွေ ဆိုရင်လည်း
တရားသတိပေါ်လာမယ် …

အဲဒါမှ 
ကိုယ့်စိတ်ကို ကိုယ်နိုင်အောင်
ဆုံးမနိုင်လိမ့်မယ် …

တရားကို အသက်ကြီးမှ 
လုပ်မယ်လို့ စိတ်မကူးပါနဲ့ …

လေ့ကျင့်မထားတဲ့ စိတ်ဟာ
အသက်ကြီးလေ ဆိုးလေ ဆိုးတတ်လို့ပါ...

(ပါချုပ်ဆရာတော်ကြီး)
🙏🙏🙏

မှီခိုရာ

မှီခိုရာ
______

ကံပေါ်မှာ ဘယ်လို မြင်ရမှာတုန်းဆိုတော့
"ငါ့မှာ မှီစရာဆိုလို့, ခိုစရာဆိုလို့
ဒီကံပဲ ရှိတယ်"။

ဟော မှီခိုရာဆိုတဲ့ စကားလုံးလေးနော်။

မှီခိုရာဆိုတဲ့ ဗမာစကားလုံးလေးကို
မြင်အောင်ကြည့်။

ဘုန်းဘုန်းတို့ လူအသက်ကြီးလာပြီဆိုရင်
သူက သူ့ဟာသူ မရပ်တည်နိုင်ဘူး။
တစ်ခုခုကို မှီနေရတယ်။

ဘုန်းဘုန်းတို့ အိမ်မှာ အရိပ်ကို
ခိုရတယ်, သစ်ပင်အရိပ်ကို ခိုရတယ်။

ကိုယ့်ဟာကိုယ် ရပ်တည်လို့
မရလို့ နားခိုရာ ရှာရတယ်။

အဲတော့ မှီခိုဆိုတဲ့ စကားလုံးလေးက
ဘယ်လောက် ကျစ်လစ်တုန်း။

တစ်ခုခုကို ကိုယ် မှီနေရတယ်။
တစ်ခုခုရဲ့ အရိပ်အောက်မှာ 
ကိုယ်ခိုနေရတယ်။

အဲတော့ ကိုယ့်မှာ မှီစရာဆိုလို့
ခိုစရာဆိုလို့ တကယ်က
ကိုယ်ပြုထားတဲ့ အလုပ်ပဲ ရှိတယ်။

သစ္စာရွှေစည်ဆရာတော်
၂၀၂၂.၁၂.၇

Wednesday, December 14, 2022

စာသင်သားနှင့်ဝိနည်း

" စာသင်သား နှင့် ဝိနည်း "
===================
လူထွက်ဖို့ရာ စိတ်ကူးနေသော 
စာသင်သား ကိုရင်တစ်ပါးကို 
ဆုံးမသြဝါဒပေးတော်မူလိုသော မစိုးရိမ်တိုက်သစ် 
အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီးသည် 
ထိုစာသင်သားကိုရင်၏ တစ်နေ့တာလုပ်ငန်းများကို
မေးတော်မူပါတယ်.....

ထိုစာသင်သားကိုရင်မှ တနေ့တာ လုပ်ငန်းများဖြစ်သော
စာကျက်, စာအံ, စာဝါတက်, ဘုရားဝတ်တက်ခြင်း 
စသည့်လုပ်ငန်းများကို ဆရာတော်ကြီးအား 
အသေးစိတ်လျှောက်ထားပါတယ်.....
(စာကျက်သည့်အချိန်က များပါသည်)

ဆရာတော်ကြီးက ထိုစာသင်သားကိုရင်အား 
“စာကျက်တာ ကုသိုလ်လား၊ အကုသိုလ်လား"ဟု 
မေးသည့်အခါ....

စာသင်သားကိုရင်က 
“ကုသိုလ်ပါဘုရား"ဟု လျှောက်ထားပါသည်....

ဆရာတော်ကြီးက ထိုစာသင်သားကိုရင်အား 
“စာကျက်ချိန်တွေ ပြန်တွက်ကြည့်၊ 
တစ်နေ့တစ်နေ့ မင်းမှာ ကုသိုလ်တွေ 
အများကြီးရနေတယ်"

လူ့ဘဝမှာဆို တစ်နေ့ နာရီဝက်  
ဘုရားဝတ်တက်နိုင်ဘို့ မလွယ်ဘူးကွ၊ 
သားရေး, သမီးရေး, စီးပွားရေးတွေနဲ့။ 
ဒီထဲ မလွှဲသာ မရှောင်သာတဲ့ အကုသိုလ်တွေက 
လုပ်ရဦးမယ်။

ကုသိုလ်ကနည်း, အကုသိုလ်ကများ ဖြစ်နေတော့ 
တွေးကြည့်တာတောင် ကြောက်စရာကြီး။ 
ဘုန်းကြီးဘဝမှာ ကုသိုလ်ရတာ မများလျှင်တောင်
အကုသိုလ်တော့ နည်းတယ်ကွ"ဟု မိန့်တော်မူပါတယ်။

စာသင်သားကိုရင်မှ ဆရာတော်ကြီးအား 
“ဝိနည်းစာဝါတက်တုံးက တပည့်တော်တို့ 
ဆရာတော်က ပြောတယ်ဘုရား၊
အသေးစားဖြစ်တဲ့ ဒုက္ကဋ်အာပတ်တန်းလန်းနဲ့ 
သေလျှင်တောင် အပါယ်ကျနိုင်တယ်တဲ့၊ 
ရဟန်းနဲ့ အာပတ် ဘယ်ကင်းနိုင်ပါ့မလဲဘုရား၊ 
ဘုန်းကြီးတွေ ပျံတော်မူလျှင် 
အပါယ်ချည်းကျ,ကြမှာပါဘုရား"ဟု 
လျှောက်ထားလိုက်ပါတယ်....

ထိုအခါ ဆရာတော်ကြီးက 
ထိုစာသင်သားကိုရင်ကို ပြုံးပြုံးကြီးစိုက်ကြည့်ပြီး၊
ချစ်စနိုးနဲ့ ခေါင်းကိုရိုက်ကာ 
မိန့်တော်မူလိုက်တဲ့ သြဝါဒတော်က......

“မင်းဟာက ဘေးက ကပ်သွားလဲ ရွှံ့ဗွက်ပေမဲ့ အတူတူ 
ဗွက်ထဲ ဆင်းသွားလိုက်မယ်ဆိုတဲ့လူနဲ့ တူမနေဘူးလား၊ 
ဘေးကကပ်သွားတော့ နည်းနည်းဗွက်ပေတာပေါ့ကွာ၊ 
ဗွက်ထဲဆင်းသွားတော့ အများကြီးပေတာပေါ့ကွ၊ 
ဘုန်းကြီးဘဝဆိုတာ ကုသိုလ်က များတယ်၊
အကုသိုလ်က နည်းတယ်၊ 

အဲ့ဒီ နည်းနည်းလေး အကုသိုလ်က 
အပါယ်ချမယ်ဆိုလျှင်
ကုသိုလ်ကများတော့ ပြန်တက်လာစရာရှိတယ်ကွ၊
ကုသိုလ်အကျိုးတွေ ခံစားရဦးမယ်။

လူ့ဘဝက ကုသိုလ်ကနည်း၊ အကုသိုလ်ကများဆိုတော့ 
အပါယ်ကျသွားလျှင် ပြန်တက်လာစရာကို မရှိဘူး၊
အပါယ်ဘုံမှာ နေပေဦးတော့ပေါ့၊

ဘုန်းကြီးနဲ့ လူ ကုသိုလ်ချင်းတူလျှင်တောင် 
ဘုန်းကြီးဘဝနဲ့ လုပ်ရတဲ့ ကုသိုလ်က
လူထက် သီလသာနေသည့်အတွက် 
အကျိုးပိုကြီးတာပေါ့"ဟူ၍ ဖြစ်ပါသည်.....

“အပါယ်ကျလျှင်တောင် ပြန်တက်လာစရာရှိတယ်"ဆိုတဲ့ 
ဆရာတော့်သြဝါဒတော်ကို နာယူခဲ့ရသော 
စာသင်သားကိုရင်လေးသည် 
“ငါ လူမထွက်တော့ဘူး"ဟု 
ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်......

ယနေ့ အချိန်မှာဆိုလျှင် 
ထိုစာသင်သားကိုရင်လေးသည် 
စာသင်တိုက်ကြီးတစ်တိုက်မှာ 
တိုက်အုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကို
ထမ်းဆောင်လျှက်ရှိနေပါပြီ..........

ဝိနည်းအကြောင်းတွေ စဉ်းစားပြီး 
လူထွက်မယ်လို့ ကြံမိတိုင်း 
မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး၏ 
ဒီသြဝါဒလေးကို သတိရပေးတော်မူကြပါ
သာသနာ့ ညီတော်/နောင်တော် အရှင်မြတ်များဘုရား

       မေတ္တာဖြင့် အရှင်နရိန္ဒ{မင်းကွန်း}

မှီငြမ်း.......မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး လွန်တော်မူခြင်း
၁၅-နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်ထုတ်ဝေသော စာအုပ်..နှာ ၂၁/၂၂—

ကိုနန္ဒနန်းမိုး(မြင်းမူ) ၏ 
“အနီးကပ် ဆည်းကပ်ခွင့်ရခဲ့သူပါဘုရား(၂)"မှ ဖြစ်ပါသည်။

လောကကြီးကစိတ်အလိုကိုလိုက်နေရတယ်

တစ်ခါက မထင်မရှား နတ်သားတစ်ပါးက
ဘုရားရှင်ကို မေးလျှောက်ပါတယ်။

အရှင်ဘုရား..
.လောကကြီး ဘယ်သူ့အလိုကို 
လိုက်နေရပါသလဲ?

"စိတ်အလိုကို လိုက်နေရတယ်" 
မြတ်စွာဘုရား ဖြေတော်မူတယ်။

ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
လောကကြီး ဘယ်လို ဖြစ်ပေါ်နေပါသလဲ?

"စိတ်အလိုအတိုင်း ဖြစ်ပေါ်နေရတယ်?လို့
ဘုရားရှင် ဖြေတော်မူပါတယ်။

"စိတ်ဟာ အဲဒီလောက် တန်ခိုးကြီးတာနော်"
ဒီစိတ်တန်ခိုးကို မကောင်းမှုတွေမှာပဲ 
အသုံးချနေကြလို့ အဆိုးသံသရာက 
မလွတ်နိုင်ကြသေးတာ...အဏုမြူ ဗုံးကို 
ပိတ်ပင်တားဆီးလို့ရပေမယ့် စိတ်သွားနေတာကို 
မတားဆီးနိုင်ကြဘဲ ဖြစ်နေကြတယ်။

ဒါကြောင့် ကိုယ့်စိတ်ကိုယ်နိုင်ရင် 
လောကကြီးကို နိုင်ပြီလို့ ဆိုရတာပါ။
"စိတ်ကိုနိုင်တာ သတိတစ်လုံး"ပဲရှိတယ်။
ဒီသတိတစ်လုံးနဲ့ စိတ်ကိုစောင့်ကြည့်၊
စောင့်ထိန်းနေတာ "တရားအလုပ်"ပဲ။

သတိနဲ့ မစောင့်ကြည့်နိုင်တဲ့စိတ် 
မထိန်းသိမ်းနိုင်တဲ့စိတ်ဟာ တစ်စက္ကန့် ကဋေတစ်သိန်းနဲ့ မကောင်းမှုတွေ ပြုလုပ်တယ်။
တကယ်လို့သာ ဒီစိတ်ကလေးကို တစ်စက္ကန့်သာ 
ထိထိမိမိ စောင့်ကြည့်ထိန်းသိမ်းနိုင်မယ်ဆိုရင် 
သန့်စင်စိတ်ပေါင်း ကုဋေတစ်သိန်း ရနိုင်ပါလိမ့်မယ်။
စိတ်တစ်ချက်မှာ စေတနာတစ်ချက်ပါပြီးဖြစ်လို့...
"ကောင်းကျိုးမျိုးစေ့ပေါင်း ကုဋေတစ်သိန်း"ရပြီလို့ မှတ်သားလိုက်ပါ။

မိမိရဲ့ သတိပါတဲ့(ကမ္မဋ္ဌာန်းအလုပ်)ကြောင့်
သန့်စင်အေးမြဖြူ စင်နေတဲ့ "ဓမ္မဓာတ်"တို့ဟာတစ်ထိုင် တစ်သိအတွင်းမှာပဲ ကုဋေပေါင်း 
မြောက်မြားစွာ ကမ္ဘာသို့ အအေးဓာတ် လွှမ်းခြုံပေးနေကြောင်း သဘောပေါက်ပါလေ။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

Credit = မူရင်းရေးသားတင်ပြသူ

သာသနာတွင်းလူ

သာသနာတွင်း လူဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေအတွက်

ဘာရချင်သလဲ၊ ဘာရချင်သင့်သလဲ။

ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ချင်သင့်သလဲ။

တစ်ခါတလေကျတော့လည်း 

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ

ထပ်တူမကျတာလည်း ရှိသေးတယ်။

ရချင်တာနဲ့ ရသင့်တာနဲ့က

ထပ်တူမကျတာလည်း ရှိသေးတယ်။

တကယ်ဆိုရင် ဘုန်းဘုန်းတို့က

တရားထူး တရားမြတ်တွေ

ရတဲ့အနေအထားမျိုးကို ရှာရမှာပေါ့။

တရားထူးတရားမြတ်ကို ရချင်သင့်တယ်ပေါ့။

သို့သော် ရချင်သလားလို့ မေးရင်

လူတိုင်း ဘယ်ရချင်မတုန်း။

တရားထူးတရားမြတ်လို့ ပြောရင်တော့

ရချင်တယ်လို့ ပြောမှာပေါ့နော်။ 

ဒါပေမယ့် သံသရာဝဋ်ဆင်းရဲက

လွတ်ချင်သလားလို့ မေးရင်ကြတော့

မလိမ်တမ်း မညာတမ်း ပြောရရင်

အဲဒီစကားက နည်းနည်း ကြီးတယ်။

သံသရာက လွတ်ချင်သလား။

လွတ်ချင်တဲ့စိတ် တကယ်ရှိသလား။

သံသရာကို ကြောက်သလား။

ဘုန်းဘုန်းဖြင့် ကိုယ့်ကိုယ်ကို စဥ်းစားကြည့်တယ်။

သံသရာကြောက်တဲ့စိတ်က

ပြင်းပြင်းထန်ထန် မရှိဘူး။ 

ပြင်းပြင်းထန်ထန် မရှိတော့

နည်းနည်းလေးတော့ ရှိသလားဆိုတော့

နည်းနည်းလေးကလည်း သူ ရှိချင်တဲ့ နေရာပဲ

ရှိနေတယ်။

ငရဲကျရမှာတော့ ကြောက်တယ်။

အပါယ်လေးဘုံ ရောက်ရမှာတော့ ကြောက်တယ်။

ဒါပေမယ့် လူ့အဖြစ်၊ နတ်အဖြစ်၊ ဗြဟ္မာအဖြစ်

အဲဒီလို ဘဝတွေကျတော့ ကြောက်သလား။

အခုရနေတဲ့ ဘဝကို ကြောက်သလား။

တကယ် ရွံမုန်းသလား။

တကယ် လွတ်ချင်သလားလို့ မေးတော့

ကိုင် အဲဒီကျတော့ သူများဖြင့် မပြောတတ်ဘူးနော်။

ကိုယ့်ကိုယ်ကိုဖြင့် စဥ်းစားကြည့်တယ်။

ငါဖြင့် သံသရာဒုက္ခကို ကြောက်တာဆိုတဲ့စိတ်

မဖြစ်ပါလားပေါ့။

သံသရာက လွတ်ချင်စိတ်လည်း ပြင်းပြင်းထန်ထန်

မဖြစ်ပါလားပေါ့။

တကယ်ဆိုရင် ဖြစ်ချင်သင့်တယ် မဟုတ်လား၊ အဲဒီဥစ္စာ။

ဖြစ်သင့်တယ် မဟုတ်လား။

အဲဒီစိတ် ဖြစ်သင့်တာပေါ့နော်။

သို့သော် ဖြစ်သင့်ပေမယ်လို့ ကိုယ့်ရဲ့ ဓာတ်ခံကလည်း

အဲလောက် အဆင့်မမြင့်တဲ့အခါကျတော့

ဖြစ်ချင်တဲ့စိတ်က ရှိမလားဘူးပေါ့နော်။

တကယ်ဆိုရင် သံသရာဝဋ်ဆင်းရဲက

လွတ်မြောက်တဲ့ အနေအထား တစ်ခုကို

ရသင့်တယ်ပေါ့။

သို့သော် အဲဒါကို ကိုယ် တကယ် ရချင်သလား။

ရချင်တဲ့စိတ်က ရှိချင်မှ ရှိမယ်ပေါ့နော်။

စဥ်းစားကြည့်နော်။

ဒါကြောင့် ကိုယ့်ကိုယ်ကို ဒီသံသရာဒုက္ခကို

တကယ်ကြောက်တာ ဟုတ်ရဲ့လား။

တကယ် လွတ်မြောက်ချင်တာ ဟုတ်ရဲ့လား။

အထွတ်အထိပ် ရချင်သင့်တဲ့အရာ၊

ဖြစ်ချင်သင့်တဲ့အရာကတော့

တကယ်တမ်းက အဲဒါပဲ။

ဒါ ဟိုတုန်းက လယ်တီဆရာတော်ဘုရာကြီးရဲ့

စာတွေ ဖတ်တုန်းကတော့ "သြော် သံသရာကြီးက

ကြောက်စရာပါလား"၊ တွေးမိတယ်ပေါ့နော်။

ကြောက်စရာကြီးပါလားလို့သာ တွေးတာ

ကြောက်သလားဆိုတော့လည်းမကြောက်ဘူး။

ခုနပြောသလိုပဲ အပါယ်လေးဘုံလောက်ပဲ

ကြောက်နေတယ်ပေါ့ စိတ်က။ 

တကယ်ဆိုလို့ရှိရင် ဒီရုပ်တွေ နာမ်တွေ

စဥ်ဆက်မပြတ် ဖြစ်နေတဲ့သဘာဝဆိုတာကိုက

ကောင်းတဲ့သဘာဝ မဟုတ်ဘူးလို့ 

ဒါ မြတ်စွာဘုရား ဟောတဲ့ ဒေသနာတွေ

အကုန်လုံးကို အခြေခံပြီးတော့ ဘုန်းဘုန်းတို့

ကွားဘူးထားတာပဲ၊ သိထားတာပဲ။

သို့သော် သိသာ သိသာပဲ။

တကယ် ကြောက်သလားဆိုတော့

မကြောက်ဘူးနော်။ ဒါကြောင့် 

တကယ်ကြောက်တဲ့စိတ် ဖြစ်ဖို့ဆိုတာက

ဘုန်းဘုန်း တွေးကြည့်တာပေါ့နော်။

ကိုယ့်ဟာကိုယ် ကိုယ်ချင်းစာစိတ်နဲ့

တွေးကြည့်တာပေါ့။

"ဒါ တော်တော် မလွယ်ဘူး"လို့။

သံသရာကို တကယ် ကြောက်တယ်။

တကယ် လွတ်ချင်တယ်ဆိုရင် 

ဘုန်းဘုန်းတို့က သဘောကျပါတယ်။

ဒါ ချီးမွှမ်းပါတယ်။ ဒါ သူ ဖြစ်သင့်တာကို

သူ့စိတ်ထဲက ဖြစ်ချင်သွားတယ်။ 

ရသင့်တာကို သူ့စိတ်ထဲက ရချင်သွားတယ်။

တော်တာပဲလို့။

ကိုယ့်မှာတော့ အဲဒီလို တော်တဲ့သဘောက

များများစားစား မရှိဘူး။

ဒါ ကိုယ့်ကိုယ်ကို စဥ်းစားပြီးတော့ ပြောတာပါ။

အရှင်ဥတ္တမ(သစ္စာရွှေစည်)
     
          ၆.၁၂.၂၀၂၀

Credit..

Tuesday, December 13, 2022

ဝန်ထုပ်

ဝန်ထုပ်
=====
ဘဝဆိုတာကိုက လေးလံတဲ့ ဝန်ထုပ်ပါ။

ချစ်တာတွေ မုန်းတာတွေပါလာရင် ပိုလေးသွားပြီ။ညစ်ညူးစေတဲ့ ကိလေသာတွေဆိုတာ ဝန်ထုပ်သပ်သပ်ပဲ။ ဒါကိုအမှန်အတိုင်း သဘောပေါက်ဖို့လိုတယ်။

ကိုယ့်စိတ်ကို ကိလေသာနှိပ်စက်တာ မခံရပါစေနဲ့။ကိလေသာက ဘယ်တော့မှ ပျော်ရွှင်မှုကိုမပေးတတ်ပါဘူး။
ဒါကြောင့် ပယ်နိုင်အောင် ဘယ်နည်းနဲ့မဆို ကြိုးစားရတယ်။
သို့သော်လည်း ဒါတွေနဲ့မှ ပျော်တယ်ဆိုရင်လည်း ကိုယ့်သဘောပါပဲ။

ဘယ်သူမှ ကိုယ့်အကုသိုလ် အမှောင်ထုအတွက် တာဝန်မရှိဘူးနော်။ သူတော်ကောင်းတွေဟာ ဒီအညစ်တွေကို အောင်နိုင်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။

အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်။

ⒸⓇⒺⒹⒾⓉ..

Friday, December 9, 2022

မစ္ဆရိယကြောင့်ဖြစ်သော ပြိတ္တာမ

" မစ္ဆရိယကြောင့်ဖြစ်သော ပြိတ္တာမ "

"ရေဆာလိုက်တာ...ဟောတွေ့ပြီ ဟိုမှာရေတွေ...ရေတွေ..." ဟင်...ရေတွေက သွေး...သွေး...သွေးတွေ ဖြစ်သွားပြီ"

ဂင်္ဂါမြစ်ကမ်းဘေးမှာ 
အဝတ်ဗလာ ကြောက်စရာကောင်းလှတဲ့
ရုပ်ခန္ဓာကြီးနဲ့ တစ်ကိုယ်လုံးမှာ
နက်မှောင်နေတဲ့ဆံနွယ်ကို ဖုံးအုပ်ထားတဲ့
ပြိတ္တာမတစ်ဦးဟာ ဆာလောင်မှုကို
ဆင်းရဲကြီးစွာ ခံစားနေရရှာပါတယ်။
ဂင်္ဂါမြစ်ကမ်းဘေးမှာ အစာရေစာ
ရလိုရငြား ရှာဖွေနေသော်လည်း 
နှစ်ပေါင်းများစွာသာ ကြာညောင်းခဲ့ပါတယ် 
သို့သော် ရေကြည်တစ်ပေါက်မျှ သောက်ခွင့်မရခဲ့ပေ။

တစ်နေ့မှာ ထိုပြိတ္တာမကြီးသည် ဆွမ်းခံကြွလာတဲ့
"အရှင်သင်္ခါရေဝတမထေရ်မြတ်"နှင့် တွေ့ကာ
လူ့ဘဝက သူ့ဘဝရဲ့ အကြောင်းကို မထေရ်မြတ်
အား လျှောက်ထားပြောပြခွင့် ရခဲ့ပါတယ်။

"အရှင်ဘုရား
ကောသမ္ဗီပြည် ဥတေနမင်းကြီး ထီးနန်းစိုးစံစဉ်က
တပည်တော်မ လူ့ဘဝရခဲ့ပါတယ်။ 
တပည့်တော်မရဲ့ သား,သမတ်နဲ့သမီးတို့ဟာ 
ရှင်မဟာကစ္စည်း မထေရ်မြတ်နှင့်တကွ 
သံဃာတော်များအား အိမ်သို့နေ့စဉ် ပင့်ဖိတ်ပြီး
ဆွမ်းကပ် တရားနာခြင်းကို ပြုကြပါတယ်။ 
သမီးနဲ့သမတ်အဲ့သလို သံဃာတွေအိမ်ပင့်ပြီး
ဆွမ်းကပ်တရားနာ လှူဒါန်းကုသိုလ်ပြုတာကို 
တပည့်တော်မ မလိုလား မနှစ်သက်ခဲ့ဘူးဘုရား..."
ဒါကြောင့် တပည့်တော်မရဲ့ သမီးဖြစ်သူ
"ဥတ္တရာ"ကို ဒီလို့ပြောလိုက်မိတယ်ဘုရား...
"နင်ဒီဘဝ အခုလိုလှူဒါန်းတဲ့ အစားအသောက်
တွေအားလုံးဟာ 
နောင်ဘဝမှာ နင့်အတွက် သွေးတွေဖြစ်ပါစေ"လို့ 
တပည့်တော်မ ပြောဆိုခဲ့မိတယ် ဘုရား။ 
အဲ့ဒီဝစီကံ အကုသိုလ် ကြောင့် တပည့်တော်မ 
အခုလို ဆင်းရဲကြီးစွာ ခံစားနေရတဲ့ ပြိတ္တာမ ဘဝ
ရောက်နေရတာ ဖြစ်ပါတယ်ဘုရား။ 
တပည့်တော်မမှာ အခုလို နက်မှောင်လှပတဲ့ 
ဆံကေသာတွေ ရှိနေတာကတော့ 
သမီးနဲ့သမတ် သံဃာတစ်ပါးအား 
ဒေါင်းမြီးယပ်တောင်လေး လှူတာမြင်လို့ 
စိတ်တူသဘောတူ ကြည်ဖြူမိတဲ့ ကုသိုလ်
ကြောင့်ဖြစ်ပါတယ်ဘုရား။

တပည့်တော်မ ဒီလိုဘဝ 
ဒီလိုဆင်းရဲမှ လွတ်ချင်လှတယ်ဘုရား 
တပည့်တော်မကို သနားသောအားဖြင့် 
ကယ်မတော်မူပါလို့ ပြိတ္တာမကြီးက
မထေရ်မြတ်အား လျှောက်ထားပါတယ်။

မထေရ်မြတ်လည် ပြိတ္တာမကြီးရဲ့ လျှောက်
ထားမှုကို လက်ခံတော်မူပြီး "ဒီလိုဆိုရင် 
ဆိုင်းငဲ့ပါအုံး ဆွမ်းခံပြန်တဲ့အခါ ကျောင်းရှိသံဃာ
များကို ဆွမ်းလှူဒါန်းပြီး ဒကာမကြီးကို ရည်စူးပြီး 
ဆွမ်းကုသိုလ်ပြုပေးပါ့မယ် ဒကာမကြီးအားရဝမ်းသာ သာဓုခေါ်ပါလေလို့ ပြောကြား
ပြီး ကြွသွားတော်မူပါတယ်။ 

ဆွမ်းခံပြန် ကျောင်းပြန်ရောက်တော့ မထေရ်မြတ်က ပြိတ္တာမကြီးရဲ့ ဘဝဆင်းရဲ့ကို သီတင်းသုံးဖော် သံဃာတော်များအား ပြောပြ၍ ဆွမ်းလှူဒါန်ကုသိုလ်ပြုပြီး အမျှတမ်းပေးဝေလိုက်ပါတယ်။

ပြိတ္တာမကြီးလည်း မထေရ်မြတ်ရဲ့ ကုသိုလ်အမျှကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်သည်နှင့်တပြိုင်နက် ပြိတ္တာဆင်းရဲ့ဘဝမှ လွတ်ပြီးတော့ နတ်ပြည်၌ နတ်သမီးဖြစ်၍ ချမ်းသာတဲ့ ဘဝကို
ရရှိသွားပါတယ်။ 

ဤဝတ္ထုကို သတိပြုပြီးတော့ ဓမ္မမိတ်ဆွေများ
လည်း 
သားသမီးပြုလုပ်နေတဲ့ ကုသိုလ်အမှုကို မိဘကကြည်ဖြူကြပါ။ 
မိဘများပြုလုပ်နေတဲ့ ကုသိုလ်အမှုတွေကိုလည်း
သားသမီးများက စိတ်တူသဘောတူကြည်ဖြူကြပါ။
မစ္ဆရိယလွှမ်းမိုး စေတနာဆိုးဖြင့် သူတစ်ပါးရဲ့ ကုသိုလ်ကောင်းမှု ပြုလုပ်နေတဲ့အပေါ်မှာ 
ဟန့်တား ပိတ်ပင် ပြောဆိုခြင်း မပြုကြဖို့
သတိထားနိုင်ကြပါစေလို့ အသိပေးရင်း ဤဓမ္မစာစုကို နိဂုံချုပ်လိုက်ပါတယ်...။ 

အရှင်ဝိသုတ (ရေစကြို) 🙏🙏

   
Credit..

Wednesday, December 7, 2022

သာသနာကွယ်ခြင်း

တချို့က ဘုရားကျောင်းကန်တွေ ရှိနေရင် သာသနာထွန်းကားနေတယ်လို့ ထင်ကြတယ်။
ကိုယ်တိုင်ကျ ငါးပါးသီလတောင် မလုံဘူးဆိုရင် သူ့အတွက် သာသနာကွယ်နေတာပဲလေ…။

သာသနာပြုအစစ်ဆိုတာ ဗုဒ္ဓမြတ်စွာဟောထားတဲ့ တရားဓမ္မတွေကို သင်ယူတာနဲ့ ကျင့်သုံးတာဟာ တကယ့်သာသနာပြုအစစ်ပဲ။

သာသနာပြုရဲ့အဓိပ္ပာယ်ကို မသိလို့ရှိရင် ကိုယ့်ကိုယ်ကို ဘာလုပ်နေတယ်ဆိုတာ မသိလိုက်ဘဲ ဖြစ်နေလိမ့်မယ်။ သာသနာပြုအစစ်ကို မဖြစ်ဘဲနဲ့ နေလိမ့်မယ်။

အဲဒီလို သင်ယူမှ၊ ကျင့်သုံးမှ သာသနာသည် ရင်ထဲရောက်မှာပေါ့။ ရင်ထဲက သာသနာမပျောက်မှ သာသနာမကွယ်တာ။ နို့မို့ဆိုရင် သာသနာဆိုတာ ကွယ်သွားနိုင်တယ်။

အေး… တချို့က ဘုရားတွေ၊ ကျောင်းကန်တွေ ရှိနေရင် သာသနာထွန်းကားနေတယ်လို့ ထင်တယ်။ သူကတော့ ငါးပါးသီလတောင် မလုံဘူးဆိုရင် သူ့အတွက် သာသနာကွယ်နေတာပဲလေ။

ဘုရားကတော့ ရှိတာပဲ။ ဒီပြင် ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံတွေမှာလည်း ဘုရားရှိနေတာပဲ။ ဟုတ်ကဲ့လား။ ကျောင်းဟောင်းကြီးတွေ၊ ဘုရားရုပ်ပွားတော်တွေ၊ ဆင်းတုတော်တွေ ဒီကနေ့ကမ္ဘာမှာ ဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့ နိုင်ငံတွေမှာလည်း ရှိနေတာပဲ။ အဲဒါ သာသနာတည်တယ်လို့ ခေါ်ရမှာလား၊ ခေါ်လို့မရဘူးနော်။

တကယ့်သာသနာသည် ကိုယ့်ရဲ့ရင်ထဲ၊ နှလုံးသားထဲမှာ တည်တယ်။ ကိုယ်တိုင်ကျင့်သုံးမှ ကိုယ့်သာသနာ။

ဒါကြောင့်မို့ မှတ်ဖို့ရာက ရင်ထဲက သာသနာမပျောက်စေနဲ့။ အပြင်ကသာသနာက ကိုယ်နဲ့ ဆိုင်ချင်မှဆိုင်မယ်။ ကိုယ့်ရင်ထဲက သာသနာ ကိုယ်မပျောက်ဖို့ အရေးကြီးတယ်။ မြတ်စွာဘုရားဓမ္မတွေကို ကိုယ်ဘယ်လောက် လိုက်နာကျင့်သုံးသလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

မူရင်းပို့စ်ပိုင်ရှင်အား
ⒸⓇⒺⒹⒾⓉ.. 

Tuesday, December 6, 2022

ကျေးဇူ့သိမှလူပီသ

#ကျေးဇူးသိမှလူပီသ
___________________

ကျေးဇူးဆိုသည်ကား ကိုယ့်ဘဝလိုအပ်ချက်ကို တစ်စုံ တစ်ယောက်က ဖြည့်ဆည်းပေးလိုက်သည့် အရာပင် ဖြစ်သည်။ 

စားစရာ 
လိုလျှင် စားစရာ ပေး၏။ 
ဝတ်စရာ 
လိုလျှင် 
ဝတ်စရာ ပေး၏။ 
နေစရာ 
လိုလျှင် 
နေစရာ ပေး၏။ 
ယင်းဖြည့်ဆည်းပေး လိုက်သည့် အရာကိုပင် " ကျေးဇူး" ဟု ခေါ်သည်။ 

ယင်းကျေးဇူးပြုခဲ့ကြသည့် ပုဂ္ဂိုလ်များကိုတော့ " ကျေးဇူးရှင်" ဟု ခေါ်လေသည်။

မိမိတို့ဘဝကို ပြန်ကြည့်လျှင် ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ကျေးဇူး ရှင်များ မြောက်များစွာပင် ရှိ၏။ ထိုကျေးဇူး ရှင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့သင့်ပါ။ စိတ်ထဲမှာ မှတ်မှတ်သားသား ရှိနေရမည် ဖြစ်၏။

ထို့ကြောင့် " ငါ့ကို ကူညီခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေ အများကြီး ရှိတယ်၊ သူတို့ရဲ့ အကူအညီကြောင့် 
ငါ့ဘဝဟာ အခုလို ဖြစ်လာတာပဲ" ဟု မကြာမကြာ ဆင်ခြင်ရပေမည်။ ဆင်ခြင်မှ သတိရ၏။ သတိရမှ ကျေးဇူးတရားကို 
နှစ်နှစ်ကာကာ သိ၏။ ကျေးဇူးတရားကို 
သိမှလည်း " လူပီသသူ" ဟု ဆိုရမည် ဖြစ်သည်။

ရှေးလူကြီးများက ကျေးဇူးတရားနှင့် ပတ်သက်၍ " ကျေးဇူးဆိုတာ သိခဲတယ်, ပြောခဲတယ်, ဆပ်ခဲတယ်" ဟု 
ခဲသုံးခဲ
ရှိကြောင်း ပြောခဲ့ကြ၏။ 

ထို့ကြောင့် မိမိအပေါ်၌ တင်ရှိနေသော ကျေး ဇူးတရားတို့ကို " ငါ့အပေါ်မှာ မိဘက ဘယ်လိုကျွေးမွေးခဲ့တယ်၊ ဆရာက ဘယ်လိုသင်ပေးခဲ့တယ်၊ ဆွေမျိုးတွေက ဘယ်လို စောင့်ရှောက်ခဲ့တယ်၊ မိတ်ဆွေတွေက ဘယ်လို ကူညီခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လို ထောက်ပံ့ခဲ့တယ်" ဟု စိတ်ထဲမှာ မှတ်မှတ်သားသား သိနေဖို့ လိုပါသည်။ ဤသည်ကိုပင် " ကတညုတာ" ဟု ခေါ်သည်။

စိတ်ထဲမှာ မှတ်မှတ်သားသား သိရုံနှင့် မပြီးသေး၊ အခါအခွင့်သင့်လျှင် 
ထိုကျေးဇူးတရားကို ထုတ်ဖော် ပြောကြားဖို့လည်း လို၏။  " အမေက ဘယ်လို ကျွေးခဲ့တာ, အဖေက ဘယ်လို ရုန်းကန်ခဲ့တာ, ဆရာက သင်ပေးလို့ 
ဒီလိုအခြေအနေ ရောက်လာတာ ဆရာ၊ မိတ်ဆွေက  ဘယ်လို ကူညီလို့ 
အခုလို အောင်မြင်နေတာပါဗျာ" ဟု စသည်ဖြင့် ကျေးဇူးပြုသူတို့အား 
သူတို့ရှေ့တွင် ထုတ်ဖော် ပြောကြားသင့်၏။ 

ယင်းသို့
ပြောကြား လိုက်သည့်အတွက် ကျေးဇူး
ပြုသူများ ပီတိ ဖြစ်ရလေသည်။

ကျေးဇူးတရားကို ထုတ်ဖော်ပြောကြားရုံနှင့်မျှ မပြီးသေးပါ၊ 

ထိုကျေးဇူးတရားကို 
ပြန်ဆပ်ဖို့လည်း လို၏။ သို့မှသာ တာဝန်ကျေသော လူတစ်ယောက် အဖြစ် သမိုင်းလှမည်ဖြစ် သည်။

ကျေးဇူး
ဆပ်သည်မှာ မခဲယဉ်းပါ၊ ကိုယ့်ရင်ထဲ အသိရှိဖို့သာ အဓိက ဖြစ်သည်။ 
ထို့ကြောင့် အင်္ကျီလေးတစ်ထည်, ထီးလေး
တစ်လက်, 
မုန့်လေး
တစ်ဘူး, လက်ဆောင် တစ်ခုခု 
ပေးလျှင်ပင် ကျေးဇူးဆပ်သည် မည်ပါ၏။ 

သို့တည်း
မဟုတ်၊ 
သူတပါး လိုအပ်နေသော အကူ အညီကို လိုက်ပါဆောင်ရွက်ပေးလျှင်လည်း ကျေးဇူး
ဆပ်ခြင်း မည်ပါ၏။

အရေးကြီးဆုံးကား 
သူ့ကျေးဇူးကို စိတ်ထဲမှာ မှတ်မှတ်သားသား
ရှိနေဖို့ပင် ဖြစ်သည်။ 

စိတ်ထဲ၌ 
မှတ်မှတ်သားသား ရှိနေလျှင် သူ့ကျေးဇူးကို ကန်းစရာ အကြောင်း 
မရှိတော့ပေ။ 

အရိပ်နေပြီး အခက်မချိုးရ
------------------------

တချို့
လူများသည် ကျေးဇူးရှင်တို့ကို ကျေးဇူး 
မဆပ်သည့်အပြင် ကျေးဇူးတောင် 
ကန်းလိုက်သေး၏။  

ထိုကဲ့သို့သော လူမျိုးကို " အရိပ်နေနေ အခက်ချိုးချိုး" ဟု 
ကဲ့ရဲ့ကြလေ၏။ မှန်၏။ 
ကိုယ်နားခိုသည့် သစ်ပင်၏ အကိုင်းအခက်ကို မည်သည့်အကြောင်းကြောင့်မျှ 
မချိုးရ၊  
ချိုးပါက လူယုတ်မာဟု ဆိုရမည်သာ။

တချို့သားသမီးများသည် မိဘအိမ်မှာ နေပြီး မိဘကို ပြုစုရကောင်းမှန်း မသိ၊  မိဘကို မကျေမနပ်နှင့် ခွန်းကြီး ခွန်းငယ် ပြန်ပြော၏။ မိဘပစ္စည်း ထိုင်ဖြုန်း၏။ တချို့ဆိုလျှင် မိဘအမွေများကို အတင်းအဓမ္မ တောင်း၏။ ထိုကဲ့သို့ သားသမီးများသည် မိဘကို ကျေး ဇူးကန်းသူ များပင်ဖြစ်သည်။

တချို့တပည့်များသည် 
ဆရာ့အရိပ် အာဝါသမှာ နေပြီး ဆရာကို ရိုသေရကောင်းမှန်း မသိ၊ ဆရာ့ကို ကန့်လန့်တိုက်ပြီး 
လုပ်ချင်ရာ လုပ်၏။ ဆရာ၏ 
မြူမှုန့်လောက် အပြစ်ကို တိမ်တိုက်ကြီးသဖွယ် 
ပုံကြီးချဲ့၏။ တချို့ဆိုလျှင် ဆရာ့ကို ရိုင်းပြစွာ ပြန်ပြော၏။ 

ထိုကဲ့သို့ တပည့်များသည် ဆရာကို ကျေးဇူးကန်းသူများပင် ဖြစ်သည်။

တချို့
လူများသည် ထမင်းကျွေးသည့် လက်ကို ပုတ်ချ၏။ 
စင်ပေါ်တင်ပေးသည့်သူများကို နောက်ကျော ဓားနှင့်ထိုး၏။ 
ထိုကဲ့သူများသည်လည်း ကျေးဇူး
ကန်းသူများပင် ဖြစ်သည် ။

ကျေးဇူးကန်းသူများသည် မည်မျှလောက် အောင်မြင်စေကာမူ လိပ်ပြာမသန့်ပါ။ လိပ်ပြာ
မသန့်လျှင် မည်သို့မျှ အသေ 
မဖြောင့်နိုင်ပေ။ 
ထို့ကြောင့် 
လူ့ဘဝရခိုက်လေးမှာ 
လူပီသဖို့အတွက် ကျေးဇူးသစ္စာကို စောင့်သိဖို့ လိုပေသည်။

ကျေးဇူးသစ္စာ၊ ရှိပါလျှက်သား၊ ပြစ်မှားတော်လှန်၊ အကျင့်တန်၍၊ ဖောက်ပြန်တုံက၊ ဘုန်းစကံညွန့်၊ မဖွံ့မဖြိုး၊ သက်ဇိုဝ်း မရှည်၊ မတည်စည်းစိမ်၊ 
ဇီဝိန်ရှိသမျှ၊  အောက်တန်းကျ၏။

သူတော်ကောင်းအပြုအမူ
--------------------------

ရှေးရှေး မထေရ်မြတ်တို့သည် ဆရာကို အလွန် တန် ဖိုးထားကြ ၏။ 
အရှင်သာရိပုတ္တရာသည် ကျိန်းစက်တော်မူလျှင် ဆရာသခင် အရှင် အဿဇိမထေရ် 
ရှိရာအရပ်ကို ဦးခေါင်းပြုပြီး ကျိန်းစက်တော်မူ၏။ ဤသို့ ပြုမူခြင်းသည် 
ဆရာ့ကျေးဇူး သိသောကြောင့် ဖြစ်သည်။

ကိုရင်ရာဟုလာသည်လည်း ဆရာကို အလွန်မြတ်နိုး၏။ ထို့ကြောင့် ဆရာသခင် အရှင်သာရိပုတ္တရာထေရ်ကို ရေပူရေချမ်း ကမ်းလှမ်း၍ အမြဲမပြတ် လုပ်ကျွေးခဲ့ပါသည်။  ဤသို့ ပြုမူခြင်းသည် 
ဆရာ့ကျေးဇူး သိသောကြောင့် ဖြစ်သည်။

လယ်တီဆရာတော်ကြီးသည် ဆရာကို အလွန်လေးစား၏။ ထို့ကြောင့် ဆရာဂုဏ်ကျေးဇူးကို တပည့်များအား မကြာမကြာ မိန့်တော်မူလေ့ ရှိ၏။ 

 "ငါ့ဗိုက်ထဲက စာတွေဟာ 
ငါ့ဆရာ 
စလင်းဆရာတော်ရဲ့ စာတွေပါပဲကွာ" ဟူ၏။

ကျေးဇူးသိခြင်း၊ ကျေးဇူး
ပြောစားခြင်း၊ ကျေးဇူးဆပ်ခြင်းသည် 
ကတညုတာ, ကတဝေဒီ မင်္ဂလာပင် ဖြစ်ပါ၏။ သူတော်သူမြတ်တို့၏ 
ကျင့်စဉ်ပင်တည်း။

လူကောင်းကျေးဇူး
မမေ့ဘူး
--------------------------

ရှေးလူကြီးများက " 
နွားကောင်း ခြေရာ 
မမေ့ဘူး၊
ခွေးကောင်း သခင် 
မမေ့ဘူး၊ လူကောင်း ကျေးဇူး 
မမေ့ဘူး" ဟု ပြောခဲ့ကြ၏။ ထို့ကြောင့် 
လူတော်လူကောင်း ဖြစ်ဖို့အတွက် ဘယ်လိုအကြောင်းကြောင့်မျှ ကျေးဇူးတရားကို 
မမေ့သင့်ပေ။ မှတ်မှတ်သားသား ရှိနေရမည် ဖြစ်၏။

ကျေးဇူးတရားကို မှတ်မှတ်သားသား ရှိနေဖို့အတွက် " 
ငါသည် မိဘကျေးဇူးကို ဘယ်လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည် ဆရာ့ကျေးဇူးကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည် မိတ်ဆွေကျေးဇူးတွေကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည် 
လုပ်ဖော်ကိုင်ဘက် ကျေးဇူးတွေကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ" ဟု မကြာမကြာ ဆင်ခြင်ရမည် ဖြစ်သည်။ 
သို့မှသာ ကျေးဇူးတရားများကို သတိရလာမည် ဖြစ် သည်။

အကယ်၍ ကျေးဇူး
မဆပ်ရသေးလျှင်လည်း ဆပ်နိုင်အောင် ကြိုး စားရမည် ဖြစ်၏။ ကျေးဇူးဆပ်ပြီးလျှင်လည်း ပီတိလေးဖြင့် ကိုယ့်စိတ်ကို ထုံမွှမ်းထားရမည် ဖြစ်၏။ ပီတိဖြင့် 
ထုံမွှမ်းထားလျှင် စိတ် သည် ငြိမ်း ချမ်းသွားလေ၏။  ကျေးဇူး
သိလေ ကျေးဇူဆပ်လေ၊ ကျေးဇူးဆပ်လေ စိတ်ချမ်းသာလေပင် ဖြစ်ပါ၏ ။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

သတိရှိမှ စိတ်လုံခြုံမယ်

သတိရှိမှ စိတ်လုံခြုံမယ်
____________________

စိတ်ထဲမှာ ယုတ်ညံ့တဲ့
အတွေးတစ်မျိုးမျိုးဖြစ်နေတယ်ဆိုရင်
စိတ်က မလုံခြုံဘူး။

ဒါကြောင့် စိတ်လုံခြုံတယ်ဆိုတဲ့
စကားကို စိတ်ထဲမှာ 
ဘာကိလေသာမှ မရှိဘူး။
သန့်ရှင်းတဲ့သဘော, 
ဖြူစင်တဲ့သဘော,
မြင်မြတ်တဲ့သဘောလေးနဲ့ 
တကယ့်ကို သိက္ခာရှိရှိဖြစ်နေတဲ့ 
အနေအထားလေးမျိုးလေးကို
ဒါ စိတ်လုံခြုံတယ်လို့ ဒီလို
နားလည်ရမယ်။

အဲဒါ ဘာရှိမှ စိတ်လုံခြုံမှာတုန်း၊
သတိရှိမှ စိတ်လုံခြုံမယ်။

သတိက ကိုယ့်ကိုကိုယ်
စောဒကတက်ပါများမှ၊
ကိုယ့်ကိုကိုယ် စုံစမ်းပါများမှ၊
ကိုယ့်ကိုကိုယ် စစ်ဆေးပါများမှ
အပ္ပမာဒအားကောင်းပြီးတော့
သတိရှိလာမယ်။

သစ္စာရွှေစည်ဆရာတော်

"ကိုယ့်ကိုကိုယ် ကောင်းသထက် ကောင်းအောင်ကြိုးစားပါ"တရားတော်မှ..

ⒸⓇⒺⒹⒾⓉ.. သစ္စာရွှေစည်စာကြည့်တိုက် page

ကံနဲ့တဏှာ ဘယ်ဟာပိုကြောက်စရာကောင်းသလဲ

ကံ”ဟာ ကြောက်စရာကောင်းသလား၊ “တဏှာ”ဟာ ကြောက်စရာကောင်းသလား?

“ကံ”ဟာ ကြောက်စရာကောင်းသလား၊
“တဏှာ”ဟာ ကြောက်စရာကောင်းသလားဆိုတော့
တဏှာက ကြောက်စရာကောင်းတာ၊
ခင်ဗျားတို့ကတော့
အကုသိုလ်ကံနှိပ်စက်မှာ ကြောက်လိုက်ကြတာ၊
တဏှာကြောက်တယ်လို့မပါဘူး။

အကုသိုလ်ကံ
အကျိုးပေးလို့
ဒိုင်းကနဲ သေမှာ၊
စီးပွားရေးပျက်သွားမှာပဲ
ခင်ဗျားတို့ ကြောက်နေကြတာ၊

တစ်သက်လုံး
မုဆိုးလုပ်စားနေတဲ့
မုဆိုးကြီးဟာ
အကုသိုလ်ကံတွေ မနည်းဘူး လုပ်ထားတာ။
သို့သော်လည်း ဘုရားနဲ့တွေ့လို့
ဘုရားရဲ့ တရားကိုနာပြီး
၀ိပဿနာအလုပ် လုပ်လိုက်တော့
အဲဒီ အကုသိုလ်ကံတွေဟာ
အကျိုးဆက် မပေးနိုင်တော့ဘူး။
ဘာပြုလို့လဲ၊
တဏှာချုပ်သွားလို့ ။

ဒီတော့ ခင်ဗျားတို့တတွေ
“ကုသိုလ်ကံ”တွေကိုလည်း
ဒီလောက်အားကိုးစရာ မလိုပါဘူး။
“အကုသိုလ်ကံ”တွေကိုလည်း
ဒီလောက်ကြောက်စရာ မရှိပါဘူး။

ခင်ဗျားတို့
ဘ၀များစွာက
၀ဋ်ထဲလည်မယ့်
၀ဋ်ကုသိုလ်ကံတွေ
အကုသိုလ်ကံတွေ တစ်ပုံကြီးရှိမှာပဲ။
အဲဒီအကုသိုလ်ကံတွေကို မကြောက်ပါနဲ့၊
ဘ၀ဆက်တတ်တဲ့
“တဏှာ” သေရင်
အဲဒီ ကုသိုလ်ကံ အကုသိုလ်ကံတွေဟာ
“အဟောသိကံ” ဖြစ်ပါတယ်။
အကျိုးမပေးတော့ပါဘူး။
တဏှာခေါင်းဆောင်တဲ့
ကံကသာ အကျိုးပေးနိုင်တော့
ခေါင်းဆောင်တဏှာကို သတ်လိုက်ရင်
“ကံ”က မဆက်နိုင်တော့ပါဘူး။
ဒါကြောင့် “ကံ”ကို မကြောက်ပါနဲ့။

သစ္စာလေးပါးမှာ
ကုသိုလ်၊အကုသိုလ်ကံတွေ
ဒီလောက်မဟောပါဘူး။
သမုဒယ=တဏှာသေရင်ပြီးတာပဲလို့
ဘုရားက ဒီတစ်လုံးတည်းဟောထားတယ်။
တဏှာ=သမုဒယကို
မဂ်နဲ့ ပယ်သတ်လိုက်ရင်
ဘာမှပူစရာမရှိပါဘူး။

ခင်ဗျားတို့က
ကုသိုလ်ကံလေးတွေ ၀င်လာရင် တပြုံးပြုံးနဲ့
အကုသိုလ်ကံလေးတွေ၀င်လာရင်
တမဲ့မဲ့ တရွဲ့ရွဲ့နဲ့မဟုတ်လား။
ဒီတော့ကုသိုလ်ကံကို ၀မ်းမြောက်တာလည်းမှားတယ်။
အကုသိုလ်ကံကို ကြောက်တာလည်း မှားတယ်။

သစ္စာနဲ့ဝေဖန်လိုက်တော့၊
သမုဒယသစ္စာ
တဏှာလောဘကို ကြောက်မှ အကြောက်မှန်။
ဘုရားက “တဏှာအပ်ချုပ်သမား”လို့သာ ဟောတယ်။
“ကံအပ်ချုပ်သမား”လို့ မဟောခဲ့ဘူး။
ခင်ဗျားတို့ကို တကယ်ဒုက္ခပေးနေတာဟာ ဒီတဏှာပဲ။
ဒုက္ခအပေးဆုံးဖြစ်တဲ့တဏှာက
အရှောင်ကောင်း အပုန်းကောင်းဆိုတော့
သူ့ကိုဖမ်းရတာမလွယ်ဘူး။
ဥာဏ်နဲ့ဖမ်းမှ မိတယ်။

ဘုရားတောင်မှ
ဗောဓိပင်နဲ့ ရွှေပလ္လင်ပေါ်ရောက်မှ
တဏှာကို မင်းအကြောင်းကောင်းကောင်းသိပြီ၊
နောက်ကို မင်းဘယ်တော့မှ ငါ့ကို
ဒုက္ခပေးလို့ မရတော့ဘူးလို့ ကြွေးကြော်ရဲတာ။
ခင်ဗျားတို့ကတော့
တဏှာကို ခေါင်းငုံ့ပြီး ခံနေတယ်။
မခက်ဘူးလား။
ဒီတော့ ဒီတဏှာကိုသတ်ရမယ်။
တဏှာကို သတ်တော့မယ်ဆိုရင်
ဒီတဏှာမှီနေတဲ့ ကပ်နေတဲ့ နေရာကိုရှာရမယ်။
ဒီ တဏှာက ဘယ်နေရာတွေမှာ ကပ်နေသတုံး။

ဒီတဏှာက
ခင်ဗျားတို့ သန္တာန်မှာရှိတဲ့
မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့
ဒွါရခြောက်ပါး(အတွင်းအာယတန ၆-ပါး)မှာ ကပ်နေတယ်။

ပြီးတော့ “ရူပါရုံ”စတဲ့ အာရုံ ၆-ပါး
(အပြင်အာယတန ၆-ပါး)မှာလဲ ကပ်နေတယ်။
ပြီးတော့ ဒွါရ ၆-ပါးနဲ့ အာရုံ ၆-ပါး
အသီးသီးတွေ့ဆုံလို့ သိလာတဲ့
“မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊
တွေ့ထိစိတ်၊ ကြံသိစိတ်”ဆိုတဲ့
စက္ခုဝိညာဏ် စတဲ့ ဝိညာဏ် ၆-ပါးမှာလဲ ကပ်နေတယ်။

ဒီတော့ တဏှာကပ်နေတဲ့ နေရာဟာ
အချုပ်အားဖြင့် ၁၈-ပါးတောင်ရှိနေတာ။
အို ..... တစ်ကိုယ်လုံးကို
ဒီ တဏှာကကပ်နေတာ။
ဒီတော့ ဒီတဏှာကို သတ်ရမယ်။
ဘယ်လိုသတ်မလဲ။
၀ိပဿနာလုပ်ပြီးသတ်ရမယ်။
ဒီတဏှာနေတဲ့ ၁၈-နေရာကို
၀ိပဿနာဥာဏ်နဲ့
ဖြစ်ပျက် အနိစ္စ၊ ဒုက္ခ၊ အနတ္တတွေ မြင်အောင်ရှုရမယ်။

ဒါတွေမြင်သိလာတော့
ဒီ ၁၈-ပါးသောအရာတွေကို
သာယာနှစ်သက်မှုမရှိတော့ဘူး။
ရွံ့မုန်းလာမယ်။
မရချင်တော့ဘူး။
ဒါတွေမရှိတာကောင်းတယ်လို့ သိလာတော့
တဏှာဟာ တဖြည်းဖြည်း ပါးပါးသွားပြီး၊
နောက်ဆုံးလုံး၀ချုပ်သွားမယ်။
အဲ တဏှာချုပ်ရင် နိဗ္ဗာန်ရောက်တာပဲ။

(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏
“ကံ”ဟာ ကြောက်စရာကောင်းသလား?၊
“တဏှာ”ဟာ ကြောက်စရာကောင်းသလား..? )

ဤကောင်းမှုကုသိုလ်ကံ စေတနာအပေါင်းတို့သည်
အားထုတ်ဆဲဖြစ်သော
ဝိပဿနာဉာဏ်မှ
မဂ်ဉာဏ်သို့ကျေးဇူးပြုခြင်းငှာ
အထောက်အပံ့ ပစ္စည်းအဖြစ်ဖြင့်
တည်ရှိပါစေသတည်း ။

Credit..