စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 7, 2022

မဟာစည်ဘုရားကြီး၏ဝိပဿနာရှုနည်း

"မဟာစည်ဆရာတော်ဘုရားကြီး"၏
 ဝိပဿနာရှုနည်း
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

             (ရဟန်းများ ပါတိမောက်သီလ နှင့် ပြည့်စုံပြီး လူပုဂ္ဂိုလ်များသည် အနည်းဆုံး ငါးပါးသီလ၊ ပြည့်စုံရမည်။ ယင်းနောက်တင်ပျဉ်ခွေထိုင်၊ အမျိုးသမီးများလည်း တင်ပျဉ်ခွေထိုင်နိုင်သည်။ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လိုက ထိုင်နိုင်သည်။ ခါးကိုမတ်မတ်ထား၍ ဘယ်လက်ဝါးဖြန့် အောက်ကထားပြီး ညာလက်ဝါးကို ဖြန့်၍ အပေါ်ကထားရမည်။ လက်မထိပ်နှစ်ခု ကို ထိရုံမျှ ထိထားရမည်။ ရှေ့တည့်တည့်မှာလည်း လက်နှစ်ဘက်ကို ယှဉ်ချထားနိုင်သည်။ ဘယ်ဒူးပေါ် ဘယ်လက်၊ညာဒူးပေါ် ညာလက် တင်၍လည်း ထိုင်နိုင်သည်။) ၀မ်းဗိုက်မှာ စိတ်ကိုထားရမည်။ အသက်ရှူသွင်းလိုက်လျှင် ဖောင်းတက်လာတာကိုတွေ့၍ အသက်ရှူထုတ်လိုက်သည့်အခါ ပိန်ကျသွားတာကို တွေ့လိမ့်မည်။ ဖောင်းတက်လာတာကို “ဖောင်းတယ် “ ၊ပိန်ကျသွားတာကို ”ပိန်တယ်” ဟုမှတ်ရမည်။ စိတ်ဖြင့်စိုက်ကြည့်ရုံနှင့် မထင်ရှားသေးလျှင် ဗိုက်ကိုလက်နှင့်ဖိထားရမည်။ အသက်ရှူတာကိုမပြင်ဘဲ နှေးအောင် မြန်အောင် တမင်အားမထုတ်ဘဲ ပကတိရှူမြဲအတိုင်း မှန်မှန်ရှူရမည်။ ထိုသို့ ရှူနေရင်း ဖောင်းတက်လာတာကို ”ဖောင်းတယ်”၊ ပိန်ကျသွားတာကို ”ပိန်တယ်” ဟု ဖောင်းတိုင်း ပိန်တိုင်း မပြတ်မှတ်နေရမည်။ ”ဖောင်းတယ်၊ပိန်တယ်” ဟု စိတ်ဖြင့်သာဆိုရမည်၊(ဝါ) စိတ်ဖြင့်သာ မှတ်ရမည်၊ ပါးစပ်ဖြင့်မဆိုရ။ ဝိပဿနာဟူသည် အဆိုတွေ အမည်တွေက လိုရင်းမဟုတ်။ သိဖို့သာလိုရင်းဖြစ်သည်။ ထို့ကြောင့် စိတ်ဖြင့် ဆိုရုံနှင့် မပြီးသေးဘဲ ”ဖောင်းတယ်” ဟုမှတ်သည့်အခါ ဖောင်းစကနေပြီး ဖောင်းဆုံးတိုင်အောင် ဖောင်းတက်လာပုံကို မျက်စိဖြင့်မြင်သလို သေသေချာချာ သိသွားစေရမည်။ ”ပိန်တယ်” မှတ်သည့်အခါ ပိန်ကျသွားတာကို ပိန်စမှ ပိန်ဆုံးတိုင်အောင် မျက်စိဖြင့်မြင်သလို ထင်ထင်ရှားရှားသိသွားစေရမည်။ ”ဖောင်းတယ်” ဟုမှတ်လျှင် ဖောင်းတာ နှင့် အသိကပ်သွားစေရမည်။ ရှုမှတ်စရာ အာရုံနှင့် ရှုမှတ်လိုက်သည့် စိတ်သည် အံကျ ကိုက်ကိုက်သွားအောင် ဂရုစိုက်ပြီး မှတ်ရမည်။ ”ပိန်တယ်” ဟုမှတ်သည့်အခါ ပိန်တာနှင့် ရှုမှတ်တာ အံကျ ကိုက်သွားစေရမည်။ အခြား အထူးမှတ်စရာမရှိလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟုချည်း မှတ်နေရမည်။ ထိုသို့မှတ်နေစဉ် သမာဓိအားမကောင်းသေးခင် စိတ်က အပြင်ထွက်ထွက်သွားလိမ့်မည်။ ထိုစိတ်ကို ”သွားတယ်၊ သွားတယ်”၊ သို့မဟုတ် ”လွင့်တယ်၊လွင့်တယ်” ဟုလိုက်မှတ်ရမည်။ဤသို့ တစ်ချက် နှစ်ချက်မှတ်လိုက်လျှင် စိတ်သည်မလွင့်ဘဲ ရပ်သွားလိမ့်မည်။ ထိုအခါ ”ဖောင်းတယ်၊ပိန်တယ်” ဟု ပြန်မှတ်နေရမည်။ စိတ်ထဲမှာ လူတစ်ယောက်ယောက်နှင့်တွေ့လို့ စကားပြောနေမှ သတိရလျှင် ထိုစိတ်ကို ”ပြောတယ်၊ပြောတယ်” ဟု မှတ်၊ ဤ သို့ဖြင့် စိတ်ကူးလျှင် ”စိတ်ကူးတယ်”၊ စဉ်းစားလျှင် ” စဉ်းစားတယ်”၊ ကြံလျှင် ”ကြံတယ်”၊ သိလျှင် ”သိတယ်”၊ နှလုံးသွင်းလျှင် ”နှလုံးသွင်းတယ်”၊ ပျင်းလျှင် ”ပျင်းတယ်”၊ ပျော်လျှင် ”ပျော်တယ်”၊ ၀မ်းသာလျှင် ”၀မ်းသာတယ်”၊ စိတ်ပျက်လျှင် ”စိတ်ပျက်တယ်”ဤ သို့မှတ်ရမည်။ တစ်ချက်နှစ်ချက် မှတ်လိုက်ပြီးနောက် စိတ်ကိုမှတ်စရာမရှိလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟု ပြန်မှတ်ရမည်။ ထိုသို့မှတ်နေရင်း တံတွေးမျိုချင်လျှင် ” မျိုချင်တယ်” ဟုမှတ်၊ တံတွေးစုတာကို ”စုတယ်”၊ မျိုတော့ ”မျိုတယ်” ဟု မှတ်၊ တံတွေးထွေးချင်လျှင် ”ထွေးချင်တယ်”၊ ခေါင်းငုံ့တော့ ”ငုံ့တယ်”၊ ကြည့်သေးလျှင် ”ကြည့်တယ်”၊ မြင်လျှင် ”မြင်တယ်”၊ ထွေးတော့ ”ထွေးတယ်”ဟု မှတ်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။ ထိုင်တာကြာလျှင် ညောင်းတာ ပူတာများ ဖြစ်လာလိမ့်မည်။ ညောင်းလျှင် ညောင်းတာကို သေသေချာချာ သိအောင် စိတ်စိုက်ပြီး ”ညောင်းတယ်၊ညောင်းတယ်” ဟုမှတ်၊ ပူလျှင် ” ပူတယ်”၊ နာလျှင် ”နာတယ်”၊ကျဉ်လျှင် ”ကျဉ်တယ်” ဟု ဒုက္ခ ဝေဒနာဖြစ်သမျှ အမည်အတိုင်း မှတ်ရ၏။ ထိုသို့ ညောင်းတာ ပူတာ စသည့် ဝေဒနာများ ဖြစ်ပေါ်လာလျှင် ”ညောင်းတယ်၊ညောင်းတယ်” စသည်ဖြင့် သည်းခံ မှတ်နေရမည်။ သည်းခံ မမှတ်ဘဲ ခဏခဏနေရာပြင်ပြင်နေလျှင် သမာဓိ မဖြစ်နိုင်၊ သမာဓိ မဖြစ်လျှင် ဥာဏ်မဖြစ်နိုင်၊ ဥာဏ်မဖြစ်လျှင် မဂ်ဖိုလ်နိဗ္ဗာန် မရောက်နိုင်။ ထို့ကြောင့် ညောင်းတာ ပူတာစသည့် ဝေဒနာများကို အတတ်နိုင်ဆုံး သည်းခံမှတ်နေရမည်။ ထိုသို့မှတ်နေလျှင် တော်ရုံတန်ရုံဝေဒနာများ ပျောက်သွားကြလိမ့်မည်။ သမာဓိဥာဏ်အားကောင်းသည့်အခါ အင်မတန်ကြီးကျယ်သည့်ဝေဒနာများပင် ပျောက်သွားတာကို တွေ့ကြရပါလိမ့်မည်။ အတော်ကြာအောင်မှတ်နေပါလျက် မပျောက်နိုင်ဘဲ မနေသာတော့၍ နေရာပြင်ချင်စိတ်ခဏခဏပေါ်နေလျှင် နေရာပြင်နိုင်သည်။ သို့ရာတွင် အမှတ်နှင့် နေရာပြင်ရမည်။ ပြင်ချင်တော့ ”ပြင်ချင်တယ်”၊လက်ကြွတော့ ”ကြွတယ်”၊ရွေ့တော့ ”ရွေ့တယ်”၊ စသည်ဖြင့် ဖြည်းဖြည်းပြင်ရင်း ဖြစ်ပေါ်သမျှအမူအရာအားလုံးကိုမှတ်ရမည်။ နေရာပြင်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်ရမည်။ ထိုသို့မှတ်နေရင်း တစ်နေရာရာက ယားလာလျှင် ယားသည့်နေရာကို စိတ်စိုက်ပြီး ”ယားတယ်၊ယားတယ်”ဟုမှတ်၊ အကြိမ်ကြိမ်မှတ်ပါလျက် မပျောက်လို့ အယားဖျောက်ချင်လျှင် ”ဖျောက်ချင်တယ်၊ဖျောက်ချင်တယ်” ဟု မှတ်၊ အယားဖျောက်ရန် လက်ကြွလာလျှင် ”ကြွတယ်၊ကြွတယ်”၊ ရွေ့လျှင် ”ရွေ့တယ်”၊ယားသည့်နေရာကိုထိတော့ ”ထိတယ်”၊ အယားဖျောက်တော့ ”ဖျောက်တယ်၊ဖျောက်တယ်”၊ လက်ပြန်ရွေ့တော့ ”ရွေ့တယ်”၊ တစ်နေရာရာကို ထိတော့ ”ထိတယ်” မှတ်ရမည်။ ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်နေရမည်။ ဤသို့ ဂရုစိုက်မှတ်နေစဉ် ကိုယ်ထဲ အခံခက်သည့် ဝေဒနာများ အလိုလိုပေါ်လာလိမ့်မည်။ တရားမရှုမှတ်သော ပုဂ္ဂိုလ်များကား နည်းနည်းလေး ညောင်းလာပူလာလျှင် အမှတ်အသိမရှိဘဲ ရွေ့လိုက် ပြင်လိုက်ကြ၏။ ထို့ကြောင့် ဆင်းရဲတာတွေ ထင်ထင်ရှားရှား မဖြစ်လိုက်ကြရပေ။ ဤကား ဆင်းရဲဒုက္ခများကို ဣရိယာပုထ် (နေပုံအမူအရာ) များက ဖုံးကွယ်ထားခြင်း ဖြစ်သည်။ ပြောင်းလဲ နေထိုင်ပုံအမျိုးမျိုးက ဖုံးကွယ် ဖုံးကွယ်သွား၍ လူများ၏ ကိုယ်တွင်းမှာ ဆင်းရဲဒုက္ခများ ရှိနေမှန်းမသိကြခြင်းဖြစ်သည်။ တစ်နေ့လုံး တစ်ညလုံး နေထိုင်ကောင်းနေသည်ဟု ထင်နေကြခြင်း ဖြစ်သည်။ ယောဂီများကား ကိုယ်ထဲက တရားများကို အရှိအတိုင်း မြင်အောင် မှတ်နေသဖြင့် ဒုက္ခများကို ထင်ရှားစွာ တွေ့မြင်လာခြင်း ဖြစ်သည်။ ထိုင်ရာက ထ မည်ကြံလျှင်လည်း ”ထချင်တယ်၊ထချင်တယ်” မှတ်၊ လက်ခြေတွေပြင်တော့ ”ကြွတယ်၊ရွေ့တယ်၊ ဆန့်တယ်၊ ထိတယ်၊ ထောက်တယ်” စသည်ဖြင့် အစဉ်အတိုင်းမှတ်လျက် ဖြည်းဖြည်းလေးထပြီး အမူအရာတိုင်းကို သိအောင်မှတ်ရမည်။ မြန်မြန်ပြုမူလျှင် လေ့ကျင့်စ သတိဥာဏ်ကလေးဖြင့် မှီအောင် မှတ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ ထပြီး၍ ရပ်မိသည့်အခါ ”ရပ်တယ်၊ရပ်တယ်” ဟု မှတ်၊ ဟိုသည်ကြည့်မိပြန်လျှင် ”ကြည့်တယ်၊မြင်တယ်၊ ကြည့်တယ်၊ မြင်တယ်” ဟု မှတ်။ သွားသည့်အခါ ခြေလှမ်းကို မှတ်ရဦးမည်။ ညာဘက်ခြေက လှမ်းလျှင် ”ညာလှမ်းတယ်”၊ ဘယ်ဘက်ခြေက လှမ်းလျှင် ”ဘယ်လှမ်းတယ်” ဟူ၍ ခြေကြွသည်က စပြီး ခြေချသည်အထိ ရွေ့ရွေ့သွားသည့် အမူအရာကို အစဉ်အတိုင်းသိအောင်မှတ်ရမည်။ ”ညာလှမ်းတယ်၊ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်၊ဘယ်လှမ်းတယ်” ဟူ၍ တစ်လှမ်း တစ်လှမ်း တစ်ခါ တစ်ခါ မှတ်ရမည်။ ဤကား မြန်မြန်သွားသည့်အခါ ခပ်ဝေးဝေးသွားရသည့်အခါ မှတ်ပုံတည်း။ ဖြည်းဖြည်းသွားသည့်အခါ၊ စင်္ကြံလျှောက်သည့်အခါ ခြေတစ်လှမ်းတွင် သုံးပိုင်းရှိသည်။ ခြေကြွတာက တစ်ပိုင်း၊ လှမ်းတာက တစ်ပိုင်း၊ ခြေချလိုက်တာက တစ်ပိုင်း ဖြစ်သည်။ ထိုတွင် ကြွတာနှင့် ချတာ နှစ်ပိုင်းကို စပြီး မှတ်ရမည်။ ခြေကြွတော့ ”ကြွတယ်” ဟု ကြွတက်လာပုံကို သေသေချာချာ သိအောင်မှတ်ရမည်။ နင်းချလိုက်တော့ ”ချတယ်” ဟု တရွေ့ရွေ့ ခြေကျသွားပုံကို သိအောင်မှတ်ရမည်။ ”ကြွတယ်၊ချတယ်၊ကြွတယ်၊ချတယ်” ဟူ၍ ခြေတစ်လှမ်း တစ်လှမ်း ကို နှစ်ချက် နှစ်ချက် မှတ်ရမည်။ နှစ်ရက်လောက် မှတ်ပြီးက လွယ်ကူပြီး ကျင့်သားရလာလိမ့်မည်။ ထိုအခါ သုံးချက်မှတ်ရမည်။ ”ကြွတယ်၊လှမ်းတယ်၊ချတယ်”၊ ”ကြွတယ်၊လှမ်းတယ်၊ချတယ်” ဟု သုံးချက် သုံးချက် မှတ်သွားရမည်။ ကြွတက်လာသည့် အမူအရာ၊ တရွေ့ရွေ့လှမ်းနေသည့်အမူအရာ၊ တဖြည်းဖြည်း ပိကျသွားသည့် အမူအရာများကိုသိအောင် ရှုမှတ်ရမည်။ ထိုသို့သွားနေစဉ် ထိုင်ချင်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ လှမ်းကြည့်မိလျှင် ”ကြည့်တယ်၊မြင်တယ်” ဟုမှတ်၊ထိုင်မည့်နေရာသို့ သွားလျှင် ”ကြွတယ်၊ချတယ်” ”ကြွတယ်၊ချတယ်” မှတ်၍သွားရမည်။ ထိုင်မည့်နေရာရောက်၍ ရပ်လျှင် ”ရပ်တယ်၊ရပ်တယ်” ဟုမှတ်၊ လှည့်လျှင် ”လှည့်တယ်၊လှည့်တယ်” မှတ်၊ ထိုင်ချင်စိတ်ပေါ်လာလျှင် ”ထိုင်ချင်တယ်၊ထိုင်ချင်တယ်” ဟုမှတ်၊ ထိုင်ချလိုက်တော့ ကိုယ်ကြီးလေးလေးပြီး ကျသွားတာကို စူးစိုက်လျှက် ”ထိုင်တယ်၊ထိုင်တယ်၊ထိုင်တယ်” ဟုမှတ်၊ထိုင်မိ၍ လက်ခြေတွေကိုပြင်လျှင်လည်း ရွေ့လျှင် ”ရွေ့တယ်”၊ ကွေးလျှင် ”ကွေးတယ်”၊ ဆန့်လျှင် ”ဆန့်တယ်” ဟူ၍ အမူအရာတိုင်းကို တစ်ခုမကျန် မှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိဘဲ ငြိမ်နေပြီဆိုလျှင် ”ဖောင်းတယ်၊ပိန်တယ်၊ဖောင်းတယ်၊ပိန်တယ်” ဟု မှတ်နေရမည်။ လှဲအိပ်ချင်လျှင်လည်း ”အိပ်ချင်တယ်၊အိပ်ချင်တယ်” ဟု မှတ်၊ လှဲအိပ်ကာနီး လက်ခြေပြင်တာများကိုလည်း အကုန်လုံးမှတ်ရမည်။ လက်ကြွတော့ ”ကြွတယ်”၊ ရွေ့လျှင် ”ရွေ့တယ်”၊ ထောက်လျှင် ”ထောက်တယ်”၊ ကိုယ်ကြီးက ယိမ်းလာလျှင် ”ယိမ်းတယ်၊ယိမ်းတယ်”၊ ခြေဆန့်လျှင် ”ဆန့်တယ်၊ဆန့်တယ်”၊ လှဲအိပ်လိုက်သည့်အခါကျတော့ ”အိပ်တယ်၊အိပ်တယ်” ဟုမှတ်ပြီး ဖြည်းဖြည်းခြင်း လှဲအိပ်သွားရမည်။ ဟိုဘက် သည်ဘက်စောင်းလျှင်လည်း ”စောင်းတယ်၊စောင်းတယ်” ဟုမှတ်ရမည်။ ဘာမျှ အပြုအပြင်မရှိ ငြိမ်နေပြီဆိုလျှင် ”ဖောင်းတယ်၊ပိန်တယ်” ဟုမှတ်နေရမည်။ဤသို့မှတ်နေတုန်း စိတ်ကလွင့်သွားလျှင် ထိုင်တုန်း က မှတ်သလို လွင့်လျှင် ”လွင့်တယ်”၊ ရောက်လျှင် ”ရောက်တယ်”၊ ကြံလျှင် ”ကြံတယ်” စသည်ဖြင့်မှတ်ရမည်။ စိတ်သည် တစ်ချက် နှစ်ချက်မှတ်လိုက်လျှင် ပျောက်သွားတတ်၏။ ထိုအခါ ”ဖောင်းတယ်၊ပိန်တယ်” ပြန်မှတ်နေရမည်။ အမှတ်ကို လွှတ်ပြီးမအိပ်ရပေ။ မှတ်ရင်း မှတ်ရင်း အိပ်ပျော်သွားစေရမည်။ အမှတ်က နိုင်လျှင် အိပ်မပျော်ဘဲ နေတတ်သည်။ အိပ်ချင်တာနိုင်လျှင်လည်း အိပ်ပျော်သွားတတ်သည်။ အိပ်ချင်လျှင်လည်း ”အိပ်ချင်တယ်၊အိပ်ချင်တယ်”၊ မျက်စိမှေးလာလျှင် ”မှေးတယ်၊မှေးတယ်”၊ လေးလာလျှင် ”လေးတယ်၊လေးတယ်” ဟုမှတ်၊ အားထုတ်စမှာ လှဲအိပ်တာ မများစေရပေ။ ထိုင်မှတ်၊ စင်္ကြံမှတ်တာက များစေရမည်။ ယောဂီသည် အိပ်ပျော်သွားလျှင် ဘာကိုမျှ အမှတ်မရတော့ပေ။ ယောဂီ နားနေချိန်ဖြစ်သည်။ တကယ်တမ်းတရားအားထုတ်လျှင် သုံးနာရီ လေးနာရီထက်ပိုပြီး အိပ်မနေသင့်ပေ။ လေးနာရီအိပ်လျှင် ကောင်းကောင်းလုံလောက်ပါသည်။ အိပ်ပျော်ရာက နိုးလာလျှင် နိုးကတည်းက ”နိုးတယ်၊နိုးတယ်” ဟု မှတ်ပြီးလျှင် ”ဖောင်းတယ်၊ပိန်တယ်”ဆက်မှတ်ရမည်။ အသံကြားလျှင် ”ကြားတယ်၊ကြာတယ်” မှတ်၊ ပြီးတော့ ”ဖောင်းတယ်၊ပိန်တယ်” မှတ်၊ ဟိုဘက်သည်ဘက် စောင်းတာ ပြင်တာတွေကိုလည်း ပြုပြင်ချင်သည့် စိတ်ကူးကလေးကစပြီး ”ပြင်ချင်တယ်၊ပြင်တယ်၊စောင်းချင်တယ်၊စောင်းတယ်၊ လှည့်ချင်တယ်၊လှည့်တယ်၊ ကွေးချင်တယ်၊ကွေးတယ်” စသည်ဖြင့်မှတ်ရမည်။ ဘယ်အချိန် ရှိလိမ့်မလဲ ဟု စဉ်းစားလျှင်လည်း ”စဉ်းစားတယ်” ဟုမှတ်ရမည်။ အိပ်ရာက ထဖို့ကြံလျှင် ”ထချင်တယ်၊ထချင်တယ်” ဟုမှတ်၊ လက်ခြေပြင်တာ၊ခေါင်းထောင်ပြီး ထလာတာများကိုလည်း ”ပြင်တယ်၊ပြင်တယ်”၊ ”ထတယ်၊ထတယ်”၊ ထိုင်တော့ ”ထိုင်တယ်”၊ လက်ခြေပြင်တာများကိုလည်း ”ပြင်တယ်၊ပြင်တယ်” ဟု မှတ်၊ ငြိမ်ငြိမ်လေး ထိုင်နေပြီ ဆိုတော့ ”ဖောင်းတယ်၊ပိန်တယ်”ပြန်မှတ်။မျက်နှာသစ်၊ရေချိုးစဉ်မှာလည်းမှတ်နိုင်သမျှ မှတ်ရမည်။အ၀တ်အစား ၀တ်တာ၊ အိပ်ရာနေရာပြင်တာ၊ တံခါးပိတ်တာ၊ဖွင့်တာများကိုလည် အားလုံးမှတ်ရမည်။ ထမင်းစားသည့်အခါ ထမင်းပွဲကြည့်တာက စပြီး ”ကြည့်တယ်၊မြင်တယ်”မှတ်။ ထမင်းပွဲဆီ လက်လှမ်းလျှင် ”လှမ်းတယ်၊လှမ်းတယ်”၊ ထမင်းနှင့်လက် ထိတော့ ”ထိတယ်”၊ ထမင်းစုလျင် ”စုတယ်”၊ ထမင်းလုတ်ပြင်တော့ ”ပြင်တယ်”၊ ထမင်းလုတ်ကို ဆုပ်ကိုင်တော့ ” ကိုင်တယ်၊ကိုင်တယ်”၊ ထမင်းလုတ်ကို မြှောက်ပြီး ယူလာတော့ ”ယူတယ်၊ယူတယ်”၊ ခေါင်းငုံ့တော့ ”ငုံ့တယ်”၊ ခွံ့တော့ ”ခွံ့တယ်”၊ လက်ပြန်ချတော့ ”ချတယ်”၊ ပန်းကန်ပြားနှင့်ထိတော့ ”ထိတယ်”၊ခေါင်းပြန်ထောင်တော့ ”ထောင်တယ်”၊ ဝါးတဲ့အခါ အချက်တိုင်းကို ”ဝါးတယ်၊ဝါးတယ်” အရသာကို သိတော့ ”သိတယ်၊သိတယ်”၊ ကောင်းလျှင် ”ကောင်းတယ် ကောင်းတယ်”၊ မျိုချလိုက်တော့ ”မျိုတယ်၊မျိုတယ်” ဟုမှတ်။ ဤကား ထမင်းတစ်လုတ်စားတုန်း မှတ်ပုံတည်း။ နောက်ထမင်းလုတ်များကိုလည်း ထိုနည်းအတိုင်းမှတ်ရမည်။ ဟင်းရည် သောက်လျှင်လည်း ကြည့်တာ မြင်တာ လက်လှမ်းတာ ဇွန်းကိုင်တာ ကော်တာ ခပ်တာ ယူလာတာ သောက်တာ မျိုတာ အကုန်လုံး သူ့အမည်အတိုင်းမှတ်ရမည်။ မှတ်ခါစတွင် မမှတ်လိုက်တာ မေ့သွားတာတွေ များစွာရှိလိမ့်မည်။ ကျင့်သားရလာသည့်အခါမှ အကုန်လုံး စေ့စပ်အောင် မှတ်နိုင်မည်ဖြစ်သည်။ ရှေးက ဘုရား ရဟန္တာများ နိဗ္ဗာန်သွားခြင်းသည် ဤဝိပဿနာလမ်းကချည်း သွားခြင်းဖြစ်သည်။ ဝိပဿနာမပါဘ နိဗ္ဗာန်ကို မသွားနိုင်ကြ။ တရားနာနေရင်း မဂ်ဖိုလ် နိဗ္ဗာန်ရရောက်သည်ဆိုရာ ၌ နည်းနည်းတော့ ရှုမှတ်သွားသေးသည်။ ထို့ကြောင့် ဝိပဿနာဟူသည် ဘုရား ရဟန္တာ အရိယာများ၏ နိဗ္ဗာန်သွား လမ်းမကြီးဖြစ်သည်။ သို့ဖြစ်၍ အပြည့်အစုံအားထုတ်ပြီး နိဗ္ဗာန်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြင့် လျင်မြန်စွာ ဆိုက်ရောက်၍မျက်မှောက် ပြုနိုင်ကြပါစေကုန်သတည်း။
ဤသည်ကား "မဟာစည်ဆရာတော်ဘုရားကြီး"၏ ဝိပဿနာရှုနည်း ဖြစ်ပါသည်။

#Pyae Sone-Taungoo ✍️
📖 မေတ္တာဖြင့်...
👨‍🎓အရှင်စန္ဒာသိရီ - ရေဦး။

No comments:

Post a Comment