အကျိုးပေးတာပါ*
----------------------
ဗုဒ္ဓဘာသာဝင်အများစုဟာ တတ်အားသ၍
လှူကြပါတယ်။ကုသိုလ်ပြုကြပါတယ်။
"ကုသိုလ်ပြုခြင်းဟာ အပြစ်မရှိ။ကောင်းသောအကျိုးကိုပေးတဲ့လက္ခဏာရှိ၏။
အကုသိုလ်ကတော့ အပြစ်နှင့်တကွဖြစ်ခြင်း
မကောင်းသောအကျိုးကိုပေးခြင်း
လက္ခဏာရှိ၏"လို့ဆိုထားပါတယ်။
ကုသိုလ်ကောင်းမှုပြုသူကို ကုသိုလ်ကပဲ
တာဝန်ယူပြီး ကောင်းရာသုဂတိသို့ပို့ပေးပါတယ်။
အကုသိုလ်ပြုသူမှာတော့ ပြုလုပ်သူကသာ
တာဝန်ယူရပါတယ်။
"ဒါနပြုရင် သံသရာရှည်တယ်"လို့
လူတစ်ချို့က ပြောကြပါတယ်။
"ဗာလာ ဟဝေ နပ်ပသံသန်တိ ဒါနံ"
လူမိုက်တွေဟာ ဒါနကို မချီးမွမ်းကြဘူး။
ကဲ့ရဲ့ခြင်းအမှုကိုတောင် ပြုကြပါသေးတယ်တဲ့။
သဒ္ဓါတရားနည်းတဲ့သူ၊အသိဉာဏ်နည်းတဲ့သူတွေ
ပြောကြတဲ့စကားပါ။
တကယ်တော့ ပေးလှူခြင်းဟာ လူချစ်ဆေးပါ။
သံသရာရှည်ခြင်း၊တိုခြင်းဟာ ဒါနကောင်းမှုနဲ့
မဆိုင်ပါဘူး။ဒါနကောင်းမှုပြုသူရဲ့စိတ်ထားနဲ့သာ
ဆိုင်တာပါ။
သံသရာရှည်ချင်တဲ့စိတ်ထားနဲဒါနကောင်းမှုပြုရင်
သံသရာရှည်မယ်။သံသရာတိုချင်တဲ့စိတ်ထားနဲ့
ကောင်းမှုပြုရင် သံသရာတိုမယ်။
တဏှာစိတ်ထားနဲ့လှူရင် သံသရာရှည်စေပြီး
(နေက္ခမ္မစိတ်)က သံသရာတိုစေပါတယ်။
ကိုယ့်စိတ်ထားက ကိုယ့်ကိုအကျိုးပေးတာပါ။
ဆဒ္ဒန်ဆင်မင်းဇာတ်တော်မှာ စူဠသုဘဒ္ဒါဟာ
သစ်သီးဝလံတွေကို ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို
လှူပြီး...."ဘုရားတပည့်တော်မ ဤကုသိုလ်
စေတနာကြောင့် နောင်သောအခါ မဒ္ဒရာဇ်မင်းကြီး၏မိဖုရားဝမ်းမှာ ပဋိသန္ဓေယူကာ
ဗာရာဏသီဘုရင်ကြီးရဲ့မိဖုရားဖြစ်ရပါလို၏။
ဇာတိဿရဉာဏ်ကိုရပြီးလျှင် ရံခြွေတော်ပေါင်း
တစ်သောင်းခြောက်ထောင်တို့နှင့်ခံစားရပါလို၏။
အဲဒီအခါ ဆဒ္ဒန်ဆင်မင်းကိုသတ်ပြီး
စွယ်တော်နှစ်ဆူကို ဖြတ်ယူရပါလို၏"လို့
ဆုတောင်းပါတယ်။
စူဠသုဘဒ္ဒါရဲ့တောင်းတဲ့ဆုနဲ့တော့ပြည့်ပါရဲ့တဏှာ မာန ဒိဌိတွေခြံရံတဲ့အလှူဆုတောင်းဆိုတော့...နောက်ဆုံး သောက နောင်တတွေနဲ့အဆုံသတ်ပြီး ရင်ကွဲနာကျဇာတ်သိမ်းမလှ
အဖြစ်ဆိုးနဲ့သေရပါတယ်။
ပစ္စေကဗုဒ္ဓါငါးရာနဲ့လည်းမျက်ဝါးထင်ထင်ဖူးတွေရပြီး လှူစရာဒါနဝတ္ထုလည်းရှိပါလျက်နဲ့
အရင်းအနှီးကောင်းသလောက်
ဆုတောင်းမတတ်တော့ အရှုံးကြီးရှုံးပြီး
နစ်နာရတာပါ။
စူဠသုဘဒ္ဒါလို ဆုတောင်းမမှားဖို့နဲ့
တဏှာ မာန ဒိဌိတွေခြံရံပြီးမလှူမိဖို့
သတိပြုသင့်ပါတယ်။
ဘုရားအလောင်းဆဒ္ဒန်ဆင်မင်းကတော့
သဗ္ဗညုတဉာဏ်ရဖို့ဆန္ဒနဲ့စွယ်တော်နှစ်ဆူကို
အနာခံအသေခံလှူခဲ့လို့ ဘဒ္ဒကမ္ဘာမှာ
ဂေါတမမြတ်စွာဘုရားဖြစ်တော်မူလာခဲ့ပါတယ်။
ကုသိုလ်ပြုသူရဲ့စိတ်ဆန္ဒအတိုင်း
အကျိုးပေးသွားကြတာပါပဲ။
အရင်းအနှီးမတူလို့ အကျိုးပေးခြင်းမတူကြတာပါ။
ဒါ့ကြောင့် ဒါနကောင်းမှုပြုခြင်းသည် သံသရာရှည်ခြင်းမဟုတ်ပဲ ဒါနပြုသူရဲ့ စိတ်ကသာ သံသရာရှည်ချင်စိတ်နဲ့လှူရင်
သံသရာရှည်မည်ဖြစ်ပြီး...
ဒါနကောင်းမှုပြုသူရဲ့စိတ်က
သံသရာတိုချင်စိတ်နဲ့လှူရင်
သံသရာတိုမည်သာဖြစ်ပါတယ်။
မေတ္တာဖြင့်
ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment