#ကျေးဇူးသိမှလူပီသ
___________________
ကျေးဇူးဆိုသည်ကား ကိုယ့်ဘဝလိုအပ်ချက်ကို တစ်စုံ တစ်ယောက်က ဖြည့်ဆည်းပေးလိုက်သည့် အရာပင် ဖြစ်သည်။
စားစရာ
လိုလျှင် စားစရာ ပေး၏။
ဝတ်စရာ
လိုလျှင်
ဝတ်စရာ ပေး၏။
နေစရာ
လိုလျှင်
နေစရာ ပေး၏။
ယင်းဖြည့်ဆည်းပေး လိုက်သည့် အရာကိုပင် " ကျေးဇူး" ဟု ခေါ်သည်။
ယင်းကျေးဇူးပြုခဲ့ကြသည့် ပုဂ္ဂိုလ်များကိုတော့ " ကျေးဇူးရှင်" ဟု ခေါ်လေသည်။
မိမိတို့ဘဝကို ပြန်ကြည့်လျှင် ကိုယ့်လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ကျေးဇူး ရှင်များ မြောက်များစွာပင် ရှိ၏။ ထိုကျေးဇူး ရှင်တို့၏ ကျေးဇူးတရားကို ဘယ်သောအခါမှ မမေ့သင့်ပါ။ စိတ်ထဲမှာ မှတ်မှတ်သားသား ရှိနေရမည် ဖြစ်၏။
ထို့ကြောင့် " ငါ့ကို ကူညီခဲ့ဖူးတဲ့ ကျေးဇူးရှင်တွေ အများကြီး ရှိတယ်၊ သူတို့ရဲ့ အကူအညီကြောင့်
ငါ့ဘဝဟာ အခုလို ဖြစ်လာတာပဲ" ဟု မကြာမကြာ ဆင်ခြင်ရပေမည်။ ဆင်ခြင်မှ သတိရ၏။ သတိရမှ ကျေးဇူးတရားကို
နှစ်နှစ်ကာကာ သိ၏။ ကျေးဇူးတရားကို
သိမှလည်း " လူပီသသူ" ဟု ဆိုရမည် ဖြစ်သည်။
ရှေးလူကြီးများက ကျေးဇူးတရားနှင့် ပတ်သက်၍ " ကျေးဇူးဆိုတာ သိခဲတယ်, ပြောခဲတယ်, ဆပ်ခဲတယ်" ဟု
ခဲသုံးခဲ
ရှိကြောင်း ပြောခဲ့ကြ၏။
ထို့ကြောင့် မိမိအပေါ်၌ တင်ရှိနေသော ကျေး ဇူးတရားတို့ကို " ငါ့အပေါ်မှာ မိဘက ဘယ်လိုကျွေးမွေးခဲ့တယ်၊ ဆရာက ဘယ်လိုသင်ပေးခဲ့တယ်၊ ဆွေမျိုးတွေက ဘယ်လို စောင့်ရှောက်ခဲ့တယ်၊ မိတ်ဆွေတွေက ဘယ်လို ကူညီခဲ့တယ်၊ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လို ထောက်ပံ့ခဲ့တယ်" ဟု စိတ်ထဲမှာ မှတ်မှတ်သားသား သိနေဖို့ လိုပါသည်။ ဤသည်ကိုပင် " ကတညုတာ" ဟု ခေါ်သည်။
စိတ်ထဲမှာ မှတ်မှတ်သားသား သိရုံနှင့် မပြီးသေး၊ အခါအခွင့်သင့်လျှင်
ထိုကျေးဇူးတရားကို ထုတ်ဖော် ပြောကြားဖို့လည်း လို၏။ " အမေက ဘယ်လို ကျွေးခဲ့တာ, အဖေက ဘယ်လို ရုန်းကန်ခဲ့တာ, ဆရာက သင်ပေးလို့
ဒီလိုအခြေအနေ ရောက်လာတာ ဆရာ၊ မိတ်ဆွေက ဘယ်လို ကူညီလို့
အခုလို အောင်မြင်နေတာပါဗျာ" ဟု စသည်ဖြင့် ကျေးဇူးပြုသူတို့အား
သူတို့ရှေ့တွင် ထုတ်ဖော် ပြောကြားသင့်၏။
ယင်းသို့
ပြောကြား လိုက်သည့်အတွက် ကျေးဇူး
ပြုသူများ ပီတိ ဖြစ်ရလေသည်။
ကျေးဇူးတရားကို ထုတ်ဖော်ပြောကြားရုံနှင့်မျှ မပြီးသေးပါ၊
ထိုကျေးဇူးတရားကို
ပြန်ဆပ်ဖို့လည်း လို၏။ သို့မှသာ တာဝန်ကျေသော လူတစ်ယောက် အဖြစ် သမိုင်းလှမည်ဖြစ် သည်။
ကျေးဇူး
ဆပ်သည်မှာ မခဲယဉ်းပါ၊ ကိုယ့်ရင်ထဲ အသိရှိဖို့သာ အဓိက ဖြစ်သည်။
ထို့ကြောင့် အင်္ကျီလေးတစ်ထည်, ထီးလေး
တစ်လက်,
မုန့်လေး
တစ်ဘူး, လက်ဆောင် တစ်ခုခု
ပေးလျှင်ပင် ကျေးဇူးဆပ်သည် မည်ပါ၏။
သို့တည်း
မဟုတ်၊
သူတပါး လိုအပ်နေသော အကူ အညီကို လိုက်ပါဆောင်ရွက်ပေးလျှင်လည်း ကျေးဇူး
ဆပ်ခြင်း မည်ပါ၏။
အရေးကြီးဆုံးကား
သူ့ကျေးဇူးကို စိတ်ထဲမှာ မှတ်မှတ်သားသား
ရှိနေဖို့ပင် ဖြစ်သည်။
စိတ်ထဲ၌
မှတ်မှတ်သားသား ရှိနေလျှင် သူ့ကျေးဇူးကို ကန်းစရာ အကြောင်း
မရှိတော့ပေ။
အရိပ်နေပြီး အခက်မချိုးရ
------------------------
တချို့
လူများသည် ကျေးဇူးရှင်တို့ကို ကျေးဇူး
မဆပ်သည့်အပြင် ကျေးဇူးတောင်
ကန်းလိုက်သေး၏။
ထိုကဲ့သို့သော လူမျိုးကို " အရိပ်နေနေ အခက်ချိုးချိုး" ဟု
ကဲ့ရဲ့ကြလေ၏။ မှန်၏။
ကိုယ်နားခိုသည့် သစ်ပင်၏ အကိုင်းအခက်ကို မည်သည့်အကြောင်းကြောင့်မျှ
မချိုးရ၊
ချိုးပါက လူယုတ်မာဟု ဆိုရမည်သာ။
တချို့သားသမီးများသည် မိဘအိမ်မှာ နေပြီး မိဘကို ပြုစုရကောင်းမှန်း မသိ၊ မိဘကို မကျေမနပ်နှင့် ခွန်းကြီး ခွန်းငယ် ပြန်ပြော၏။ မိဘပစ္စည်း ထိုင်ဖြုန်း၏။ တချို့ဆိုလျှင် မိဘအမွေများကို အတင်းအဓမ္မ တောင်း၏။ ထိုကဲ့သို့ သားသမီးများသည် မိဘကို ကျေး ဇူးကန်းသူ များပင်ဖြစ်သည်။
တချို့တပည့်များသည်
ဆရာ့အရိပ် အာဝါသမှာ နေပြီး ဆရာကို ရိုသေရကောင်းမှန်း မသိ၊ ဆရာ့ကို ကန့်လန့်တိုက်ပြီး
လုပ်ချင်ရာ လုပ်၏။ ဆရာ၏
မြူမှုန့်လောက် အပြစ်ကို တိမ်တိုက်ကြီးသဖွယ်
ပုံကြီးချဲ့၏။ တချို့ဆိုလျှင် ဆရာ့ကို ရိုင်းပြစွာ ပြန်ပြော၏။
ထိုကဲ့သို့ တပည့်များသည် ဆရာကို ကျေးဇူးကန်းသူများပင် ဖြစ်သည်။
တချို့
လူများသည် ထမင်းကျွေးသည့် လက်ကို ပုတ်ချ၏။
စင်ပေါ်တင်ပေးသည့်သူများကို နောက်ကျော ဓားနှင့်ထိုး၏။
ထိုကဲ့သူများသည်လည်း ကျေးဇူး
ကန်းသူများပင် ဖြစ်သည် ။
ကျေးဇူးကန်းသူများသည် မည်မျှလောက် အောင်မြင်စေကာမူ လိပ်ပြာမသန့်ပါ။ လိပ်ပြာ
မသန့်လျှင် မည်သို့မျှ အသေ
မဖြောင့်နိုင်ပေ။
ထို့ကြောင့်
လူ့ဘဝရခိုက်လေးမှာ
လူပီသဖို့အတွက် ကျေးဇူးသစ္စာကို စောင့်သိဖို့ လိုပေသည်။
ကျေးဇူးသစ္စာ၊ ရှိပါလျှက်သား၊ ပြစ်မှားတော်လှန်၊ အကျင့်တန်၍၊ ဖောက်ပြန်တုံက၊ ဘုန်းစကံညွန့်၊ မဖွံ့မဖြိုး၊ သက်ဇိုဝ်း မရှည်၊ မတည်စည်းစိမ်၊
ဇီဝိန်ရှိသမျှ၊ အောက်တန်းကျ၏။
သူတော်ကောင်းအပြုအမူ
--------------------------
ရှေးရှေး မထေရ်မြတ်တို့သည် ဆရာကို အလွန် တန် ဖိုးထားကြ ၏။
အရှင်သာရိပုတ္တရာသည် ကျိန်းစက်တော်မူလျှင် ဆရာသခင် အရှင် အဿဇိမထေရ်
ရှိရာအရပ်ကို ဦးခေါင်းပြုပြီး ကျိန်းစက်တော်မူ၏။ ဤသို့ ပြုမူခြင်းသည်
ဆရာ့ကျေးဇူး သိသောကြောင့် ဖြစ်သည်။
ကိုရင်ရာဟုလာသည်လည်း ဆရာကို အလွန်မြတ်နိုး၏။ ထို့ကြောင့် ဆရာသခင် အရှင်သာရိပုတ္တရာထေရ်ကို ရေပူရေချမ်း ကမ်းလှမ်း၍ အမြဲမပြတ် လုပ်ကျွေးခဲ့ပါသည်။ ဤသို့ ပြုမူခြင်းသည်
ဆရာ့ကျေးဇူး သိသောကြောင့် ဖြစ်သည်။
လယ်တီဆရာတော်ကြီးသည် ဆရာကို အလွန်လေးစား၏။ ထို့ကြောင့် ဆရာဂုဏ်ကျေးဇူးကို တပည့်များအား မကြာမကြာ မိန့်တော်မူလေ့ ရှိ၏။
"ငါ့ဗိုက်ထဲက စာတွေဟာ
ငါ့ဆရာ
စလင်းဆရာတော်ရဲ့ စာတွေပါပဲကွာ" ဟူ၏။
ကျေးဇူးသိခြင်း၊ ကျေးဇူး
ပြောစားခြင်း၊ ကျေးဇူးဆပ်ခြင်းသည်
ကတညုတာ, ကတဝေဒီ မင်္ဂလာပင် ဖြစ်ပါ၏။ သူတော်သူမြတ်တို့၏
ကျင့်စဉ်ပင်တည်း။
လူကောင်းကျေးဇူး
မမေ့ဘူး
--------------------------
ရှေးလူကြီးများက "
နွားကောင်း ခြေရာ
မမေ့ဘူး၊
ခွေးကောင်း သခင်
မမေ့ဘူး၊ လူကောင်း ကျေးဇူး
မမေ့ဘူး" ဟု ပြောခဲ့ကြ၏။ ထို့ကြောင့်
လူတော်လူကောင်း ဖြစ်ဖို့အတွက် ဘယ်လိုအကြောင်းကြောင့်မျှ ကျေးဇူးတရားကို
မမေ့သင့်ပေ။ မှတ်မှတ်သားသား ရှိနေရမည် ဖြစ်၏။
ကျေးဇူးတရားကို မှတ်မှတ်သားသား ရှိနေဖို့အတွက် "
ငါသည် မိဘကျေးဇူးကို ဘယ်လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည် ဆရာ့ကျေးဇူးကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည် မိတ်ဆွေကျေးဇူးတွေကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ၊ ငါသည်
လုပ်ဖော်ကိုင်ဘက် ကျေးဇူးတွေကို ဘယ် လောက်ထိ ဆပ်ခဲ့ပြီလဲ" ဟု မကြာမကြာ ဆင်ခြင်ရမည် ဖြစ်သည်။
သို့မှသာ ကျေးဇူးတရားများကို သတိရလာမည် ဖြစ် သည်။
အကယ်၍ ကျေးဇူး
မဆပ်ရသေးလျှင်လည်း ဆပ်နိုင်အောင် ကြိုး စားရမည် ဖြစ်၏။ ကျေးဇူးဆပ်ပြီးလျှင်လည်း ပီတိလေးဖြင့် ကိုယ့်စိတ်ကို ထုံမွှမ်းထားရမည် ဖြစ်၏။ ပီတိဖြင့်
ထုံမွှမ်းထားလျှင် စိတ် သည် ငြိမ်း ချမ်းသွားလေ၏။ ကျေးဇူး
သိလေ ကျေးဇူဆပ်လေ၊ ကျေးဇူးဆပ်လေ စိတ်ချမ်းသာလေပင် ဖြစ်ပါ၏ ။
"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________
#အင်ကြင်းမြိုင်ဆရာတော်
No comments:
Post a Comment