စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, December 4, 2022

ဘုရားရှင်နှင့်မြက်ရှစ်ဆုပ်

ဘုရားရှင်သည်_
မြက်ထမ်းသမားကပ်လှူသော ထိုမြက်(၈)ဆုပ်ကို၊

မဟာဗောဓိပင်ရင်း၌_
ထိုင်တော်မူရန် ကြဲဖြန့်လိုက်သောအခါ၊

ထိုခဏဝယ်_
ထိုမြက်(၈)ဆုပ်တို့ မှသည်၊

တစ်ဆယ့်လေးတောင် ကျယ်ဝန်းသော
အပရာဇိတ ရွှေပလ္လင်တော်ကြီးပေါ်ထွန်းလာခဲ့သည်။

ဘုရားရှင်သည်_
ထို ရွှေပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူ၍၊

ငါသည်_
'' ဘုရားမဖြစ်သမျှ ဤနေရာမှ ငါ မထပြီ ''

“ အရေ ကျန်လိုက ကျန်ပါစေ၊ ”
“ အကြောကျန်လိုက ကျန်ပါစေ၊ ”
“ အရိုးကျန်လိုက ကျန်ပါစေ၊ ”

“ ငါ၏တစ်ကိုယ်လုံးရှိ အသွေးအသားတို့သည်
ခမ်းခြောက်လိုက ခမ်းခြောက်ပါစေ ” ဟု၊

အင်္ဂါလေးပါးရှိသည့် ဝိရိယတရားတို့ဖြင့်_
အလယ်အလတ် ကမ္မဋ္ဌာန်းကို၊

ဗောဓိပင်ရင်း ရွှေပလ္လင်ထက်တွင်
ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူခဲ့သည်။

ထို့နောက်_
(၁) နေမဝင်မီ ဒေဝပုတ္တမါရ် (မာရ်နတ်ရန်)ကို
အောင်မြင်တော်မူပြီး ၍၊

(၂) ညဉ့်ဦးယာမ်၌_
ရှေးက ဘဝများစွာ ကြင်လည်ခဲ့(ဖြစ်ခဲ့)ဘူးသော
ခန္တာစဉ်ကို အောက်မေ့သိတတ်သော
“ပုဗ္ဗေနိဝါသာနုဿတိဥာဏ်” ကို ရရှိတော်မူလေသည်။

(၃) သန်းခေါင်ယာမ်၌_
နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော
သတ္တဝါစသည်တို့ကို မြင်တတ်သော
“ဒိဗ္ဗစက္ခုဥာဏ်”ကို ရရှိတော်မူလေသည်။

(၄) မိုးသောက်ယာမ်၌_
အာသဝေါတရားလေးပါးတို့၏
ကုန်ရာ ကုန်ခြင်းကို ပြုတတ်သော
“အာသဝက္ခယဥာဏ်” ကို ရရှိတော်မူလေပြီး နောက်

သိကြား အစရှိသည့် နတ် ဗြဟ္မာ တို့သည်
ပူဇော်မှုအမျိုးမျိုးတို့ဖြင့် ရှိခိုး ပူဇော်ကြလေသည်။

(၁) “ မာရ်နတ်ရန် ” ကို အောင်မြင်တော်မူခြင်း၊
(၂) “ ပုဗ္ဗေနိဝါသာနုဿတိဥာဏ် ” ကို ရရှိတော်မူခြင်း၊
(၃) “ ဒိဗ္ဗစက္ခုဥာဏ်” ကို ရရှိတော်မူခြင်း၊
(၄) “ အာသဝက္ခယဥာဏ် ” ကို ရရှိတော်မူခြင်း၊

ထို ရရှိခြင်းအ ကျိုးတရား (၄)ပါးတို့သည်၊

မြက်ရိတ် မြက်ထမ်းသမား ပုဏ္ဏားကြီး၏
လှူဒါန်းလိုက်သော မြက်(၈)ဆုပ်မှ
ပေါ်ထွန်းလာသော ရွှေပလ္လင်ကြီးထက်ဝယ်
ရရှိခြင်းအ ကျိုးတရားများဖြစ်ခဲ့သည်။

ဘုရားရှင် နှင့် မြက်(၈)ဆုပ်
သမိုင်းအကျဥ်းကိုဓမ္မဒါနအဖြစ်
သိသမျှလေး ဝေမျှခြင်းဖြစ်သည်။

လူ နတ် ဗြမ္မာ သတ္တဝါအားလုံး
ကျန်းမာ ချမ်းသာကြပါစေရှင်🙏🙏🙏

Credit #

No comments:

Post a Comment