#ထေရ်ကြီးဝါကြီး_ဆရာတော်ကြီးများကို
#စော်ကားနေသူတို့၏ ဘဝနိဂုံးအဆုံးသတ်ပုံ။
------------------------------------------------
ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေသော
အရှင်နာရဒမထေရ်သည် နံနက်စောစော ဆွမ်းခံရန်
ရာဇဂြိုဟ်မြို့ထဲသို့ ကြွသွားစဉ်
ပြိတ္တာတစ်ဦးကို တွေ့မြင်လေ၏။
ထိုပြိတ္တာ၏ ကိုယ်သည် ရွှေအဆင်းရှိ၍ မျက်နှာသည်
ပုပ်သိုးသိုး ရှိပြီး ပါးစပ်ကား ဝက်နှုတ်သီးနှင့်တူ၏။
သူသည် အမြဲတမ်း ဆာလောင်မွတ်သိပ်နေသဖြင့်
သနားစဖွယ် ကောင်းလှ၏။
မထေရ်က ထိုပြိတ္တာထံ ချဉ်းကပ်၍ အတိတ်ဘဝက
သူပြုခဲ့သည့် မကောင်းမှုကံ အကြောင်းကို မေးသဖြင့်
ပြိတ္တာက ဤသို့ ပြန်ပြောရှာ၏။
ကဿပဘုရားလက်ထက်၌ ရဟန်းတစ်ပါးသည်
ရဟန်း၏ကျင့်ဝတ်သိက္ခာပုဒ်များကို ကောင်းစွာကျင့်သုံး၏။
သို့သော် သူသည် ကြမ်းတမ်းရိုင်းပြသော
အသုံးအနှုန်း စကားတို့ဖြင့်
မိမိထက် သိက္ခာဝါကြီးသည့် အခြားသော ရဟန်းတို့ကို
အမြဲပင် နှိမ့်ချစွပ်စွဲ ခိုင်းနှိုင်းစော်ကားလေ့ရှိ၏။
ကံသုံးပါးအမှုတို့ဖြင့် မထေမဲ့မြင် အမြဲပြုလေ့ရှိ၏။
အခြားရဟန်းတို့က ထိုသို့ ရိုင်းပြစွာ မစော်ကားရန်
တားမြစ်ဆုံးမ သော်လည်း နားမထောင်ဘဲ ကြမ်းတမ်းရိုင်းပြ
သည့် စကားတို့ဖြင့် ပြောဆိုမြဲ ပြုသည်သာတည်း။
ထိုရဟန်းသည် သက်တမ်းကုန်၍ ကွယ်လွန်သောအခါ
ရဟန်းတို့အား နှုတ်ဝစီကြမ်းတမ်းစွာ စော်ကားမော်ကား
ပြောဆိုခဲ့ခြင်း အကုသိုလ်ကံကြောင့်
ဂိဇ္ဈကုဋ်တောင်ခြေရင်း၌ ဝက်နှုတ်သီးကဲ့သို့ နှုတ်ခမ်းထော်
နေသော ပြိတ္တာဖြစ်လေ၏။
ရဟန်းကျင့်ဝတ်သိက္ခာပုဒ်များကို စောင့်ထိန်းခဲ့ခြင်း
ကုသိုလ်ကံကြောင့် ရွှေအဆင်းနှင့်ပြည့်စုံခဲ့ပြီး
မိမိထက် သိက္ခာကြီးမြတ်သော ထေရ်ကြီးဝါကြီးသံဃာများနှင့်
အခြားသီတင်းသုံးဖော် ရဟန်းများကို ကြမ်းတမ်းစွာ
ဆဲဆိုခိုင်းနှိုင်း စွပ်စွဲစော်ကားခဲ့ခြင်းကြောင့်
ဝက်နှုတ်သီး ဝက်မျက်နှာနှင့် အရုပ်ဆိုးအကျည်းတန်ကာ
အမြဲတမ်း ဆာလောင်မွတ်သိပ်သည့် ပြိတ္တာဘဝသို့
ရောက်ခဲ့လေ၏။ (သူကရမုခပေတဝတ္ထု)
ယခုခေတ် မိမိဆန္ဒနှင့် မကိုက်ညီသည့်အခါ
မိမိထက် အသက်၊ သိက္ခာကြီးတော်မူသည့်
ဆရာတော်ကြီးများ၊ တိပိဋကဆရာတော်များအပါအဝင် မိမိဆန္ဒနှင့် ထပ်တူမကျသည့် မည်သည့်ရဟန်းကိုမဆို ဆဲဆိုနေခြင်း၊ ခိုင်းနှိုင်းစော်ကားနေခြင်း၊ မူးယစ်ဆေးဝါးတို့ဖြင့် ခေါင်းစဉ်တပ်ကာ စွပ်စွဲနေခြင်း၊
သိက္ခာကိုရိက္ခာနှင့် လဲလှယ်၍လည်းကောင်း၊
ဘာသာခြားအလိုကျ သာသနာပြုဖက် ရဟန်းတော်များကို နှိပ်ကွတ်စွတ်စွဲ ဆဲဆိုကြိမ်းမောင်း ခိုင်းနှိုင်းစော်ကားနေကြသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များကို မြင်တွေ့နေရပါတယ်။
ထိုပုဂ္ဂိုလ်များ သတိကြီးကြီးထားကြရန်နှင့်
သံဝေဂရသင့်သည့် အချိန်ရောက်ပြီဟု အသိပေးချင်တာပါ။ သံဝေဂရသည့်အားလျော်စွာ ပြုပြင်သင့်သည့်
အချိန်လည်း တန်ပြီဖြစ်ပေသည်။
ထိုသို့မဟုတ်ဘဲ ဆက်၍ မိုက်မြဲ မိုက်နေဦးမည်ဆိုပါလျှင်၊
စော်ကားမြဲ စော်ကားနေဦးမည်ဆိုပါလျှင်
အထက်က ရဟန်းကျင့်ဝတ်နဲ့ ပြည့်စုံခဲ့ ပေမယ့်
ရဟန်းတော်များအား ရိုင်းရိုင်းစိုင်းစိုင်း စော်ကားခဲ့သည့်
အကုသိုလ်ကံကြောင့်
ဝက်နှုတ်သီး၊ ဝက်မျက်နှာနှင့် အရုပ်ဆိုး အကျည်းတန်သည့်
ပြိတ္တာဘဝသို့ ရောက်ကြလိမ့်ဟု ထပ်မံ
သတိပေးလိုပါတယ်။
ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက
ထေရ်ငယ် ရှင်ငယ်တို့၏ အဖအရာဖြစ်ပါတယ်။ စော်ကားတိုင်း စော်ကားတိုင်း၊ ပြစ်မှားတိုင်း ပြစ်မှားတိုင်း၊ ဆဲဆိုတိုင်း ဆဲဆိုတိုင်း၊ ခိုင်းနှိုင်းတိုင်း ခိုင်းနှိုင်းတိုင်း
ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် စသူတို့မှာ
ဝက်နှုတ်သီး၊ ဝက်မျက်နှာနှင့် အကျည်းတန်အရုပ်ဆိုးစေမည့် ပြိတ္တာဘဝသို့ ရောက်စေတတ်သည့် လက်မှတ်ကို
ဝယ်ယူနေသလိုသာ ဖြစ်ပေတော့သည်။
ကိုယ်ရိုင်းတာကိုယ်သိပါစေ။
ကိုယ်နှိုင်းတာ ကိုယ်သိပါစေ။
ကိုယ်မိုက်တာ ကိုယ်သိပါစေ၊ ကိုယ်ဆဲတာ ကိုယ်သိပါစေ။
ကိုယ်စော်ကားတာ ကိုယ်သိပါစေ။
crd >>> ဒေါက်တာအရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment