"အပ်"ပျောက်ရင်"ဆင်"နဲ့ ရှာ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ဒီရှေးစကားလေးကို အရင်အပါတ်က လိုင်းပေါ် တွေ့လိုက်တာ၊
အလွန်အင်မတန် အနှစ်သာရပြည့်ဝတဲ့ ဘဝလမ်းညွှန်စကား တရပ်ပါ။
ကိုယ့်မှာ လိုအပ်သလား? မလိုအပ်ဘူးလား?
ဒီစကားကို ပြောအပ်သလား ? မပြောအပ်ဘူးလား?
ဒီလမ်းကို သွားအပ်သလား? မသွားအပ်ဘူးလား?
ဒီအစားအစာကို စားအပ်သလား? မစားအပ်ဘူးလား?
ဒီနေရာမှာ နေအပ်သလား? မနေအပ်ဘူးလား?
စသည်စသည် အပ်/မအပ် မဆုံးဖြတ်နိုင်ရင် ဆုံးဖြတ်ရ ခက်နေရင် တနည်းအားဖြင့် "အပ်"ပျောက်နေရင် " ဆင်"နဲ့ ရှာရပါမယ် တဲ့။
"ဆင်"ဆိုတာ "ဆင်ခြင်တုံ တရား"ကို ဆိုလိုတာပါ။
ဒီနေရာမှာ "ဆင်ခြင်တုံတရား"ဆိုတာ တရားကိုယ်ကောက်ရင် သတိ နဲ့ ပညာကို ကောက်ရပါလိမ့်မယ်။
ဒီတရားနှစ်ပါးကသာ ပျောက်နေတဲ့ "အပ်"ကို ရှာဖွေပေးနိုင်ပါမယ်။
ကိုယ့်မှာ "ဆင်"ရှိဘို့ရာက ယောနိသော မနသိကာရ = နည်းမှန်လမ်းမှန် စဉ်းစားနှိုင်းချိန်မှု အခံရှိရပါမယ်။
(ယောနိသောမနသိကာရော ပရိပူရော သတိသမ္ပဇညံ ပရိပူရေတိ။)
ယောနိသော မနသိကာရအခံ ရရှိဘို့ရာမှာ
သဒ္ဓါ = ယုံကြည်မှု (ကိုယ်လုပ်ငန်း ကိုယ့်လမ်းစဉ်အပေါ် ယုံကြည်မှု) ရှိရပါမယ်။ (သဒ္ဓါ ပရိပူရာ ယောနိသောမနသိကာရံ ပရိပူရေတိ)
သဒ္ဓါ = ယုံကြည်မှု ကိန်းဘို့ရာက
ပညာရှိ သူတော်ကောင်းတွေထံမှ လေ့လာမှု သင်ယူမှု "သဒ္ဓမ္မဿဝန" ရှိရပါမယ်။ (သဒ္ဓမ္မဿဝနံ ပရိပူရံ သဒ္ဓံ ပရိပူရေတိ)
သဒ္ဓမ္မဿဝန = နည်းမှန်လမ်းမှန်ဓမ္မတွေ လေ့လာ သင်ယူနိုင်ဘို့ရာမှာ
ဒီနည်းလမ်းမှန်တဲ့ဓမ္မတွေ လက်ဆင့်ကမ်း မျှဝေနိုင်တဲ့ ပညာရှိသူတော်ကောင်းတွေကို မှိဝဲ ဆည်းကပ်မှု ရှိရပါမယ်။
(သပ္ပုရိသသံသေဝေါ ပရိပူရော သဒ္ဓမ္မဿဝနံ ပရိပူရေတိ) (အံ၊၃။၃၄၆)
ဒီတော့ ပညာရှိ သူတော်ကောင်းတွေဟာ မိမိအတွက် ကလျာဏမိတ်အစစ်တွေပါပဲ။
ကလျာဏမိတ်အစစ် ဖြစ်တဲ့ ပညာရှိ သူတော်ကောင်းတွေကို မှီဝဲ ဆည်းကပ် နေထိုင်သူဟာ ကိုယ့်ရဲ့ ဘဝပန်းတိုင်ခရီး ပြီးဆုံး အောင်မြင်အောင် လျှောက်လှမ်းနိုင်လိမ့်မယ်။
ဒါကြောင့် ဘုရားရှင်က " အဆွေခင်ပွန်းကောင်းရှိသူဟာ ဗြဟ္မစရိယအတွက် ပြီးပြည့်စုံသလောက်ပါပဲ" လို့ (သဂါထာဝဂ္ဂ သံယုတ္တပါဠိ၊ ၈၇။ ကလျာဏမိတ္တသုတ်။)မှာ မိန့်ကြားတော်မူခဲ့တာပါ။
(၂၁-၅-၂၀၂၁)
(မဟာနွယ်)
No comments:
Post a Comment