စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, December 5, 2022

ဒုက္ခတွေကများ ဗုဒ္ဓကယ်ပါ့ဘုရား

ဒုက္ခတွေကများ ဗုဒ္ဓကယ်ပါ့ဘုရား
=============================
အို...ဗုဒ္ဓဘာသာ၀င် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာ၀န်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။

ရှေးတုန်းက ကုန်သည်တစ်ထောင်ကို ခေါင်းဆောင်နှစ်ယောက်ခွဲ၍ ငါးရာစီ အုပ်ချုပ်ပြီးလျှင် သမုဒ္ဒရာအလယ် ကျွန်းငယ်တစ်ခုကိုတွေ့၍ ပျော်မွေ့စွာ နေထိုင်စဉ် အတော်ကြာလျှင် ကျွန်းပေါ်မှာ အညစ်အကြေးတွေ ပြန့်နှံ့လျက် မသန့်မရှင်း နေထိုင်ကြခြင်းကြောင့် ကျွန်းစောင့်နတ်တို့ အမျက်ထွက်သဖြင့် စည်းဝေးတိုင်ပင်သောအခါ ပင်လယ်ရေကို လွှမ်းမိုးစေပြီးလျှင် တစ်ကျွန်းလုံး ဆေးကြောလျက် လူတွေကို မျှောပစ်ဖို့ ဆုံးဖြတ်ကြလေသည်။

ထို့ကြောင့် တရားစောင့်သော ဓမ္မနတ်သားက မြောက်ဘက်ကောင်းကင်က ကိုယ်ထင်ပြ၍ " နောက် ၁၅ ရက် လောက် ကြာလျှင် ပင်လယ်ရေလွှမ်းသဖြင့် နစ်မွန်းမျောပါကုန်လိမ့်မည်။ စောစောက တင်ကြိုလျက် လှေများ တက်များကို အဆင်သင့်ပြင်ထားကြကုန်လော့ " ဟု ပြောဆို၍ ကွယ်သွားပြီးနောက် လူအများလည်း ညှိုးငယ်စွာ ကျန်ရစ်ကြလေသည်။

ထို့နောက် အဓမ္မနတ်သားက တောင်အရပ်၌ ကိုယ်ထင်ပြ၍ " ယခင်နတ်သား ပြောသွားတဲ့စကားဟာ မဟုတ်ဘူး အသင်တို့ ပျော်ပျော်ပါးပါး နေမြဲတိုင်းသာ နေကြပါ " ဟု ပြောဆိုပြီး နောက် ပျောက်ကွယ်သွားလေသော် ခေါင်းဆောင် လူကြီးနှစ်ယောက်တွင် တစ်ယောက်က " ပထမ နတ်သားသည် ငါတို့ကို သက်သက်လာ၍ ခြောက်လှန့်ခြင်းဖြစ်သည်၊ သင်တို့ ပျော်ပျော်ပါးပါးသာ နေကြ " ဟု ပြောဆိုလျက် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်ဘဲ နောက်လိုက် ငါးရာနှင့်အတူ နေမြဲတိုင်း နေလေသည်။

ခေါင်းဆောင်တစ်ယောက်ကမူ မိမိနောက်လိုက်များကို ပြောဆိုသည်မှာ " အမောင်တို့ လှေများတက်များကို အဆင်သင့် ရှာထားကြစို့ရဲ့၊ ဒုတိယ နတ်သား၏စကား မှန်လျှင်လည်း လှေတက်များကို ရှာရသည့်အတွက် ငါတို့မှာ တာ၀န်မတက်လှပါ ၊ အလိုရှိသောအခါ အသုံးချစရာ ဖြစ်ပါလိမ့်မည်၊ ပထမ နတ်သား၏ စကားမှန်လျှင် ပြင်ဆင်ထားသော လှေ , တက်များဖြင့် အဆင်သင့် ထွက်သွားကြရပါလိမ့်မည်။"
ဤသို့ ပြောဆိုပြီလျှင် လပြည့်နေ့အချိန်ခါ၀ယ် ခါတိုင်ထက် ပို၍ ရေတက်လာကတည်းက အသင့်ရှာထားသော လှေပေါ်သို့ တက်ကြပြီလျှင် ရေလွှမ်း၍အလာတွင်လွတ်ရာသို့ထွက်သွားကြလေသည်။ အခြားခေါင်းဆောင်နှင့် နောက်လိုက် ငါးရာတို့ကား ရေပို၍တက်အလာတွင် မျက်လုံးပြူးကာ ကိုးကွယ်ရာမရဘဲ သမုဒ္ဒရာထဲသို့ မျောရှာ ကြလေသည်။

ွှဤဇာတ်တော်၌ ဓမ္မနတ်သားက လမ်းမှန်ကို ညွှန်ပြမှု အတွက် မည်မျှ ချမ်းသာခွင့်ရ၍ အဓမ္မနတ်သား၏ လမ်းမှားညွှန်ပြမှု အတွက် မည်မျှအသက်ဆုံးရှုံးရပုံကို စဉ်းစားပြီးလျှင် ဘာသာခြားတို့ ဘုရားက "ကယ်တင်မည်" ဟု ၀န်ခံရာ ၀န်ခံသည့်အတိုင်း ကယ်တင်မည် မှန်ပါလျှင် တော်တန်ဖို့ ရှိပါသေး၏။ အချက်ကျမှ မကယ်နိုင်လျှင် အားလုံးပင် ခက်ရှာကြတော့မည်။

ငါတို့ဘုရားကား " ကယ်တင်မည် " ဟု ၀န်မခံပေ။ ကိုယ်တိုင် ကျင့်လျှင် ရနိုင်သော အကျိုးများကို အဆင့်ဆင့် ညွှန်ပြတော်မူ၏ ။ လူချမ်းသာ , နတ်ချမ်းသာ , ဗြဟ္မာချမ်းသာတို့အပြင် နိဗ္ဗာန်ကိုပင် လိုချင်သော ဆုထူးဖြင့် ရနိုင်သော လမ်းစဉ်ကို ညွှန်ပြတော်မူသည်။ အပါယ်လေးပါး သွားရမည့် လမ်းဆိုးများကိုလည်း မသွားမိအောင် ညွှန်ပြတော်မူ၏ ။ ကယ်တင်မည်ဟု ၀န်ခံထားသောဘုရား ကယ်တင်နိုင်တယ် ဆိုပါဦးတော့၊ သူနှင့် အလားတူဖြစ်အောင် ဘယ်တော့မှ မကယ်၊ သူ့အောက်ရောက်ရုံသာ ကယ်တင်မည်။ ငါတို့ဘုရားကား တကယ်ကျင့်နိုင်လျှင် ကိုယ်တော်နှင့် အလားတူ ဘုရားတစ်ဆူ ဖြစ်အောင်ပင် ညွှန်ပြတော်မူ၏ ။ ထိုမျှလောက် အဆိုးအကောင်းကို အကျိုးအကြောင်းကို စုံစွာဖြင့် ညွှန်ပြတော်မူခြင်းထက် သာလွန်လုံလောက်သောအချက် ရှိဦးမည်လော။

ယခုကာလ၌ သေမည့်ဘေးမှ တစ်ခါလောက် ကယ်ဆယ်ဖူးလျှင် " အင်မတန် အသက်သခင်ကျေးဇူးရှင်ကြီးပေ " ဟု ပြောဆိုကာ လွန်စွာ အားထားကြ , မြတ်နိုးကြ , အသက်ကိုပင် အပ်နိုင်ကြ၏ ။ ဘုရားရှင်ကား တစ်သက် တစ်ဘဝလောက်ကိုသာ ကယ်ဆယ်သည် မဟုတ်သေး။ ဘဝပေါင်းများစွာ၊ တစ်သံသရာလုံး ကယ်မ၍ နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် စောင့်ရှောက်ရာကျသဖြင့် အသက်ပေါင်း များစွာ၏ ကျေးဇူးရှင်ကြီးပေတည်း။

ဤနေရာ၌" ကယ်တင်မည် " ဆိုသည့်စကား နှင့် " ကိုယ်တိုင်ကျင့် " ဟူသော စကားနှစ်ရပ်ကို လေးနက်စွာ စဉ်းစားပြန်လျှင် ကယ်တင်မည်ဆိုသော စကားက အဓမ္မနတ်သား၏ " အေးအေးနေကြ " ဟူသော စကားမျိုး ဖြစ်၍ ကိုယ်တိုင်ကျင့်ခြင်းသည် လှေ , တက်များကို အဆင်သင့်ရှာထားခြင်းနှင့် တူ၏ ။ ထိုကဲ့သို့ ကိုယ်တိုင် ကျင့်ကြရသည့်အတွက် တာ၀န်လည်း မတက်လှပါ။

လှေ , တက် များကို ရှာကြရသကဲ့သို့ မကောင်းမှုတို့မှ ရှောင်ရ၊ ကောင်းမှုတို့ကို ပြုကျင့်နေရသောကြောင့် အနည်းငယ် တာ၀န်တက်သည်မှာ မှန်ပါ၏ ။ သို့သော် ထိုတာ၀န်တက်မှုသည်ကား ဤဘ၀အတွက် လူကောင်း သူကောင်းဖြစ်ဖို့ အချက်သာဖြစ်၍ အချည်းနှီး အကျိုးမဲ့ မဖြစ်ဘဲ ကောင်းကျိုးရဖို့ အကြောင်းသာ ဖြစ်ပါပေသည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကျ ဤကျမ်းက ညွှန်ပြချက်ကို ဦးထိပ်ရွက်ပန်ဆင်ကာ မိမိလိုရာဆုထူးဖြင့် နိဗ္ဗာန်ကူးလိုလျှင် ကယ်တင်မည့်သူကို အားမကိုးဘဲ အဖိုးတန်ပါရမီတရား သင်္ဘော၊ လှေ ၊တက်များကိုသာ သားနားသည်ထက် သားနားအောင် အပြီးအစီး တည်ထောင်ထားနှင့်ကြစေခလို။

(သုမုဒ္ဓဝါဏိဇဇတ်တော်)
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်ကျမ်း မှ.

Than Tun

No comments:

Post a Comment