စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 8, 2022

လူသုံးမျိုး

လူသုံးမျိုး
---------
ဓမ္မအရာမှာ လူအ လူန လူလှ လို့လူသုံးမျိုးရှိတယ်။လူအကို လူဖျင်း၊ လူနကို လူညံ့၊ လူလှကို လူကောင်းလူမြတ်လို့လည်းခေါ်နိုင်ပါတယ်။

စာပေလည်းမတတ် နည်းမှန်လမ်းမှန်လည်း မကျင့်သုံးတတ်ရင် အချိန်ကုန်ရုံ အသက်အရွယ်ကြီးရုံကလွဲပြီး ကိုယ့်အတွက်သူ့အတွက်  ဘာမှအရာရောက်အောင် မစွမ်းဆောင်နိုင်တာဖြစ်လို့ လူဖျင်းလူအပါ။ အများရဲ့ကြောက်စရာလူတောင် ဖြစ်သွားတတ်သေးတယ်။

ပညာအရာမှာ စာမေးပွဲအောင်တာ၊ စာတတ်တာ၊ ပညာတတ်တာ၊ အသုံးချတတ်တာလိုိ့ လေးမျိုးခွဲခြားပြောရင်ဖြစ်နိုင်တယ်။
ကောက်နှုတ်ချက်မှတ်စု အတိုအထွာလောက်တင် ကျော်လွှားသင်ယူထားပြီး ကိုယ်လေ့လာထားတာနဲ့မေးခွန်းတိုက်ဆိုင်ပြီး အောင်မှတ်ရသွားရင်စာမေးပွဲအောင်တယ်။အောင်ပြီးတာနဲ့ပြန်မလေ့လာရင် အကုန်မေ့ပျောက်ကုန်တယ်။
 အရေးကြုံရင်သုံးစရာ မရှိတော့ဘူး။ 
ဒါဆိုရင်လုံး၀စာမသင်ရတဲ့သူနဲ့အတူတူဖြစ်သွားလို့ လူဖျင်းလူအစာရင်းထဲပါသွားတတ်တယ်။

စာပေနှံစပ်ကျွမ်းကျင်ရင် စာပေအရာဦးဆောင်နိုင်ရင် စာတတ်တယ်ခေါ်တယ်။
အရှိအတိုင်းကြည့်ရှု့သုံးသပ် ဆုံးဖြတ်နိုင်လောက်အောင် အသိရှင်းလာရင် အကောင်းအဆိုး အကြောင်းအကျိုးခွဲခြားတတ်ရင် ကိုယ့်ကိုကိုယ်ဆရာလုပ်နိုင်သည့်အထိ ဘ၀အပေါ်သဘောပေါက်နားလည်လာရင် ကိုယ့်ကိုကိုယ် ထိန်းနိုင်သည့်အထိအရည်အချင်းရှိလာရင် ပညာတတ်တယ်လို့ခေါ်တယ်။
တစ်ချို့စာတတ်ပေမယ့်ပညာ မတတ်ဘူး။

စာတတ်ပညာတတ်ဖြစ်ပေမယ့် ကျင့်သုံးတတ်လောက်အောင် အသိထူးချွန်ပေမယ့် သတိကင်းပျောက်အားနည်းနေလို့ လက်တွေ့မကျင့်သုံးဖြစ်သေးရင် အသုံးချပညာအဆင့်မရောက်သေးဘူး။ 
ဒုက္ခကိလေသာနဲ့ယှဉ်ပြိုင်ရင် ရှုံးရအုံးမှာဖြစ်လို့ လူညံ့လူန အဆင့်ပဲရှိပါသေးတယ်။
လောကအရာအထိုက်အလျောက် အသုံးတည့်ပေမယ့် လက်တွေ့မရောက်သေးလို့ ဓမ္မအရာမှာ ပွဲမတိုးသေးပါဘူး။

စာတတ်ရင် ခွဲခြားသိအောင် အသုံးချတတ်သည်ထိ ကျွမ်းကျင်အောင် ပညာရှိအောင် ဆက်လေ့ကျင့်ရမယ်။
 ပြီးတော့ ဒုက္ခကိလေသာအပေါ်အနိုင်ယူလောက်သည်ထိ သတိနဲ့ဝီရိယတွဲလို့ ဘ၀ထဲမှာ လက်တွေ့အသုံးချကျင့်သုံးရမယ်။
 အဲဒါမှ တရား၀င်ပညာတတ်တယ်။ 
လူကောင်းလူလှအစစ်လည်းဖြစ်သွားတယ်။

ပစ္စည်းလည်းမရှိ၊ ပညာလည်းမရှိရင်လည်း သူကိစ္စ ကိုယ့်ကိစ္စ ဘယ်နေရာမှအရာရောက်အောင် မစွမ်းဆောင်နိုင် မကယ်ဆယ်နိုင်တာကြောင့် လူဖျင်းလူအထဲပါတယ်။

ပစ္စည်းရှိပြီး ပညာမရှိရင် ရှိတဲ့ပစ္စည်းကို ကုသိုလ်ရအောင်အသုံးမချတတ်ရင် အရာရောက်အောင် မကယ်ဆယ်နိုင်ရင် လူညံ့လူန ဖြစ်တယ်။

ပစ္စည်းလည်းရှိ ပညာလည်းရှိပြီး ရှိတဲ့ပစ္စည်းကိုကုသိုလ်ရအောင် အသုံးချတတ်ရင် ဘယ်ဘက်ကကြည့်ကြည့် အကြည့်ခံနိုင်တဲ့ လူကောင်းလူလှဖြစ်တယ်။
ပညာရှိတဲ့အတွက် ပစ္စည်းကို မိမိ သူတစ်ပါး လောကသာသနာအတွက် အဖိုးတန်အရာရောက်အောင် လှပအောင် ဂုဏ်တတ်အောင် သုံးစွဲတတ်လို့ လူကောင်းလူလှလို့ခေါ်တယ်။

နောက်ပြီးတော့ သတိ ဝီရိယ နှစ်မျိုးလုံး ယုတ်လျော့အားနည်းနေလို့ ဘာအလုပ်မှ မယ်မယ်ရရပြီးအောင်မလုပ်နိုင်ဘဲ အချိန်နဲ့အင်အားကို အလကားဖြုန်းပစ်နေသူ၊ အသက်အရွယ်သာကြီးလာပြီး ဘာအလုပ်မှ မလုပ်နိုင်သ၊ူ ဒုက္ခကိလေသာအောက်မှာအမြဲပြားပြား၀ပ်အရှုံးပေးနေရသူတွေကိုလည်း လူဖျင်းလူအလို့ခေါ်တယ်။
ဘယ်သူ့ကိုမှ မကယ်ဆယ်နိုင်ဘူးပေါ့။

၀ီရိယရှိပေမယ့် သတိယုတ်လျော့အားနည်းနေပြန်တော့ လောကကိစ္စ ခန္ဓာကိစ္စတွေကို သူ့ကိစ္စ ကိုယ့်ကိစ္စမကျန် တာ၀န်ကျေအောင်လုပ်ကိုင် ဆောင်ရွက်ပေးနိုင်ပေမယ့် တရားအသိမပီပြင် မပြတ်သားလို့ကောင်းမှု့ဂုဏ်ပေါ်အောင် မဆောင်ရွက်နိုင်ပြန်ဘူး။
ကောင်းမှု့ရနိုင်ပါလျက်နဲ့ ရအောင်မယူနိုင်ရင် ဘယ်ကိစ္စမဆို ပြီးစလွယ်အလုပ်ချည်းပဲဖြစ်သွားတယ်။ လူကလည်းလူညံ့လူန စာရင်းထဲ၀င်သွားတယ်။

သတိ ဝီရိယနှစ်မျိုးလုံး ပီပြင်ပြတ်သားအားကောင်းနေရင် လောကကိစ္စ ခန္ဓာကိစ္စ သူ့ကိစ္စ ကိုယ့်ကိစ္စ ဘယ်ကိစ္စပဲဖြစ်ဖြစ်ဆောင်ရွက်တိုင်း ကိစ္စတစ်ခုပြီးတိုင်း အားကိုးစရာကောင်းမှု့တရားစွမ်းအားများ ဂုဏ်ရှိရှိစွမ်းအားပြည့်ပြည့်ပါ၀င်လာတတ်တယ်။
 ပြီးတိုင်း ပြည့်စုံတဲ့ဂုဏ်ပါလာတော့ သူ့ကိုရော ကိုယ့်ကိုပါ ကယ်ဆယ်နိုင်လို့ လူကောင်းလူလှစာရင်း၀င်တယ်။

ကုန်ရုံသာကုန်ပြီး ဘာမှမပြီးတဲ့ လူဖျင်းလူအ၊ ပြီးရုံသာပြီးလို့ ဘာမှမပြည့်၀တဲ့ လူညံ့လူန၊ ပြီးလည်းပြီးပြည့်လည်းပြည့်၀တဲ့ လူကောင်းလူလှ သုံးမျိုးမှာ
လူဖျင်းလူအက သူ့ကိုရော ကိုယ့်ကိုပါ မကယ်ဆယ်နိုင်ဘဲ ဒုက္ခကိလေသာအောက်မှာ အရှုံးပေးရတတ်ပါတယ်။

လူညံ့လူနက သူမျာအတွက်အထိုက်အလျောက်ကယ်ဆယ်ပေးနိုင်ပေမယ့် ကောင်းမှု့မပါရင် ကိုယ့်အတွက် ကယ်ဆယ်နိုင်စွမ်းမရှိပါဘူး။

လူကောင်းလူလှသာ ကိုယ့်ကိုရော သူ့ကိုပါနည်းမှန်လမ်းမှန် ကယ်ဆယ်ပေးနိုင်တယ်။
လူဖျင်းလူအနှင့် လူညံ့လူနက တရားမ၀င်တဲ့လူပါ။ 
တရားမပါ၀င်တာကို ပြောတာပါ။
တရားမပါ၀င်တော့ ဒုက္ခကိလေသာအောက်မှာအရှုံးပေးနေရတယ်။
 ဒုက္ခကိလေသာက ကျင့်သုံးထားတဲ့တရားကိုပဲ ကြောက်တာလေ။

လူကောင်းလူလှသာ တရား၀င်လူပါ။ 
တရားပါ၀င်တယ်ပေါ့။ 
တရားပါ၀င်တော့ ဒုက္ခကိလေသာအထက်မှာ သတိဥာဏ်နဲ့တက်နင်းပြီး အနိုင်ယူနိုင်တယ်။ တိုးတက်ကြီးပွားတယ်။
အေးမြချမ်းသာ အောင်မြင်တယ်။

စာလည်းမတတ်၊ မကျင့်တတ်ပါ၊ စွမ်းအားကွာ၊ ဖျင်းတာလူအတွေ။

စာတတ်ရုံသာ၊ မကျင့်ပါ၊ ညံ့တာလူနတွေ။

စာလည်းတတ်တာ၊ ကျင့်တတ်ပါ၊ မြတ်တာလ ူလှတွေ။

အရှိမပါ၊ အသိကွာ၊ ဖျင်းတာလူအတွေ။

ရှိရုံမျှသာ၊ အသိကွာ၊ ညံ့တာလူနတွေ။

ရှိလည်းရှိကာ၊ သိတတ်ပါ၊ မြတ်တာလူလှတွေ။

အချိန်ကုန်ကာ၊ မပြီးပါ၊ ဖျင်းတာလူအတွေ။

ပြီးရုံမျှသာ၊ မပြည့်ပါ၊ ညံ့တာလူနတွေ။

ပြီးလည်းပြီးကာ၊ ပြည့်စုံတာ၊ မြတ်တာလူလှတွေ။

လူအ လူန၊ မရစွမ်းအား၊ ရှုံး၍သွား၊ တရားမ၀င်ချေ။

လူကောင်းလူလှ၊ ဓမ္မစွမ်းအား၊ ရရှိငြား၊ တရား၀င်နိုင်ပေ။

လူအ လူန၊ ဒုက္ခများစွာ၊ ကိလေသာ၊ လွှမ်းကာဖုံး၍နေ။

လူကောင်းလူလှ၊ သုခပွားကာ၊ တိုးတက်ပါ၊ ချမ်းသာအေးမြ၊ အောင်မြင်ပေ။

(တိပိဋကယောဆရာတော်ဘုရားကြီး)

No comments:

Post a Comment