ခင်ပွန်းကြီး(၁၀)ပါး သိစရာ အဖြေရှာ
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
မပြစ်မှားသင့်သော ပုဂ္ဂိုလ်(၁၀)ယောက်ကို ''ခင်ပွန်းကြီး(၁၀)ပါး'' လို့ ပြောတာပါ။
ဓမ္မနီတိ၊ ဂါထာ(၃၃၄)မှာ တိုက်ရိုက် လာရှိပါတယ်။
ဗုဒ္ဓေါ ပစ္စေကဗုဒ္ဓေါ စ၊ အရဟာ အဂ္ဂသာဝကော။
မာတာ ပိတာ ဂရု သတ္ထာ၊ ဒါယကော ဓမ္မဒေသကော။
ပဏ္ဍိတော ဟိ ဣမေ ဒသ၊ န ဒုဗ္ဘန္တီတိ ဇာနိယာ။
ခင်ပွန်းကြီး(၁၀)ပါးမှာ
(၁) သဗ္ဗညုဘုရားရှင်
(၂) ပစ္စေကဗုဒ္ဓါ
(၃) ရဟန္တာအရှင်မြတ်
(၄) ဘုရားရှင်၏ လက်ယာရံ၊ လက်ဝဲရံ အရှင်မြတ်နှစ်ပါး
(၅) မိခင်
(၆) ဖခင်
(၇) အသက် သိက္ခာ ဂုဏ်အားဖြင့် ကြီးမြတ်၍ အလေးအမြတ် ပြုအပ်သူများ
(၈) ပညာသင်ကြားပေးကြသော ဆရာများ
(၉) ပစ္စည်း၀တ္ထုတို့ကို ပေးဖူးသော ကျေးဇူးရှိသူများ
(၁၀) ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ တို့ပဲ ဖြစ်ပါတယ်။
ခင်ပွန်းကြီး(၁၀)ပါး နှင့် ပတ်သက်လို့
မန္တလေး သာသနာ့တက္ကသိုလ် ဒုချုပ်ဆရာတော် ဘဒ္ဒန္တဥာဏာလင်္ကာရာဘိဝံသ က စာချရင်း မိန့်ဖူးတာလေး ရှိပါတယ်။
ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာက
''တေမိယဇာတ် ခေါ် မူဂပက္ခဇာတ်လာ ဒသမိတ္တပူဇာ(၁၀)ဂါထာလာ မိတ်ဆွေကို ပူဇော်ကြောင်း(၁၀)မျိုး''ကို အမှတ်လွဲပြီး ခင်ပွန်းကြီး(၁၀)ပါး လို့ ပြောနေကြတာပါ တဲ့။
လိုက်ရှာကြည့်လိုက်တော့
တေမိယဇာတ် (သို့မဟုတ်) မူဂပက္ခဇာတ် ဂါထာနံပါတ် (၁၂)မှ (၂၁)ထိ ဆယ်ဂါထာကို တွေ့ရပါတယ်။
(၁၀)ဂါထာလုံးမှာ ''ယော မိတ္တာနံ န ဒုဗ္ဘတိ'' ''မိတ်ဆွေကို မပြစ်မှားရဘူး''ဆိုတဲ့ ပါဠိစာသားတွေ ပါကြပါတယ်။
အဲဒါကို အဋ္ဌကထာဆရာက ''မိတ္တာနန္တိ ဗုဒ္ဓါဒီနံ ကလျာဏမိတ္တာနံ န ဒုဗ္ဘတိ'' (မိတ်ဆွေဆိုတာ ဘုရားအစရှိတဲ့ မိတ်ဆွေကောင်း) လို့ပဲ ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။
ဒါန့်တိုင်ဆရာတော်က ''မိတ္တာနံ = ဘုရားအစရှိသော တစ်ကျိပ်သော အဆွေခင်ပွန်းကောင်းတို့အား'' ဟု အနက်ပြန်ဆိုထားပါတယ်။
ဗုဒ္ဓါဒီနံ- ၌ အာဒိသဒ္ဒါဖြင့် ''ပစ္စေကဗုဒ္ဓါ၊ ရဟန္တာသာ၀က၊ အဂ္ဂသာ၀က၊ အမိ၊ အဘ၊ ဆရာ၊ ရတနာသုံးပါး၌ ယုံကြည်သူ၊ ပစ္စည်း၀တ္ထု ပေးကမ်းသူ၊ တရားဟောပေးသူ ဤကိုးယောက်သော ကလျာဏမိတ္တတို့ကို ယူပါ''လို့ ဖော်ပြထားပါတယ်။
ထို့ကြောင့် ပါဠိတော်၊ အဋ္ဌကထာတို့၌ ခင်ပွန်းကြီး(၁၀)ပါးနှင့် ပတ်သက်လို့ တိုက်ရိုက် ဖော်ပြထားတာကို မတွေ့ရပါ။ နိသျဆရာတော်၏ အာဒိသဒ္ဒါဖြင့် ယူဆထားတာကို မှတ်သားပြီး ခင်ပွန်းကြီး(၁၀)ပါးသည် တေမိယဇာတ် (သို့) မူဂပက္ခဇာတ်မှ လာသည်ဟု ယူဆထားဟန် ရှိပါတယ်။
အမှန်က ခင်ပွန်းကြီး(၁၀)ပါးမှာ ဓမ္မနီတိ ဂါထာနံပါတ်(၃၃၄)က တိုက်ရိုက်လာတာ ဖြစ်ပါတယ်။
အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရ/ မိတ်ဆွေကို မပြစ်မှားရဘူး
တေမိယဇာတ်/ မူဂပက္ခဇာတ်မှာ ဘုရားအလောင်းတော် တေမိမင်းသားက သူ့ကို မြေမြှုပ်ဖို့ တွင်းတူးနေတဲ့ သုနန္ဒရထားထိန်းကို ''ရထားထိန်း သင်ဟာ ကာသိမင်းကို အမှီပြု အသက်မွေးနေရတဲ့ သူပါ။ ငါက သင့်အရှင် ကာသိမင်းရဲ့ သားပါ။
သင်က ငါ့ကို တောထဲမှာ တွင်းတူး မြေမြှုပ်သတ်မယ်ဆိုရင် သင်ဟာ မတရားမှုကို လုပ်နေတာပဲ။ တကယ်တော့ မိတ်ဆွေကို ပြစ်မှားနေတာပဲ။
ရထားထိန်း၊ သစ်ပင်ရဲ့အရိပ်မှာ နေဖူး၊ အိပ်ဖူးတယ်ဆိုရင် အဲဒီသစ်ပင်နဲ့ သစ်ပင်ရဲ့ အခက် အရွက်စတာတွေကို မချိုးရ၊ မဖျက်ဆီးရဘူး။ ချိုး ဖျက်တဲ့ပုဂ္ဂိုလ်ဟာ အဆွေခင်ပွန်း မိတ်ဆွေကို ပြစ်မှား သတ်ဖြတ်တာနဲ့ အတူတူပဲ၊ လူယုတ်မာပါပဲ။
ဥပမာနဲ့ ပြောရရင် သစ်ပင်က မင်းကြီး ဆိုရင် ငါက သစ်ခက်ပါ။ သင်ကတော့ သစ်ရိပ်ခိုတဲ့ ယောက်ျားပေါ့။ ဒါ့ကြောင့် အရိပ်နေနေ အခက်ချိုးချိုး မလုပ်ရဘူး။ မိတ်ဆွေကို မပြစ်မှားရဘူး တဲ့။
ဆက်ပြီးတော့ မိတ်ဆွေကို မပြစ်မှားသူတို့ ရနိုင်တဲ့ ကောင်းကျိုး (မိတ်ဆွေကို ပူဇော်သင့်ကြောင်း)တွေကို ပြောပြလိုက်ပါတယ်။
အဆွေခင်ပွန်းကို မပြစ်မှားခြင်းရဲ့ ကောင်းကျိုး (ဂါထာဆယ်ခု၏ အဓိပ္ပါယ်)
(၁) မိမိအိမ်က အပြင်ထွက်တဲ့အခါမှာတောင် စားစရာတွေ အများကြီးရနိုင်တယ်။
(၂) ဘယ်နေရာရာ ရောက်ရောက် အရှင်သီ၀လိမထေရ်လိုပဲ ပူဇော်ခံရတယ်။
(၃) သံကိစ္စသာမဏေလိုပဲ သူခိုးတို့ အနှိပ်စက် မခံရဘူး။
(၄) ဒေါသမထွက်ရဘဲ အိမ်ကို ကောင်းမွန်စွာ ပြန်လာနိုင်တယ်။ ဆွေမျိုးတွေထဲမှာ အမြတ်ဆုံးလို့ သိမှတ်ခံရတယ်။
(၅) သူတစ်ပါးတွေရဲ့ ရိုသေ လေးစားခြင်း ခံရတယ်။
(၆) ပူဇော် ရှိခိုးခံရတယ်။
(၇) ခြံရံ ကျော်စောမှုတွေနဲ့ တင့်တယ်တယ်။
(၈) လယ်ယာ စိုက်ပျိုး ဖြစ်ထွန်းလို့ အသီး စားရတယ် (စီးပွားရေး အဆင်ပြေတယ်။)
(၉) သေတဲ့အခါ နတ်ပြည်ရောက်ရတယ်။
(၁၀) ရန်သူတို့ အနှိပ်စက် မခံရဘူး တဲ့။
(မူဂပက္ခဇာတ်၊ ဇာ၊၂၊၁၅၀။ ဇာ၊ဋ္ဌ၊၆၊၁၆။)
ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားခြင်း၏ ဆိုးကျိုး/ ပြစ်ဒဏ်(၁၀)မျိုး
ခင်ပွန်းကြီး(၁၀)ပါးကို ပြစ်မှားမိသော ပုဂ္ဂိုလ်သည်
(၁) ဦးခေါင်းကိုက်ခြင်းစတဲ့ ပြင်းထန်သော ရောဂါကို ခံစားရခြင်း၊
(၂) အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ပျက်စီးရခြင်း၊
(၃) ခန္ဓာကိုယ် ခြေပြတ် လက်ပြတ် စသည်ဖြစ်ရခြင်း၊
(၄) မျက်စိကွယ်၊ နူနာစွဲ၊ လေဖြတ်ခြင်းစတဲ့ ရောဂါကြီးများ ခံစားရခြင်း၊
(၅) ရူးသွပ်ခြင်း၊
(၆) ရာထူးများ လျောကျ ဖယ်ရှားခံရခြင်း၊
(၇) ကြမ်းတမ်းတဲ့ စွပ်စွဲမှုများနဲ့ ကြုံတွေ့ရခြင်း၊
(၈) ဆွေမျိုးများ သေကြေ ပျက်စီးခြင်း၊
(၉) စည်းစိမ်ပျက်၊ မိမိပိုင် ရွှေတုံးများ မီးသွေးခဲ စသည်ဖြစ်သွားရခြင်း၊
(၁၀) သေပြီးနောက် ငရဲ ကျရောက်ရခြင်း တို့ကို ခံစားရပါတယ်။
(ဓမ္မ၊ ဋ္ဌ၊၂၊ ၄၄။)
သတိ သံဝေဂ ရကြပါစေ
''မပြစ်မှားထိုက်သော ကိလေသာကင်းစင်သည့်ပုဂ္ဂိုလ်ကို ပြစ်မှားလျှင် လေညာသို့ ပစ်လွှင့်လိုက်သည့် မြေမှုန်သည် ပစ်လွှင့်သူထံသို့သာ ပြန်ရောက်သကဲ့သို့ လူမိုက်၏ မကောင်းမှုကံသည် ထိုလူမိုက်ထံသို့သာ ပြန်ရောက်လေ့ရှိပါသည်။ (သံ၊၁၊၁၃။)
လေညာသို့ တံတွေးထွေးလျှင် မိမိကို ပြန်စင်သကဲ့သို့ မပြစ်မှားသင့်သူကို ပြစ်မှားလျှင် မိမိပင် ပျက်စီးရတတ်သည်ကို သတိကြီးစွာဖြင့် သံဝေဂယူရပါမည်။
ယနေ့ခေတ်မှာ ခင်ပွန်းကြီး(၁၀)ပါး ဘုရားရှိခိုး ဆိုပြီး ပါဠိဂါထာ၊ အနက်ပြန်ဆိုမှုတွေ တွေ့နေရပါတယ်။
အဲဒီဘုရားရှိခိုး ဂါထာနဲ့ ရဟန်းတွေ ရှိမခိုးသင့်ဘူးလို့လည်း ဆိုနေကြပါတယ်။ မှန်ပါတယ်။ ဘုရား ရဟန္တာများ ပါနေပေမယ့် လူသားများဖြစ်တဲ့ မိဘစသူတွေ ပါနေတဲ့အတွက်ကြောင့် ရဟန်းတော်များသည် ဘုရား ရဟန္တာများကိုသာ ရှိခိုးတဲ့ ဂါထာတွေနဲ့ပဲ ရှိခိုးတာ ပိုပြီး သင့်မြတ် လျော်ကန်ပါတယ်။
(သိသလောက် တွေ့ရှိသမျှလေးနဲ့ တင်ပြ မျှဝြေခင်းပါ။ အသိတွေ လင်းလက်ကြပါစေ။ သတိ သံဝေဂ ရကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါသည်။)
No comments:
Post a Comment