" စာသင်သား နှင့် ဝိနည်း "
===================
လူထွက်ဖို့ရာ စိတ်ကူးနေသော
စာသင်သား ကိုရင်တစ်ပါးကို
ဆုံးမသြဝါဒပေးတော်မူလိုသော မစိုးရိမ်တိုက်သစ်
အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီးသည်
ထိုစာသင်သားကိုရင်၏ တစ်နေ့တာလုပ်ငန်းများကို
မေးတော်မူပါတယ်.....
ထိုစာသင်သားကိုရင်မှ တနေ့တာ လုပ်ငန်းများဖြစ်သော
စာကျက်, စာအံ, စာဝါတက်, ဘုရားဝတ်တက်ခြင်း
စသည့်လုပ်ငန်းများကို ဆရာတော်ကြီးအား
အသေးစိတ်လျှောက်ထားပါတယ်.....
(စာကျက်သည့်အချိန်က များပါသည်)
ဆရာတော်ကြီးက ထိုစာသင်သားကိုရင်အား
“စာကျက်တာ ကုသိုလ်လား၊ အကုသိုလ်လား"ဟု
မေးသည့်အခါ....
စာသင်သားကိုရင်က
“ကုသိုလ်ပါဘုရား"ဟု လျှောက်ထားပါသည်....
ဆရာတော်ကြီးက ထိုစာသင်သားကိုရင်အား
“စာကျက်ချိန်တွေ ပြန်တွက်ကြည့်၊
တစ်နေ့တစ်နေ့ မင်းမှာ ကုသိုလ်တွေ
အများကြီးရနေတယ်"
လူ့ဘဝမှာဆို တစ်နေ့ နာရီဝက်
ဘုရားဝတ်တက်နိုင်ဘို့ မလွယ်ဘူးကွ၊
သားရေး, သမီးရေး, စီးပွားရေးတွေနဲ့။
ဒီထဲ မလွှဲသာ မရှောင်သာတဲ့ အကုသိုလ်တွေက
လုပ်ရဦးမယ်။
ကုသိုလ်ကနည်း, အကုသိုလ်ကများ ဖြစ်နေတော့
တွေးကြည့်တာတောင် ကြောက်စရာကြီး။
ဘုန်းကြီးဘဝမှာ ကုသိုလ်ရတာ မများလျှင်တောင်
အကုသိုလ်တော့ နည်းတယ်ကွ"ဟု မိန့်တော်မူပါတယ်။
စာသင်သားကိုရင်မှ ဆရာတော်ကြီးအား
“ဝိနည်းစာဝါတက်တုံးက တပည့်တော်တို့
ဆရာတော်က ပြောတယ်ဘုရား၊
အသေးစားဖြစ်တဲ့ ဒုက္ကဋ်အာပတ်တန်းလန်းနဲ့
သေလျှင်တောင် အပါယ်ကျနိုင်တယ်တဲ့၊
ရဟန်းနဲ့ အာပတ် ဘယ်ကင်းနိုင်ပါ့မလဲဘုရား၊
ဘုန်းကြီးတွေ ပျံတော်မူလျှင်
အပါယ်ချည်းကျ,ကြမှာပါဘုရား"ဟု
လျှောက်ထားလိုက်ပါတယ်....
ထိုအခါ ဆရာတော်ကြီးက
ထိုစာသင်သားကိုရင်ကို ပြုံးပြုံးကြီးစိုက်ကြည့်ပြီး၊
ချစ်စနိုးနဲ့ ခေါင်းကိုရိုက်ကာ
မိန့်တော်မူလိုက်တဲ့ သြဝါဒတော်က......
“မင်းဟာက ဘေးက ကပ်သွားလဲ ရွှံ့ဗွက်ပေမဲ့ အတူတူ
ဗွက်ထဲ ဆင်းသွားလိုက်မယ်ဆိုတဲ့လူနဲ့ တူမနေဘူးလား၊
ဘေးကကပ်သွားတော့ နည်းနည်းဗွက်ပေတာပေါ့ကွာ၊
ဗွက်ထဲဆင်းသွားတော့ အများကြီးပေတာပေါ့ကွ၊
ဘုန်းကြီးဘဝဆိုတာ ကုသိုလ်က များတယ်၊
အကုသိုလ်က နည်းတယ်၊
အဲ့ဒီ နည်းနည်းလေး အကုသိုလ်က
အပါယ်ချမယ်ဆိုလျှင်
ကုသိုလ်ကများတော့ ပြန်တက်လာစရာရှိတယ်ကွ၊
ကုသိုလ်အကျိုးတွေ ခံစားရဦးမယ်။
လူ့ဘဝက ကုသိုလ်ကနည်း၊ အကုသိုလ်ကများဆိုတော့
အပါယ်ကျသွားလျှင် ပြန်တက်လာစရာကို မရှိဘူး၊
အပါယ်ဘုံမှာ နေပေဦးတော့ပေါ့၊
ဘုန်းကြီးနဲ့ လူ ကုသိုလ်ချင်းတူလျှင်တောင်
ဘုန်းကြီးဘဝနဲ့ လုပ်ရတဲ့ ကုသိုလ်က
လူထက် သီလသာနေသည့်အတွက်
အကျိုးပိုကြီးတာပေါ့"ဟူ၍ ဖြစ်ပါသည်.....
“အပါယ်ကျလျှင်တောင် ပြန်တက်လာစရာရှိတယ်"ဆိုတဲ့
ဆရာတော့်သြဝါဒတော်ကို နာယူခဲ့ရသော
စာသင်သားကိုရင်လေးသည်
“ငါ လူမထွက်တော့ဘူး"ဟု
ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်......
ယနေ့ အချိန်မှာဆိုလျှင်
ထိုစာသင်သားကိုရင်လေးသည်
စာသင်တိုက်ကြီးတစ်တိုက်မှာ
တိုက်အုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်များကို
ထမ်းဆောင်လျှက်ရှိနေပါပြီ..........
ဝိနည်းအကြောင်းတွေ စဉ်းစားပြီး
လူထွက်မယ်လို့ ကြံမိတိုင်း
မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး၏
ဒီသြဝါဒလေးကို သတိရပေးတော်မူကြပါ
သာသနာ့ ညီတော်/နောင်တော် အရှင်မြတ်များဘုရား
မေတ္တာဖြင့် အရှင်နရိန္ဒ{မင်းကွန်း}
မှီငြမ်း.......မစိုးရိမ်တိုက်သစ် အဂ္ဂါဘိဓဇဆရာတော်ဘုရားကြီး လွန်တော်မူခြင်း
၁၅-နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ဖြင့်ထုတ်ဝေသော စာအုပ်..နှာ ၂၁/၂၂—
ကိုနန္ဒနန်းမိုး(မြင်းမူ) ၏
“အနီးကပ် ဆည်းကပ်ခွင့်ရခဲ့သူပါဘုရား(၂)"မှ ဖြစ်ပါသည်။
No comments:
Post a Comment