အသျှင်အဘိဇာတာဘိဝံသ ဒွါဒသမတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်း နန္ဒဝန်ရပ်၊ မုံရွာမြို့၊ ရေးသားခဲ့သော
ပါဠိပညာရေးနှင့်ဘာသန္တရ
🌻🌻🌻🌻🌻🌻🌻🌻🌻
ဆောင်းပါးမှ ထုတ်နှုတ်သည်။
“ဘာသန္တရကို တော်လှန်သော တကယ့်ရှေးရိုးစွဲ ဝါဒီ”ဟု မထင်မှတ်သင့်ပေ။ အကြောင်းကား ဤစာရေးသူကိုယ်တိုင်လည်း ဘာသန္တရ အင်္ဂလိပ်စာ သင်ယူရန် စိတ်ဝင်စားလျက် ရှိသောကြောင့်ပင် ဖြစ်သည်။ စာမေးပွဲတွင် ဘာသန္တရ ဘာသာရပ် ပြဋ္ဌာန်းလိုက်လျှင် “မူရင်းပိဋကကျမ်းစာ'၌ အားနည်း သွားနိုင်စရာရှိသောကြောင့်သာ ရေးသားရခြင်း ဖြစ်ပါသည်။
ကောင်းမွန်သည့် ပညာရေး
🌻🌻🌻🌻🌻🌻🌻🌻🌻
ပါဠိပိဋကစာပေမှာရော၊ ဘာသန္တရမှာပါ သက်ဝင်မွှေနောက် ကျွမ်းကျင်လိမ္မာ တတ်မြောက် တော်မူကြသည့် ပါမောက္ခချုပ်ဆရာတော်ကြီးနှစ်ပါး မိန့်ကြားသကဲ့သို့ပင် မြန်မာပြည် ပါဠိပညာရေးသည် ဒိတ်အောက်ပြီးအဓိပ္ပါယ်ကင်းမဲ့သော ပညာရေးမဟုတ်။ အလွန်တရာ အဓိပ္ပါယ်ရှိ ကောင်းမွန်သော ပညာရေးဖြစ်သည်။ ပိုးသာကုန် မောင်ပုံ စောင်းမတတ်”ဆိုသလို အချိန်သာကုန်ပြီး သောတုဇနတို့ တကယ်မတတ်သော ပညာရေးမဟုတ်။ ပိဋကစာပေကို အခြေအမြစ်ကျကျ
တတ်ကျွမ်းစေနိုင်သော ပညာရေး ဖြစ်သည်။ သို့သော် စာမေးပွဲဖြေဆိုရာတွင်တော့ အထူးသန့်ရှင်းရန် အထူးကြပ်မတ်သင့်သည်။ ဆိုင်ရာအတန်းတွင် တကယ့်အရည်အချင်းရှိသူမှ အောင်မြင်စေသင့်သည်။ “နိုင်ငံတော်မှ ငွေကြေးအကုန်အကျ များစွာခံ၍ ကျင်းပပေးနေသော ပါဠိပထမပြန်နှင့် ဓမ္မာစရိယ စာမေးပွဲကိုသာ သန့်ရှင်းအောင် ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါ” ဟု ပန်ကြားလိုသည်။ ယနေ့ မြန်မာပြည်စာမေးပွဲ လောကဖြစ်ပျက်နေပုံကို စာမေးပွဲနှင့် ဆက်စပ်သူတိုင်း ကောင်းကောင်းကြီး သိကြလေသည်။ ပြုပြင်နိုင်ကြပါစေဟူလို။
ဤစာကို ရေးသည့်အတွက် စာရေးသူကို
“ဘာသန္တရကို တော်လှန်သော တကယ့်ရှေးရိုးစွဲ ဝါဒီ”ဟု မထင်မှတ်သင့်ပေ။ အကြောင်းကား ဤစာရေးသူကိုယ်တိုင်လည်း ဘာသန္တရ အင်္ဂလိပ်စာ သင်ယူရန် စိတ်ဝင်စားလျက် ရှိသောကြောင့်ပင် ဖြစ်သည်။ စာမေးပွဲတွင် ဘာသန္တရ ဘာသာရပ် ပြဋ္ဌာန်းလိုက်လျှင် “မူရင်းပိဋကကျမ်းစာ'၌ အားနည်း သွားနိုင်စရာရှိသောကြောင့်သာ ရေးသားရခြင်း ဖြစ်ပါသည်။
လက်ရှိ ပထမပြန်စာမေးပွဲတွင် အငယ်တန်း၌ ဘာသာရပ် ၅-ခု၊ အလတ်တန်း၌ ဘာသာရပ် ၁-ခု၊ အကြီးတန်း၌ ဘာသာရပ် ၇- ခု ရှိသည်။ ထိုဘာသာရပ်တို့တွင် အပိုသဖွယ်ဖြစ်၍ နှုတ်ပယ်သင့်သော ဘာသာ ရုပ်ကို လုံးဝလုံးဝ မမြင်မိပေ။ လက်ရှိအနေ အထား အရပြဋ္ဌာန်းဘာသာရပ်များကို စာချသူများအဖို့ သင်ရိုးကုန်ရန် နှစ်ပေါက်ပို့ချရသည်။ စာသင်သား များလည်း နှစ်ပေါက်သင်ကြရသည်။ ဤအနေ အထားမျိုးတွင် နောက်ထပ် ဘာသာရပ်တစ်မျိုးကိုတိုး၍ ပြဋ္ဌာန်းရမည်မှာ စာချစာသင်များကို အလွန်ကြီး မညှာမတာရာလည်း ရောက်နိုင်ပေသည်။ ပြဋ္ဌာန်း ကျမ်းစာနှင့် အချိန်မျှတရုံမျှ ရှိသည်ကိုလည်း စာဝါများကို တကယ်ပို့ချနေသော စာချဘုန်းကြီးများကသာ
ကောင်းကောင်း သိကြပါသည်။
အကြံပြုရလျှင်
🌻🌻🌻🌻🌻
ကမ္ဘာတိုင် ထိုးဖောက်၍ သာသနာပြုရန်အတွက် ဘာသန္တရသင်ကြားရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် အကြံပြုလိုသည်မှာ -
၁။ ထိုဘာသန္တရစာမေးပွဲသည် ပါဠိပထမပြန်၊ ဓမ္မာ စရိယစာမေးပွဲနှင့် မရောထွေးသင့်၊ သီးခြား အမည်ဖြင့် သီးခြားသာ ရှိသင့်သည်။
၂။ ထိုစာမေးပွဲဝင်မည့်သူ၏ အရည်အချင်းကို “ဓမ္မာစရိယဘွဲ့ရပြီးသူ”ဟု သတ်မှတ် သင့်သည်။
၃။ သောတုဇနများ မဖြေမနေရ မဟုတ်၊ ဖြေလိုသူ များသာ ဖြေဆိုနိုင်ခွင့် ရှိစေရမည်။
(ဤသို့ သတ်မှတ်သဖြင့် ဘာသန္တရတတ်ကျွမ်း လိုသူ သာသနာပြုရန် စိတ်ရှိသူများကား ကန်ဖြေကြ မည်သာ ဖြစ်သည်။)
၄။ အတန်းကို
(က)မူလတန်းအဆင့်
(ခ) အလယ်တန်းအဆင့်
(ဂ) အထက်တန်းအဆင့်-ဟု သုံးတန်း ခွဲခြားသင့်သည်။
၅။ ထို့တွင်
(က) မူလတန်းအဆင့်ကို အစိုးရမူလတန်း အရည်အချင်းနှင့်ညီအောင်၊
(ခ) အလယ်တန်းအဆင့်ကို အစိုးရအလယ်တ န်းအဆင့်နှင့်ညီအောင်
(ဂ) အထက်တန်းအဆင့်ကို အစိုးရအထက်တန်းအဆင့်နှင့် ညီအောင် ပြဋ္ဌာန်းသင့်သည်။
၆။ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရာတွင် အစိုးရ လောကီကျောင်းများနှင့် မတူစေဘဲ ကုသိုလ် တရား တိုးပွားစေသော သာသနာ ဝေါဟာရများ ကို များများသုံး၍ ရေးသင့်သည်။
ဥပမာ - မူလတန်း၌ မြတ်စွာဘုရားသည် တရား ဟောတော်မူ၏စသော ဝါကျတိုများ ရေးသားနိုင်အောင် ပြဋ္ဌာန်းသင့်သည်။ အလယ်တန်း၌ ဇာတက၊ ဓမ္မပဒစသော ဝတ္ထုများနှင့် ဂါထာများအထက်တန်း၌ နိကာယ်ကျမ်းလာ သုတ်တော်ကြီးများကို အင်္ဂလိပ် ဘာသာဖြင့် ပို့ချသင့်/ပြဋ္ဌာန်းသင့်သည်။
၇။ စာမေးပွဲဖြေဆိုရာ၌ တစ်နှစ်တည်း သုံးတန်းလုံး ဖြစ်စေ၊ သို့မဟုတ် နှစ်တန်းဖြစ်စေတစ်တန်း ဖြစ်စေ စွမ်းနိုင်သလို ဖြေဆိုနိုင်အောင် စီစဉ်ပေး သင့်သည်။ လောကီကျောင်း များ၌ အထက်တန်း အောင်ပြီးသူသို့မဟုတ် ဘွဲ့ရပြီးသူ ဖြစ်လျှင်ကား အထက်တန်းကို ခုန်ကျော် ဖြေဆိုလိုက ဖြေဆို ခွင့်ပြုသင့်သည်။ (သို့သော် ၎င်းသည် အထက်၌ ဆိုခဲ့ပြီးသည့်အတိုင်း ပိဋကစာပေ အရည်အချင်းအားဖြင့် စာချတန်း အောင်ပြီးသူ ဖြစ်နေရမည်။
ဤကား အင်္ဂလိပ်စာအတွက် အကြံပြုခြင်းဖြစ် သည်။
၈။ “ကမ္ဘာ့သာသနာပြုမည်"ဟု ရည်ရွယ်ချက် ကြီးမားလှသူအဖို့ ထိုမျှဖြင့် လုံလောက်မည် မဟုတ်။ ကိုးကွယ်မှုဘာသာတရား နှိုင်းယှဉ်လေ့လာမှုကိုလည်း ဆိုင်ရာမူလတန်းအလယ်တန်းအထက်တန်းအဆင့်နှင့် လျော်ညီအောင် သီးခြားပြဋ္ဌာန်းသင့်သည်။
တစ်တန်းတစ်တန်း၌
(က) အင်္ဂလိပ်ဘာသာ
(ခ) ကိုးကွယ်မှု ဆိုင်ရာနှစ်ဘာသာ-ဟူ၍ ရှိသင့်သည် ဟူလို။
အချုပ်အားဖြင့်ဆိုရသော် ကမ္ဘာ့သာသနာပြုရာ၌ ဘာသန္တရပြဋ္ဌာန်းလိုလျှင် မူရင်းပထမပြန် ဓမ္မာစရိယစာမေးပွဲ စည်းမျဉ်းများကို မထိပါးစေဘဲ မိခင်ဘာသာရင်း ပိဋကအရည်အသွေးကို မလျော့ပါး စေဘဲ သတိကြီးစွာထား၍ စီမံသင့်ကြောင်း၊ ဖြစ်ချင်တာတစ်ခုတည်း ကြည့်၍ စီမံလျှင် (ဆေးဝါး များ၌ ဘေးထွက်ဆိုးကျိုး ဖြစ်လာသကဲ့သို့) ဘေးထွက် .. ဆိုးကျိုးဖြစ်တတ်ကြောင်း၊ သေချာ စဉ်းစားမှုမပြုဘဲ လုပ်ချင်ဇောတစ်ခုတည်းနှင့် ပြုလုပ်လျှင် နောင်ပြင်လိုက (နဂါးအကတွင် ဦးခေါင်း … အလှည့်လွယ်သလောက် အမြီးပိုင်းက က- ရသူများ အလွန် ပင်ပန်းသကဲ့သို့) အောက်က လူများ လုပ်ရသည်မှာ အလွန်ခက်ခဲ ဆင်းရဲပင်ပန်းမှု ဖြစ်ရကြောင်း ပြောကြားလိုပေသတည်း။
အသျှင်အဘိဇာတာဘိဝံသ ဒွါဒသမတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက သဒ္ဓမ္မဇောတိက သုဗောဓာရုံကျောင်း နန္ဒဝန်ရပ်၊ မုံရွာမြို့၊
🌻🌻🌻🌻🌻🌻🌻🌻
ဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ် သက်တော် (၇၅)နှစ်ပြည့် ဝိဇာတမင်္ဂလာ အထိမ်းအမှတ်
စိန်ရတုမင်္ဂလာ မော်ကွန်းလွှာ
စာအုပ်မှ
ကိုလင်း(သံလျင်)ထံက မျှဝေသည်။
No comments:
Post a Comment