မိမိ၏ မျက်စိကို မိမိ၏ မျက်စိဖြင့် မြင်အောင် ကြည့်နိုင်သကဲ့သို့ မိမိ၏ စိတ်ကိုလည်း မိမိ၏ စိတ်ဖြင့် မြင်အောင် ကြည့်ရှု၍ရ၏။ မိမိနှင့် သူတစ်ပါး ကွဲသွားသောအခါ မိမိက ကြည့်သူ၊ သူတစ်ပါးက အကြည့်ခံ ဖြစ်၏။ ထိုနည်းအတူပင် စိတ်တစ်ခုက ကြည့်သူ၊ စိတ်တစ်ခုက အကြည့်ခံ ဖြစ်ရ၏။ ကြည့်သူအဖြစ် ဆောင်ရွက်သောစိတ်က မဂ္ဂင်စိတ်၊ အကြည့်ခံအဖြစ် ဆောင်ရွက်သောစိတ်က ကမ္မဋ္ဌာန်း အာရုံစိတ် ဖြစ်ရ၏။ မျက်စိက မျက်စိကို မြင်ရာ၌လည်း ထို့အတူ အကြည့်ခံမျက်စိက ကမ္မဋ္ဌာန်းအာရုံ၊ ကြည့်သူမျက်စိက မဂ္ဂင်တို့ ဖြစ်ကြ၏။ ဤသို့ နှစ်မျိုးစီ နှစ်မျိုးစီ ကွဲပြားသွားရ၏။
ဤနေရာ၌ ဉာဏ် ( မဂ္ဂင် ) ကိုပင် မျက်စိဟု ဆိုခြင်း ဖြစ်၏။ ပကတိမျက်စိသည် မိမိ၏ အာရုံကို မြင်၍ ပိုင်ပိုင်နိုင်နိုင် သိသလို ဉာဏ်သည်လည်း မိမိ၏ အာရုံကို ရှု၍ ပိုင်ပိုင်နိုင်နိုင် သိ၏။ ထိုသို့ ပိုင်နိုင်စွာသိမှုခြင်း တူသဖြင့် ဉာဏ်ကိုပင် မျက်စိဟု တင်စား၍ ဆိုခြင်း ဖြစ်၏။ ရူပါရုံသည် မြင်၍ရသလို ဓမ္မာရုံသည်လည်း မြင်၍ရသည်ဟု ဆိုလိုခြင်း မဟုတ်။ ပိုင်ပိုင်နိုင်နိုင် သိ၍ ရနိုင်ခြင်း တူမှုကိုသာ ဆိုလိုခြင်း ဖြစ်ပါ၏။ တရားရှုမှတ်ရာ၌ " စက္ခုံဥဒပါဒိ " အရ ဉာဏစက္ခု ပေါ်လာအောင် အားထုတ်ရ၏။ သမာဓိ အားကောင်းသောအခါ ဉာဏ်မျက်စိသည် ပေါ်လာ၏။ ထို့ကြောင့် ဉာဏ်မျက်စိ ပေါ်လာအောင် သမာဓိကို ထူထောင်ရ၏။ သမာဓိအားကောင်း၍ ဉာဏ်မျက်စိ ပေါ်လာအောင် ရုပ်ကိုလည်း ကြည့်၍ ရ၏။ စိတ်ကိုလည်း ကြည့်၍ ရ၏။ ပကတိမျက်စိဖြင့် မြင်၍ ပိုင်ပိုင်နိုင်နိုင် သိသလို ဉာဏ်မျက်စိဖြင့် ရှု၍ ပိုင်ပိုင်နိုင်နိုင် သိလေ၏။
----------------------
ဦးရွှေအောင် [ မဟာဝိဇ္ဇာ ( သက္ကတ )၊ ဝဋံသကာ နှင့် သိရောမဏိ ] ၏ [ ဓမ္မပဒ -စိတ္တဝဂ် - သာသနာတော်၌ ငြီးငွေ့သော ရဟန်းတော်တစ်ပါး - စာမျက်နှာ - ၂၃၆/ ၂၃၇ ] မှ ကောက်နုတ်ဖော်ပြပါသည်။
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
မေတ္တာဖြင့်ပြန်လည်မျှဝေပေးပါ၏။
Org#ပုညသိန်းနိုင်
No comments:
Post a Comment