စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, February 25, 2022

ဒါနထက်မြတ်သော

❝  ဒါနထက်မြတ်သော  ❞
        🌸🌸🌸🌸🌸🌸🌸🌸🌸
    အတိတ်ဘဝက 
    #ဒါနအားကောင်းခဲ့လို့~
    ခွေးဘဝ ရောက်နေချိန်မှာ
    #သူဌေးအိမ်မှာ_ခွေးဖြစ်ရလို့
    #ချမ်းချမ်းသာသာ_နေရပါတယ်။

•••သို့သော်လည်း -
    အတိတ် ဘဝက
    ဒါနအား ကောင်းခဲ့သော်လည်း...

 ••• ကိုယ့်ကျင့်သီလ ပျက်ခဲ့လို့
     အပါယ်လေးဘုံ၌
     တိရစ္ဆာန်ဖြစ်တဲ့ ခွေးဘဝကို 
     ရောက်ခဲ့ရရှာတယ်။

••• ကိုယ်ကျင့်တရားပျက်လျှင် 
     အပါယ် လေးပါးက လွတ်ဖို့ 
     ဒါနက မတားဆီးနိုင်ပါ။

••• ကိုယ်ကျင့်တရား ကောင်းမှသာ
     အပါယ်လေးပါးမှ 
     လွတ်မြောက်နိုင်တယ်။

•••  ငါးပါးသီလ လောက်တော့
      အမြဲတန်း စောင့်ထိန်းပေးကြပါ။

•••  ငါးပါးသီလကို
      ဖေါက်ဖျက်နေသူများဟာ
      ကိုယ့်ကိုယ်ကို မချစ်ကြလို့ပါ။

•••  ချမ်းသာစေကြာင်း
      တရားတော်များကို
      လိုက်နာကျင့်သုံးတတ်စေဖို့~
      သိနားလည်ကြရအောင်
      သေသေချာချာ
      သင်ယူကြပါ
      မေးယူကြပါ
      ကျင့်ကြပါ……။

☸ဒါနက~
     ဓန ဆိုတဲ့...စည်းစိမ်ချမ်းသာ
     ပြည့်စုံစေမှု
     ဘောဂသမ္ပတ္တိ ကို ဖြစ်စေတယ်။

☸ သီလက~
     လူ,နတ် ဘ၀ချမ်းသာဆိုတဲ့
     ဘ၀သမ္ပတ္တိ ကို ဖြစ်စေပါတယ်။

☸ဒါကြောင့်-
     စည်းစိမ်ချမ်းသာ ပြည့်စုံဖို့ထက်~
     သုဂတိဘဝကောင်း ရဖို့က
     ပိုအရေးကြီးပါတယ်။

☸ ဒါနထက် ~
     သီလက ပိုအရေးကြီးတာမို့
     ဒါနအဆင့်မှာတင် ရပ်တံ့မနေကြဘဲ
     သီလစင်ကြယ်ပြည့်စုံအောင်
     ဆက်လက်ကြိုးစားသင့်ကြပါတယ်။

     ဒါန ရော~သီလပါ
     ပြည့်စုံခဲ့ကြရင်တော့
     ဘဝကောင်းမှာ
     စည်းစိမ်ဥစ္စာပြည့်စုံစွာနဲ့
     ဘာ၀နာကုသိုလ်အဆင့်ဆင့်တိုင်
     တက်လှမ်းအားထုတ်ခွင့်ကို
     ရကြမှာမို့ အကောင်းမြတ်ဆုံး
     ဘ၀အသီးသီးကို
     ရရှိပိုင်ဆိုင်နိုင်ကြမှာ
     အမှန်ပါ။ 

အမရပူရ_မဟာဂန္ဓာရုံဆရာတော်ကြီး
#Pyae Sone-Taungoo ✍️

အိုလာရင်ဘာတွေပြင်ဆင်ထားရမလဲ

`အိုလာရင် ဘာတွေပြင်ဆင်ထားရမလဲ ? ? ? 
=======================
၁ ။ အိုဖေါ် ( လင် မယား အို )

၂ ။ အို သိုက် ( နေအိမ် )

၃ ။ အို စာ ( ငွေကြေး )

၄ ။ အို ရေး ( ကျန်းမာရေး )

၅ ။ အို စိတ် ( စိတ်နေ စိတ်ထား )

ကျွန်တော်တို့အားလုံး  အိုရမဲ့လူတွေကြီးကြီးပါ။ 

ခုမအိုသေးပေမဲ့ ဖတ်ထားရင် 
ကိုယ့်အတွက် ကာကွယ်ဖို့ပြင်ဆင်ချိန်ရသလို၊ 
ကိုယ့် မိဘတွေအတွက် ဆန်းစစ်ဆင်ခြင်လို့ ရနိုင်ပါတယ်။ 

အကြံလည်းပေးလို့ရတာပေါ့၊ 
အိုလာရင် ဘာတွေပြင်ဆင်ထားသင့်သလဲ၊ 
ဘာသာရေး ရှုထောင့်ကနေမဟုတ်ပဲ လက်တွေ့ 
ဘ၀ရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်.... ။

၁။   အိုဖေါ်   :    လင်အိုမယားအို
                       မေတ္တာကောင်းမွန်နေဖို့လိုပါတယ်။

အရင်တုန်းက ချစ်ခဲ့ကြပေမဲ့ အသက်ကြီးလာတော့ 
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မရတာမျို း
မဖြစ်သင့်ဘူး။ 

ယော့က်ျားက သားဘက်၊ မိန်းမက သမီးဘက် 
ပိုရပ်တည်တာမျို း မဖြစ်ရဘူး။ 

ငယ်ရွယ်တုန်းက လင်မယားဆိုပေမဲ့ 
အိုလာရင် အဖေါ် မွန်ဖြစ်ဖို့၊ ရပ်တည်ချက်တူညီဖို့ 
အလွန်အရေးကြီးပါတယ်။ 

ငယ်ငယ်တုန်းကတော့ ယောက်ျားက ပိုက်ဆံရှာ၊ 
ယောက်ျား အင်အားကောင်းတော့ အပြင်မှာ 
ပွေချင်တိုင်းပွေ၊ သောက်စားချင်တိုင်း သောက်စား၊ 
အိမ်ကမိန်းမကို ခိုင်းဖတ်လိုသဘောထားပြီး 
အော်လိုက်ငေါက်လိုက် လုပ်တဲ့ ယောက်ျားမျို းဟာ၊ 

အိမ်ထောင်သက် အနှစ် ( ၂၀ ) နောက်ပိုင်းမှာ 
သားသမီးတွေ ကြီးလာရင် သားသမီးများက 
အမေဘက်က ရပ်တည်တာ ခပ်များများဆိုတော့ 
အရင်က ခံခဲ့သမျှ ပြန်ဆပ်ရတတ်တယ်။

ဒါကြောင့် ကိုယ်အသက်ကြီးတဲ့အခါ 
ကိုယ့်မိန်းမက ကိုယ့်ကို တကယ်ကောင်းစေချင်ရင် 
ကိုယ်က သူတို့အပေါ် အရင်ကောင်းထားရတယ်။ 

၂။ အိုသိုက်    :      နေဖို့ထိုင်ဖို့  အိမ်တစ်လုံး
                           ရှိထားဖို့လိုပါတယ်။ 

အဲဒီအိမ်ကိုလည်း မသေမချင်း ထိန်းထားဖို့လိုပါလိမ့်မယ်။
ကိုယ်က မကြာမီသေတော့မယ်ဆိုပြီး စောစောစီးစီးထုခွဲပြီး အမွေ ခွဲမပေးလိုက်နဲ့၊ကိုယ်နေဖို့ပျောက်သွားနိုင်တယ်။ 

မပျောက်သွားတာတောင်မှ သားသမီးမျက်နှာ ( သို့ ) 
ချွေးမနဲ့ သမက်မျက်နှာကြည့်ပြီး အသက်ရှင်ရတာ 
မတန်ဘူး။ 

၃။ အိုစာ      :    အိုစာမင်းစာကို ဆိုလိုပါတယ်။
                       ရွှေဖြစ်ဖြစ် ၊ ပိုက်ဆံဖြစ်ဖြစ်
                       ကိုယ့်အတွက်ကိုယ်ချန်ထားရတယ်။ 

သားသမီး စီးပွားရေးလုပ်ဖို့ အရင်းအနှီး မရှိဘူးဆိုပြီး 
အကုန်ထုတ်မပေးလိုက်နဲ့၊ အားလုံးပေးလိုက်ရင် 
အိမ်ကဆင်းသွားရနိုင်တယ်။ 

အချစ်ရဲ့သဘာ၀ဟာ နောင်မျို းဆက်ကိုပဲ ဆင့်ပွားပါတယ်။ 

သားသမီးကို ချစ်တယ်ဆိုတာ သတ္တဝါတိုင်းရဲ့ 
မွေးရာပါ သဘာဝြဖစ်ပါတယ်။  

မိဘကိုရိုသေတယ်ဆိုတာ ဘာသာရေးအဆုံးအမနဲ့ 
သွန်သင်ယူရတယ်။မွေးမြူ  ယူရပါတယ်။
အဲဒါကြောင့် မသေချာတတ်ဘူး။ 

မိဘများဟာ သားသမီး ( ၁၀ ) ယောက်ကို 
'အပြုံ းမပျက်' ကျွေးမွေးနိုင်ပေမဲ့၊ 
သားသမီး (၁၀ ) ယောက်ဟာ မိဘနှစ်ပါးကို 
'စူပုတ်လောက်အောင်' ကျွေးမွေးရတယ် ဆိုတဲ့ 
စကားပုံတစ်ခုကို ကြားဖူးပါတယ်။  

ဒါကြောင့် မအိုသေးခင်မှာ ကိုယ့်အတွက် အိုစာချန်ပါ။ 

၄။ အိုရေး   :   အိုတဲ့အခါမှာ ရှိတဲ့ကျန်းမာရေးကို 
                     အတိုကောက်ရေးလိုက်တာပါ။ 

အိုလာရင် ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်ရတယ်။ 

မနက်တိုင်းလမ်းလျှောက်တာမျို း 
အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တာမျို း
ပါ၀င်သင့်ပါတယ်။ 

ကောင်းကောင်းမလျှောက်နိုင်ရင်လည်း လှုပ်ရှားနိုင်သမျှ 
အတတ်နိုင်ဆုံး ကိုယ်လက်လှုပ်ရှားပေးသင့်ပါတယ်။ 

ကိုယ့်ရဲ့  ကျန်းမာရေးကောင်းမွန်ခြင်းဟာ 
ကိုယ့်အတွက်သာမဟုတ် သားသမီးများအတွက်ပါ 
လာဘ်တစ်ပါးဖြစ်ပါတယ်။ 

သူတို့တွေ ကိုယ့်အတွက် သိပ်မပူရရင် 
သူတို့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်လို့ရတာပေါ့။

၅။ အိုစိတ်   : အိုလာရင် စိတ်နေစိတ်ထား
                   မှန်မှန်ကန်ကန် ထားတတ်ဖို့လိုပါတယ်။ 

ကိုယ်အသုံးမကျတော့ဘူးဆိုပြီး မသိမ်ငယ်သင့်ပါဘူး။ 

သေခြင်းတရားကို တွေးတောပြီး ကြောက်မနေသင့်ပါဘူး။

မမေ့မလျော့ နေထိုင်သင့်ပါတယ်။ 
တစ်ရက်အသက်ရှင်ရင် တစ်ရက်အမြတ်ပဲ၊ 
တန်အောင်အသက်ရှင်ရမယ်ဆိုတဲ့ စိတ်မျို းမွေးမြူ ရပါမယ်။

ကျန်းမာရေးအဆင်ပြေရင် အလှူပွဲတွေ၊ 
ကူညီမူ ၊ လှုပ်ရှားမူတွေ ၊ ဘာသာရေးပွဲတွေ 
ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်လှုပ်ရှားသင့်ပါတယ်။ 

စိတ်ဓါတ်ရွှင်လန်းပြီး သန့်သန့် ပြန့်ပြန့် နေထိုင်သင့်ပါတယ်။ 

အသက်ကြီးသူများအားလုံး ကျန်းမာချမ်းမြေ့ နိုင်ကြပါစေ။ 
Credit..

Monday, February 21, 2022

နေနာရီ

*"ရှေးတစ်ခေတ်အခါက အချိန်ကိုသိဖို့
အသုံးပြုခဲ့ကြတဲ့ နေနာရီ ဆိုတာ"*

လက်ယာဘက်က နေနာရီက ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ အောက်ဘက်ဧရာဝတီမြစ်ကမ်း နံဘေးရွာတစ်ရွာရဲ့ 
ဘုန်းကြီးကျောင်းက နေနာရီလေးဖြစ်ပါတယ်....

Credit..

ရှိခိုးခြင်း

ရှိခိုးခြင်း
^^^^^^^^^^
ညွတ်ခြင်း၊ကိုင်းခြင်း၊
ရှိုင်းခြင်း၊ဝပ်ခြင်း-ဆိုပြီး
ရှိခိုးခြင်း အင်္ဂါလေးပါးရှိတယ် ။

ဒီရှိခိုးခြင်း လေးပါးထဲမှာ
ညွတ်၊ကိုင်း၊ရှိုင်းသည် နမာမိ၊
ဝပ်သည် ဝန္ဒာမိ ဟု မှတ်ရမည် ။

ရှိခိုးမှုက နှစ်မျိုးရှိတယ်
နမာမိ-ရှိခိုးခြင်းနှင့်၊ဝန္ဒာမိ-ရှိခိုးခြင်းပါ ။

ဒီတော့
ညွတ်ခြင်းဆိုတာက
အာဇာနည်ခေါင်းဆောင်ကြီးများ
အကြီးအကဲ ဗိုလ်​​ကြီးများကို 
ဦးခေါင်းညွတ်တာ
အရိုအသေပေးတာ၊ အလေးပြုတာသည် 
နမာမိ-ရှိခိုးခြင်းဟုခေါ်တယ် ။

ကိုင်းခြင်းဆိုတာက
ရဟန်းသံဃာများအရှေ့
လူကြီးသူမများအရှေ့ သွားလာတဲ့အခါ
တွေ့ကြုံတဲ့အခါမျိုးမှာ
ဖိနပ်ချွတ်၊ထီးရုတ်ပြီး
ခါးကိုကိုင်းပြီး ရိုရိုသေသေ
ပြုမူသွားလာတာသည်လည်း
နမာမိ-ရှိခိုးခြင်းပါပဲ ။

ရှိုင်းခြင်းဆိုသည်မှာက
ရဟန်းသံဃာများကို ကန်တော့ပြီးတဲ့အခါ
လူကြီးသူမများကို ကန်တော့ပြီးတဲ့အခါ
ဖြုန်းကနဲထပြီး လှည့်ထွက်မသွားဘဲ
ခါးကိုညွတ်ပြီး နောက်သို့
သုံး,လေး,လမ်းလောက် နောက်ဆုတ်ပြီး
သွားလာ ပြုမူတာမျိုးကိုလည်း
နမာမိ-ရှိခိုးခြင်းဟု ခေါ်ပါသည် ။

ဒီရှိခိုးခြင်းသုံးမျိုးသည်
လောကကျင့်ဝတ်၊ လောကီရှိခိုးခြင်းဟု
မှတ်ရပါမည် ။
ဒါဟာ မြန်မာလူမျိုးတို့ရဲ့
​ရှေးလူကြီးသူမများရဲ့ ရိုးရာယဥ်ကျေးမှုပါ ။
မြန်မာလူမျိုးစစ်ရင်
နမာမိ-ရှိခိုးခြင်းလောက်တော့ 
သိထား တတ်ထားရပါမယ် ။

ဝပ်ခြင်းဆိုသည်မှာကား
ခြေ,လက်,နဖူး,တတောင်,ဒူး
ငါးမျိုးညီကာ ရှိခိုးပါ ဆိုသည့်
ထိ​​ခြင်းငါးမျိုးနှင့် ရှိခိုးတာမျိုးကိုမှ
ဝန္ဒာမိ-ရှိခိုးခြင်းဟု ခေါ်ပါသည် ။

ဝန္ဒာမိ-နှင့် ရှိခိုးပါမှ
ထေရဝါဒ ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့
ရှိခိုးခြင်း အစစ်ပါ ။

မြန်မာလူမျိုးလို့ သတ်မှတ်ထားရင်
ဘာလူမျိုးပဲဖြစ်ဖြစ်
နမာမိ-ဆိုတဲ့ရှိခိုးခြင်းနှင့် မြန်မာလူမျိုးတို့ရဲ့
ရိုးရာဓလေ့ လောကကျင့်ဝတ်လောက်တော့
လေ့လာ သင်ယူထားရပါမယ် ။
ဒါမှ လူအများအထင်ကြီး အလေးစားခံရပါမယ်။

ဝန္ဒာမိ-ရှိခိုးခြင်းကတော့
ဗုဒ္ဓဘာသာလူမျိုးတို့ရဲ့သီးသန့် ရှိခိုးခြင်းပါ ။
ဒါပေမယ့်
အမည်ခံဗုဒ္ဓဘာသာလူမျိုးတွေကတော့
အသက်တွေတာ ကြီးသွားကြတယ်
နမာမိ-ရှိခိုးခြင်းနှင့်၊ဝန္ဒာမိ-ရှိခိုးခြင်းကို
မခွဲခြားတတ်ကြသေးလို့
နမာမိ-ရှိခိုးခြင်းနှင့်ပဲ အချိန်တွေကုန်ခဲ့ကြပြီ ။

ဝန္ဒာမိ-ထိခြင်းပါးနှင့် ရှိခိုးတတ်တဲ့ 
မြန်မာလူမျိုးတွေ တောမှာကော မြို့မှာပါ
တွေ့ရမြင်ရ ရှားပါလာကြပြီ ။

စာရှည်လို့ မိမိတို့ဘာသာ
တွေးယူ မြင်ကြည့်ပါတော့,လို့
အဆုံးသတ်ရင်း
ဝန္ဒာမိနှင့် ရှိခိုးတတ်ကြသူများ ဖြစ်ကြပါစေ ။
      
        ရဟန်း(အင်းတော်)
        ဖေဖော်ဝါရီ. ၁၃. ၂. ၂၀၂၂
credit..

အဘိဇ္စျာ

အဘိဇ္စျာ...

လောဘကြောင့်ကျူးလွန် -အဘိဇ္စျာ

အဘိဇ္စျာ-
သူ့စည်းစိမ်မှန်၊ငါ့ထံရောက်က
      ကောင်းလေစွဟု။
တ-သ ပူပြင်း။
      ကြံစည်ခြင်းကြောင့်။
ဖြစ်ခြင်းမှန်လှ ဟောလေစွ။
           လောဘ တရားကိုယ်။
  
    မှန်ကင်းတရှိစွာ
သင်္ဂြို ဟ်ကျမ်းပြသည်မှာ
ကျနစွာမှတ်သား
လောဘ ဒေါသ မောဟဆို ထိုသုံးပါးကြောင့်
ဆယ်ပါးသောဒုစရိုက် ကို၊
 ကံထိုက်အောင်ပြုချေ သည်။
  
  လူ့ကဝေပဏ္ဍိတို့
ဉာဏ်ရှိကလိမ္မာ
ကြံမိမှချိန်သာ
နရိန္ဒာ စောတပါး၏
သဘောသွားအဓိပ္ပါယ်ကို
သိလွယ်အောင်
ခုရေးက အဘိဇ္စျာ ဆိုတဲ့
ကံအညစ်အကြေး၏တရား
ကိုယ်ကို
အမှန်ရွေးကြဉ့်တော့
လောဘတဲ့သဘောကအမှန်
ဒေါသဗျာပါဒံ
စိတ်မှာဟိတ်ရှိ
သဘောအမှန်
မိစ္ဆာဒိဋ္ဌိ
မောဟံလောကဓံ
အစဉ်ပွါး၍
ထင်ရှားသည့်
တရားကိုယ်..။

ဋီကာကျမ်းအဆိုမှာ

``ပရသမ္ပတ္တိ။အဘိမုခံဇာယတိ။လောဘဝသေန။
   စိန္တေတီတိ အဘိဇ္စျာ။' '
ယာဓမ္မဇာတီ-အကြင်သတ္တဝါများ
လွန်စွာပွါးမှီး
အဘိဇ္စျာဆိုတဲ့တရားကြီးသည် 
ပရသမ္ပတ္တိ-သူတပါး၏စီးပွါးဥစ္စာ
ရတနာ ရွှေ ငွေ၊ ထွေထွေများပြား
သားမယားစသည်တို့ကို..

လောဘဝသေန-လောဘရှေးရှု၊ လိုချင်မှုကြောင့် ကြီးထုထပ်ပွါး။
အကြံများ၍လားလားငါလေ
ရွာပြေမှာရှိ၊
သူ၏ဥစ္စာ ကောင်းဆိုသမျှရတနာကို။ငါ့ဟာဖြစ်က၊တော်လေစွဟု။

အဘိမုခံ၊ရှေ့ရှုစိတ်ထား၊
မစားရငရဲခံ။မမှန်သောတရားကို။

ဇာယတိစိန္တေတိ-ပြန်ပြန်လှန်လှန်၊ကြံဘန်၍ထားတတ်၏။

 ဣတိတသ္မာ၊ ထိုသို့ပြစ်မှား
ကြံစည်၍ ထားခြင်းကြောင့်။

သာဓမ္မဇာတီ-ထိုသို့သောတရားသည်။
အဘိဇ္စျာ-စိတ်မှာတည်ရှိ ၊
အဘိဇ္စျာ မည်၏။

ကျမ်းကိုး။
အဓိသီလကထာကျမ်း
ကွမ်းခြံကုန်းမြို့၊ပါရမီမင်္ဂလာ စံကျောင်း
အရှင်ဆရာတော်ဘုရားကြီးတပည့်-
ဦးပညာသီဟ ။
၁၂၉၄ ခု။

credit..

” ဝ ” သုံးလုံးဆောင်ထားပါ

( ဝ )သုံးလုံး ဆောင်ထားပါ
*********************
တစ်ခါတုန်းက
မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့
ကြွတော်မူသောအခါဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောအသက်( ၈ဝ )ကျော် အဖွားအိုတစ်ဦးကကြုံတုန်းကြုံခိုက်
သူမကို ဆုံးမသြဝါဒ ပေးသနားဖို့
လျှောက်တင်ပါတယ်။

ဆရာတော်ကြီးကဒကာမကြီး အသက်အရွယ် ကြီးရင့်လာပြီဆိုတော့( ဝ )သုံးလုံးကို ဆောင်ထားဗျ။

၁။ဝ ဝ စားတဲ့။
အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့
ကိုယ်ခန္ဓာက အားအင်တွေ
တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။
ဝဝစားမွ အားရှိမှာ။
အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ။

ဒါကြောင့် ဒကာမကြီး ဝဝစားပါ။

၂။ဝေးဝေးနေ တဲ့။
အသက်ကြီးလာပြီဆိုတော့
ချေးမနိုင် သေးမနိုင် ချောင်းတစ်ဟွတ်ဟွတ်နဲ့
ဆိုတော့သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။

သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်က
မရွံမရှာ သုတ်သင်ပေးခဲ့ပေမဲ့
သူတို့အလှည့်ကျတော့ ရွံရှာတတ်ကြတယ်။

သူတို့နှင့်ဝေးဝေးနေမှ အမုန်းမခံရမှာ။

ဒါကြောင့် ဝေးဝေးနေပါဒကာမကြီး။
ဝေးဝေးနေနိုင်ရင်တော့
ဒကာမကြီး စိတ်ချမ်းသာပါလိမ့်မယ်။

၃။ဝင်မရှုပ်နဲ့ တဲ့။
သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး
အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။
ကိုယ်က ဝင်ရှုပ်လိုက်လို့
သားသမီးတွေက မကျေမနပ်ဖြစ်ပြီး
ခင်ဗျားကြီး ဘာသိလို့ ဝင်ရှုပ်တာလဲ ဟု
အပြောခံရရင်ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။

သူတို့အရေးမှန်သမျှကို ဘာမှ ဝင်မရှုပ်ပဲ
နေရင်ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

ကဲဘုန်းကြီးပေးတဲ့( ဝ)သုံးလုံးကို
ဆောင်ထားပေတော့ဗျာဟု ထိမိလှသော သြဝါဒကိုမိန့်ချွေတော်မူပါသည်။

မွတ်သားစရာ ကောင်းလှပါ၏။

ဓမ္မမိတ်ဆွေအားလုံးတို့လည်း အသက်အရွယ်ကြီးရင့်လာတဲ့
အခါ
( ဝ )သုံးလုံးကို ဆောင်ဖို့ မမေ့ရန်
လက်တို့လို့ သတိပေးလိုက်ပါတယ်နော်

Credit:                           
မေတ္တာဖြင့်...
အရှင်ပုည ဝကုန်း

Saturday, February 19, 2022

ရဟန်းလူထွက်လျှင် ကျန်ရှိပစ္စည်း မည်သူပိုင်သနည်း..

ရဟန်းလူထွက်လျှင် ကျန်ရှိပစ္စည်း မည်သူပိုင်သနည်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

အမေး...

လူအဖြစ်သို့ရောက်ပြီးသော ပုဂ္ဂိုလ်သည် မိမိနေထိုင်ခဲ့သော ကျောင်းကို ငါပိုင်ဆိုင်သောကျောင်းဟု ပြောဆိုကြရာ ထိုသူပိုင်ဆိုင်ထိုက် မပိုင်ဆိုင်ထိုက်ကြောင်းများကို သိလိုပါသည်။

အဖြေ....

ထိုကျောင်းသည် ထိုရဟန်း၏ ပုဂ္ဂလိကအဖြစ်နှင့် ရေစက်ချ၍လှူသော ကျောင်းဖြစ်အံ့....။

လူထွက်၍သွားသော်လည်း ထိုသူ၏
သန္တကပင်ဖြစ်၏။

သို့သော် ထိုလူထွက်သည် ထိုကျောင်းသည် ငါ၏သန္တကဖြစ်သည်ဟု ရောင်းချ၍ စားခြင်းငှါ လည်းမအပ်။

ဖျက်ဆီးခြင်းငှါလည်း မအပ်။

#သဒ္ဓါဒေယျဝိနိပါတ ဖြစ်၏။

သဒ္ဓါဒေယျဝိနိပါတဆိုသည်ကား...ပစ္စည်းရှင်ဒါယကာတို့က နောင်သံသရာကျိုးကို ယုံကြည်အားကိုး၍ လှူဒါန်းသော ပစ္စည်းလေးပါးတို့ကို သံဃာအကျိုး ၊ သာသနာအကျိုးမှတပါးသောအရာ၌ ပေးစွန့်ရောင်းချခြင်းကို ပြုခြင်းတည်း။

လောက၌ အလွဲသုံးစားမှုခေါ်သည်။

ဝိနည်းတော်၌ ဒုက္ကဋ်အာပတ်သင့်သည်ဟု လာ၏။

သုတ္တန်တို့၌မူကား အလွန်အပြစ်ကြီးသည်ဟု လာ၏။

ထို့ကြောင့် သဒ္ဓါဒေယျ...လှူဒါန်းထားသော ကျောင်းပစ္စည်းမျိုး ၊ ပရိက္ခရာဘဏ္ဍာမျိုး ၊ ဘုရားဆင်းတု ၊ စာထုပ် ၊ စာအုပ်....စသည်တို့ကို ငါ၏ ပုဂ္ဂလိက
သန္တကဖြစ်သည်ဟု အလွဲသုံးစား မှုကို ပြုခြင်းငှါမထိုက် ၊ ဆင်ခြင်ကြလေကုန်...။

လယ်တီဆရာတော်ဘုရားကြီး

🙏🙏🙏ရဟန်းကျော်
Credit

ပိုက်ဆံရှိတာနဲ့ကုသိုလ်ရှိတာမတူဘူး

ပိုက်ဆံရှိတာနဲ့ ကုသိုလ်ရှိတာမတူဘူး
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ပိုက်ဆံရှိလို့
ငါရှိတယ်၊ ငါသုံးနိုင်တယ် ဆိုတဲ့
အတွေးလေး ၀င်လာတဲ့အခါမှာ
ချမ်းသာတယ်။
သြော်… ငါပိုင်ဆိုင်တဲ့ ပစ္စည်းတွေ
လုံခြုံ မှု ရှိရဲ့လားလို့ တွေးလိုက်လို့ရှိရင် 
စိတ်ဆင်းရဲစရာ ဖြစ်လာတယ်။

တစ်ဖက်ကကြည့်ရင် ချမ်းသာသော်လည်း
တစ်ဖက်ကကြည့်ရင် ချမ်းသာတယ်လို့
ပြောလို့ မရဘူး။

ကုသိုလ်ကောင်းမှုကတော့ 
အဲဒါမျိုး မဟုတ်ဘူး။ 
ကုသိုလ်ကောင်းမှု ရှိတယ်ဆိုတဲ့ 
ပုဂ္ဂိုလ်တစ်ယောက်ဟာ
ကိုယ့်မှာ အားကိုးတစ်ခု ရှိနေတယ်။

ငါ့မှာ ကုသိုလ်ကောင်းမှု 
ရှိတယ်ဆိုတဲ့ အတွေး
၀င်လာတဲ့ အခါမှာလည်း ချမ်းသာတယ်။ 
ထို ကုသိုလ်ကောင်းမှုတွေ 
ပျောက်ပျက်သွားမလားလို့ တွေးပြီး 
ပူပန်စရာလည်း မရှိဘူး။

ရေ၊ မီး၊ မင်း၊ ခိုးသူ
မချစ်မနှစ်သက်အပ်သော
အမွေခံ သားဆိုးသမီးဆိုးတွေရဲ့ 
အန္တရာယ်ကြောင့်
ကိုယ့်မှာရှိတဲ့ ကုသိုလ်တွေ
ပျောက်ပျက်သွားမလားလို့ တွေးပြီး 
ပူပန်စရာလည်း မရှိဘူး။

အဲဒီတော့ ကုသိုလ်က
ချမ်းသာသက်သက် ပေးတာ။

ဒါကြောင့်မို့…

"သုခေါ ပုညဿ      ဥစ္စယော"
ပုညဿ -     ကုသိုလ်ကောင်းမှု၏၊
ဥစ္စယော - မိမိသန္တာန်မှာ 
စုဆောင်းမိခြင်းသည်၊
သုခေါ - ချမ်းသာသုခ ရရှိခြင်း၏ 
အကြောင်းဧကန် အစစ်အမှန်ပဲ" လို့ 
ဒီလိုဟောထားတယ်။

ကုသိုလ်ကောင်းမှုဆိုတာ
ဒီလောက် အားကိုးရတယ်နော်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
  ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
 🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Credit...

Monday, February 14, 2022

ပါဠိပညာရေးနှင့်ဘာသန္တရ

အသျှင်အဘိဇာတာဘိဝံသ ဒွါဒသမတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်း နန္ဒဝန်ရပ်၊ မုံရွာမြို့၊ ရေးသားခဲ့သော

ပါဠိပညာရေးနှင့်ဘာသန္တရ
🌻🌻🌻🌻🌻🌻🌻🌻🌻
ဆောင်းပါးမှ ထုတ်နှုတ်သည်။

“ဘာသန္တရကို တော်လှန်သော တကယ့်ရှေးရိုးစွဲ ဝါဒီ”ဟု မထင်မှတ်သင့်ပေ။ အကြောင်းကား ဤစာရေးသူကိုယ်တိုင်လည်း ဘာသန္တရ အင်္ဂလိပ်စာ သင်ယူရန် စိတ်ဝင်စားလျက် ရှိသောကြောင့်ပင် ဖြစ်သည်။ စာမေးပွဲတွင် ဘာသန္တရ ဘာသာရပ် ပြဋ္ဌာန်းလိုက်လျှင် “မူရင်းပိဋကကျမ်းစာ'၌ အားနည်း သွားနိုင်စရာရှိသောကြောင့်သာ ရေးသားရခြင်း ဖြစ်ပါသည်။

ကောင်းမွန်သည့် ပညာရေး
🌻🌻🌻🌻🌻🌻🌻🌻🌻
ပါဠိပိဋကစာပေမှာရော၊ ဘာသန္တရမှာပါ သက်ဝင်မွှေနောက် ကျွမ်းကျင်လိမ္မာ တတ်မြောက် တော်မူကြသည့် ပါမောက္ခချုပ်ဆရာတော်ကြီးနှစ်ပါး မိန့်ကြားသကဲ့သို့ပင် မြန်မာပြည် ပါဠိပညာရေးသည် ဒိတ်အောက်ပြီးအဓိပ္ပါယ်ကင်းမဲ့သော ပညာရေးမဟုတ်။  အလွန်တရာ အဓိပ္ပါယ်ရှိ ကောင်းမွန်သော  ပညာရေးဖြစ်သည်။ ပိုးသာကုန် မောင်ပုံ စောင်းမတတ်”ဆိုသလို အချိန်သာကုန်ပြီး သောတုဇနတို့ တကယ်မတတ်သော ပညာရေးမဟုတ်။ ပိဋကစာပေကို အခြေအမြစ်ကျကျ
တတ်ကျွမ်းစေနိုင်သော ပညာရေး ဖြစ်သည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင်တော့ အထူးသန့်ရှင်းရန် အထူးကြပ်မတ်သင့်သည်။ ဆိုင်ရာအတန်းတွင် တကယ့်အရည်အချင်းရှိသူမှ အောင်မြင်စေသင့်သည်။ “နိုင်ငံတော်မှ ငွေကြေးအကုန်အကျ များစွာခံ၍ ကျင်းပပေးနေသော ပါဠိပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲကိုသာ သန့်ရှင်းအောင် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါ” ဟု ပန်ကြားလိုသည်။ ယနေ့ မြန်မာပြည်စာမေးပွဲ လောကဖြစ်ပျက်နေပုံကို စာမေးပွဲနှင့် ဆက်စပ်သူတိုင်း ကောင်းကောင်းကြီး သိကြလေသည်။ ပြုပြင်နိုင်ကြပါစေဟူလို။

ဤစာကို ရေးသည့်အတွက် စာရေးသူကို
“ဘာသန္တရကို တော်လှန်သော တကယ့်ရှေးရိုးစွဲ ဝါဒီ”ဟု မထင်မှတ်သင့်ပေ။ အကြောင်းကား ဤစာရေးသူကိုယ်တိုင်လည်း ဘာသန္တရ အင်္ဂလိပ်စာ သင်ယူရန် စိတ်ဝင်စားလျက် ရှိသောကြောင့်ပင် ဖြစ်သည်။ စာမေးပွဲတွင် ဘာသန္တရ ဘာသာရပ် ပြဋ္ဌာန်းလိုက်လျှင် “မူရင်းပိဋကကျမ်းစာ'၌ အားနည်း သွားနိုင်စရာရှိသောကြောင့်သာ ရေးသားရခြင်း ဖြစ်ပါသည်။

လက်ရှိ ပထမပြန်စာမေးပွဲတွင် အငယ်တန်း၌ ဘာသာရပ် ၅-ခု၊ အလတ်တန်း၌ ဘာသာရပ် ၁-ခု၊ အကြီးတန်း၌ ဘာသာရပ် ၇- ခု ရှိသည်။ ထိုဘာသာရပ်တို့တွင် အပိုသဖွယ်ဖြစ်၍ နှုတ်ပယ်သင့်သော ဘာသာ ရုပ်ကို လုံးဝလုံးဝ မမြင်မိပေ။ လက်ရှိအနေ အထား အရပြဋ္ဌာန်းဘာသာရပ်များကို စာချသူများအဖို့ သင်ရိုးကုန်ရန် နှစ်ပေါက်ပို့ချရသည်။ စာသင်သား များလည်း နှစ်ပေါက်သင်ကြရသည်။ ဤအနေ အထားမျိုးတွင် နောက်ထပ် ဘာသာရပ်တစ်မျိုးကိုတိုး၍ ပြဋ္ဌာန်းရမည်မှာ စာချစာသင်များကို အလွန်ကြီး မညှာမတာရာလည်း ရောက်နိုင်ပေသည်။ ပြဋ္ဌာန်း ကျမ်းစာနှင့် အချိန်မျှတရုံမျှ ရှိသည်ကိုလည်း စာဝါများကို တကယ်ပို့ချနေသော စာချဘုန်းကြီးများကသာ
ကောင်းကောင်း သိကြပါသည်။

အကြံပြုရလျှင်
🌻🌻🌻🌻🌻
ကမ္ဘာတိုင် ထိုးဖောက်၍ သာသနာပြုရန်အတွက် ဘာသန္တရသင်ကြားရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် အကြံပြုလိုသည်မှာ -

၁။ ထိုဘာသန္တရစာမေးပွဲသည် ပါဠိပထမပြန်၊ ဓမ္မာ စရိယစာမေးပွဲနှင့် မရောထွေးသင့်၊ သီးခြား အမည်ဖြင့် သီးခြားသာ ရှိသင့်သည်။

၂။ ထိုစာမေးပွဲဝင်မည့်သူ၏ အရည်အချင်းကို “ဓမ္မာစရိယဘွဲ့ရပြီးသူ”ဟု သတ်မှတ် သင့်သည်။ 
၃။ သောတုဇနများ မဖြေမနေရ မဟုတ်၊ ဖြေလိုသူ များသာ ဖြေဆိုနိုင်ခွင့် ရှိစေရမည်။

(ဤသို့ သတ်မှတ်သဖြင့် ဘာသန္တရတတ်ကျွမ်း လိုသူ သာသနာပြုရန် စိတ်ရှိသူများကား ကန်ဖြေကြ မည်သာ ဖြစ်သည်။) 
၄။ အတန်းကို
(က)မူလတန်းအဆင့် 
(ခ) အလယ်တန်းအဆင့်
(ဂ) အထက်တန်းအဆင့်-ဟု သုံးတန်း ခွဲခြားသင့်သည်။

၅။ ထို့တွင်
(က) မူလတန်းအဆင့်ကို အစိုးရမူလတန်း အရည်အချင်းနှင့်ညီအောင်၊ 
(ခ) အလယ်တန်းအဆင့်ကို အစိုးရအလယ်တ န်းအဆင့်နှင့်ညီအောင်
(ဂ) အထက်တန်းအဆင့်ကို အစိုးရအထက်တန်းအဆင့်နှင့် ညီအောင် ပြဋ္ဌာန်းသင့်သည်။

၆။ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် အစိုးရ လောကီကျောင်းများနှင့် မတူစေဘဲ ကုသိုလ် တရား တိုးပွားစေသော သာသနာ ဝေါဟာရများ ကို များများသုံး၍ ရေးသင့်သည်။
ဥပမာ - မူလတန်း၌ မြတ်စွာဘုရားသည် တရား ဟောတော်မူ၏စသော ဝါကျတိုများ ရေးသားနိုင်အောင် ပြဋ္ဌာန်းသင့်သည်။ အလယ်တန်း၌ ဇာတက၊ ဓမ္မပဒစသော ဝတ္ထုများနှင့် ဂါထာများအထက်တန်း၌ နိကာယ်ကျမ်းလာ သုတ်တော်ကြီးများကို အင်္ဂလိပ် ဘာသာဖြင့် ပို့ချသင့်/ပြဋ္ဌာန်းသင့်သည်။
၇။ စာမေးပွဲဖြေဆိုရာ၌ တစ်နှစ်တည်း သုံးတန်းလုံး ဖြစ်စေ၊ သို့မဟုတ် နှစ်တန်းဖြစ်စေတစ်တန်း ဖြစ်စေ စွမ်းနိုင်သလို ဖြေဆိုနိုင်အောင် စီစဉ်ပေး သင့်သည်။ လောကီကျောင်း များ၌ အထက်တန်း အောင်ပြီးသူသို့မဟုတ် ဘွဲ့ရပြီးသူ ဖြစ်လျှင်ကား အထက်တန်းကို ခုန်ကျော် ဖြေဆိုလိုက ဖြေဆို ခွင့်ပြုသင့်သည်။ (သို့သော် ၎င်းသည် အထက်၌ ဆိုခဲ့ပြီးသည့်အတိုင်း ပိဋကစာပေ အရည်အချင်းအားဖြင့် စာချတန်း အောင်ပြီးသူ ဖြစ်နေရမည်။ 
ဤကား အင်္ဂလိပ်စာအတွက် အကြံပြုခြင်းဖြစ် သည်။

၈။ “ကမ္ဘာ့သာသနာပြုမည်"ဟု ရည်ရွယ်ချက် ကြီးမားလှသူအဖို့ ထိုမျှဖြင့် လုံလောက်မည် မဟုတ်။ ကိုးကွယ်မှုဘာသာတရား နှိုင်းယှဉ်လေ့လာမှုကိုလည်း ဆိုင်ရာမူလတန်းအလယ်တန်းအထက်တန်းအဆင့်နှင့် လျော်ညီအောင် သီးခြားပြဋ္ဌာန်းသင့်သည်။ 
တစ်တန်းတစ်တန်း၌ 
(က) အင်္ဂလိပ်ဘာသာ
(ခ) ကိုးကွယ်မှု ဆိုင်ရာနှစ်ဘာသာ-ဟူ၍ ရှိသင့်သည် ဟူလို။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့သာသနာပြုရာ၌ ဘာသန္တရပြဋ္ဌာန်းလိုလျှင် မူရင်းပထမပြန် ဓမ္မာစရိယစာမေးပွဲ စည်းမျဉ်းများကို မထိပါးစေဘဲ မိခင်ဘာသာရင်း ပိဋကအရည်အသွေးကို မလျော့ပါး စေဘဲ သတိကြီးစွာထား၍ စီမံသင့်ကြောင်း၊ ဖြစ်ချင်တာတစ်ခုတည်း ကြည့်၍ စီမံလျှင် (ဆေးဝါး များ၌ ဘေးထွက်ဆိုးကျိုး ဖြစ်လာသကဲ့သို့) ဘေးထွက် .. ဆိုးကျိုးဖြစ်တတ်ကြောင်း၊ သေချာ စဉ်းစားမှုမပြုဘဲ လုပ်ချင်ဇောတစ်ခုတည်းနှင့် ပြုလုပ်လျှင် နောင်ပြင်လိုက (နဂါးအကတွင် ဦးခေါင်း … အလှည့်လွယ်သလောက် အမြီးပိုင်းက က- ရသူများ အလွန် ပင်ပန်းသကဲ့သို့) အောက်က လူများ လုပ်ရသည်မှာ အလွန်ခက်ခဲ ဆင်းရဲပင်ပန်းမှု ဖြစ်ရကြောင်း ပြောကြားလိုပေသတည်း။

အသျှင်အဘိဇာတာဘိဝံသ ဒွါဒသမတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်း နန္ဒဝန်ရပ်၊ မုံရွာမြို့၊
🌻🌻🌻🌻🌻🌻🌻🌻

ဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ် သက်တော် (၇၅)နှစ်ပြည့် ဝိဇာတမင်္ဂလာ အထိမ်းအမှတ်
စိန်ရတုမင်္ဂလာ မော်ကွန်းလွှာ

စာအုပ်မှ

ကိုလင်း(သံလျင်)ထံက မျှဝေသည်။

Credit...

အရှုခံတရားကိုမိအောင်ဖမ်းပါ

#အရှုခံတရားကို_မိအောင်ဖမ်းပါ 
-----------------------------

#အရှုခံတရားဆိုတာက
ရုပ်တရားနဲ့ နာမ်တရားပါပဲ၊
အဲဒီရုပ်တရား နာမ်တရားသည်
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ငါလည်းမဟုတ်ဘူး၊
အကောင်အထည်မဟုတ်ဘူး၊ပုံပန်းသဏ္ဍန်မရှိဘူး၊
သဘာဝတရားကလေး။

#အဲဒီသဘာဝတရားလေးက
ဘယ်နေရာမှာရှိနေသလဲဆိုရင်
ပြောရိုးပြောစဉ်အရတော့
ခန္ဓာမှာရှိတယ်လို့ ပြောကြတာပေါ့၊
ဒီခန္ဓာထဲမှာ ဒီသဘာဝတရားလေးတွေ
ရှိနေသလား၊ မရှိပါဘူးနော်။

#ရှင်ဘုရင်ကြီးတပါးက
သူ့ကိုစောင်းတီးပြီးလာဖျော်ဖြေတဲ့
စောင်းသမားလေးကိုကြည့်ပြီး မေးတယ်၊
စောင်းသံလေးတွေက တော်တော်ကောင်းတာပဲ၊
မင်း...ဒီအသံလေးတွေကို 
ဒီစောင်းအိုးလေးထဲမှာ ထည့်ယူလာတာလား၊
ပြီးရင် ဒီအိုးထဲမှာ ပြန်သိမ်းထားတာလားတဲ့။

စောင်းသံဆိုတာက ကြိုးကလေးတွေကို 
လက်ခတ်လေးနဲ့တီးခတ်လို့
အသံလေးတွေဖြစ်လာတာ၊
တီးခတ်လိုက်တဲ့အချိန်မှာ အသံထွက်လာတယ်၊
ပြီးရင် အဲဒီအသံလေး ပျောက်သွားတယ်၊
အရင်ကတည်းကရှိတာလည်း မဟုတ်ဘူး၊
ဘယ်မှာမှလည်း မရှိပါဘူးတဲ့။

အဲဒီလိုပါပဲ၊
မိမိတို့ရဲ့သန္တာန်မှာလည်း အရှုခံဖြစ်တဲ့
ရုပ်တရားတွေ၊ နာမ်တရားတွေရှိတယ်၊
ဒါပေမဲ့ အဲဒီရုပ်နာမ်တရားတွေသည်
ဟောဒီခန္ဓာကိုယ်ထဲမှာ အရင်ထဲက ရှိတာလား၊
မရှိပါဘူး၊ ဘယ်မှာမှလည်း မရှိပါဘူး။

ဒါဆိုရင် 
ဘယ်အချိန်ကျမှ ပေါ်လာသလဲဆိုတော့
အာရုံနဲ့ ဒွါရတိုက်ဆိုင်မှုကြောင့်
အဲဒီနာမ်တရားလေးတွေ ဖြစ်လာတယ်၊
ကံ စိတ် ဥတု အာဟာရဆိုတဲ့
အကြောင်းတရား ၄-မျိုးကြောင့်
ရုပ်ဆိုတဲ့ တရားကလေးတွေ ဖြစ်လာတယ်၊

အကြောင်းတိုက်ဆိုင်တဲ့အချိန်မှာ
အကျိုးလေးတွေ ဖြစ်လာတယ်၊
အဲဒီအကြောင်းရပ်သွားတဲ့အချိန်မှာ
အကျိုးလေးတွေလည်း ရပ်သွားတယ်၊
ဖြစ်လာတယ်၊ ဖြစ်ပြီးတော့ ပျက်သွားတယ်၊
မရှိတော့ဘူး။

ခန္ဓာကိုယ်ထဲကထွက်လာတာလည်း မဟုတ်ဘူး၊
ခန္ဓာကိုယ်ထဲပြန်ဝင်သွားတာလည်း မဟုတ်ဘူး၊
အရှုခံတရား ဘယ်မှာရှိသလဲမေးလို့
ခန္ဓာမှာရှိတယ် ဆိုတာသည်
ပြောရိုးပြောစဉ်အရ ပြောတဲ့အပြော၊
ခန္ဓာထဲမှာရှာလို့ မရှိပါဘူး။

အဲဒါဆို အရှုခံကို ဘယ်လိုရှုရမှာလဲ?
အာရုံနဲ့ဒွါရတိုက်ရင် ဖြစ်လာလိမ့်မယ်၊
ဖြစ်ပေါ်လာတဲ့အချိန်မှာ သတိထားကြည့်၊
သတိနဲ့မကြည့်ဘူးဆိုရင် 
ဖြစ်လာပေမယ်လို့ သိလိုက်မှာမဟုတ်ဘူး၊
သိချင်ပါတယ်ဆိုရင် သတိထားကြည့်။

အရှုခံခန္ဓာကလေးတွေ ဖြစ်တတ်တဲ့နေရာ
ဘယ်နှစ်နေရာရှိသလဲဆိုရင် ၆-နေရာရှိတယ်၊
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်တဲ့၊
ပါဠိလိုပြောတော့ သဠာယတန၊
အဲဒီ ၆-ဋ္ဌာနမှာ အရှုခံတရားလေးတွေ
ဖြစ်နေပါတယ်။

မျက်စိအကြည်နဲ့ အဆင်းနဲ့ တိုက်တော့
မြင်စိတ်ခန္ဓာဖြစ်တယ်၊
မျက်စိအကြည်ရယ်၊အဆင်းရယ်၊မြင်စိတ်ရယ်
သုံးပါးပေါင်းလိုက်တော့ ဖဿ ဖြစ်တယ်၊
ဖဿ ကြောင့် ဝေဒနာဖြစ်တယ်၊
ဝေဒနာလေး ဖြစ်လာပြီဆိုတော့
သုခဝေဒနာဖြစ်ရင် တဏှာဖြစ်မယ်၊
ဒုက္ခဝေဒနာဖြစ်ရင် ဒေါသဖြစ်မယ်၊
ဥပေက္ခာဝေဒနာဖြစ်ရင် မောဟဖြစ်မယ်။

ဒါကြောင့် ဘုန်းကြီးတို့ယောဂီတွေက
အဲဒီ ဝေဒနာလေးတွေကို
ဉာဏ်နဲ့သာ မကြည့်နိုင်ဘူးဆိုရင်
ငါမြင်တယ်၊ ငါ့သားကို မြင်တယ်၊
ငါ့သမီးကို မြင်တယ်ဆိုတဲ့ ဒိဋ္ဌိဖြစ်မယ်၊
"ဝေဒနာ ပစ္စယာ တဏှာ" 
တဏှာဖြစ်မယ်၊
ဒေါသဖြစ်မယ်၊
မောဟဖြစ်မယ်ပေါ့။

အဲဒီတော့
မိမိတို့ရဲ့သန္တာန်မှာ အာရုံနဲ့ဒွါရ တိုက်တိုင်း
အရှုခံတရားလေးတွေ ဖြစ်ပါတယ်၊
အဲဒီလို အရှုခံတရားလေးတွေ ပေါ်လာလို့
သတိမထားဘူးဆိုရင် နောက်ကနေပြီး
နောက်ဆက်တွဲဖြစ်တဲ့ ဒိဋ္ဌိကိလေသာနဲ့
တဏှာ၊ ဒေါသဆိုတဲ့ ကိလေသာလေးတွေ
အမြဲတမ်းဖြစ်နေပါတယ်။

ကိလေသာလေးတွေဖြစ်လာပြီဆိုရင်
အဲဒီကိလေသာလေးတွေရဲ့အစွမ်းသတ္တိကြောင့်
ဥပါဒါန်တွေ ဖြစ်မယ်၊ ကံတွေ ဖြစ်မယ်၊
ကံတွေ ဖြစ်ရင် ဇာတိ၊ ဘဝတွေ ရလာမယ်၊
သံသရာလည်ပြီး ဒုက္ခတွေ ရလာလိမ့်မယ်။

ဒါကြောင့်မို့လို့
ဒုက္ခသစ္စာ ဝဋ်ခန္ဓာမှ ကျွတ်လွတ်ရာအမှန်
မြတ်နိဗ္ဗာန်ကို ရချင်ပါတယ်ဆိုတဲ့
ဘုန်းကြီးတို့ ယောဂီတွေသည်
မိမိတို့သန္တာန်မှာ မျက်လုံးလေးဖွင့်တိုင်းဖွင့်တိုင်း
ဖြစ်ပေါ်လာမယ့် အရှုခံတရားလေးတွေကို
မိအောင်ဖမ်းဖို့လိုပါတယ်လို့ မှတ်သားပြီး
သာဓုခေါ်လိုက်ကြ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

အစွဲကင်းရာ

#အစွဲကင်းရာ
-----------

#တပည့်တော်မမှာ သမီးလေးတစ်ယောက်
ရှိတယ် ဘုရား..
တပည့်တော်မ သေရင် သမီးလေးကို
တစ်ယောက်ထဲ ထားခဲ့ရမှာ 
စိတ်မချဘူး၊ သမီးကိုစွဲတဲ့အစွဲကလည်း
ဖျောက်မရဘူး... ဒီအစွဲနဲ့သေရင် 
တပည့်တော်မတော့ အပါယ်ကျတော့မှာဘုရား.. ဒါကြောင့် သမီးကို စွဲတဲ့ 
အစွဲပျောက်အောင် ဘယ်လိုဖျောက်ရမလဲဘုရား..
 
ဒကာမကြီး သမီးက အခု ဘယ်မှာလဲ..

အိမ်မှာပါ ဘုရား

#အိမ်မှာရှိနေတဲ့ သမီးကို ဒကာမကြီး
စိတ်ထဲကနေ အာရုံပြုကြည့်လိုက်စမ်း။
အာရုံပြုကြည့်လိုက်တော့ ဒကာမကြီးသမီးရဲ့ 
ပုံဟန်သဏ္ဍန် အရိပ်နိမိတ်က ဒကာမကြီးရဲ့ 
အာရုံမှာ ထင်လာလိမ့်မယ်.. မြင်တာ 
မဟုတ်ဘူးနော်.. အာရုံမှာ ထင်လာတာ။

ဒီတော့ အိမ်မှာရှိနေတဲ့ သမီးက 
တစ်ယောက်၊
ဒကာမကြီး အာရုံပြုလိုက်လို့ အာရုံမှာ
ပေါ်လာတဲ့ သမီးက တစ်ယောက် ၊ 
သမီးနှစ်ယောက် ဖြစ်မနေဘူးလား..
  
ဖြစ်နေပါတယ်ဘုရား

အိမ်မှာရှိနေတဲ့ သမီးက ဒကာမကြီးလက်နဲ့ 
ထိတွေ့ ကိုင်တွယ် စမ်းသပ်လို့ရတဲ့ 
သမီး(#ရုပ်သမီး)။

ဒကာမကြီး အာရုံမှာပေါ်နေတဲ့
သမီးကျတော့ ကိုင်စမ်းဖမ်းလို့ မရဘူး။
ဒကာမကြီးစိတ်က အာရုံပြုလို့သာ 
အာရုံမှာပေါ်လာတာ။
နာမ်ကြောင့်ဖြစ်တဲ့သမီးမို့(#နာမ်သမီး)။
ဒီတော့ 'ရုပ်သမီး'နဲ့' နာမ်သမီး '၊
သမီး နှစ်ယောက် ဖြစ်မနေဘူးလား

ဖြစ်နေပါတယ်ဘုရား

#ဒကာမကြီး သမီးကိုစွဲတယ် ဆိုတာ 
ရုပ်သမီးကိုစွဲတာ မဟုတ်ဘူး။
နာမ်သမီးကို စွဲတာ။
အာရုံပြုလိုက်တော့ အာရုံမှာ သမီးရဲ့ပုံဟန်သဏ္ဍန်ပေါ်လာပြီ..
တကယ်မရှိပါဘဲနဲ့ အာရုံမှာပေါ်လာတဲ့
သမီးကို အရှိထားပြီး စွဲတာ။
ငါသေသွားရင် ငါ့သမီးလေးကို 
ဘယ်သူ စောင့်ရှောက်မလဲ..
ငါမရှိရင် ဘယ်လိုနေထိုင် စားသောက်
မလဲနဲ့ တွေးတာ ပူပန်တဲ့စိတ် 
ကြောင့်ကျတဲ့စိတ်တွေ ဖြစ်လာရော..
ပူပန်တဲ့စိတ် ကြောင့်ကျတဲ့စိတ်က နဂိုက 
မရှိဘူးနော်...
ဒကာမကြီးစိတ်က အာရုံယူ
စွဲလန်းလို့ဖြစ်တာ..
အာရုံအာသဝကြောင့် ဖြစ်တဲ့သမီးမို့ 
အာသဝသမီး လို့ခေါ်တယ်။

လင်နဲ့မယား ညားပြီး မွေးတဲ့သမီးက 
#သဘာဝသမီး။
'အာရုံ'နဲ့'စိတ် 'ညားပြီးမွေးတဲ့သမီးက
#အာသဝသမီး။

ဒကာမကြီးကို အပါယ်ချမယ့်သမီးက 
'သဘာဝသမီး'က ချမှာ မဟုတ်ဘူး.. 
'အာသဝသမီး'က ချမှာ။
ဒါကြောင့် ဒကာမကြီးလက်နဲ့ ထိတွေ့ ကိုင်တွယ် စမ်းသပ်လို့ ရတဲ့ သဘာဝသမီးကို စွန့်ပစ်ရမှာ မဟုတ်ဘူး..
သူ့ကိုတော့ ကောင်းကောင်းမွန်မွန် 
ပြုစုကျွေးမွေးပေး..

ဒကာမကြီးစိတ်နဲ့ အာရုံယူတွေးလို့ အာရုံမှာ 
ထင်လာတဲ့ 'အာသဝသမီး'ကိုတော့ အပြီးတိုင် စွန့်ပစ်လိုက်။

စွန့်ပစ်လိုက်ဆိုတော့ ဘယ်လိုစွန့်ရမှာလဲ
ဘုရားလို့   မေး...
စွန့်နည်းက (၂)မျိုးရှိတယ်...
သစ္စာဉာဏ်နဲ့ စွန့်တဲ့နည်းနဲ့ 
လက္ခဏာဉာဏ်နဲ့ စွန့်တဲ့နည်း။

ပထမ သစ္စာဉာဏ်နဲ့ အစွဲစွန့်တဲ့နည်းကို
ပြောမယ်....

ဒကာမကြီးက သမီးက်ိုစွဲတယ်လို့
ပြောတယ်နော်..
စွဲတယ်ဆိုတာ ဘာနဲ့စွဲတာလဲ...

စိတ်နဲ့စွဲတာပါဘုရား

စွဲတဲ့စိတ်က နဂိုက ရှိပြီးသားလား ...
ဒကာမကြီးစွဲလိုက်မှ ဖြစ်လာတာလား   ..

တပည့်တော်စွဲလိုက်မှ ဖြစ်လာတာပါဘုရား

စွဲမှဖြစ်တယ်ဆိုတော့ မစွဲခင်က ဒီအစွဲ
ရှိသလား..

မရှိပါဘူးဘုရား

မစွဲခင်က အစွဲမရှိတော့ 
အစွဲကင်းနေတာနော်..

ကင်းနေပါတယ်ဘုရား

အေ့း အစွဲကင်းနေတာကို 
ကင်းနေပါလားလို့ သိပြီး 
ကင်းတဲ့အတိုင်းလေးနေရမှာ...

ကင်းတဲ့အတိုင်း  ဘယ်လိုနေရမှာလဲ
ဆိုတော့ သမီးကိုအာရုံပြုမပေး 
အောက်မေ့မပေးဘဲ နေပေါ့
အာရုံပြုမပေး အောက်မေ့မပေးတော့ 
သမီးကိုစွဲတဲ့စိတ် ဖြစ်မလာဘူး။
စွဲတဲ့စိတ်မဖြစ်တော့  အစွဲကင်းတဲ့စိတ်ဟာ 
ပင်ကိုပကတိအတိုင်း 
အေးနေငြိမ်းနေတာပေါ့။
အေးတဲ့စိတ်က အေးရာကြီးနဲ့တွေ့နေတယ်..
ငြိမ်းတဲ့စိတ်က ငြိမ်းရာကြီးနဲ့တွေ့နေတယ်
တနည်းအားဖြင့် 
အစွဲကင်းတဲ့စိတ်က အစွဲကင်းရာကြီးနဲ့ 
တွေ့နေတယ်။

အဲဒီ အစွဲကင်းရာကိုသိပြီး 
ကင်းတဲ့အတိုင်းလေး နေသွားရမှာ။
အဲဒါ သစ္စာဉာဏ်နဲ့ အစွဲစွန့်တဲ့နည်းပဲ။

နောက်တစ်နည်းက လက္ခဏာဉာဏ်နဲ့ 
အစွဲစွန့်တဲ့နည်း။

သမီးကိုမစွဲခင်က အစွဲကင်းနေတာတော့ 
ဟုတ်ပြီ... ဒါပေမဲ့ အမြဲတော့ မကင်းနိုင်ဘူးဗျ။
တစ်ခါ တလေ စွဲမိတဲ့အခါလည်း 
စွဲမိဦးမှာပေါ့။
အဲဒီကျတော့  အစွဲကို လက္ခဏာဉာဏ်နဲ့
စွန့်ရမှာ။

အစွဲရဲ့ အနိစ္စကို လက္ခဏာဉာဏ်နဲ့ 
သိလိုက်မယ်ဆိုရင် 
အပါယ်ကျမယ်/မကျဘူးဆိုတဲ့ ပြဿနာပါ 
တစ်ခါတည်း ရှင်းသွားလိမ့်မယ်။
  
ဒကာမကြီးက သမီးကိုစွဲတယ် ဆိုတော့..
ငါ့သမီး-ငါ့သမီးနဲ့ အချိန်ပြည့် ဒလစပ် 
စွဲနေတာလား..
 
အဲလိုတော့ မစွဲပါဘူး ဘုရား

အေး တစ်ခါ တစ်ခါ သမီးရဲ့ 
ရှေ့ရေး နောက်ရေး
ကြံတွေးလိုက်မှ စွဲတဲ့စိတ်က ဖြစ်လာတာ 
မဟုတ်လား...

ဟုတ်ပါတယ် ဘုရား

စွဲတော့ စွဲစိတ်ဖြစ်လာပြီ...
အဲဒီ စွဲတဲ့စိတ်က မပျက်ဘဲ မြဲနေသလား...

မမြဲပါဘူးဘုရား ဖြစ်ပြီးတာနဲ့ ပျက်တာပါပဲ

ပျက်တာ သေချာသလား...
 
သေချာပါတယ်ဘုရား

ဒါဖြင့် နောက်တစ်ကြိမ်ထပ်စွဲဦး..
မပျက်ဘူးလား.. ပျက်မှာလား

ပျက်မှာပါ ဘုရား

တစ်ကြိမ်စွဲရင် တစ်ကြိမ်ပျက်မှာ..
ဆယ်ကြိမ်စွဲရင် ဆယ်ကြိမ်ပျက်မှာ...
အကြိမ်တစ်ရာစွဲ အကြိမ်တစ်ရာပျက်မှာ.....
ဘယ်နှစ်ကြိမ်စွဲစွဲ စွဲတိုင်းပျက်နေမှတော့ 
ဒကာမကြီး ဖြုတ်ချင်တဲ့အစွဲက ဘယ်မလဲ...

မရှိပါဘူးဘုရား

အေး ဒကာမကြီးက ဘယ်လောက်ဖြုတ်ချင် 
ဖြုတ်ချင် အစွဲက ဒကာမကြီး
ဖြုတ်တာကိုစောင့်နေမှာ မဟုတ်ဘူး။
ဖြစ်ပြီးတာနဲ့-သူ့ဟာသူ ပြုတ်ပြုတ်
ထွက်နေတာ။
သူ့ဟာသူပြုတ်နေမှတော့ ဖြုတ်စရာ
လိုသေးလို့လား...

မလိုတော့ပါဘူးဘုရား

အစွဲပြုတ်တယ်ဆိုတာ ကိုယ်ကဖြုတ်လို့
ပြုတ်သွားတာ မဟုတ်ဘူး။
ဖြုတ်စရာ မရှိတာကို မြင်တဲ့ဉာဏ်
ဖြစ်သွားတာ။
အစွဲကိုယ်တိုင်က ဖြစ်ပြီးပျက်ရလို့ 
မရှိတော့ဘူး ဆိုမှတော့
မရှိတော့တဲ့ အစွဲက အပါယ်ချမယ်ဆိုတာ 
ဟုတ်ပါ့မလား...

မဟုတ်ပါဘူးဘုရား

သူများကို အပါယ်ချဖို့နေနေသာသာ 
သူ့ဟာသူတောင် မြဲအောင် မစွမ်းနိုင်လို့ 
စွဲလိုက် ပြုတ်လိုက်နဲ့ 
ပြုတ်ပြုတ်ထွက်နေတာ...
ဒါကြောင့် ဒကာမကြီး အစွဲကို မဖြုတ်နဲ့
သူ့ဟာသူပြ တ်ြနေတာကို သိ။
အစွဲက သူ့အလိုလို ပြုတ်ပြုတ်ထွက်နေလို့
ဖြုတ်စရာမလိုဘူးလို့ သိတဲ့ဉာဏ်ဟာ
အစွဲရဲ့ အနိစ္စကိုသိတဲ့ လက္ခဏာဉာဏ်ပဲ။

ခင်ဗျားတို့က မြင်စိတ်၊ ကြားစိတ်၊
နံစိတ်၊ စားစိတ်တွေ မမြဲတာကျတော့ အကုန်ဖြစ်-ပျက်ထဲ ထည့်တာပဲ။
သားစွဲ၊ သမီးစွဲ၊ ပစ္စည်းစွဲကျမှ ဖြစ်ပျက်ထဲ
မထည့်ဘဲ ချန်ထားတယ်။
သူ့ကျတော့ မဂ်နဲ့ဖြုတ်မှ ပြုတ်မှာတဲ့။
မဂ်ဉာဏ်ဆိုတာ အမှန်ကို အမှန်အတိုင်း
သိတဲ့ဉာဏ်ကို မဂ်ဉာဏ်ခေါ်တာ။

ကြာရွက်ဟာ ရေနဲ့မထိရင် မထိလို့ 
ရေမှလွတ်တယ်။
ရေနဲ့ထိလျက် နေသော်လည်း ရေမတင်လို့ 
ရေမှလွတ်တယ်။

အဲဒါလိုပဲ အစွဲကလည်း မစွဲရင် မစွဲလို့ 
အစွဲမှလွတ်တယ်။
စွဲလိုက်ပြန်တော့လည်း စွဲတိုင်း ပျက်နေလို့ 
စွဲမရလို့ အစွဲမှ လွတ်တယ်။ ဒါကြောင့်  
မစွဲရဘူးလို့ မပြောဘူး။
စွဲ... ရဲရဲစွဲ။ စွဲမရဘူးလို့ သိရမယ်။

အစွဲပြုတ်တယ် ဆိုတာ အစွဲကို
လိုက်ဖြုတ်နေတာ မဟုတ်ဘူး။
ဖြုတ်စရာ အစွဲမရှိပါလားလို့ သိတဲ့ဉာဏ်
ဖြစ်သွားတာကိုပဲ
အစွဲပြုတ်တယ်လို့ ပြောရတာပါ 
ဒကာမကြီးရာ..

     မစွဲရလို့   ငါတို့မဆို
     စွဲမရမှန်း  သိဖို့သာလို
     အနိစ္စမို့    ဒိဋ္ဌိပျက်ပြို
     မဖြုတ်ဘဲ  ပြုတ်မြဲ သူ့အလိုလို

စွဲယူမယ် ကြံလိုက်မှ
နာမ်မိုက်က ဖြစ်ပေါ်လာ
ဖြစ်ခဏ ပျက်ရှာ၊
သို့ပေမဲ့ကွာ ငါ့ဟာလို့ ထင်မှား
အမြဲမခိုင် အစွဲကိုယ်တိုင်က
ဉာဏ်သိပိုင် အလင်းရောင်ရောက်လျင်
ကင်းပျောက်လို့သွား။

    #ပခန်းရိပ်သာ ဆရာတော် ဦးသြသဓ
အရှင် ဥဇၨယ ထံမှ ကူးယူပူဇော်ပါသည်။
Credit...

အစွဲပြုတ် တဲကုတ်ရွှေနန်းတော်

#အစွဲပြုတ် တဲကုပ် ရွှေနန်းတော်
--------------------------

#ဥပါဒါန် ဆိုတဲ့တရားဟာ
သတ္တဝါတို့သန္တာန်မှာ
အလွန်ဒုက္ခပေးပါတယ်၊
ဥပါဒါန်တရားကိုလက်ခံထားမယ်ဆိုရင်
ဘယ်သူမှ ငြိမ်းချမ်းမှုဆိုတာမရနိုင်ပါဘူးတဲ့။

#တဏှာစွဲ၊ဒိဋ္ဌိစွဲဆိုတာသည်
ဘုရားဒကာ၊ကျောင်းဒကာကြီးတွေပင်လျှင်
အပါယ်လေးပါးရောက်တယ်၊
သရဲ တစေ ္ဆပြိတ္တာဖြစ်တယ်ဆိုတာ
အဲဒီဥပါဒါန်ကြောင့်ဖြစ်တာ။

#ရှေးတုန်းက အရှင်ဥက္ကဋ္ဌဆိုတဲ့
စာပေပညာရှင်ပုဂ္ဂိုလ်တစ်ဦးရဲ့စာအုပ်မှာ
"အစွဲပြုတ် တဲကုပ်ရွှေနန်းတော်"ဆိုတဲ့
ခေါင်းစဉ်လေးပေးထားတာကို
အလွန်သဘောကျခဲ့တယ်။

တဲကုပ်ထဲမှာ နေရသော်လည်း
တဏှာစွဲ၊ဒိဋ္ဌိစွဲကင်းနေတဲ့ပုဂ္ဂိုလ်ကတော့
အဲဒီ တဲကုပ်လေးသည်ပင်လျှင်
ရွှေနန်းတော်လေးလိုပါပဲတဲ့။

မြတ်စွာဘုရားရှင်လက်ထက်က
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့
ညီအငယ်ဆုံးဖြစ်တဲ့
အရှင်ရေဝတ ဆိုတာရှိတယ်၊
သူက အလွန်ပူပြင်းခြောက်သွေ့ပြီး
မြက်ပင်တောင်မပေါက်တဲ့ ရှားတောထဲမှာ
သီတင်းသုံးတယ်တဲ့။

အဲဒီလို သီတင်းသုံးနေတဲ့နေရာကို
အလွန်စိတ်ပျက်စရာကောင်းတဲ့နေရာပဲလို့
တောထွက်ရဟန်းကြီးတစ်ပါးကပြောလိုက်တော့
မြတ်စွာဘုရားက အဲဒီစကားကိုကြားပြီး
အခုလိုမိန့်ကြားပါတယ်-

"တောဖြစ်ဖြစ်၊မြို့ဖြစ်ဖြစ်
နိမ့်တဲ့နေရာဖြစ်ဖြစ်၊မြင့်တဲ့နေရာဖြစ်ဖြစ်
မှန်မှန်ကန်ကန်ကျင့်ကြံနေတဲ့ပုဂ္ဂိုလ်တွေရှိနေရင်
အဲဒီနေရာဟာ မွေ့လျော်ဖွယ်နေရာပါပဲ" တဲ့။

ဥပါဒါန်အစွဲကင်းနေတဲ့ပုဂ္ဂိုလ်ကတော့
သူ့အတွက် ဘယ်နေရာပဲဖြစ်ဖြစ်
မွေ့လျော်စရာနေရာတွေပါပဲလို့
ပြောတဲ့အဓိပ္ပါယ်ပေါ့နော်။

ဒီလိုဆိုရင်
ယနေ့ ဘုန်းကြီးတို့ပရိတ်သတ်တွေက
ဘယ်မှာနေချင်တယ်၊ဘယ်မှာမနေချင်ဘူး၊
ဘယ်နေရာတော့သဘောကျတယ်ဆိုတာက
အစွဲရှိနေလို့ပဲပေါ့။

မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
ကပိလဝတ်ပြည် ရွှေနန်းတော်ကြီးမှာ
ရှင်ဘုရင်လုပ်လာခဲ့တဲ့ပုဂ္ဂိုလ်ပါပဲ၊
အသက် ၁၆-နှစ်ကစပြီး
ထီးနန်းစည်းစိမ်ကို ၁၃-နှစ်ကြာအောင်
မင်းစည်းစိမ်ခံစားပြီး ရှင်ဘုရင်လုပ်ခဲ့တာပဲ၊
အသက် ၂၉-နှစ်မှာ တောထွက်ခဲ့တာ။

ဘုရားဖြစ်လာတဲ့အခါကျတော့
အဆောက်အဦကောင်းကောင်းမရှိ၊
သင်္ကန်းတောင်ကောင်းကောင်းမရှိပဲ
တောထဲတောင်ထဲမှာလှည့်ပြီး
သီတင်းသုံးနေနိုင်ခဲ့တာပဲ၊
အဲဒါဘာကြောင့်လဲဆိုတော့
ဥပါဒါန်ဆိုတဲ့အစွဲ မရှိတော့လို့ပဲပေါ့။

ဘုန်းကြီးတို့ယောဂီတွေ
တရားရှုတယ်ဆိုတာ၊
ခန္ဓာကိုထိုင်ကြည့်နေတယ်ဆိုတာ
ဘာလုပ်နေတာလဲ..?
ခန္ဓာကို ခန္ဓာမှန်းသိအောင်ထိုင်ကြည့်နေတာ၊
ရှုတယ်ဆိုတာ ကြည့်တာပဲလေ။

ခန္ဓာကို ခန္ဓာမှန်းမသိဘူးဆိုရင်-
၁။ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့အမြင်တွေ
    မြင်သွားလိမ့်မယ်။
၂။ အဲဒီပုဂ္ဂိုလ်သတ္တဝါအပေါ်မှာ
    သာယာတပ်မက်တဲ့တဏှာတွေ
    ဝင်သွားလိမ့်မယ်။
အဲဒီဥပါဒါန်တရားတွေရှိလို့ အပါယ်လေးပါးမှ
မလွတ်ကြတာပေါ့။

ခန္ဓာကိုခန္ဓာမှန်း သိရမယ်၊
ခန္ဓာတွေ ဖြစ်တာကိုဖြစ်တာမှန်းသိရမယ်၊
ပျက်တာကိုပျက်တာမှန်းသိရမယ်၊
ဒုက္ခသစ္စာမှန်းသိရမယ်။

ဝိပဿ     နာဖြစ်တယ်ဖြစ်တယ်ဆိုတာ
ရုပ်နာမ်ခန္ဓာကိုမြင်မှ၊ရုပ်နာမ်ခန္ဓာကိုသိမှ၊
ရုပ်နာမ်ခန္ဓာ ဖြစ်တာကိုသိမှ၊
ရုပ်နာမ်ခန္ဓာ ပျက်တာကိုသိမှ၊
ရုပ်နာမ်ခန္ဓာသည် ငါမဟုတ်ဘူး၊
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊
ပုံပန်းသဏ္ဍာန်ပညတ်မဟုတ်ဘူး၊
ပရမတ်ဆိုတာကိုမြင်မှ ဝိပဿ     နာဖြစ်တာပါ။

အဲဒီလို ဝိပဿ     နာဖြစ်မှ
ပုဂ္ဂိုလ်စွဲ ငါစွဲ သတ္တဝါစွဲဆိုတဲ့
ဒိဋ္ဌိအမြင်တွေ စင်ပါတယ်၊
သာယာဖွယ်တပ်မက်ဖွယ်ကောင်းတယ်ဆိုတဲ့
တဏှာစွဲတွေ စင်ပါတယ်၊
အဲဒီလိုစင်မှ ဒိဋ္ဌိစွဲပြုတ်ပါတယ်၊
ဒိဋ္ဌိစွဲပြုတ်မှ အပါယ်လေးပါးကလွတ်ပြီး
နိဗ္ဗာန်ချမ်းသာရပါတယ်လို့သဘောပေါက်ပြီး
သာဓုခေါ်လိုက်ကြ။

ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ

(သဗျဗဒါနံ ဓမျမဒါနံ ဇိနာတိ)

credit...

ခန္တီ

သကျဓီတာ စာသင်တိုက်ကြီးရဲ့ အဓိက ဆရာလေး ဒေါ်ကုသလရေးတဲ့စာပါ။

🌸၃ လကျော် ကာလအတွင်း
ကြည်ညိုခဲ့တဲ့
စစ်ကိုင်း တိပိဋကဆရာတော်ဘုရား၏
ဂုဏ်တော်များကို
ဖော်ကြူးပူဇော်
🙏🌷🙏🌷🙏

ဆန်းပြားတဲ့
Leukemia 
သွေးကင်ဆာ ရောဂါကြောင့်
ဖြစ်ပေါ်လာတဲ့
ဝေဒနာမျိုးစုံကို
မျက်နှာ တစ်ချက်မပျက်၊
နှုတ်က တစ်ခွန်းမျှ
မညီးညူ၊
လူးလွန်မှု့ တစ်ချက်မျှ မရှိ၊
တည်ငြိမ်စွာ 
သည်းခံ ဖြတ်ကျော်သွားခဲ့
တယ်။

လူတကာတို့ လုပ်နိုင်ခဲတဲ့
ဆရာတော်ဘုရားရဲ့
ခန္တီပါရမီ အစွမ်းကို
အံဩခဲ့ရပါတယ်ဘုရား။

ပြင်းထန်တဲ့ ရောဂါ
ပြင်းထန်တဲ့ ဝေဒနာ
ခံစားနေရတဲ့
ဒီခန္ဓာကိုယ်
ဘယ်လိုလုပ် 
ကောင်းနိုင်ပါ့မလဲ၊

ဒါပေမယ့်လေ

ဘယ်သူနဲ့ပဲ တွေ့တွေ့
တွေ့လိုက်တာနဲ့
သူကပဲ ဦးအောင်- -

🍃နေကောင်းလား?
ဦးဇင်း နေကောင်းတယ်- 🍃
ဆိုတဲ့ 
ပြုံးရွှင်တဲ့ နှုတ်ဆက်သံ
အေးချမ်းတဲ့ မေတ္တာအစွမ်းနဲ့

ပြုစုသူတို့ရဲ့
ပူပန်တဲ့ စိတ်နှလုံးကို
ငြိမ်းအေးစေခဲ့တယ်။

ပြုံရွှင်တဲ့ သူ့မျက်နှာ
ကြည်လင်တဲ့ သူ့မျက်လုံး
ပူပန်မှုကင်း
အေးချမ်းတဲ့ စိတ်နှလုံးနဲ့
ခန္ဓာရဲ့ အဖြစ်အပျက်
ဝေဒနာရဲ့ အတိမ်အနက်
သူ့သဘော သူဆောင်နေတာကို
အချိန်ပြည့် 
နှလုံးသွင်း ဆင်ခြင်ရင်း
နေ့ရက်တွေကို ကုန်ဆုံးစေခဲ့တယ်။

ပြုစုသူ အားလုံးရဲ့ 
ပူပန်မှု စိတ်အစဉ်ကို

ဟန်ဆောင်တဲ့ အပြုံးမျက်နှာ
အားရှိစေတဲ့ စကားလုံး
အစွမ်းကုန် သုံးပြီး
ဘယ်လိုပင် ကြိုးစား
ဖုံးကွယ်ကြသော်လည်း

ထိုးဖောက်ပြီး မြင်နေရော့သလား

🍃ဘာမှ မပူကြနဲ့၊ 
ဆေးကုဖို့
ဆရာဝန်ကြီးတွေ ရှိတယ်၊
ဆရာဝန်တွေ အားလုံး
သူ့အလုပ် သူလုပ်နေကြတယ်၊ 
ပူနေလဲ အလကားပဲ၊ 
ပင်ပန်းရုံပဲ ရှိမယ်- 🍃တဲ့ 

အားပေးခဲ့တဲ့ သူ့စကား 
အံဩ မှင်သက်ခဲ့ရပါတယ်ဘုရား။

သင့်တော်တဲ့ အာဟာရ
ဆေးရုံက တာဝန်ယူတာ
သိတာကြောင့်
ကပ်သမျှ အကုန်ဘုဉ်း
တစ်ခါမျှ မညီးညူခဲ့။

ဒါပေမယ့် 
မွန်းလွဲ နောက်ပိုင်း
ပို့သမျှ အာဟာရ
လုံးဝ မသုံးဆောင်၊

အာဟာရဆေးဗူး
Fresubin 
တစ်နေ့ ၃ ဗူး သောက်ဖို့
ဆရာဝန် ညွှန်ကြားလို့

ဆေးတွေပြင်းတယ်၊
အာဟာရရှိမှ ဖြစ်မှာပါဘုရား
မဖြစ်မနေ သောက်ဖို့ 
လိုအပ်ပါတယ်ဘုရား
ဒီအာပတ်က
ဖြေလို့ ရပါတယ် လို့
( တိပိဋကကို ဆရာလုပ်သလို) 

ညနေပိုင်း တစ်ဗူးသောက်ဖို့
အမျိုးမျိုးအကြောင်းပြ
ဝိုင်းတိုက်တွန်းကြတော့

🍃မသောက်ချင်ပါဘူး ဆို- 
တစ်သက်လုံး 
နှစ်ပေါင်းများစွာ 
ထိန်းလာတဲ့ 
ဝိကာလသီလ
အပျက်မခံချင်ဘူး🍃
လို့
အလိုမကျတဲ့ မျက်နှာနဲ့
ခါးခါးသီးသီး ငြင်းဆန်
လုံးဝ လက်မခံတာကြောင့်

ဆရာဝန်နဲ့တိုင်ပင်
၁၂ နာရီ မထိုးခင်
၃ ဗူး ပြည့်အောင်
၆:၀၀/ ၉:၀၀/ ၁၁:၄၅ 
ကပ်ခဲ့ရတယ်။

တစ်နေ့ တစ်နေ့
တရားရှုမှတ်၊
ပရိတ်ကြီး ၁၁ သုတ်၊
ဓမ္မစကြာ၊
အနတ္တလက္ခဏသုတ်၊
မဟာသမယသုတ်၊
ပဋ္ဌာန်းပါဠိတော်၊
မဟာသတိပဋ္ဌာနသုတ်
စသည် စသည်
နေ့စဉ် ရွတ်နေကျ အဓိဋ္ဌာန်
ရွတ်ဖတ်တဲ့အခါ

မောလျတဲ့ အခြေအနေ
မြင်တွေ့ရတာ
စိတ်မချမ်းသာတာကြောင့်

နေကောင်းတုန်းက
ရွတ်ခဲ့တဲ့ အသံတွေ 
ပြန်ဖွင့်ပြ
ကိုယ့်အသံမို့
ကိုယ်တိုင်ရွတ်သလိုပါပဲ
အသံလေး နားထောင်ပြီး
စိတ်ထဲက 
လိုက်ရွတ်ပါဘုရားလို့ 
လျောက်ထားပေမယ့်

🍃အဲလို မလုပ်ချင်ဘူး
ကိုယ်တိုင်ပဲ ရွတ်ချင်တာ
မမောပါဘူး 🍃 တဲ့

ထက်သန်တဲ့ ဝီရိယအား
အလောင်းတော်အလားပါပဲ ဘုရား

ဆရာတော်ဘုရားရဲ့
🙏စင်ကြယ်တဲ့ သီလပါရမီ
🙏အရာရာကို သည်းခံနိုင်တဲ့ ခန္တီပါရမီ
🙏ထက်သန်တဲ့ ဝီရိယပါရမီ
🙏မှန်ကန်သောစကားကိုသာဆိုတတ်တဲ့ သစ္စာပါရမီ 
🙏နေမကောင်းတဲ့ကြားက 
မပျက်ခဲ့တဲ့ အဓိဋ္ဌာန်ပါရမီ၊
🙏 မတ်ေတာပါရမီ
အစရှိသော ပါရမီတော်တို့ကို
ရိုသေစွာ လက်စုံမိုး
ဦးခိုက်ကာ 
ကန်တော့ပါ၏၊
အပြစ်ရှိသမျှ 
သည်းခံ
ခွင့်လွှတ်တော်မူပါဘုရား
🙏🌷🙏🌷🙏

မပု + မကု
သကျဓီတာ
14-2-2022

ဂုဏ်ပေါင်းများစွာမှ
အနည်းငယ်မျှသာ 
ဖော်ကြူးခြင်းပါဘုရား

ကဗျာဟန် 
ပူဇော်တာဖြစ်တဲ့အတွက်
သူ - ဟု သုံးနှုန်းထားတာကိုလည်း
ခွင့်လွှတ်တော်မူပါဘုရား
🙏🌷🙏🌷🙏🌷🙏
Ku Sala

Saturday, February 12, 2022

အပ်ပျောက်ရင် ဆင်နဲ့ရှာ

"အပ်"ပျောက်ရင်"ဆင်"နဲ့ ရှာ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷

ဒီရှေးစကားလေးကို အရင်အပါတ်က လိုင်းပေါ် တွေ့လိုက်တာ၊
အလွန်အင်မတန် အနှစ်သာရပြည့်ဝတဲ့ ဘဝလမ်းညွှန်စကား တရပ်ပါ။

ကိုယ့်မှာ လိုအပ်သလား? မလိုအပ်ဘူးလား?
ဒီစကားကို ပြောအပ်သလား ? မပြောအပ်ဘူးလား?
ဒီလမ်းကို သွားအပ်သလား? မသွားအပ်ဘူးလား?
ဒီအစားအစာကို စားအပ်သလား? မစားအပ်ဘူးလား?
ဒီနေရာမှာ နေအပ်သလား? မနေအပ်ဘူးလား?
စသည်စသည် အပ်/မအပ် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရ ခက်နေရင် တနည်းအားဖြင့် "အပ်"ပျောက်နေရင် " ဆင်"နဲ့ ရှာရပါမယ် တဲ့။

"ဆင်"ဆိုတာ "ဆင်ခြင်တုံ တရား"ကို ဆိုလိုတာပါ။

ဒီနေရာမှာ "ဆင်ခြင်တုံတရား"ဆိုတာ တရားကိုယ်ကောက်ရင် သတိ နဲ့ ပညာကို ကောက်ရပါလိမ့်မယ်။ 
ဒီတရားနှစ်ပါးကသာ ပျောက်နေတဲ့ "အပ်"ကို ရှာဖွေပေးနိုင်ပါမယ်။

ကိုယ့်မှာ "ဆင်"ရှိဘို့ရာက ယောနိသော မနသိကာရ = နည်းမှန်လမ်းမှန် စဉ်းစားနှိုင်းချိန်မှု အခံရှိရပါမယ်။
(ယောနိသောမနသိကာရော ပရိပူရော သတိသမ္ပဇညံ ပရိပူရေတိ။)

ယောနိသော မနသိကာရအခံ ရရှိဘို့ရာမှာ
သဒ္ဓါ = ယုံကြည်မှု (ကိုယ်လုပ်ငန်း ကိုယ့်လမ်းစဉ်အပေါ်  ယုံကြည်မှု) ရှိရပါမယ်။ (သဒ္ဓါ ပရိပူရာ ယောနိသောမနသိကာရံ ပရိပူရေတိ)

သဒ္ဓါ = ယုံကြည်မှု ကိန်းဘို့ရာက
ပညာရှိ သူတော်ကောင်းတွေထံမှ လေ့လာမှု သင်ယူမှု "သဒ္ဓမ္မဿဝန" ရှိရပါမယ်။ (သဒ္ဓမ္မဿဝနံ ပရိပူရံ သဒ္ဓံ ပရိပူရေတိ)

သဒ္ဓမ္မဿဝန = နည်းမှန်လမ်းမှန်ဓမ္မတွေ လေ့လာ သင်ယူနိုင်ဘို့ရာမှာ
ဒီနည်းလမ်းမှန်တဲ့ဓမ္မတွေ လက်ဆင့်ကမ်း မျှဝေနိုင်တဲ့ ပညာရှိသူတော်ကောင်းတွေကို မှိဝဲ ဆည်းကပ်မှု ရှိရပါမယ်။
(သပ္ပုရိသသံသေဝေါ ပရိပူရော သဒ္ဓမ္မဿဝနံ ပရိပူရေတိ) (အံ၊၃။၃၄၆) 

ဒီတော့ ပညာရှိ သူတော်ကောင်းတွေဟာ မိမိအတွက် ကလျာဏမိတ်အစစ်တွေပါပဲ။
ကလျာဏမိတ်အစစ် ဖြစ်တဲ့ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ် နေထိုင်သူဟာ ကိုယ့်ရဲ့ ဘဝပန်းတိုင်ခရီး ပြီးဆုံး အောင်မြင်အောင် လျှောက်လှမ်းနိုင်လိမ့်မယ်။

ဒါကြောင့် ဘုရားရှင်က " အဆွေခင်ပွန်းကောင်းရှိသူဟာ ဗြဟ္မစရိယအတွက် ပြီးပြည့်စုံသလောက်ပါပဲ" လို့  (သဂါထာဝဂ္ဂ သံယုတ္တပါဠိ၊ ၈၇။ ကလျာဏမိတ္တသုတ်။)မှာ မိန့်ကြားတော်မူခဲ့တာပါ။

(၂၁-၅-၂၀၂၁)
                   (မဟာနွယ်)

Credit...

Thursday, February 10, 2022

စိန္တာမဏိဂါထာတော်

🌺🌺 စိန္တာမဏိဂါထာတော် 🌺🌺

စိန္တာမဏိဂါထာ သည် မန္တန်ပေါင်း (၁၉) မျိုးအနက် အလွန်နာမည်ကြီးသော ဂါထာ ဖြစ်သည်။ ၅၅၀ နိပါတ် ပဒကုသလဇာတ်တွင် ဘုရားအလောင်းတော် ပဒကုသလလုလင်အား မယ်တော်ဘီလူးမက ပေးခဲ့သည့် ဂါထာဖြစ်သည်။ ထိုဂါထာတတ်မြောက်သည့် ဘုရားလောင်း ပဒကုသလလုလင်သည် ခြေရာကောက်သည့် အတတ်ပညာကို တတ်မြောက်ခဲ့သည်။ ဘုရင်၏ ဘဏ္ဍာထုပ်များကို ပြန်လည်ရှာဖွေနိုင်ခဲ့ခြင်း၊ သန်လျက်ပျောက်ဆုံးမှုတို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ဘုရင့်စည်းစိမ်ကို ခံစားခဲ့ရသည်။

စိန္တာမဏိဂါထာတော် ပါဠိ
🌷🌷🌷🌷🌷🌷🌷🌷🌷

၁။ စိန်တာမဏိ ရတနာနိ၊ ဗုဒ်ဓံ ဗုဒ်ဓရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။

၂။ စိန်တာမဏိ ရတနာနိ၊ ဓမ်မံ ဓမ်မရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။

၃။ စိန်တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ၊ ခိပ်ပမဝေ သမိဇ်ဈတု။

စိန္တာမဏိဂါထာတော် မြန်မာပြန်
**********************************

၁။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဗုဒ္ဓံ − ဘုရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဗုဒ္ဓရတနာနံ − ဘုရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမဇ္ဈတု − ပြည့်စုံပါစေသတည်း။

၂။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ ဓမ္မံ − တရားတည်းဟူသော ရတနာမြတ်ပေတည်း။ ဓမ္မရတနာနံ − တရားတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။

၃။ စိန္တာမဏိရတနာနိ − ကြံဖန်လိုက်တိုင်း ရပ်ဆိုင်းမရှိ အလိုကို ပြည့်စေနိုင်သော ရတနာတို့သည်။ သံဃံ − သံဃာတည်းဟူသော ရတနာတို့ကို။ သရဏံ − ကိုးကွယ်ဆည်းကပ်လေးမြတ်ခြင်းကို။ ကရံ ကရောန္တော − ပြုထိုက်သည်ဖြစ်၍။ ကရတိ − ပြုသောသူ၌။ ဣစ္ဆာ − ကြံစည်တောင့်တ လိုအင်ဆန္ဒသည်။ ခိပ္ပမေဝ − ဆောလျင်စွာလျှင်။ သမိဇ္ဈတု − ပြည့်စုံပါစေသတည်း။

ရွတ်ဖတ်ရကျိုး
******************

ဤစိန္တာမဏိဂါထာသည် အလွန်နာမည်ကြီး၍ အကျိုးကျေးဇူးလည်း များသည်။ စိန္တာ ဟူသည် အကြံအစည်ပညာ၊ မဏိ သည် မြကျောက် ပတ္တမြားဟူ၍ အဓိပ္ပာယ်ရှိသည်။ အဓိပ္ပာယ်သည် ပတ္တမြားကဲ့သို့ အဖိုးတန်သော အကြံအစည်ပညာဉာဏ်သည် စိန္တာမဏိ ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရွတ်ဖတ်ပူဇော်သူသည် အကြံကောင်း ဉာဏ်ကောင်းများ ရနိုင်သည်။ သူတစ်ပါးတို့၏ အကြံများကို ကြိုတင်သိရှိနိုင်သည်။ ဘေးအန္တရာယ်ကို ကြိုတင်ရှောင်ရှားနိုင်သည်။

ကိုးကား
*********
 ၁.၀ ၁.၁ ၁.၂ ၁.၃ ဗုဒ္ဓဘာသာကောင်းတစ်ယောက်။ သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန။ ၂၀၀၅။

စိန္တာမဏိ ဂါထာ မန္တန်တော် ဖြစ်စဉ် 
*************************************
 
အလိုရှိတိုင်း တောင့်တတိုင်း ပြည့်စုံ
စေတတ်သော စိန္တာမဏိ ဂါထာ
မန္တန်တော်ကြီး ဖြစ်ပေါ်လာပုံမှာ*****
 မြင့်မိုရ်တောင်၏ မြောက်မျက် နှာကို
အစိုးရသော  ဝေဿဝဏ္ဏ (ကုဝေရ)
နတ်မင်းကြီး၏ ထံပါး၌ သုံးနှစ်တိုင်တ်ုင် အလုပ်အကျွေး ပြုစုခဲ့သော စန္ဒာမုခိ
ဘီလူးမသည် နတ်မင်းကြီး၏ ဆုတော်
လာဘ်တော်အ ဖြစ် အနံ ငါးယူဇနာ
အလျား ယူဇနာ ၃၀ -ရှိသော တောအုပ်
ကို အပိုင်စားရသော တောစိုး နတ်ဘီလူးမ  အဖြစ် စံမြန်းနေပေသည်။

    ထိုတောအုပ်ကို အပိုင်စားရသူ ပီပီ
တောအုပ်အတွင်း ဖြန်သန်းလာသူ လူ
သား အားလုံးတို့အား ဖမ်းဆီးသတ်ဖြတ်စားသောက်နေလေသည် ။

  တစ်နေ့တွင်ဗာရာဏသီပြည်မှ ပုဏ္ဏား
လု့လင်ပျို တစ်ယောက်သည် ကုန်သည်
ဘာဝ  နွားလှည်းများဖြင့်တပြည့်အပေါင်းခြံရံကာ ထိုတောအုပ်ကို ဖြတ်သန်းမိရာဘီလူးမ၏ ဖမ်းဆီးခြင်းကို ခံရလေသည်။

   ယခင်ဖမ်းဆီးမိသူများကို သတ်ဖြတ်
စားသောက်လေ့ရှိသော်လည်း ယခု  ဖမ်းမိသူ ပုဏ္ဏားငယ်မှာ ချောမော လှပသောလူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့်မသတ်ရက် မစားရက်တော့ဘဲလင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံများ ရှာဖွေကျွေးမွေးထားလေသည် ။

    ဘီလူးမနှင့် ပုဏ္ဏား နှစ်ဦးညား၍ သားကလေး တစ်ယောက်ဖွားမြင်ပြီး (၁၆ )နှစ်မြောက်အရွယ်ရောက်လာသော အခါဖခင်နှင့် မိခင် ရုပ်သွင်ခြားနား မတူငြားသဖြင့် မိခင် အစာရှာ ထွက်သွားခိုက်မှာ ဖခင်ကို မေးမြန်းရာ ဖခင်ကလဲနောက်ကြောင်း ဖြစ်ရပ်များ ပြန်ပြောပြလို့ သိရှိသဖြင့် မိမိတို့နှင့်အသွင်တူရာ လူ့ရပ်လူ့ရွာသို့ သွားလိုလှသဖြင့် မိခင် မရှိခိုက်တစ်နေ့ မိမိ၏ အားခွန်ဗလနှင့် ကျောက်ဂူတံခါးကို  ဖွင့်၍ ဖခင်ကို ထမ်းပြီး ပြေးလေတော့သည် ။

   စန္ဒာမုခိ ဘီလူးမ ပြန်လာပြီး ကျောက်ဂူအတွင်းမှ  သားအဖနှစ်ယောက်ကိုမတွေ့သဖြင့် လိုက်ရှာရာ တောတွင်းတစ်နေရာ၌ တွေ့ပြီး ပြန်ခေါ်ထားလေသည် ။
    တောတွင်းမှာ မပျော်ပိုက်တော့သော
သားအဖ နှစ် ယောက်မှာ နောက်မကြာမှီယခင်ကဲ့သို့ ထွက်ပြေးပြန်ရာ  ဘီလူးမကပြန်လည် ဖမ်းမိ ပြန်လေတော့သည် ။

  နှစ်ကြိမ်တိုင်တိုင် ပြန်လည် အဖမ်းခံရ
သော  သားအဖနှစ်ယောက်မှာ အလွယ်
တကူ ထွက်မပြေးဝံ့တော့ဘဲ ဘီလူးမ
ယုံကြည်လောက်သည့်ထိကိုယ်ရှိန်သတ်၍ နေရလေတော့သည် ။

    တစ်နေ့တွင် သားဖြစ်သူက မိခင်ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အဝန်းကိုမေးကာ နယ်စပ်နေရာဒေသများးကိုလိုက်လံ ကြည့်ရှု မှတ်သားထားလေတော့သည် ။

  သို့နှင့်အခွင့်အရေးရသော တနေ့တွင်
ဖခင်ကိုထမ်းကာ မိခင်၏ ပိုင်နက် နယ်စပ်လွတ်လေရာ အနီးဆုံးစခန်းသို့ လှမ်း၍ပြေးကြတော့သည် ။

သားအဖနှစ်ယောက်အတွက်သစ်သီးဝလံများရှာဖွေ၍ပြန်လာသော စန္ဒာမုခိ ဘီလူးမမှာကျောက်ဂူအတွင်းမှာ သားနှင့် လင်ကိုမတွေ့သဖြင့် ပူပင်သောကကြီးစွာဖြင့်မိမိပိုင်နက်အတွင်း လိုက်လံ ရှာဖွေရာ မိမိပိုင်နက်မှ လွတ်ရာ မြစ်လယ်ခေါင်သို့ရောက်နေသော သားအဖ နှစ်ယောက်ကို တွေ့သဖြင့် ငိုယိုတမ်းတကာ အမြန် ပြန်လာရန်တောင်းပန် ခေါ်ငင်လေတော့သည် ။

   မိခင်ပိုင်နက်မှ လွတ်မြောက်၍နေပြီ
ဆိုတာ သိနေသော သားက ပြန်မလာ
နှိုင်တော့ကြောင်း အမျိုးဇာတ်တူရာ လူသားတို့ နေထိုင်ရာ လူ့ရပ် လူ့ရွာသို့
သွားခွင့်ပြုပါတော့ ဟု ပြန်လည် ပြော
ကြားလေတော့သည် ။

   ခေါ်၍မရသည့်အဆုံး မိခင် ဘီလူးမကြီးက လူ့ရပ် လူ့ရွာမှာ ဘာပညာမှ ငါ့သားမတတ်ရင် ငတ်မှာ ဆင်းရဲခြင်း ခုက္ခ ကိုကြုံလိမ့်မည် ။ ဒီတော့ -ခိုးသူ ခြေရာရှာပြီးဥစ္စာကို ဖေါ်ပေးနိူုင်တဲ့ စိန္တာမဏိ ဂါထာတော်ကို ငါ့သား သင်ယူသွားပေတော့ဟု မျက်ရည်လည်ရွှဲနှင့် ပူပွဲကြီးဆင်ကာစိန္တာမဏိ ဂါထာတော်မြတ်ကို မြစ်ကမ်းပေါ်မှ သင်ပေးလေတော့သည် ။ 

 မြစ်လယ်မှ လက်အုပ်ချီ၍ စိန္တာမဏိ
 ဂါထာ သင်ယူနေသော  သားသည်
ဂါထာ ရသည်နှင့် တစ်ပြိုင်နက် ရုပ်တ
ရက်လဲကျသွားသော မိခင်ကြီးကို ပြေး
ထူရာ ရင်ကွဲနာကျ ဘဝပြောင်းသွား
သည်ကို တွေ့ရလေတော့သည် ။

  သားအဖနှစ်ယောက်မှာ သောကမကင်းတောတွင်းမှာပင် ဘီလူမအလောင်းကိုတောပန်း တောင်ပန်းများ ဖုံးအုပ် ကာသဂြိုဟ် ခဲ့ပြီး ဗာရာဏသီ  ပြည်သို့ပြန်လည်ရောက်ရှိ လာခဲ့ကြသည် ။

  ဗာရာဏသီပြည်တွင် သူခိုးခြေရာခံ၍
စိန္တာမဏိ မန္တန်တော်ကို ရွတ်ဆို၍ ဥစ္စာ
ပစ္စည်းများကို ရှာဖွေပေးနိုင်သဖြင့် 
ပဒကုသလ   ဟု အမည်တွင်လျက် ပညာ ရှင် သူကြွယ် ဖြစ်ခဲ့ လေသည်က
စ၍ စိန္တာမဏိ ဂါထာတော်ဟု ဖြစ်ပေါ်
ရွတ်ဆို ပွားများခဲ့ကြပါသတည်း။
     
        (  စိန္တာမဏိ မန္တန်ပါဠိ   )

စိန်တာမဏိ ရတနာနိ ! ဗုဒ်ဓံ ဗုဒ်ဓရတနာနံ ။
ကရံ ကရတိ သရဏံ!ခိပ်ပမဝေ သမိဇ်စတြု။

စိန်တာမဏိ ရတနာနိ!ဓမ်မံ ဓမ်မရတနာနံ ။
ကရံ ကရတိ သရဏံ! ခိပ်ပမဝေ သမိဇ်စတြု။

စိန်တာမဏိ ရတနာနိ!သံဃံ သံဃရတနာနံ။
ကရံ ကရတိ သရဏံ!ခိပ်ပမဝေ သမိဇ်စတြု ။

စိန္တာမဏိ ဂါထာတော် 
ရွတ်ဖတ်ခြင်းအကျိုးများ***********

ဤစိန္တာမဏိ ဂါထာတော်ကိုရွတ်ဆိုပွား
များရခြင်း၏ အကျိုးမှာ အကြံအစည်
အောငိမြင်ခြင်း ရာထူးဋ္ဌာနန္တရ ရရှိစေခြင်း ၊ လူ နတ်တို့ ချစ်ခင် နှစ်သက်ခြင်း ခံရတတ်သည်။ 
  မိမိတို့၏ ပစ္စည်းဘဏ္ဍာ ရတနာ ရွှေ ငွေစသည်တို့ကို တစ်ပါးသူတို့ခိုးဝှက် ယူငင်မရနိုင်ဘဲ အကြိတ်အခဲ အမြဲတည်ရှိခြင်း လိုချင်တောင့်တသော ပစ္စည်းများရရှိတတ်ခြင်း အကျိုးများကို ခံစားရရှိနိုင်လေသည် ။

Credit...

ခင်ပွန်းကြီးဆယ်ပါး သိစရာအဖြေရှာ

ခင်ပွန်းကြီး(၁၀)ပါး သိစရာ အဖြေရှာ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

မပြစ်မှားသင့်သော ပုဂ္ဂိုလ်(၁၀)ယောက်ကို ''ခင်ပွန်းကြီး(၁၀)ပါး'' လို့ ပြောတာပါ။ 
ဓမ္မနီတိ၊ ဂါထာ(၃၃၄)မှာ တိုက်ရိုက် လာရှိပါတယ်။

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကော။
မာတာ ပိတာ ဂရု သတ္ထာ၊ ဒါယကော ဓမ္မဒေသကော။
ပဏ္ဍိတော ဟိ ဣမေ ဒသ၊ န ဒုဗ္ဘန္တီတိ ဇာနိယာ။

ခင်ပွန်းကြီး(၁၀)ပါးမှာ
(၁) သဗ္ဗညုဘုရားရှင်
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာအရှင်မြတ်
(၄) ဘုရားရှင်၏ လက်ယာရံ၊ လက်ဝဲရံ အရှင်မြတ်နှစ်ပါး
(၅) မိခင်
(၆) ဖခင်
(၇) အသက် သိက္ခာ ဂုဏ်အားဖြင့် ကြီးမြတ်၍ အလေးအမြတ် ပြုအပ်သူများ
(၈) ပညာသင်ကြားပေးကြသော ဆရာများ
(၉) ပစ္စည်း၀တ္ထုတို့ကို ပေးဖူးသော ကျေးဇူးရှိသူများ
(၁၀) ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ တို့ပဲ ဖြစ်ပါတယ်။

     ခင်ပွန်းကြီး(၁၀)ပါး နှင့် ပတ်သက်လို့
မန္တလေး သာသနာ့တက္ကသိုလ် ဒုချုပ်ဆရာတော် ဘဒ္ဒန္တဥာဏာလင်္ကာရာဘိဝံသ က စာချရင်း မိန့်ဖူးတာလေး ရှိပါတယ်။ 
ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာက
 ''တေမိယဇာတ် ခေါ် မူဂပက္ခဇာတ်လာ ဒသမိတ္တပူဇာ(၁၀)ဂါထာလာ မိတ်ဆွေကို ပူဇော်ကြောင်း(၁၀)မျိုး''ကို အမှတ်လွဲပြီး ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာပါ တဲ့။

    လိုက်ရှာကြည့်လိုက်တော့ 
တေမိယဇာတ် (သို့မဟုတ်) မူဂပက္ခဇာတ် ဂါထာနံပါတ် (၁၂)မှ (၂၁)ထိ ဆယ်ဂါထာကို တွေ့ရပါတယ်။
(၁၀)ဂါထာလုံးမှာ ''ယော မိတ္တာနံ န ဒုဗ္ဘတိ'' ''မိတ်ဆွေကို မပြစ်မှားရဘူး''ဆိုတဲ့ ပါဠိစာသားတွေ ပါကြပါတယ်။

     အဲဒါကို အဋ္ဌကထာဆရာက ''မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ'' (မိတ်ဆွေဆိုတာ ဘုရားအစရှိတဲ့ မိတ်ဆွေကောင်း) လို့ပဲ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။

       ဒါန့်တိုင်ဆရာတော်က ''မိတ္တာနံ = ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား'' ဟု အနက်ပြန်ဆိုထားပါတယ်။
ဗုဒ္ဓါဒီနံ- ၌ အာဒိသဒ္ဒါဖြင့် ''ပစ္စေကဗုဒ္ဓါ၊ ရဟန္တာသာ၀က၊ အဂ္ဂသာ၀က၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံးပါး၌ ယုံကြည်သူ၊ ပစ္စည်း၀တ္ထု ပေးကမ်းသူ၊ တရားဟောပေးသူ ဤကိုးယောက်သော ကလျာဏမိတ္တတို့ကို ယူပါ''လို့ ဖော်ပြထားပါတယ်။ 

 ထို့ကြောင့် ပါဠိတော်၊ အဋ္ဌကထာတို့၌ ခင်ပွန်းကြီး(၁၀)ပါးနှင့် ပတ်သက်လို့ တိုက်ရိုက် ဖော်ပြထားတာကို မတွေ့ရပါ။ နိသျဆရာတော်၏ အာဒိသဒ္ဒါဖြင့် ယူဆထားတာကို မှတ်သားပြီး ခင်ပွန်းကြီး(၁၀)ပါးသည် တေမိယဇာတ် (သို့) မူဂပက္ခဇာတ်မှ လာသည်ဟု ယူဆထားဟန် ရှိပါတယ်။
     အမှန်က ခင်ပွန်းကြီး(၁၀)ပါးမှာ ဓမ္မနီတိ ဂါထာနံပါတ်(၃၃၄)က တိုက်ရိုက်လာတာ ဖြစ်ပါတယ်။

 အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရ/ မိတ်ဆွေကို မပြစ်မှားရဘူး

      တေမိယဇာတ်/ မူဂပက္ခဇာတ်မှာ ဘုရားအလောင်းတော် တေမိမင်းသားက သူ့ကို မြေမြှုပ်ဖို့ တွင်းတူးနေတဲ့ သုနန္ဒရထားထိန်းကို ''ရထားထိန်း သင်ဟာ ကာသိမင်းကို အမှီပြု အသက်မွေးနေရတဲ့ သူပါ။ ငါက သင့်အရှင် ကာသိမင်းရဲ့ သားပါ။
သင်က ငါ့ကို တောထဲမှာ တွင်းတူး မြေမြှုပ်သတ်မယ်ဆိုရင် သင်ဟာ မတရားမှုကို လုပ်နေတာပဲ။ တကယ်တော့ မိတ်ဆွေကို ပြစ်မှားနေတာပဲ။
 ရထားထိန်း၊ သစ်ပင်ရဲ့အရိပ်မှာ နေဖူး၊ အိပ်ဖူးတယ်ဆိုရင် အဲဒီသစ်ပင်နဲ့ သစ်ပင်ရဲ့ အခက် အရွက်စတာတွေကို မချိုးရ၊ မဖျက်ဆီးရဘူး။ ချိုး ဖျက်တဲ့ပုဂ္ဂိုလ်ဟာ အဆွေခင်ပွန်း မိတ်ဆွေကို ပြစ်မှား သတ်ဖြတ်တာနဲ့ အတူတူပဲ၊  လူယုတ်မာပါပဲ။
 ဥပမာနဲ့ ပြောရရင် သစ်ပင်က မင်းကြီး ဆိုရင် ငါက သစ်ခက်ပါ။ သင်ကတော့ သစ်ရိပ်ခိုတဲ့ ယောက်ျားပေါ့။ ဒါ့ကြောင့် အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး။ မိတ်ဆွေကို မပြစ်မှားရဘူး တဲ့။
ဆက်ပြီးတော့ မိတ်ဆွေကို မပြစ်မှားသူတို့ ရနိုင်တဲ့ ကောင်းကျိုး (မိတ်ဆွေကို ပူဇော်သင့်ကြောင်း)တွေကို ပြောပြလိုက်ပါတယ်။

 အဆွေခင်ပွန်းကို မပြစ်မှားခြင်းရဲ့ ကောင်းကျိုး (ဂါထာဆယ်ခု၏ အဓိပ္ပါယ်)

(၁) မိမိအိမ်က အပြင်ထွက်တဲ့အခါမှာတောင် စားစရာတွေ အများကြီးရနိုင်တယ်။ 
(၂) ဘယ်နေရာရာ ရောက်ရောက် အရှင်သီ၀လိမထေရ်လိုပဲ ပူဇော်ခံရတယ်။
(၃) သံကိစ္စသာမဏေလိုပဲ သူခိုးတို့ အနှိပ်စက် မခံရဘူး။
(၄) ဒေါသမထွက်ရဘဲ အိမ်ကို ကောင်းမွန်စွာ ပြန်လာနိုင်တယ်။ ဆွေမျိုးတွေထဲမှာ အမြတ်ဆုံးလို့ သိမှတ်ခံရတယ်။
(၅) သူတစ်ပါးတွေရဲ့ ရိုသေ လေးစားခြင်း ခံရတယ်။
(၆) ပူဇော် ရှိခိုးခံရတယ်။ 
(၇) ခြံရံ ကျော်စောမှုတွေနဲ့ တင့်တယ်တယ်။
(၈) လယ်ယာ စိုက်ပျိုး ဖြစ်ထွန်းလို့ အသီး စားရတယ် (စီးပွားရေး အဆင်ပြေတယ်။)
(၉) သေတဲ့အခါ နတ်ပြည်ရောက်ရတယ်။
(၁၀) ရန်သူတို့ အနှိပ်စက် မခံရဘူး တဲ့။
          (မူဂပက္ခဇာတ်၊ ဇာ၊၂၊၁၅၀။ ဇာ၊ဋ္ဌ၊၆၊၁၆။)

 ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားခြင်း၏ ဆိုးကျိုး/ ပြစ်ဒဏ်(၁၀)မျိုး

 ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိသော ပုဂ္ဂိုလ်သည်
(၁) ဦးခေါင်းကိုက်ခြင်းစတဲ့ ပြင်းထန်သော ရောဂါကို ခံစားရခြင်း၊
(၂) အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ပျက်စီးရခြင်း၊
(၃) ခန္ဓာကိုယ် ခြေပြတ် လက်ပြတ် စသည်ဖြစ်ရခြင်း၊
(၄) မျက်စိကွယ်၊ နူနာစွဲ၊ လေဖြတ်ခြင်းစတဲ့ ရောဂါကြီးများ ခံစားရခြင်း၊
(၅) ရူးသွပ်ခြင်း၊
(၆) ရာထူးများ လျောကျ ဖယ်ရှားခံရခြင်း၊
(၇) ကြမ်းတမ်းတဲ့ စွပ်စွဲမှုများနဲ့ ကြုံတွေ့ရခြင်း၊
(၈) ဆွေမျိုးများ သေကြေ ပျက်စီးခြင်း၊
(၉) စည်းစိမ်ပျက်၊ မိမိပိုင် ရွှေတုံးများ မီးသွေးခဲ စသည်ဖြစ်သွားရခြင်း၊
(၁၀) သေပြီးနောက် ငရဲ ကျရောက်ရခြင်း တို့ကို ခံစားရပါတယ်။
(ဓမ္မ၊ ဋ္ဌ၊၂၊ ၄၄။)

သတိ သံဝေဂ ရကြပါစေ
 ''မပြစ်မှားထိုက်သော ကိလေသာကင်းစင်သည့်ပုဂ္ဂိုလ်ကို ပြစ်မှားလျှင် လေညာသို့ ပစ်လွှင့်လိုက်သည့် မြေမှုန်သည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ လူမိုက်၏ မကောင်းမှုကံသည် ထိုလူမိုက်ထံသို့သာ ပြန်ရောက်လေ့ရှိပါသည်။ (သံ၊၁၊၁၃။)
 လေညာသို့ တံတွေးထွေးလျှင် မိမိကို ပြန်စင်သကဲ့သို့ မပြစ်မှားသင့်သူကို ပြစ်မှားလျှင် မိမိပင် ပျက်စီးရတတ်သည်ကို သတိကြီးစွာဖြင့် သံဝေဂယူရပါမည်။

ယနေ့ခေတ်မှာ ခင်ပွန်းကြီး(၁၀)ပါး ဘုရားရှိခိုး ဆိုပြီး ပါဠိဂါထာ၊ အနက်ပြန်ဆိုမှုတွေ တွေ့နေရပါတယ်။
အဲဒီဘုရားရှိခိုး ဂါထာနဲ့ ရဟန်းတွေ ရှိမခိုးသင့်ဘူးလို့လည်း ဆိုနေကြပါတယ်။ မှန်ပါတယ်။ ဘုရား ရဟန္တာများ ပါနေပေမယ့် လူသားများဖြစ်တဲ့ မိဘစသူတွေ ပါနေတဲ့အတွက်ကြောင့် ရဟန်းတော်များသည် ဘုရား ရဟန္တာများကိုသာ ရှိခိုးတဲ့ ဂါထာတွေနဲ့ပဲ ရှိခိုးတာ ပိုပြီး သင့်မြတ် လျော်ကန်ပါတယ်။

(သိသလောက် တွေ့ရှိသမျှလေးနဲ့ တင်ပြ မျှဝြေခင်းပါ။ အသိတွေ လင်းလက်ကြပါစေ။ သတိ သံဝေဂ ရကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါသည်။)

Credit... U Kheminda BK

သုံးမလား ဖြုန်းမလား အနှိပ်စက်ခံမလား

“သုံးမလား၊ ဖြုန်းမလား၊ အနှိပ်စက်ခံမလား”

ခုတလော ယောဆရာတော် ဘုရားကြီးရဲ့ တရားတော်ကို ပုံမှန် တစ်နေ့ တစ်ပုဒ်နှုန်း နာဖြစ်နေတယ်။ ဆရာတော်ဘုရားကြီးရဲ့ ကရုဏာ မေတ္တာ အစွမ်းနဲ့ တည်ငြိမ်အေးချမ်းတဲ့ တရားသံကို နာရင်း ပီတိတောင် အခါခါ ဖြစ်မိတယ်။

ကိုယ်တိုင် တရားဟောဖို့ ကြုံလာတဲ့အခါ၊ စာရေးဖြစ်တဲ့ အခါမျိုးမှာဆို ဆရာတော်ကြီးရဲ့ တရားတော် တွေကို ပြန်ကိုးကား ဟောဖြစ် ရေးဖြစ်နေတယ်။

ခုလည်း ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကိုနာရင်း ပြန်ကိုးကား ရေးပြချင်လာပါတယ်။

လောကအတွင်းမှာ ရှိနေကြတဲ့ မိမိတို့ ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ပစ္စည်းဥစ္စာနဲ့ ခန္ဓာဟာ အသုံးပြုခြင်း၊ ဖြုန်းတီးခြင်း၊ အနှိပ်စက်ခံ ခြင်း ဆိုတဲ့ တရားသုံးမျိုးနဲ့ ရင်ဆိုင်နေရတယ်။

လောကမှာတော့ ပြောကြတယ်။ စားရေး နေရေး ဝတ်ရေး သားသမီးပညာရေး ကျမ်းမာရေး စသည်တို့အတွက် ပစ္စည်းဥစ္စာ နဲ့မိမိခန္ဓာကိုယ်ကို အသုံးချနေတာကို သုံးတယ်လို့ ဆိုတယ်။ သောက်စား လောင်းကစား မြူးတူးပျော်ပါး ကာမဂုဏ် သက်သက်အတွက် ဥစ္စာနဲ့ ခန္ဓာကို အသုံးချတာကိုတော့ ဖြန်းတီးတယ်ပေါ့။ 

ဒါဟာ လောက မျက်စိနဲ့ကြည့်တဲ့ လောကအမြင်ပါ၊ ဓမ္မအမြင်မှာကျတော့ ဒီလို အသုံးချခြင်း နှစ်ခုစလုံး ကို ဖြုန်းတီးတယ်လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥစ္စာ နဲ့ ခန္ဓာ ကနေ မိမိအတွက် ဒါနလည်း မကျန်၊ သီလလည်းမကျန် ၊ ဘာဝ နာလည်း မကျန်ရင် ဖြုန်းတာကြီးပါပဲလေ။ ဒါဟာ သာသနာ့ မျက်စိနဲ့ကြည့်တဲ့ ဓမ္မအမြင်ဖြစ်တယ်။

လူ့ဘဝဆိုတာကို ဦးဇင်းတို့တွေ ခဏရောက်လာတာပါ။ ဒါကြောင့် အချိန်အကန့်အသတ်၊ သတ်တမ်း အကန့်အသတ်၊ ပိုင်ဆိုင်မှုတွေက အကန့်အသတ် ရှိတယ်။ ခန္ဓာနဲ့ ဥစ္စာ အရာအားလုံးကို အငှားအဖြစ် အသုံးပြု ခွင့်ရနေတာ သာဖြစ်တယ်။ အချိန်တန်ရင် ပြန်အပ်ရမယ့် အရာတွေကြီးပဲ။ နောင်ဘဝ နောင်ဘဝတွေအထိ ယူချင်ပါတယ်ဆိုလို့ မရဘူး။ ပြန်အပ်ရမှာ ကျိန်းသေနေပြန်တော့လည်း ဘယ်အချိန်မှာ အတိကျအပ်ရမယ်လို့ အာမခံချက်က မရှိပြန်ဘူး။ မရေရာတဲ့ အခြေနေနဲ့ အသုံးပြုနေရတာ ဖြစ်တယ်။ 

ဒါကြောင့် သုံးခွင့်ရတဲ့ အချိန်လေးမှာ ကိုယ့်အတွက် ကိုယ်ပိုင်ဖြစ်စေမယ့် ဒါန သီလ ဘာဝနာ ဘာမှ မကျန်ရင် အချိန် ဥစ္စာ ခန္ဓာကို ဖြုန်းတီးနေတယ်လို့ပဲ ဆိုရတော့တာပေါ့။

ဦးဇင်းတို့ ကိုယ့်ကိုယ်ကိုယ်  ပြန်မေးပါ။ ငါတို့ သုံးခဲ့ကြသလား? ဖြန်းခဲ့ကြသလား? သုံးနေကြသလား? ဖြုန်းနေကြသလား?

လူဝတ်ကြောင်တွေက ပြောကြမယ်။ တပည့်တော်တို့က ဝတ်ကြောင်ဘုရား၊ စားဝတ်နေရေးအတွက် ရှာရ ဖွေရ စီမံရ၊ဇနီး ခင်ပွန်း၊ သားရေး သမီးရေး အတွက်ငဲ့ရနဲ့မို့ ဒါန သီလ ဘာဝနာ ပြုဖို့က ခက်တယ်ဘုရားလို့ ပြောကြမယ်။

တကယ်တော့ ဒီစကားဟာ အဝိဇ္ဇာရဲ့ ဆင်ခြေပြစကားပါ။ 

တရားဆိုတာ အချိန်ကိုလည်း မတောင်း၊ ငွေကိုလည်း မတောင်း စိတ်ကောင်းလေးကိုပဲ တောင်းတာပါ၊ အားဖို့မလို သိဖို့ပဲ လိုတာပါလို့ ယောဆရာတော်ဘုရားကြီးက ဆုံးမတယ်။ အသင့်အတင့် နှလုံးသွင်းတတ်တဲ့ စိတ်ကောင်းလေးရှိရင် နေ့စဉ်ဘဝထဲ ရှာဖွေ လုပ်ကိုင် စားသောက် နေလျက်နဲ့ကို ဒါန သီလ ဘာဝနာ ဖြစ် ပါတယ်။

ဟုတ်တာပေါ့။ လူဆိုတာ လူပီပီ လူ့တာဝန် ထမ်းရမှာပေါ့။ 

 ကိုယ့်အသက်မွေး ဝမ်းကျောင်းက ဆရာဝန်ဆိုပါတော့။ လူနာကို ဆေးကုတဲ့အခါ တာဝန်အရတင်မကဘဲ သူတစ်ပါးဒုက္ခကို ခံစားနာလည်ပေးတဲ့ ကရုဏာတရားလေး ထည့်ပေါင်းပြီး ဆေးကုပေးရင် အဲဒီဆရာဝန်ရဲ့ အသက်မွေးမှုမှာ စာရိတ္တသီလဆိုတဲ့ သီလပါရမီလည်း ဖြည့်ကျင့်ပြီးသား ဖြစ်နေသလို ကရုဏာ ဘာဝနာလည်း ဖြစ်နေပါတယ်။ နာခြင်းဒုက္ခတရားကို ဆင်ခြင်မိရင် ဝိပဿနာ ဘာဝနာ တောင်ဖြစ်ပါတယ်။ 

မုန့်ဟင်းခါး ရောင်းပြီးပဲ အသက်မွေး ပါစေဦး၊ စားသုံးသူတွေ အရသာ ရှိရှိ စားနိုင်ကြပါစေ ဆိုတဲ့ မေတ္တာလေး ထည့်ချက်လိုက်ရင် ဒါန ကုသိုလ်၊ ကျင့်ဝတ်ကို လိုက်နာတဲ့ သီလကုသိုလ်၊ မေတ္တာဘာဝနာ ကုသိုလ်လေးတွေ ရနေတာပေါ့။

ကျောင်းသားတစ်ယောက် ပညာသင်ရင်တောင်မှ ငါ့အတတ်ပညာနဲ့ လောကအကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်ရမယ် ဆိုတဲ့ အများအတွက် စဉ်းစားတဲ့ စိတ်နဲ့သင်ရင် ပညာသင်ရင်းကို ပါရမီကုသိုလ် ဖြစ်နေပါတယ်။

ဒီလို မိမိကိုယ်ကိုယ် motivation လုပ်ရတယ်။

ငါသူများထက်သာရမယ်၊ ငါအောင်မြင်ရမယ်၊ ငါသူဌေးကြီးဖြစ်ရမယ်၊ ငါစည်းစိမ်တွေ ခံစားနိုင်ရမယ် စတဲ့ အတ္တအတွေး အခြေခံနဲ့ ရှာဖွေမှုကကျတော့ အောင်မြင် ကြီးပွားခဲ့ရင်တောင်မှ ပြိုင်ဆိုင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းတင်နေရလို့ ပင်ပန်းတယ်။ မာန်မာနကို ဖြစ်ပေါ်စေတယ်။ အခက်အခဲတွေနဲ့တွေ့ရင် အလွယ်တကူ စိတ်ဓာတ်ကျ လက်လျော့တတ်တယ်။ အများအတွက်ဆိုတဲ့ စိတ်ထားနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းနေသူကတော့ မအောင်မြင်ခဲ့ရင်လည်း စိတ်ဓာတ်မကျဘူး။ သူ့ရဲ့ ဖြစ်တည်မှုအပေါ်မှာ ကျေနပ်တယ်။ ရောင့်ရဲတယ်။

ဦးဇင်းတို့ ဘုရားရှင် ပါရမီဖြည့်တဲ့အခါ 'ပရေသံ သင်္ဂဟတ္ထမေဝ မယာ ပါရမိယော ပူရိတာ- သူတစ်ပါးတွေကို ချီးမြောက်လို၍ ပါရမီ ဖြည့်ခဲ့တာပါတဲ့။ 

ဒါကြောင့် အခက်ခဲတွေနဲ့တွေ့လည်း စိတ်ဓာတ်ကျ လက်မလျော့ခဲ့ဘူး။ အများအတွက် ကရုဏာ တရားက အားကြီးနေလေတော့ အသက်စွန့်ရတဲ့အထိ ကြုံခဲ့ရင်တောင် ကြံကြံခံပြီး ရည်ရွယ်ချက်ကို ပြီးမြောက်  အောင် လုပ်တယ်။

မျောက်မင်း တစ်ဘဝမှာ တောထဲလှမ်းမှားပြီး ချောက်ထဲကျနေတဲ့ မုဆိုးကို ကျောပိုးပြီး ချောက်ပေါ် တင်ပေးခဲ့တယ်။ ကျေးဇူးကန်းယုတ်မာတဲ့ မုဆိုးဟာ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကိုမှမထောက်ဘဲ အမဲအလို့ငှာ ကျေးဇူးရှင် မျောက်မင်းရဲ့ခေါင်းကို ကျောက်ခဲနဲ့ ထုသတ်သတဲ့။ ခေါင်းကွဲပြီး သွေးစက်လက်ဖြစ်နေတဲ့ မျောက်မင်းဟာ သူ့အသက်ကို ရန်ရှာနေတဲ့ မုဆိုးကို ရန်သူအဖြစ် မမြင်ဘဲ မုဆိုးတောထဲက ထွက်နိုင်အောင် သစ်ပင်ပေါ်ကနေ သွေးစက်တွေချပြီး လမ်းပြပေးခဲ့သေးတယ်။

အများအတွက်ဆိုတဲ့ စိတ်ထားက အဲလိုစိတ်ခွန်းအားတွေ ကောင်းစေပါတယ်။ အခု Covid ကာလမှာ Volunteer လုပ်နေတဲ့ သူတွေကိုကြည့်လေ။ သူတို့ကို ရောဂါကူးစက်နိုင်ခြေ ရှိမှန်းသိပေမယ့် အများအတွက် ဆိုတဲ့ မေတ္တာ ကရုဏာစိတ်ထားကြောင့် သတ္တိခွန်အားတွေရှိပြီး ကူညီနိုင်ကြတာ ဖြစ်တယ်။ ကိုယ်ကျိုး သက်သက်ကိုသာ ကြည့်တဲ့သူဆို ကြောက်စိတ်ကြောင့် ဘယ် Volunteer လုပ်ဝံ့မလဲ။ 

အတ္တကြီးလေ ကြောက်စိတ်ကြီးလေ၊ အတ္တနည်းလေ ကြောက်စိတ် နည်းလေပါပဲ။

အများအတွက် အခြေခံတဲ့ စိတ်ကောင်းလေးနဲ့ ပညာ၊ စီးပွား ရှာဖွေမှု ပြုတဲ့လူဟာ သူတစ်ပါး ထိခိုက် မယ့် ဝိသမလောဘနဲ့  မရှာတော့ပါဘူး။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်မရှိတော့ဘူး။ မောက် မောက်မာမာနဲ့ မာန်လည်း ဝံ့မနေတော့ပါဘူး။ ရှာဖွေမှုမှာ အပြစ်ကင်းနေလို့ သီလကုသိုလ်နဲ့  စိတ်ချမ်းသာ နေ ပါတယ်။ ဒါမှ မိမိခန္ဓာကို သုံးခြင်း မည်ပါတယ်။ ဖြုန်းတာ မဟုတ်တော့ပါဘူး။

ရှာဖွေမှုကတော့ အပြစ်ကင်းပါရဲ့၊ ရရှိရလာတဲ့ ဥစ္စာကို မိမိခန္ဓာအတွက်၊ သားသမီး ဇနီးခင်ပွန်း အတွက် အသုံးချရုံ သက်သက်မျှပဲ ဆိုရင်လည်း ဒါဟာ ဖြုန်းတာပါပဲ။ 

သတ္တဝါတွေအတွက် စား၊ဝတ်၊ နေ ရေးဆိုတဲ့ အခြေခံလိုအပ်ချက်ကိုတော့ ဖြည့်ပေးရစမြဲပါ။ ခန္ဓာကိုယ် အာဟာရ လိုအပ်မှုအတွက် အစာစားပြီ ဆိုပါတော့။ အစားဆိုတာ စားပြီးရင်လည်း ကုန်သွားမှာပါ။ မမြဲပါဘူး။ မမြဲလို့သာ ခဏခဏ စားပေးနေရတာပေါ့။ မမြဲတဲ့အရာ တွေမို့ ဒီခန္ဓာကိုယ် ယာယီရပ်တည်နိုင်ရုံမျှ စားနေတာပါ။ ခန္ဓာကိုယ် ရပ်တည်နိုင်မှ ကုသိုလ်လုပ်ငန်း လုပ်နိုင်မယ်၊ အများအကျိုး အတွက် ဆောင်ရွက်နိုင်မယ်လို့ ဆင်ခြင်ပြီး စားရင် အစားအစာကနေ ဘာဝနာ ကုသိုလ် ရနေပါတယ်။ 

အဝတ်ဝတ်တယ် ဆိုရင်လည်း ခန္ဓာဟာ ရွံရှာဖွယ်ဖြစ်လို့ အဝတ်နဲ့ဖုံးနေရတာပေါ့။ ခန္ဓာရဲ့ သဘာဝကိုက အပုပ်အမျိုးမျိုးက ဒွါရတွေကနေ နေ့စဉ်ထွက်နေတယ်လေ။ မနက်အိပ်ရာထရင်ပဲ စွန့်ပေးနေရပြီ၊ သန့်ရှင်းရေး လုပ်ပေးနေရပြီ၊ အနံ့တွေပျောက်ဖို့ နံ့သာတွေ ဖို့နေရပြီ။ ဦးဇင်းတို့က မတင့်တယ်တဲ့ အသုဘကို သုဘအဖြစ် ကိုယ့်ကိုယ်ကိုယ် လိမ်ဖို့  မိုးလင်းတာနဲ့ စကြိုးစားတော့တာပေါ့။ ခန္ဓာသဘာဝဟာ အသုဘမှန်း ဆင်ခြင် ပေးရတယ်။ သတိတရားနဲ့ အတတ်နိုင်ဆုံး ဆင်ခြင်ပြီး သန့်ရှင်းပေး၊ အဝတ် ဝတ်ပေးရတယ်။ ဒါဆို လှချင် ပချင် မော်ကြွားချင်တဲ့ တဏှာ မာန ပါးလာနိုင်ပါတယ်။ 

ရဟန်းတော်တွေဆိုရင် 'အသက်ရှည်ကြာ၊ ဘေးရောဂါတို့၊ ကိုယ်မှာမကပ်၊ ပရိယတ်နှင့်၊ ပဋိပတ်ရေး၊ မျှော်ထောက်တွေးလျက်၊ စားဝတ်စရာ၊ ကျောင်းနေရာနှင့် ဆေးဝါးစုံစွာ၊ ဤလေးဖြာကို၊ ကောင်းစွာမှီဝဲ၊ သုံးဆောင် ပါသတည်း' လို့ နေ့တိုင်းဆင်ခြင်ရတယ်။ လူတွေလည်း ဆင်ခြင်သင့်ပါတယ်။

မိဘ၊ သားသမီး၊ဇနီးခင်ပွန်း ဝတ္တရား အရ ပေးကမ်းကျွေးမွေးတဲ့အခါ တစ်ဦးကိုတစ်ဦး အလှူခံပုဂ္ဂိုလ်လို့ သဘောထားပြီး ကျွေးမွေးကြမယ် ဆိုရင် ကိုယ့်သားသမီးကို ကိုယ်ကျွေးနေရင်းပင် ဒါနကုသိုလ် ဖြစ်နေတယ်။ ဝတ္တရားကို ဖြည့်ကျင့်လို့ သီလကုသိုလ်လည်း ဖြစ်နေပြန်တယ်။ ငါ့သား ငါ့သမီး ငါ့လင် ငါ့မယား ဆိုတဲ့ တဏှာနဲ့ ကြည့်ပြီး ပေးတာထက် သူတို့ဟာ ငါ့ကို ပါရမီဖြည့်ပေးနေတဲ့ အလှူခံပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ သူတို့ ဝဝလင်လင် စားရပါစေ၊ ကောင်းကောင်းမွန်မွန် နေရပါစေ ဆိုတဲ့ မေတ္တာလေးနဲ့ ကျွေးမွေးကြရင် ဥစ္စာနဲ့ ခန္ဓာကို ဖြုန်းရာ မရောက်တော့ဘဲ သုံးရာရောက်သွားပြီပေါ့။

ဒီလိုဆိုတော့ တရားအတွက် သီးသန့်အချိန် ပေးနေရသေးပါသလား၊ ဒါနပြုဖို့ ငွေမရှိပါဘူးလို့ ညည်း တွားဖို့ လိုပါဦးမလား၊ သီလဖြည့်ကျင့်ဖို့ သက်သက်ကြီး လိုက်နာနေရတာမျိုး ဟုတ်ပါဦးမလား။

ဒါဟာ အခြေခံ သတိတရားနဲ့ ဒါန သီလ ဘာဝနာ ဖြည့်ကျင့်မှုပါ။ ဒီလို နေ့စဉ် စွမ်းနိုင်သမျှ ကျင့်သုံးမှု မရှိရင် ဥစ္စာနဲ့ ခန္ဓာရဲ့ နှိပ်စက်ခြင်းကို လူးလိမ့် ခံရပါလိမ့်မယ်။

ပျက်စီးခြင်း ဗျသနတရားဆိုတာ ဇာတိရကတည်းက တွဲပါလာတဲ့ တရားပဲ။ စည်းစိမ်ဥစ္စာ ပျက်စီး ခြင်းတွေ၊ ဆွေမျိုးဉာတိ ပျက်စီးခြင်းတွေ၊ အနာရောဂါ ကျရောက်ခြင်းတွေကို ဦးဇင်းတို့  ကြုံကိုကြုံကြရမှာပါ။ ဘာလို့လဲဆိုတော့ ခန္ဓာနဲ့ ဥစ္စာဟာ ဦးဇင်းတို့ အပိုင်မဟုတ်ဘဲ အငှားတွေနဲ့ နေထိုင်ရတဲ့ ဘဝ ဖြစ်နေလို့လေ။ ကံသက်တမ်း ကုန်လို့ကတော့ အားလုံး ပြန်ပေးရမှာ။

'အဿကော လောကော သဗ္ဗံ ပဟာရ ဂမနီယံ -လောကော-လောကသည်။ အဿကော - မိမိဥစ္စာမရှိ၊ သဗ္ဗံ -အလုံးစုံကို ၊ ပဟာရ -စွန့်ပယ်၍ ၊ဂမနီယံ-သွားရ၏။'(ရဋ္ဌပါလသုတ်) တဲ့။ 

အချိန်တန်ရင် ခန္ဓာကို သေမင်းဆီပြန်အပ်ရမယ်၊ ဥစ္စာကို ထိုက်သူထံ လွှဲပေးခဲ့ရပြီး ကိုယ် နဲ့သင့်တော်ရာကို  သွားရမယ်။ ကိုယ့်သံသရာခရီးကို ကံ တွေက ရွေးချယ်ပေးမှာ ဖြစ်လို့ အငှားပစ္စည်း သုံးခွင့်ရတဲ့ အချိန်လေးမှာ လောကီကုသိုလ်ကံတွေ၊ မဂ်ကုသိုလ်ကံတွေကို ကြိုတင် ထူထောင်ထားရမယ်။ ဒါမှ ခန္ဓာနဲ့ ဥစ္စာ အပေါ် အစွဲမနာမှာ ဖြစ်တယ်။ အစွဲမနာရင် ခွဲခွါရတဲ့အခါ အခွာရ လွယ်ပါတယ်။ အစွဲနာရင်တော့ အခွါခက်တယ်။

ဥစ္စာနဲ့ ခန္ဓာကို အကျိုးရှိစွာ သုံးခဲ့တဲ့ သူကတော့ စည်းစိမ်ဥစ္စာ ရှိတုန်းမှာလည်း ကောင်းစွာ အသုံးချသလို ပျက်စီးခြင်းမျိုးနဲ့ ကြုံလာရင်လည်း 'အို... ပိုင်ရှင်က အချိန်တန်လို့ သူ့ပစ္စည်း သူပြန်ယူတာပဲ ယူပါစေလေ၊ ငါ့မှာ ဒါနသီလ ဘာဝနာ ကျန်နေတာပဲ၊ တော်ပြီပေါ့' လို့အဆိုးလောကဓံကို သဘောထားမှန်မှန် နဲ့ ရင်ဆိုင်ရဲလို့ တယ်အပူမပြင်းတော့ပါဘူး။ 

ခန္ဓာကိုယ်ကို ကျန်းမာရေးကောင်းတုန်း ဒါန သီလ ဘာဝနာ အတွက် အသုံးပြုခဲ့တဲ့လူဟာ ရာဂါတစ်ခုခု ကပ်ရောက်လာရင်လည်း'အို...ငါက အိမ်ငှားပဲ၊ အိမ်ရှင်က အိမ်ရှင်အလုပ် အမျိုးမျိုး ဖောက်ပြန်ပြမှာပေါ့၊ ကိုယ်ပိုင် အိမ်မဟုတ်တော့ ဘာမှ တတ်နိုင်ခြင်း မရှိပါဘူး၊ ဒုက္ခသစ္စာဆိုတဲ့ နာမည်နဲ့လိုက်အောင် နှိပ်စက်ပါစေ၊ သူ့အ လုပ် သူလုပ်ပါစေ' လို့ နာခြင်းတရားကနေ အနတ္တဉာဏ် အမြတ်တောင် ထုတ်ယူတတ်တဲ့အတွက် အန္ဓပုထုဇဉ် လူမိုက်လိုတော့ ပဋာမြေလူး ဖျပ်ဖျပ်ရူး မဖြစ်ဘူးပေါ့။

ဦးဇင်းတို့ အတိတ်က မသိမှုကြောင့် ဖြုန်းခဲ့ကြတယ် ဆိုရင်တောင် အခုချိန်ကစလို့ စွမ်းနိုင်သမျှ သုံးဖို့ ပြင်ဆင်ကြရမှာပေါ့။ သုံးဖို့မကြိုးစားဘဲ ဖြုန်းတီးရုံသက်သက်နဲ့ အချိန်တွေ ကုန်ဆုံးနေကြမယ်ဆိုရင် အငှားရ ထားတဲ့ ဥစ္စာနဲ့ ခန္ဓာက ဦးဇင်းတို့ကို ဒုက္ခပေးဖို့ နှိပ်စက်ဖို့ သက်သက်အတွက်ပဲ ဖြစ်လာလိမ့်မယ်။ 

ပိုင်ဆိုင်မှုတွေများလေ  ပူပန်ရလေ၊ ခွဲခွာရမှာ ကြောက်လေ၊ အနှိပ်စက်ခံရလေ ဖြစ်နေမယ်။ ရှိပြီး မချမ်း သားတဲ့ လူဆင်းရဲတွေ လောကမှာ အများကြီးနော်။

ဟနန္တိ ဘောဂါ ဒုမ္မေဓံ - စည်းစိမ်သည် ပညာမဲ့အား ဖျက်ဆီးတတ်၊  နော စ ပါရဂဝေသိနော -နိဗ္ဗာန်ချမ်းသာကို ရှာမှီးသော ပညာရှိအား မဖျက်ဆီးတတ် “ လို့ ဆိုပါတယ်။

ယောဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ အဆုံးသတ်ကြရအောင်။

မောင်တိုးဆိုတဲ့ လူတစ်ယောက်မှာ ငွေထုပ်တစ်ထုပ် ရှိနေတယ်။ သူခရီးတစ်ခုကို သွားရမယ်။ ငွေထုပ်ပါနေတဲ့အတွက် လုယက်မှာ၊ ဓားပြတိုက်ခံရမှာကိုစိုးရိမ်ရတယ်။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်လို့ရအောင် ဓားတစ်ချောင်းကို ခါးမှာထိုးပြီးသွားတယ်။

တောလမ်းတစ်နေရာရောက်တော့ တုတ်ကိုင်ထားတဲ့ လူတစ်ယောက်က မောင်တိုးလွယ်အိတ်ထဲက ငွေထုပ်ကို တောင်းတယ်။ မောင်တိုးကလည်း မပေးဘူး။ အလွယ်တကူ မပေးတဲ့အတွက် တုတ်ကိုင်ထားတဲ့လူက သူ့ကို တိုက်ခိုက်တယ်။ သူကလည်း ပြန်ခုခံတယ်။ တိုက်ခိုက်နေကြရင်း မောင်တိုးခေါင်းကို ဖြောင်းကနဲ အရိုက်ခံလိုက်ရလို့ မောင်တိုးလဲကျသွားတယ်။ လဲကျသွားတဲ့ အခါ သူ့ခါးကြားမှာထိုးထားတဲ့ဓားက သူ့ကို ပြန်ရှတော့တယ်။ အဲကျမှ သူ့မှာ ဓားပါမှန်း မောင်တိုး သတိရတော့တယ်။ ဒါပေမယ့် လွန်သွားခဲ့ပြီ။ သူမထ နိုင်တော့ဘူး။ တုတ်ကိုင်ထားတဲ့လူက အသာအယာပဲ သူ့လွယ်အိတ်ကို ဖြုတ်ယူသွာတော့တယ်။

အဲလိုပါပဲ ကိုယ့်မှာရှိတဲ့ အရာကို အသုံးမချဘဲ မေ့လျော့နေမယ် ဆိုရင် အဲဒီအရာက ပြန်ပြီးတောင် ဒုက္ခပေးတတ်ပါတယ်။ ဒုက္ခရောက်မှ  အမိတနေရင် အချိန်တွေက လွန်သွားပြီဖြစ်လို့ နောင်တနဲ့ ဘဝနိဂုံး ချုပ်ရတတ်တယ်။

ဒါကြောင့် ဦးဇင်းတို့ အနေနဲ့ ကံအားလျော်စွာ ရရှိထားတဲ့ ခန္ဓာနဲ့ စည်းစိမ်ဥစ္စာကို အငှားတရားတွေလို့ သိမြင်ပြီး အသုံးပြုခွင့် ရနေတဲ့ ကာလလေးမှာ ကိုယ်ပိုင်ဖြစ်မယ့် ကုသိုလ်တရားကို ရအောင်ယူကြရမယ်။ အငှား ပစ္စည်းတွေ အပေါ်မှာ မေ့လျော့ပျော်ပါးကာ ကိလေသာတို့ဖြင့် စိုစွတ်မနေစေဘဲ ပိုင်ရှင်က ပြန်တောင်းတဲ့အချိန် ကြည်ဖြူစွာ စွန့်နိုင်အာင် အပ္ပမာဒတရား လက်ကိုင်ထားလို့ ကြိုးစားကြပါစို့။

Credit....အရှင်ပညာသီရိ(ရမ္မာကျွန်း)

ခင်ပွန်းကြီးဆယ်ပါး သိစရာအဖြေရှာ

ခင်ပွန်းကြီး(၁၀)ပါး သိစရာ အဖြေရှာ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

မပြစ်မှားသင့်သော ပုဂ္ဂိုလ်(၁၀)ယောက်ကို ''ခင်ပွန်းကြီး(၁၀)ပါး'' လို့ ပြောတာပါ။ 
ဓမ္မနီတိ၊ ဂါထာ(၃၃၄)မှာ တိုက်ရိုက် လာရှိပါတယ်။

ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကော။
မာတာ ပိတာ ဂရု သတ္ထာ၊ ဒါယကော ဓမ္မဒေသကော။
ပဏ္ဍိတော ဟိ ဣမေ ဒသ၊ န ဒုဗ္ဘန္တီတိ ဇာနိယာ။

ခင်ပွန်းကြီး(၁၀)ပါးမှာ
(၁) သဗ္ဗညုဘုရားရှင်
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာအရှင်မြတ်
(၄) ဘုရားရှင်၏ လက်ယာရံ၊ လက်ဝဲရံ အရှင်မြတ်နှစ်ပါး
(၅) မိခင်
(၆) ဖခင်
(၇) အသက် သိက္ခာ ဂုဏ်အားဖြင့် ကြီးမြတ်၍ အလေးအမြတ် ပြုအပ်သူများ
(၈) ပညာသင်ကြားပေးကြသော ဆရာများ
(၉) ပစ္စည်း၀တ္ထုတို့ကို ပေးဖူးသော ကျေးဇူးရှိသူများ
(၁၀) ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ တို့ပဲ ဖြစ်ပါတယ်။

     ခင်ပွန်းကြီး(၁၀)ပါး နှင့် ပတ်သက်လို့
မန္တလေး သာသနာ့တက္ကသိုလ် ဒုချုပ်ဆရာတော် ဘဒ္ဒန္တဥာဏာလင်္ကာရာဘိဝံသ က စာချရင်း မိန့်ဖူးတာလေး ရှိပါတယ်။ 
ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာက
 ''တေမိယဇာတ် ခေါ် မူဂပက္ခဇာတ်လာ ဒသမိတ္တပူဇာ(၁၀)ဂါထာလာ မိတ်ဆွေကို ပူဇော်ကြောင်း(၁၀)မျိုး''ကို အမှတ်လွဲပြီး ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာပါ တဲ့။

    လိုက်ရှာကြည့်လိုက်တော့ 
တေမိယဇာတ် (သို့မဟုတ်) မူဂပက္ခဇာတ် ဂါထာနံပါတ် (၁၂)မှ (၂၁)ထိ ဆယ်ဂါထာကို တွေ့ရပါတယ်။
(၁၀)ဂါထာလုံးမှာ ''ယော မိတ္တာနံ န ဒုဗ္ဘတိ'' ''မိတ်ဆွေကို မပြစ်မှားရဘူး''ဆိုတဲ့ ပါဠိစာသားတွေ ပါကြပါတယ်။

     အဲဒါကို အဋ္ဌကထာဆရာက ''မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ'' (မိတ်ဆွေဆိုတာ ဘုရားအစရှိတဲ့ မိတ်ဆွေကောင်း) လို့ပဲ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။

       ဒါန့်တိုင်ဆရာတော်က ''မိတ္တာနံ = ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား'' ဟု အနက်ပြန်ဆိုထားပါတယ်။
ဗုဒ္ဓါဒီနံ- ၌ အာဒိသဒ္ဒါဖြင့် ''ပစ္စေကဗုဒ္ဓါ၊ ရဟန္တာသာ၀က၊ အဂ္ဂသာ၀က၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံးပါး၌ ယုံကြည်သူ၊ ပစ္စည်း၀တ္ထု ပေးကမ်းသူ၊ တရားဟောပေးသူ ဤကိုးယောက်သော ကလျာဏမိတ္တတို့ကို ယူပါ''လို့ ဖော်ပြထားပါတယ်။ 

 ထို့ကြောင့် ပါဠိတော်၊ အဋ္ဌကထာတို့၌ ခင်ပွန်းကြီး(၁၀)ပါးနှင့် ပတ်သက်လို့ တိုက်ရိုက် ဖော်ပြထားတာကို မတွေ့ရပါ။ နိသျဆရာတော်၏ အာဒိသဒ္ဒါဖြင့် ယူဆထားတာကို မှတ်သားပြီး ခင်ပွန်းကြီး(၁၀)ပါးသည် တေမိယဇာတ် (သို့) မူဂပက္ခဇာတ်မှ လာသည်ဟု ယူဆထားဟန် ရှိပါတယ်။
     အမှန်က ခင်ပွန်းကြီး(၁၀)ပါးမှာ ဓမ္မနီတိ ဂါထာနံပါတ်(၃၃၄)က တိုက်ရိုက်လာတာ ဖြစ်ပါတယ်။

 အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရ/ မိတ်ဆွေကို မပြစ်မှားရဘူး

      တေမိယဇာတ်/ မူဂပက္ခဇာတ်မှာ ဘုရားအလောင်းတော် တေမိမင်းသားက သူ့ကို မြေမြှုပ်ဖို့ တွင်းတူးနေတဲ့ သုနန္ဒရထားထိန်းကို ''ရထားထိန်း သင်ဟာ ကာသိမင်းကို အမှီပြု အသက်မွေးနေရတဲ့ သူပါ။ ငါက သင့်အရှင် ကာသိမင်းရဲ့ သားပါ။
သင်က ငါ့ကို တောထဲမှာ တွင်းတူး မြေမြှုပ်သတ်မယ်ဆိုရင် သင်ဟာ မတရားမှုကို လုပ်နေတာပဲ။ တကယ်တော့ မိတ်ဆွေကို ပြစ်မှားနေတာပဲ။
 ရထားထိန်း၊ သစ်ပင်ရဲ့အရိပ်မှာ နေဖူး၊ အိပ်ဖူးတယ်ဆိုရင် အဲဒီသစ်ပင်နဲ့ သစ်ပင်ရဲ့ အခက် အရွက်စတာတွေကို မချိုးရ၊ မဖျက်ဆီးရဘူး။ ချိုး ဖျက်တဲ့ပုဂ္ဂိုလ်ဟာ အဆွေခင်ပွန်း မိတ်ဆွေကို ပြစ်မှား သတ်ဖြတ်တာနဲ့ အတူတူပဲ၊  လူယုတ်မာပါပဲ။
 ဥပမာနဲ့ ပြောရရင် သစ်ပင်က မင်းကြီး ဆိုရင် ငါက သစ်ခက်ပါ။ သင်ကတော့ သစ်ရိပ်ခိုတဲ့ ယောက်ျားပေါ့။ ဒါ့ကြောင့် အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး။ မိတ်ဆွေကို မပြစ်မှားရဘူး တဲ့။
ဆက်ပြီးတော့ မိတ်ဆွေကို မပြစ်မှားသူတို့ ရနိုင်တဲ့ ကောင်းကျိုး (မိတ်ဆွေကို ပူဇော်သင့်ကြောင်း)တွေကို ပြောပြလိုက်ပါတယ်။

 အဆွေခင်ပွန်းကို မပြစ်မှားခြင်းရဲ့ ကောင်းကျိုး (ဂါထာဆယ်ခု၏ အဓိပ္ပါယ်)

(၁) မိမိအိမ်က အပြင်ထွက်တဲ့အခါမှာတောင် စားစရာတွေ အများကြီးရနိုင်တယ်။ 
(၂) ဘယ်နေရာရာ ရောက်ရောက် အရှင်သီ၀လိမထေရ်လိုပဲ ပူဇော်ခံရတယ်။
(၃) သံကိစ္စသာမဏေလိုပဲ သူခိုးတို့ အနှိပ်စက် မခံရဘူး။
(၄) ဒေါသမထွက်ရဘဲ အိမ်ကို ကောင်းမွန်စွာ ပြန်လာနိုင်တယ်။ ဆွေမျိုးတွေထဲမှာ အမြတ်ဆုံးလို့ သိမှတ်ခံရတယ်။
(၅) သူတစ်ပါးတွေရဲ့ ရိုသေ လေးစားခြင်း ခံရတယ်။
(၆) ပူဇော် ရှိခိုးခံရတယ်။ 
(၇) ခြံရံ ကျော်စောမှုတွေနဲ့ တင့်တယ်တယ်။
(၈) လယ်ယာ စိုက်ပျိုး ဖြစ်ထွန်းလို့ အသီး စားရတယ် (စီးပွားရေး အဆင်ပြေတယ်။)
(၉) သေတဲ့အခါ နတ်ပြည်ရောက်ရတယ်။
(၁၀) ရန်သူတို့ အနှိပ်စက် မခံရဘူး တဲ့။
          (မူဂပက္ခဇာတ်၊ ဇာ၊၂၊၁၅၀။ ဇာ၊ဋ္ဌ၊၆၊၁၆။)

 ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားခြင်း၏ ဆိုးကျိုး/ ပြစ်ဒဏ်(၁၀)မျိုး

 ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိသော ပုဂ္ဂိုလ်သည်
(၁) ဦးခေါင်းကိုက်ခြင်းစတဲ့ ပြင်းထန်သော ရောဂါကို ခံစားရခြင်း၊
(၂) အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ပျက်စီးရခြင်း၊
(၃) ခန္ဓာကိုယ် ခြေပြတ် လက်ပြတ် စသည်ဖြစ်ရခြင်း၊
(၄) မျက်စိကွယ်၊ နူနာစွဲ၊ လေဖြတ်ခြင်းစတဲ့ ရောဂါကြီးများ ခံစားရခြင်း၊
(၅) ရူးသွပ်ခြင်း၊
(၆) ရာထူးများ လျောကျ ဖယ်ရှားခံရခြင်း၊
(၇) ကြမ်းတမ်းတဲ့ စွပ်စွဲမှုများနဲ့ ကြုံတွေ့ရခြင်း၊
(၈) ဆွေမျိုးများ သေကြေ ပျက်စီးခြင်း၊
(၉) စည်းစိမ်ပျက်၊ မိမိပိုင် ရွှေတုံးများ မီးသွေးခဲ စသည်ဖြစ်သွားရခြင်း၊
(၁၀) သေပြီးနောက် ငရဲ ကျရောက်ရခြင်း တို့ကို ခံစားရပါတယ်။
(ဓမ္မ၊ ဋ္ဌ၊၂၊ ၄၄။)

သတိ သံဝေဂ ရကြပါစေ
 ''မပြစ်မှားထိုက်သော ကိလေသာကင်းစင်သည့်ပုဂ္ဂိုလ်ကို ပြစ်မှားလျှင် လေညာသို့ ပစ်လွှင့်လိုက်သည့် မြေမှုန်သည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ လူမိုက်၏ မကောင်းမှုကံသည် ထိုလူမိုက်ထံသို့သာ ပြန်ရောက်လေ့ရှိပါသည်။ (သံ၊၁၊၁၃။)
 လေညာသို့ တံတွေးထွေးလျှင် မိမိကို ပြန်စင်သကဲ့သို့ မပြစ်မှားသင့်သူကို ပြစ်မှားလျှင် မိမိပင် ပျက်စီးရတတ်သည်ကို သတိကြီးစွာဖြင့် သံဝေဂယူရပါမည်။

ယနေ့ခေတ်မှာ ခင်ပွန်းကြီး(၁၀)ပါး ဘုရားရှိခိုး ဆိုပြီး ပါဠိဂါထာ၊ အနက်ပြန်ဆိုမှုတွေ တွေ့နေရပါတယ်။
အဲဒီဘုရားရှိခိုး ဂါထာနဲ့ ရဟန်းတွေ ရှိမခိုးသင့်ဘူးလို့လည်း ဆိုနေကြပါတယ်။ မှန်ပါတယ်။ ဘုရား ရဟန္တာများ ပါနေပေမယ့် လူသားများဖြစ်တဲ့ မိဘစသူတွေ ပါနေတဲ့အတွက်ကြောင့် ရဟန်းတော်များသည် ဘုရား ရဟန္တာများကိုသာ ရှိခိုးတဲ့ ဂါထာတွေနဲ့ပဲ ရှိခိုးတာ ပိုပြီး သင့်မြတ် လျော်ကန်ပါတယ်။

(သိသလောက် တွေ့ရှိသမျှလေးနဲ့ တင်ပြ မျှဝြေခင်းပါ။ အသိတွေ လင်းလက်ကြပါစေ။ သတိ သံဝေဂ ရကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါသည်။)

Credit... U Kheminda BK