စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, December 1, 2022

သင်္ခါရအကြောင်း တစေ့တစောင်း(၂)

2# သင်္ခါရအကြောင်း တစေ့တစောင်း(၂)
      =====================
         " သင်္ခါရတရားတွေဟာလဲ အကြောင်းမကင်းတဲ့တရား၊ ဥပါဒ် ဌီ ဘင်လက္ခဏာရှိတဲ့တရားတွေဆိုတော့ သင်္ခါရတရားဟာ သင်္ခတအတွင်း
ဝင်တယ်ဆိုတာ သဘာဝကျပါတယ်။"
        " အေးကွ..ဒီအချက်ကိုတော့စိတ်ထဲရှင်းသွားပါပြီ။ ဒါပေမဲ့ ဒေသနာတွေမှာ သင်္ခါရပုဒ်ကိုတွေ့ရင် ဘယ်တရားတွေကိုကောက်ယူရမယ်ဆိုတဲ့ နည်းလမ်းညွှန်ကြားချက်မျိုး ရှိရင် ဒါလဲသိချင်သေးတယ်ကွ"
         " ရှိတာပေါ့ကွာ၊ သင်္ခါရပုဒ်သာမကဘဲ ဘယ်အချက်ကိုပဲတွေ့တွေ့
ဓမ္မ ဝိနယနဲ့ ညီမညီတိုက်ဆိုင်ညှိနိုင်းပြီးနောက် ညီညွတ်မှသာလက်ခံရ
မယ်ဆိုတဲ့ ဘုရားရှင်ကိုယ်တိုင်ဟောကြားမှာထားခဲ့တဲ့ အခြေခံမူတွေရှိပါ
တယ်။ ဆိုလိုတာက ပါဠိတော်မှာ တိုက်ရိုက်လာရင်ပါဠိတော်အတိုင်းယူ၊ ပါဠိတော်မှာတိုက်ရိုက်မဟောကြားရင် အဋ္ဌကထာ၊ ဋီကာအဖွင့်များနဲ့အညီကောက်ယူရမယ်လို့ဆိုလိုတာပါပဲ။ ဒီလိုဆုံးမညွှန်ပြထားတဲ့အခြေခံမူတွေကို မလိုက္နာဘဲ ကိုယ့်သဘောနဲ့ကိုယ်ကောက်ယူရင်တော့ဘုရား ရှင်ရဲ့အာဘော်နဲ့လွဲချော်ပြီး အပြစ်ဖြစ်သွားနိုင်ပါတယ်။ 
         မင်းမေးတဲ့ရည်ရွယ်ချက်က ဘယ်ကျမ်းဂန်အထောက်အထားမှမပြဘဲ ကိုယ်သဘောနဲ့ကိုယ် ထင်ရာအနက်အဓိပ္ပါယ်ပေးပြီး ဟောပြောရေးသားနေတာတွေ တွေ့နေရလို့ မေးတာမဟုတ်လား။ "
        " အေး..ဟုတ်ပါတယ်။ ဒီလိုအထောက်အထားမပြဘဲ ထင်ရာရေး
သားဟောပြောတာတွေ့ရင် သတိထားပြီးပယ်ရတော့မှာပေါ့ကွာ"
        " အထောက်အထား မရှိဘဲ ထင်သလိုအနက်ပေးဟောပြောကြလို့
အဓမ္မဝါဒအဖြစ် သတ်မှတ်ဆုံးဖြတ်ခံရတဲ့ သာဓကတွေရှိခဲ့ဖူးတယ်ကွ။
ကျောက်သင်္ဘောဝါဒနဲ့ ရှင်ဉာဏရဲ့ ပစ္စုပ္ပန်ကမ္မဝါဒ(မိုးပြာ)တို့ပဲ။
        ဓမ္မပဒပါဠိတော်က" သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ ယဒါ ပညာယ ပဿတိ"ဆိုတဲ့ဟောကြားချက်မှာလာတဲ့ သင်္ခါရပုဒ်ကို လောကီရုပ်နာမ်သင်္ခါရ
တရားတွေလို့ ကောက်ယူရမဲ့အစား သဗ္ဗေ သင်္ခါရာ=ပြုလုပ်အားထုတ်မှု
ကံမွန်သမွ် ဒုက္ခာ=ဒုက္ခသာဖြစ်တယ်၊ ဆင်းရဲသာဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ဟောပြောခဲ့ကြပါတယ်။ ဟောပြောပုံတွေကတော့-
        ကျောက်သင်္ဘောဆရာတော်က-" လုပ်သမျှဒုက္ခ၊ မရှုမပွားအငြိမ်း
ထား" ဆိုတဲ့ဆောင်ပုဒ်ကိုအခြေခံပြီး -
       -  နိဗ္ဗာန်မြင်အောင်ခင်ဗျားတို့ ဘယ့်နှယ်မှမလုပ်ရဘူး။
       -  ဖြစ်လာအောင်ကတော့ ကြံမှ စည်မှ တွေးမှ အောင့်မေ့မှ၊ မနေနိုင်လို့ပြုလုပ်မှ ငွေကြိုင်ဒုက္ခများဆိုတဲ့ စကားပမာလို ဒုက္ခများလာရမှာပါ။
       -  ပြုပြုသမျှ၊ လုပ်လုပ်သမျှ၊ မှတ်မှတ်သမျှ ဒုက္ခသစ္စာချည်းပဲ။ 
       -  မလုပ်တော့ငြိမ်းသွားတာ အဲဒါနိဗ္ဗာန်ရောက်တယ်ဆိုတာ-စသည်
ဖြင့် အားထုတ်မှုကို ဟန့်တားပိတ်ပင်ရာရောက်တဲ့ ဟောပြောမှုတွေလုပ်
ခဲ့ပါတယ်။
       မိုးပြာရှင်ဉာဏကတော့-ကံတွေလုပ်ရင် ဒုက္ခမှမလွတ်ဘူး။ သဗ္ဗေသင်္ခါရာ ဒုက္ခာလို့မြတ်စွာဘုရားကပြောတယ်။ တကယ်တော့ သဗ္ဗေသင်္ခါရာ
=အလုံးစုံသောကံတရားတို့ဟာ ဒုက္ခတွေပဲလို့ အဲဒီလိုမျိုးပြောတယ်။ ကံ
တရားဟာ ဒုက္ခပဲ၊ ကံတွေလုပ်ရင်ဒုက္ခဖြစ်မှာပဲစသည်ဖြင့်ဟောပြောထား
ပါတယ်။ 
        ဒီဟောပြောချက်တွေနဲ့ပတ်သက်ပြီး ဝိနည်းဓိုရ်ဆရာတော်များက-
ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်တို့ကို ဒုက္ခပဋိပဒါလမ်းဟု စွပ်စွဲ၍
ပါဠိတော်များကို ပယ်ဖျက်နေသောကျောက်သင်္ဘောဝါဒသည်" မြတ်စွာ
ဘုရား၏ဝါဒနှင့် အလွန်ဆန့့်ကျင်၍ မှားယွင်းနေသောဝါဒဖြစ်ကြောင်းထင်ရှားသည် " လို့ စိစစ်ဝေဖန်ထားပါတယ်။
        ပြီးတော့-" ကံတရားဟာ ဒုက္ခပဲ စသောအရှင်ဉာဏ၏ ရေးသား
ဟောပြောချက်များသည် ဗုဒ္ဓတရားတော်နှင့်ဆန့်ကျင်နေသောကြောင့်
ယင်းရေးသားဟောပြောချက်များကို အဓမ္မဝါဒဟု နိုင်ငံတော်သီးခြားဝိ
နည်းဓိုရ်အဖွဲ့ဝင်ဆရာတော်များကဆုံးဖြတ်တော်မူကြသည်-လို့ဖေါ်ပြထား
တာတွေ့ရပါတယ်။ 
       ဒါ့ကြောင့် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစတဲ့ကျမ်းဂန်အထောက်အ
ထားတွေကိုအမှီပြုပြီးသာ အနက်အဓိပ္ပါယ်ကောက်ယူကြဖို့သတိပြုသင့်တာပေါ့ကွာ "
        " ဟုတ်ပြီသူငယ်ချင်း သဘောပေါက်ပြီ။ အကောက်အယူမှားရင်
သာသနာပြုတာမဖြစ်ဘဲ သာသနာဖျက်ရာရောက်သွားနိုင်တာကြောင့် အလွန်အန ္တရာယ်ကြီးတဲ့ကိစ္စပဲကွ။ ဒီတော့ ဒီအန ္တရယ်တွေကလွတ်အောင်သင်္ခါရပုဒ်နဲ့ပတ်သက်တဲ့ ကျမ်းဂန်အဖွင့်တွေရှိရင် ပြောပါအုံးကွာ "
        " မင်းသိချင်တာနဲ့ အခန့်သင့်ပါပဲ။ ငါ့ရဲ့ ဓမ္မရေးရာဆရာဖြစ်တဲ့
အရှင်ဣန္ဒာစရိယာဘိဝံသ( ဦးအောင်မြိုင်- မစိုးရိမ်စာသင်သား)က
မေတ္တာနဲ့ စုဆောင်းပေးပို့ထားတဲ့ ကျမ်းဂန်အဖွင့်တွေရှိတယ်ကွ။ တစ်ခုချင်းပြောပြမယ်။
      - ဓမ္မပဒပါဠိတော်မှာလာတဲ့" သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ သဗ္ဗေ သင်္ခါရာ
ဒုက္ခာ" တို့မှာပါတဲ့သင်္ခါရပုဒ်ရဲ့အရကို " သဗ္ဗေ သင်္ခါရာတိ ကာမဘဝါဒီသု
ဥပ္ပန္နာ ခန္ဓာ" လို့ဓမ္မပဒအဋ္ဌကထာကဖွင့်ပြထားတာကြောင့် သင်္ခါရပုဒ်ရဲ့
အရကို ကာမဘုံ၊ ရူပဘုံ၊အရူပဘုံတို့မှာဖြစ်တဲ့ခန္ဓာတို့ကိုယူရမယ်။ ဒီဒေ
သနာဟာ ဝိပဿနာရဲ့အာရုံအဖြစ်ဟောတာဖြစ်တဲ့အတွက် လောကုတ္တ
ရာနာမ်ခန္ဓာလေးပါးကိုထည့်သွင်းမယူရပဲ လောကီဥပါဒါနက္ခန္ဓာပါးပါးကိုပဲ
ယူရမှာဖြစ်ပါတယ်။ (ဓမ္မ၊ဋ္ဌ၊၂၊၂၅၅)
      - သံယုတ်ပါဠိတော်မှာလာတဲ့ " အနိစ္စာ ဝတ သင်္ခါရာ၊ ဥပါဒဝယ
ဓမ္မိနော "မွာပါတဲ့ သင်္ခါရပုဒ်ရဲ့အရကို " အနိစ္စာ ဝတ သင်္ခါရာတိ သဗ္ဗေ
တေဘူမကသင်္ခါရာ" လို့ဖွင့်ပြထားတဲ့အတွက် ဘုံသုံးပါးမှာဖြစ်တဲ့ တေဘူ
မကသင်္ခါရတို့ကိုယူရမှာဖြစ်ပါတယ်။ ဥပါဒါနက္ခန္ဓာငါးပါးကိုပဲရပါတယ်။
(သံ၊ ဋ္ဌ၊ ၁၊ ၂၉)
      - သုတ္တ မဟာဝဂ္ဂပါဠိတော်မှာလာတဲ့-" ဝယ ဓမ္မာ သင်္ခါရာ အပ္ပမာ
ဒေန သမ္ပာဒေထ" မွာပါတဲ့ သင်္ခါရပုဒ်ရဲ့အရကို သီးခြားဖွင့်ပြချက်မရှိဘူး။
ပျက်ခြင်းသဘောရှိတဲ့တရားအားလုံးနဲ့ သက်ဆိုင်နေတာကြောင့် စိတ်
အားလုံး၊စေတသိက်အားလုံး၊ ရုပ်အားလုံးအကျုံးဝင်ပါတယ်။ 
     - ဉေယျဓမ်တရားကို သင်္ခါရ၊ ဝိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်လို့ငါး
ပါးပြဆိုရာမှာ ပါဝင်တဲ့သင်္ခါရပုဒ်ရဲ့အရကိုလဲ သီးခြားဖွင့်ပြချက်မရှိဘူး။
တိပိဋက အဘိဓာန်မှာတော့ စိတ်၊စေတသိက်ဟူသောနာမ်တရား-၅၃ပါး
နှင့် နိပ္ဖန္နရုပ်-၁ဂခုသည် သင်္ခါရမည်၏လို့ ဆိုထားတာတွေ့ရပါတယ်။ 
     - လောကသုံးပါးထဲက သင်္ခါရလောကမှာလာတဲ့ သင်္ခါရပုဒ်ရဲ့အရကို
ဝိမတိဝိနောဒနီဋီကာက" ဣနြ္ဒိယာနိနြ္နိယဗဒ္ဓါ ပန သဗ္ဗေဝ ဥပါဒါနက္ခန္ဓာ"
လို့ဖွင့်ပြထားတာကြောင့် ဣနြေ္နတို့နဲ့ စပ်တဲ့ဥပါဒါနက္ခန္ဓာ၊ ဣနြေ္နတို့နဲ့မစပ်
တဲ့ဥပါဒါနက္ခန္ဓာအားလုံးကိုကောက်ယူရမှာဖြစ်ပါတယ်။ (ဝိမတိဝိနောဒနီ
ဋီကာ၊ ၁၊ ၅၂)
     - သင်္ခါရုပေက္ခာဉာဏ်မှာလာတဲ့ သင်္ခါရပုဒ်ရဲ့အရကိုတော့ ဝိသုဒ္ဓိမဂ်
အဋ္ဌကထာ(၁၊ ၁၅၇)ဖွင့်ပြချက်နဲ့အညီ ဝိပဿနာရဲ့အာရုံဖြစ်တဲ့ ဥပါဒါ
နက္ခန္ဓာငါးပါးကိုကောက်ယူရပါတယ်။ 
     - ခန္ဓာငါးပါးထဲက သင်္ခါရက္ခန္ဓာမှာလာတဲ့ သင်္ခါရပုဒ်ရဲ့အရအဖြစ် ဝေဒနာနဲ့သညာမှအပ စေတနာခေါင်းဆောင်တဲ့ စေတသိက်-၅၀ကိုကောက်
ယူရမယ်လို့ သင်္ဂြိ ုဟ်ဋီကာကျမ်း(၅ဂ၉)မှာတွေ့ရတယ်။ 
     ကဲ- ဒီလောက်ဆိုရင် သူငယ်ချင်းအတွက်အထိုက်အလျောက်ပြည့်
စုံလောက်ပါပြီ။ နောင်လဲ ရဟန်းပညာရှိ၊ လူပညာရှိတို့ရဲ့အဆိုအမိန့်တွေ
ကို ဆက်ပြီးလေ့လာ မှတ်သားကြတာပေါ့ကွာ..."
     ဓမ္မမိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့ တရားထူးတွေ့ကြပါစေ....

Credit: ဆရာဝင်းအောင်ကြည်

No comments:

Post a Comment