သာသနာတွင်း လူဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေအတွက်
ဘာရချင်သလဲ၊ ဘာရချင်သင့်သလဲ။
ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ချင်သင့်သလဲ။
တစ်ခါတလေကျတော့လည်း
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ
ထပ်တူမကျတာလည်း ရှိသေးတယ်။
ရချင်တာနဲ့ ရသင့်တာနဲ့က
ထပ်တူမကျတာလည်း ရှိသေးတယ်။
တကယ်ဆိုရင် ဘုန်းဘုန်းတို့က
တရားထူး တရားမြတ်တွေ
ရတဲ့အနေအထားမျိုးကို ရှာရမှာပေါ့။
တရားထူးတရားမြတ်ကို ရချင်သင့်တယ်ပေါ့။
သို့သော် ရချင်သလားလို့ မေးရင်
လူတိုင်း ဘယ်ရချင်မတုန်း။
တရားထူးတရားမြတ်လို့ ပြောရင်တော့
ရချင်တယ်လို့ ပြောမှာပေါ့နော်။
ဒါပေမယ့် သံသရာဝဋ်ဆင်းရဲက
လွတ်ချင်သလားလို့ မေးရင်ကြတော့
မလိမ်တမ်း မညာတမ်း ပြောရရင်
အဲဒီစကားက နည်းနည်း ကြီးတယ်။
သံသရာက လွတ်ချင်သလား။
လွတ်ချင်တဲ့စိတ် တကယ်ရှိသလား။
သံသရာကို ကြောက်သလား။
ဘုန်းဘုန်းဖြင့် ကိုယ့်ကိုယ်ကို စဥ်းစားကြည့်တယ်။
သံသရာကြောက်တဲ့စိတ်က
ပြင်းပြင်းထန်ထန် မရှိဘူး။
ပြင်းပြင်းထန်ထန် မရှိတော့
နည်းနည်းလေးတော့ ရှိသလားဆိုတော့
နည်းနည်းလေးကလည်း သူ ရှိချင်တဲ့ နေရာပဲ
ရှိနေတယ်။
ငရဲကျရမှာတော့ ကြောက်တယ်။
အပါယ်လေးဘုံ ရောက်ရမှာတော့ ကြောက်တယ်။
ဒါပေမယ့် လူ့အဖြစ်၊ နတ်အဖြစ်၊ ဗြဟ္မာအဖြစ်
အဲဒီလို ဘဝတွေကျတော့ ကြောက်သလား။
အခုရနေတဲ့ ဘဝကို ကြောက်သလား။
တကယ် ရွံမုန်းသလား။
တကယ် လွတ်ချင်သလားလို့ မေးတော့
ကိုင် အဲဒီကျတော့ သူများဖြင့် မပြောတတ်ဘူးနော်။
ကိုယ့်ကိုယ်ကိုဖြင့် စဥ်းစားကြည့်တယ်။
ငါဖြင့် သံသရာဒုက္ခကို ကြောက်တာဆိုတဲ့စိတ်
မဖြစ်ပါလားပေါ့။
သံသရာက လွတ်ချင်စိတ်လည်း ပြင်းပြင်းထန်ထန်
မဖြစ်ပါလားပေါ့။
တကယ်ဆိုရင် ဖြစ်ချင်သင့်တယ် မဟုတ်လား၊ အဲဒီဥစ္စာ။
ဖြစ်သင့်တယ် မဟုတ်လား။
အဲဒီစိတ် ဖြစ်သင့်တာပေါ့နော်။
သို့သော် ဖြစ်သင့်ပေမယ်လို့ ကိုယ့်ရဲ့ ဓာတ်ခံကလည်း
အဲလောက် အဆင့်မမြင့်တဲ့အခါကျတော့
ဖြစ်ချင်တဲ့စိတ်က ရှိမလားဘူးပေါ့နော်။
တကယ်ဆိုရင် သံသရာဝဋ်ဆင်းရဲက
လွတ်မြောက်တဲ့ အနေအထား တစ်ခုကို
ရသင့်တယ်ပေါ့။
သို့သော် အဲဒါကို ကိုယ် တကယ် ရချင်သလား။
ရချင်တဲ့စိတ်က ရှိချင်မှ ရှိမယ်ပေါ့နော်။
စဥ်းစားကြည့်နော်။
ဒါကြောင့် ကိုယ့်ကိုယ်ကို ဒီသံသရာဒုက္ခကို
တကယ်ကြောက်တာ ဟုတ်ရဲ့လား။
တကယ် လွတ်မြောက်ချင်တာ ဟုတ်ရဲ့လား။
အထွတ်အထိပ် ရချင်သင့်တဲ့အရာ၊
ဖြစ်ချင်သင့်တဲ့အရာကတော့
တကယ်တမ်းက အဲဒါပဲ။
ဒါ ဟိုတုန်းက လယ်တီဆရာတော်ဘုရာကြီးရဲ့
စာတွေ ဖတ်တုန်းကတော့ "သြော် သံသရာကြီးက
ကြောက်စရာပါလား"၊ တွေးမိတယ်ပေါ့နော်။
ကြောက်စရာကြီးပါလားလို့သာ တွေးတာ
ကြောက်သလားဆိုတော့လည်းမကြောက်ဘူး။
ခုနပြောသလိုပဲ အပါယ်လေးဘုံလောက်ပဲ
ကြောက်နေတယ်ပေါ့ စိတ်က။
တကယ်ဆိုလို့ရှိရင် ဒီရုပ်တွေ နာမ်တွေ
စဥ်ဆက်မပြတ် ဖြစ်နေတဲ့သဘာဝဆိုတာကိုက
ကောင်းတဲ့သဘာဝ မဟုတ်ဘူးလို့
ဒါ မြတ်စွာဘုရား ဟောတဲ့ ဒေသနာတွေ
အကုန်လုံးကို အခြေခံပြီးတော့ ဘုန်းဘုန်းတို့
ကွားဘူးထားတာပဲ၊ သိထားတာပဲ။
သို့သော် သိသာ သိသာပဲ။
တကယ် ကြောက်သလားဆိုတော့
မကြောက်ဘူးနော်။ ဒါကြောင့်
တကယ်ကြောက်တဲ့စိတ် ဖြစ်ဖို့ဆိုတာက
ဘုန်းဘုန်း တွေးကြည့်တာပေါ့နော်။
ကိုယ့်ဟာကိုယ် ကိုယ်ချင်းစာစိတ်နဲ့
တွေးကြည့်တာပေါ့။
"ဒါ တော်တော် မလွယ်ဘူး"လို့။
သံသရာကို တကယ် ကြောက်တယ်။
တကယ် လွတ်ချင်တယ်ဆိုရင်
ဘုန်းဘုန်းတို့က သဘောကျပါတယ်။
ဒါ ချီးမွှမ်းပါတယ်။ ဒါ သူ ဖြစ်သင့်တာကို
သူ့စိတ်ထဲက ဖြစ်ချင်သွားတယ်။
ရသင့်တာကို သူ့စိတ်ထဲက ရချင်သွားတယ်။
တော်တာပဲလို့။
ကိုယ့်မှာတော့ အဲဒီလို တော်တဲ့သဘောက
များများစားစား မရှိဘူး။
ဒါ ကိုယ့်ကိုယ်ကို စဥ်းစားပြီးတော့ ပြောတာပါ။
အရှင်ဥတ္တမ(သစ္စာရွှေစည်)
၆.၁၂.၂၀၂၀
No comments:
Post a Comment