စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 7, 2022

” ဝ ” သုံးလုံးဆောင်ပါ

"ဝ" သုံးလုံး ဆောင်ပါ
-----------------------
မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့
ကြွတော်မူသောအခါ -

ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အသက်၈၀ကျော် အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် …သူမကို ဆုံးမသြဝါဒ ပေးသနားဘို့
လျှောက်တင်ပါတယ်။

ဆရာတော်ကြီးက -
"ဒကာမကြီး …
အသက်အရွယ်ကြီးရင့်လာပြီဆိုတော့
"ဝ"သုံးလုံး ဆောင်ထားဗျ။

၁။ ဝ ဝ စား 
     ^^^^^^^^
အသက်အရွယ်တွေက
ကြီးရင့်လာပြီဆိုတော့
ကိုယ်ခန္ဓာက အားအင်တွေ
တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။
ဝဝစားမှ အားရှိမှာ …
အားရှိမှ တရားဘာဝနာကို
အားထုတ်နိုင်မှာ …
ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။

၂။ ဝေးဝေးနေ
      ^^^^^^^^^^^
အသက်ကြီးလာပြီဆိုတော့
ချေးမနိုင် သေးမနိုင်
ချောင်းတဟတ်ဟတ်ဆိုတော့ 
သားသမီးတွေက အနားကပ်တာ
သိပ်ကြိုက်ကြတာမဟုတ်ဘူး။ 

သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို
ကိုယ်က မရွံမရှာ 
သုတ်သင်ပေးခဲ့ပေမယ့် 
သူတို့အလှည့်ကျတော့…
ရွံရှာတတ်ကြတယ်။

သူတို့နှင့် ဝေးဝေးနေမှ 
အမုန်းမခံရမှာ။
ဒါကြောင့် …
ဝေးဝေးနေပါဒကာမကြီး
ဝေးဝေးနေနိုင်ရင်တော့ 
ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

၃။ ဝင်မရှုပ်နဲ့
      ^^^^^^^^^
သားသမီးတွေရဲ့ လူမှုရေး စီးပွားရေး 
အရေးမှန်သမျှကို ဝင်မရှုပ်ပါနဲ့။

ကိုယ်က ဝင်ရှုပ်လိုက်လို့ 
သားသမီးတွေ မကျေမနပ်ဖြစ်ပြီး
"ခင်ဗျားကြီး ဘာသိလို့
ဝင်ရှုပ်တာလဲ" ဟု အပြောခံရရင် 
ကိုယ်ပဲ စိတ်ဆင်းရဲရတတ်တယ်။

သူတို့ အရေးမှန်သမျှကို
ဘာမျှ ဝင်မရှုပ်ပဲနေရင် …
ဒကာမကြီး စိတ်ချမ်းသာလိမ့်မယ်။

ကဲ… ဘုန်းကြီးပေးတဲ့
"ဝ" ၃လုံးသုံးကို
ဆောင်ထားပေတော့ဗျာ" ဟု
ထိမိလှသော သြဝါဒကို
မိန့်ချွေတော်မူပါသည်။

မှတ်သားစရာကောင်းလှ၏ …။

ဒကာ ဒကာမတွေ အားလုံး
အသက်အရွယ် ကြီးရင့်လာတဲ့အခါ 
"ဝ"သုံးလုံးကို ဆောင်ဘို့မမေ့ရန်
လက်တို့လို့ သတိပေးလိုက်တာပါ။

** ဓမ္မလက်ဆောင်

Credit...

No comments:

Post a Comment