စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, February 7, 2022

ဒွါဒသမတိပိဋကဆရာတော်

(ဒွါဒသမတိပိဋကဆရာတော်)
-------------------------------
(၁)
”လူသားတစ်ယောက်ဟာ စာမေးပွဲတွေ ဘယ်လောက်ထိ
အောင်မြင်နိုင်သလဲ..။ ”  “ဘဝတစ်ခုရပ်တည်ဖို့ ဘွဲ့တွေ
ဘယ်နှစ်ခုလိုအပ်သလဲ..။ ”
သူ့အတွက်တော့ အိပ်မက်တစ်ခြား လူတစ်ခြားမဖြစ်ရုံတမယ်သာ စာမေးပွဲအချို့ ဖြေခဲ့သည်။ လူတောသူတောတိုးဖို့ထက်
လူ့အသိုင်းဝိုင်းထဲက ဝေးမသွားဖို့ ဘွဲ့အချို့ ယူခဲ့ဖူးသည်။ စာမေးပွဲပေါင်း ၅၀ ထက်မနည်း
အောင်မြင်၍ ဘွဲ့ပေါင်း ၄၀ ကျော် ဆွတ်ခူးရရှိသော ရဟန်းတစ်ပါး၏ ပရိုဖိုင်ကို ကလစ်မိသောအခါ မြင့်မားသောသဒ္ဓါအရိပ်ထင်းထင်းကြီးကို
ကြည်ညိုခွင့်ရလေသည်။

အသက်မွေးဝမ်းကြောင်းတစ်ခုအတွက် ဒီပလိုမာ သို့မဟုတ် ဝိဇ္ဇာသိပ္ပံဘွဲ့လက်မှတ်တစ်ခုခုမပါဘဲလည်း လောကထဲ ရဲရဲလျှောက်လှမ်းနိုင်ကြသည်ကို သင်တို့ကိုယ်တွေ့ကြုံဖူးပါလိမ့်မည်။

ဝိနည်းကျင့်ဝတ်သာ ဖြည့်တင်းလျင် ကြွေးမြီကင်းသော ဆွမ်းသင်္ကန်းကျောင်းဆေးမှီဝဲခွင့် အဆင်သင့်ရှိနေသော ရဟန်းတစ်ပါးက ဘာဘွဲ့တွေကိုများ ရှာမှီးနေဦးမည်နည်း။ ယုတ်စွအဆုံး သက္ကာရဟူသော ပုထုဇဉ်လိုဘများတွင် ထိပ်တန်းက မီးထတောက်လေ့ရှိသည့် ဂုဏ်တည်းဟူသော ချဉ်ဆားကို မှီဝဲလို၍ လောကီဘွဲ့နယ်ပယ်ထဲ ချဉ်းကပ်လာသည့်တိုင် တစ်ခုသောဓမ္မာစရိယဘွဲ့သည်ပင် ရဟန်းတစ်ပါးအတွက် ကုံလုံနေပြီမဟုတ်လော.။

သူ့ဘဝတွင် အားမကျဘဲ (သို့မဟုတ် အားကျရန် လုံလောက်သော အရည်အသွေး သူ့မှာ မရှိသဖြင့်) ပုံအော ကြည်ညိုလေးမြတ်ရသော ရဟန်းများစွာကို ကံသုံးပါးအမူအရာတစ်ခုခုဖြင့် ပူဇော်လေ့ရှိပါသည်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က စင်္ကြန်ထောင့်ချိုးတစ်ခုတွင် ခပ်မှိန်မှိန်ထိုင်နေသည့်ကြားမှ ခပ်ငြိမ်ငြိမ်လင်းနေသောရဟန်းတစ်ပါး၏ ” အနာဂတေ ဘဝိဿန္တိ”ဂုဏ်ကို မှန်းဆကြည်ညိုခဲ့ဖူးသည်။ အနုာဂတ်တွင် တစ်ခုခုဖြစ်ရန် သေချာနေသည့်အလားလာရှိသူကို သိုးဆောင်းတို့ဘာသာစကားဖြင့်လည်း Promising ဟု ထောမနာလေ့ရှိပါသည်။

ထိုရဟန်းတော်၏ ဘွဲ့အမည်တော်ကပင် ထူးခြားနေသည်။အထူးမွေးဖွားလာသူ
(Supreme Born)ဟုအဓိပ္ပါယ်ရသော အရှင်အဘိဇာတာင်္လကာရာဘိဝံသဖြစ်ပါသည်။

(၂)
သူကတော့ ”အာဂုံရမှ အာဂလူ” ဟူသော ဆရာမြတ်တို့၏ မောင်းနှင်အားအတိုင်း မပြေးနိိုင်သော နျူကလီးယားလောင်စာနည်းပါးလှသည့် စိတ်သင်္ဘောတစ်စီးမျှသာဖြစ်လိမ့်မည်။
ငယ်စဉ်မှပင် စာကျက်ပျင်းသောသူသည် နှုတ်လွတ်ဖြေဆိုရသည့် အာဂမပဥှာစာမေးပွဲများကို ဝေးဝေးရှောင်လေ့ရှိပါသည်။ သို့သော် ဘဝအတွက် တက်လမ်းဖြစ်သည်ဆိုလျင်တော့ မဖြစ်မနေနှုတ်ပူတိုက်ရတတ်သည်။ ငယ်ဆရာဖြစ်သည့် ရွာဦးကျောင်းဆရာတော်က ကျေးလက်ဘုန်းတော်ကြီးကျောင်းသားကိုရင်များကို မြို့ပြပညာသင်ဝင်ခွင့်လျှောက်လွှာခေါ်သည်။

ပြဌာန်းကျမ်းစာများအဖြစ် ပရိတ်ကြီး (၁၁)သုတ်၊သဒ္ဒါကြီးသုတ်စဉ်နှင့် သေခိယသိက္ခာပုဒ် များကို အာဂုံပြန်ဆိုရမည်။ ရွာဦးကျောင်းရှိဘုတ်အုပ်များကို လှန်လှောရာမှ ဇိနတ္ထပကာသနီနှင့် စွယ်စုံကျမ်း(မအက္ခရာထင်ပါသည်) နှစ်အုပ်တည်းသာ ကြွယ်ဝသောပိဋကတ်တိုက်ထက် ပြည့်စုံသည့် မြို့ပြအိပ်မက်ကို မျက်လုံးပေကလပ်၊စကားထစ်အဖြင့် မက်နေပြီဖြစ်သော ကိုရင်ဒက်ချေးလေးသည် ဆရာဘုန်းကြီး၏ သတ်ကွင်း(Battle)ကို အထစ်အငေါ့မရှိကျော်ခွနိုင်လေသည်။ သူ မြို့ပြပညာသင်ကိုရင်လေးတစ်ပါးဖြစ်လာသည်။ သူ့အိပ်မက်လေးက ၀န်းသိုစော်ဘွားကြီးဦးအောင်မြတ်၏ ဒေါင်းမြူးချောင်းစမ်းရေလေးအတိုင်း ပင်လယ်သမုဒ္ဒရာ ကန္တာရမကျန်အောင် အဝေးကြီးဝေးပြီး အနီးကြီးနီးသည့် နှလုံးသား၏ နယ်ပယ်များကို ဖြတ်သန်းသည်။ ပါဠိပထမပြန်စာမေးပွဲများကို သူ ဖြေဆိုသည်။ စာကျက်ပျင်းသည့်အတွက် သာမန်မ ျှသာ။ သို့သော် သူကျေနပ်ပါသည်။ သူက သင်ခန်းစာအသစ်တွေ သင်ခွင့်ရဖို့သာလိုသည်။ သာမဏေကျော်စာမေးပွဲဆိုင်ရာ ပိဋကတ်ဘုတ်အုပ်ထူကြီးများကိုလည်း ထမ်းလိုက်သေးသည်။ မအောင် ရေးမချလည်း မအောင်၊ မအောင် ဆယ့်တစ်လီလည်း မအောင်။ ၁၉ ၈၈ အရေးတော်ပုံကြီးကို လက်ညှိုးထိုးပြနိုင်၍သာ သူ သာမဏေကျော်ဖြစ်မလာခြင်းက ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။

မည်သို့ဖြစ်စေ သာမဏေကျော်ရှင်ကျော်များစွာနှင့် ရင်းနှီးကြည်ညိုခွင့်ရခဲ့သည်။ ရှင်ငယ်ဘဝဖြင့် ပိဋကတ်(၃)ပုံ၊ နိကာယ်(၂)ရပ်ကို ခပ်မတ်မတ်ထိန်းသိမ်းနေသူတွေပါတကား..။

မန္တလေးမြို့တော်နှင့် ရွှေပြည်ကြီး၏ သာသနာ့နယ်ပယ်တွင် သကျသီဟစာမေးပွဲသည် ဟားဗဒ်၊အောက်စဖို့ဒ်၊ကိန်းဘရစ်ချ်စသော တက္ကသိုလ်ကြီးများ၏ ဘွဲ့ထူးကဲ့သို့ အထင်ခံရသည်။ ရှင်ကျော်မဖြစ်သည့်အခါ ရဟန်းကျော်တော့ ဖြစ်အောင် လုပ်ဦးမှဖြစ်မည်။ ပရိုနှင့် ၀ါသနာမကွဲပြားချိန်မရင့်ကျက်သောရဟန်းငယ်တစ်ပါး၏ အတွေးမ ျှဖြစ်သည်။ သာမဏေကျော်စာမေးပွဲအောင်မြင်လျင် ”အလင်္ကာရ” ဘွဲ့ထူးချည်ခွင့်ရမည်။ ရဟန်းကျော်စာမေးပွဲကျော်ဖြတ်နိုင်လျင်တော့ “ အဘိ၀ံသ” ရွှေရောင်တံဆိပ်ဖြင့်ခပ်ဟိတ်ဟိတ်ဖြစ်ချေမည်။ အနောက်တိုင်းက ဘွဲ့ကို Sir, Dr စသည်ဖြင့် ရှေ့ဆက်စကားလုံး (Prefix) အဖြစ် ဖြည့်စွက်သည်။ ရွှေပြည်ကြီးကတော့ နောက်ဆက်စကားလုံး(Suffix)အဖြစ် ဂုဏ်တင်လေသည်။

ရာဇာဓိရာဇဂုရုစသည် မင်းကိုးကွယ်ခံမထေရ်ကျော်တို့ခေတ်ကို လွမ်းဆွတ်ကာ ပရိယတ္တိသာသနာကို ထိန်းသိမ်းချီးမြောက်လို၍ ကျင်းပကြသော စာတော်ပြန်ပွဲများတွင် ပရိယတ္တိသာသနဟိတဟူသော သကျသီဟအသင်းကြီးမှ ကျင်းပသည့် ရှင်ကျော်ရဟန်းကျော်စသော ထိိပ်တန်းစာမေးပွဲများကို သူက ခပ်တည်တည်ဝင်ရောက်ဖြေဆိုခြင်းဖြစ်လေသည်။ ဘီလ်ဂိတ်၊ စတိဗ်ဂျော့်ဗ်နှင့် ဇူကာဘတ်တို့လို အမျိုးကောင်းသားများ ပေါ်ထွန်းမလာမီကတည်းကပင် အပျင်းထူလှသော သူက စာမေးပွဲများနှင့်အသားမကျခဲ့ပါ။ သို့အတွက် သကျသီဟအတန်းတွင် ခပ်ဖိန့်ဖိန့်ဝင်တက်နေသော်လည်း စာမေးပွဲဖြေဆိုရန် ရေသာခိုခဲ့ပါလေသည်။
” ဦးဇင်း ဘယ်အတန်းတက်နေလဲ”
” သကျသီဟတန်းဗျ”
” စာတွေ ခက်မယ်နော်”
” ဟဲ ဟဲ”
ဤသည်ပင် သကျသီဟတန်း၏ ပီတိဖြစ်သည်။

အသက်(၂၇)နှစ်မပြည့်မချင်း သူသည် သကျသီဟအလောင်းအလျာ ရှင်အောင်ဇေယျလေးဖြစ်ပေသည်။ သက်တော် (၂၇)နှစ်ပြည့်လျင်တော့ ဤဘဒ္ဒကမ္ဘာတွင် သကျသီဟဖြေဆိုခွင့်မရှိတော့ပါ။ နောက်ဘုရားပွင့်လျင်လည်း သကျသီဟရှိမည်မထင်တော့။ သူ့ ဉာဏ်က သိပ်ဆိုးဟန်မတူပါ။ သဒ္ဓါနှင့် ၀ီရိယအနှုတ်လက္ခဏာပြနေ၍သာ အာဂလူဖြစ်ခွင့်လွဲသွားသည်။

သို့သော် တစ်နှစ်မှာတော့ သူ သကျသီဟစာသင်တန်းတွင် မဖြစ်မနေ အာဂုံပြန်ဆိုရန်
မိတ်ဆွေရဟန်းတော်များက သူ့ကိုယ်စား စာမေးပွဲ လေ ျှာက်လွှာဖြည့်စွက်လျက် သကျသီဟအသင်းကြီးသို့ တင်လိုက်ကြသည်။ ဘယ့်နှယ်လုပ်လိုက်ကြသနည်း ငါ့ရှင်တို့...။
နှုတ်တ်ဝယ်ရွရွ အလွတ်အာဂုံရသောစာဟူ၍ သိပ်မရှိ။ ပထမကြီးတန်းတုန်းကကျက်မှတ်ထားသော ၀ိနည်း သဒ္ဒါ သင်္ဂြီုဟ် နှင့် အဘိဓာန်ဂါထာများတော့ ခပ်ဝါးဝါးရှိသေးသည်။

သို့သော် ညစဉ်မပြန်ဆို၍ တိတိကျကျမရတော့။၊ ဘေးလူ ထောက်ပေး၍ ထစ်ထစ်ငေါ့ငေါ့ အခါခါကျော့ကာမှ တစ်လုံးတိုး နှစ်လုံးတိုးအဆင့်သာ ရှိတော့သည်။ သကျသီဟစာသင်တန်းတွင် ပြဌာန်းထားသည့် ဘေဒစိန္တာနှင့် ကစ္စာယနသာရကျမ်းနှစ်စောင်ကတော့ အသစ်ကျက်ထားသည်မို့ အာပူတိုက်လျင် ဖြစ်နိုင်ကောင်းသည်။ ပြဿနာက ညည အမှောင်ထဲတွင် ဆရာဘုန်းတော်ကြီးချောင်းဟန့်သံပေးကာ လာစစ်မှ စာသံပေါ်အောင် ဖျစ်ညှစ်အော်ခဲ့သော အဘိဓမ္မာညဝါကျမ်းစာများဖြစ်သည်။ ဟောတော်မူသည်၏ အခြားမဲ့၌ .......... ဟောတော်မူ၏။ ဟောဟန်ကား.......... ဟူသည်တည်း။ အရကား.........ဖြစ်သတည်း။ တကယ်အမှတ်ရမည့် ကွက်လပ်များကို ဖြီးဖြန်းညာဝါးချခဲ့လေသည်မဟုတ်လော..။

(၃)
သကျသီဟစာမေးပွဲကြီးကား စလေပြီ။ သကျသီဟစာမေးပွဲတွင် စာသင်တန်းနှင့် စာချတန်း ဟူ၍အတန်း(၂)နှစ်တန်းရှိသည်။ စာသင်တန်းတွင် ပိဋကမုခ်ဦးသို့ ၀င်ရန် အခြေခံဖြစ်သော အဘိဓမ္မာနှင့် သဒ္ဒါကျမ်းစာများ၊သာသနာ့ဝန်ထမ်းများ သိသင့်ကျင့်ထိုက်သော ၀ိနည်းဓမ္မကံဆိုင်ရာကျမ်းစာများ သင်ယူကျက်မှတ်ကြရသည်။ စာသင်တန်းက အာဂုံနှင့် ရေးဖြေဟူ၍ နှစ်ဆင့်ပြဌာန်းသည်။ အာဂုံပြန်ဆိုနိုင်ပါမှ ရေးဖြေဝင်ရောက်ဖြေဆိုခွင့်ရှိသည်။ သူ အာဂုံဖြေဆိုရပေတော့မည်။

ဦးလှသိန်းဗိမာန်ဟု ခေါ်သော သကျသီဟအသင်းတိုက်ကြီး၏ အောက်ထပ်တွင် စာဖြေသံဃာတော်များစုရုံးစောင့်ဆိုင်းနေကြရသည်။ အာဂုံပြန်ဆိုရမည့် ရဟန်းတော်များ၏
ဘွဲ့အမည်များကို တစ်ပါးချင်းစီ အသံချဲ့စက်ဖြင့် ပင့်ဆောင်နေသည်။ သူ့ဘေးပတ်ဝန်းကျင်တွင် မျက်လုံးမှိတ်လျက် အိန္ဒြေကြီးစွာ စာနွှေးနေသော သံဃာတော်များ၊ စာရပြီးဖြစ်၍ ယုံကြည်မှုအပြည့်ဖြင့် ခပ်အေးအေးထိုင်နေသော ရဟန်းတော်များနှင့် ဘာစာမှ မရဘဲ အနေခက်အောင် ကူညီကြသူများကြောင့် စာဖြေသံဃာဖြစ်လာပြီး နွှေးစရာ အာပူတိုက်စရာ ဘာစာမှ မရှိသော သူ့လို ယောင်ပေပေရဟန်းများလည်း ရှိနေသည်။

အရှင်.......
သူ့ဘွဲ့အမည်ကြားရချေပြီ။ ဘာစာမှ ဟုတ္တိပတ္တိမရသည့်တိုင် စာမေးလျင် မဖြေနိုင်မှာလည်း စိုးသေးသော သူသည် ရင်လေးစွာဖြင့် လှေကားမကြီးအတိုင်း ဖြေညှင်းစွာ တစ်လှမ်းချင်း
တက်လေ၏။ တစ်ကြိမ်ခေါ်လျင် သုံးလေးပါးဆက်တိုက်ခေါ်သဖြင့် သူ့နောက်မှ ကပ်လိုက်လာသည့်ရဟန်းတော်အချို့၏ ခြေသံများကိုလည်း ကြားနေရ၏။ လှေကားဦးထိပ်ရောက်သည်နှင့် ခန်းမကျယ်ကြီးတွင် စာစစ်အသင်းလူကြီးတို့ စားပွဲအသီးသီးတွင်ထိုင်နေကြသည်ကို အတိုင်းသားမြင်ရ၏။ အာဂုံပြန်ဆိုပြီး၍ ထိုင်ခုံမှ ကြွလာသော ရဟန်းတို့နှင့် သူတို့ မျက်နှာချင်းဆိုင်မိကြလေပြီ။ ဘယ်ခုံကို ကြွရပါ့...။ ထိုအချိန်မှာပင် သူ့မိတ်ဆွေရဟန်းတော် အရှင်ပညာသီဟ(အရှင်ဆန္ဒာဓိက တစ်နိုင်ငံလုံးပထမကျော်ဘွဲ့ရသည့်နှစ်က ဒုတိယရသည့် ပုဂ္ဂိုလ်၊ ယခု ဒေါက်တာအရှင်ပညာသီဟာဘိ၀ံသ)သည် သူ့ကို မြင်သည်နှင့် မျက်ရိပ်မျက်ကဲပြကာ “ ဦးဇင်း တပည့်တော်လာခဲ့တဲ့ ခုံကို မြန်မြန်ကြွ... ဒကာကြီးက သိပ်သဘောကောင်းတယ်။ ထိုအသံကြားသည်နှင့်သူ့နောက်မှ ကပ်ပါလာသောရဟန်းတော်တို့၏ ခြေလှမ်းများ အရှိန်မြှင့်လိုက်ကြသည်ကို သူသတိပြုမိလိုက်၏။ စာမရသော်လည်း သူ့ခြေလှမ်းများက ဘုံလောင်းဆွမ်းကို ပြေးပြေးလွှားလွှား အလှူခံနေကြမို့ သွက်ပါသည်။ ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့သည် ထိုအချိန်က လူလားမမြောက်သေး။ ဆိုရသော် မည်သို့ မည်ပုံ ပြုလုပ်လိုက်သည်မသိ။ နှစ်လှမ်း သုံးဖဝါးဖြင့် စာဖြေခုံသို့ သူ ရောက်ရှိသွားတော့သည်။ ထိုင်ခုံတွင် ထိုင်ချလိုက်ရင်း ဟူးကနဲ သက်ပျင်းအမောကိုပင် ချမိရသည်အထိ..။
ကံဆိုးသူ မောင်ရှင်များ ဦးဉာဏ်ထွန်းဆိုသော အမေးအမြန်းထူသည့်
ဒကာကြီးထံ တည့်တည့်ဝင်တိုးကြလေသတည်း။

အသက်ခြောက်ဆယ်ကျော်ခန့် ခပ်ပိန်ပိန် ကျွဲကော်ကိုင်းမျက်မှန်နှင့် ဒကာကြီးသည်
“ အရှင်ဘုရား စာတွေ ကျက်ရလို့ ပင်ပန်းနေပြီ ထင်တယ်” ဟု ပဋိသန္ထာရစကားဆို၏။
“ လောလောဆယ်တော့ ဒကာကြီးဆီရောက်အောင် ပြေးလာရလို့ ချွေးပါပြန်တယ် ”
ဟု နဖူးကို လက်ဖြင့် သပ်ရင်း သူဖြေ၏။

“ ဒကာကြီးတို့လည်း ဒီသကျသီဟလို စာမေးပွဲကြီးမှာ စာထောက်စာမလုပ်ဖို့ ဆိုတာ တော်တော့အရည်အချင်းနဲ့ လွယ်မယ်မထင်ဘူး ”

” ဟာ ဘယ်လွယ်မလဲကိုယ်တော် တပည့်တော် ဓမ္မာစရိယဂုဏ်ထူးကျမ်းတွေ ပါဠိပါရဂူတွေ အကုန်ဖြေခဲ့တာ..။”

ဒကာကြီးကား သူ့အကွက်ထဲ ၀င်လေပြီ။ စာဖြေရမည့်အချိန်ထဲက အလ္လာပသလ္လာပချိန်လေး ကဲ့ယူလိုက်ရ၏။ ”ကဲ ကဲ အရှင်ဘုရား အာဂလူ ဟုတ် မဟုတ် စမ်းလိုက်ကြရအောင် ” ဟု လုပ်ငန်းခွင်ဝင်ရန် အချက်ပြကာ ၀ိနည်းငယ်လေးဆောင်ပါဌ်ကျမ်းစာအုပ်ကို လှန်လှောလေ၏။
ထိုရောအခါ သူသည် မင်းကွန်းတိပိဋကဆရာတော်ကြီးနှင့် သီတဂူဆရာတော်နှစ်ပါးတို့၏ အမြင့်ကီး(HightPitch)ကို တုပလျက် သရဘညအသံဟုထင်မှတ်မှားလောက်အောင် နမော တဿ ဘုရားရှိခိုးကြီးကို အနောက်တိုင်းအော်ပရာဟန်အတိုင်း ဖြေးလေးစွာ ရွတ်ဖတ်သရဇ္စျာယ်ခြင်းအမှု ပြုလေသတည်း။

စာစစ်မည့် ဒကာကြီးသည် အပေါ်စီးက ရှိရာမှ ဘုရားနှင့် ပြန်ဖိထားသောကြောင့် လက်အုပ်လေးချီကာ ရိုသေစွာ နာယူရလေ၏။ သူသည်လည်း နမော တဿ ပြီးသည်နှင့် ဒကာကြီးမေးရန် အခွင့်မပေးတော့ဘဲ ငယ်စဉ်ကတည်းက စာသင်သားတိုင်း စွဲမြဲစွာ ရလေ့ရှိသည့်ကျမ်းစာပထမစာမျက်နှာကို ဆက်တိုက်ရွတ်လေတော့၏။

သမ္မဇ္ဇနီ ပဒီပေါ စ ၊ ဥဒကံ အာသနေနစ.......။

အဲဲအဲ ရပါပြီ ဘုရာ့.. တပည့်တော်တို့ ကစ္စည်းသဒ္ဒါကြီးကို ဆက်သွားကြတာပ..။

နမော တဿ ဘဂဝတော ကို ထုံးစံအတို်င်း သုံးကြိမ်တိတိ ဌာန်ကရိုဏ်းမိမိ ပူဇော်ပြီးသည်နှင့် သဒ္ဒါကျမ်းဦးအစဂါထာကို ဟန်ပါပါးဆက်တိုက် ရွတ်ပြန်လေ၏။

သေဋ္ဌံ တိလောကမဟိတံ...။

ထိုနေ့က ကျမ်း(၅)ကျမ်းကို နမော တဿ (၁၅)ခေါက် ဒေါင်းဒေါင်းပြေးရွတ်ဖတ်၍ အာဂုံပြန်ဆိုအောင်မြင်ခဲ့ပေ၏။ ကောင်းလင့်တေးပေတကား။

ထိုအာဂုံပြန်ဆိုနိုင်ခဲ့၍သာ ရေးဖြေစာမေးပွဲကို ၀င်ခွင့်ရခဲ့၏။ ထိုရေးဖြေစာမေးပွဲကာလတွင် ယနေ့ ဒွါဒသမတိပိဋကထေရ်အရှင်လောင်းလျာ အရှင်အဘိဇာတကို ဖူးမေ ျှာ်ခွင့် ရခဲ့ခြင်းဖြစ်ပေသည်။

(၄)
သကျသီဟအသင်းကြီး၏ ၀ရံတာထောင့်တစ်နေရာတွင် စာကြည့်နေသော အညာသားဟန်အပြည့်ရှိသည့် ရဟန်းတော်တစ်ပါးကို ညွှန်ပြကာ “ အဲဒါ ဦးအဘိဇာတပဲ ” ဟု မိတ်ဆွေရဟန်းတော်က တိုးတိုးပြောသည်။ ဤသို့ပင် ပရိယတ္တိစာပေလောကတွင် ထူးချွန်သောရဟန်းတော်များကို မမြင်ဖူးသည့်တိုင် ကြားဖူးနေကြသည်။ ပထမကျော် အဂ္ဂမဟာအကျော်စသည် ရည်မှန်းချက်ကြီးမားသော ရဟန်းတော်အချင်းချင်းဆိုလျင် အခြားရဟန်းတစ်ပါးကို “ ဒီနှစ် ကိုယ်တော် စာမေးပွဲမပြေါနဲ့ တပည့်တော်ဖြေရင် ကိုယ်တော် ဒုတိယနဲ့ ကျေနပ်ရလိမ့်မယ် ” ဟု သတိပေးစကားပြောကြားကြသည်အထိ တစ်ပါးနှင့် တစ်ပါး သိနေကြသည်။
ထိုအချိန်က အရှင်အဘိဇာတက သကျသီဟစာချတန်းဖြေနေပြီး သာမဏေကျော်နှင့် ဘွဲ့အများအပြားရရှိပြီးဖြစ်နေပြီ။ သူက ထိုနှစ်ထိုတစ်ကြိမ်သာ သကျသီဟစာမေးပွဲဖြေဆိုခဲ့ပြီးနောက် သာသနာ့တက္ကသိုလ်၊ထေရဝါဒတက္ကသိုလ်များဆီ ခြေဦးလှည့်ဖြစ်သွားတော့သည်။ အရှင်အဘိဇာတကတော့ ဖြောင့်သောပရိယတ္တိရွှေစောင်းတန်းအတိုင်း တရွေ့ရွေ့တက်လှမ်းကာ မြန်မာနိုင်ငံသာသနာ၏ အခေါင်အဦးဖြစ်သော ဒွါဒသမတိပိဋကအလံတော်ကိုပင် ဆွတ်ခူးရယူက ဇမ္ဗူတစ်လူဖြစ်တော်မူခဲ့လေသည်။

တံခါးမှန်သမ ျှအကုန်ပွင့်နေသော ယနေ့ နည်းပညာယုခခေတ်ကြီးတွင်
ဤတိပိဋကဆရာတော်သည် ဗုဒ္ဓသာသနာတော်၏ အနေရိုးဖြောင့်ခြင်းဂုဏ် ပြယုဂ်အစစ်ဖြစ်နေသည်။ကျမ်းစာကြည့်မပျက်၊ စာချမပျက်..။ အခါအားလျော်စွာ တရားဟောလည်း မပျက်..။ လက်တွဲအလုပ်လုပ်ရန် ခေတ်မီခြင်းကို နှစ်သက်လေ့ရှိသော်လည်း ကြည်ညိုလေးမြတ်ရန်အတွက်မူ ရိုးစင်းခြင်းသည် သီလကျင့်ဝတ်၏ အလှတရား ဟု ယုံကြည်ပါသည်။

ဓမ္မဘဏ္ဍာဂါရိက ဟူသော အရှင်အာနန္ဒာ၏ ဂုဏ်ရည်စံအတိုင်း ခိုင်းနှိုင်းပူဇော် ပိဋကတ်အကျော်အမော်ဖြစ်သော အရှင်အဘိဇာတာဘိ၀ံသအရှင်နှင့် သူ့အနေအထားက အဆက်အစပ်မရှိဝေးလွန်းပါသည်။ သို့သော် ဓမ္မဂင်္ဂါကျောင်းအမကြီး၏ သံသရာပါရမီရေစက်ကုသိုလ်ကြောင့် ရဟန်းညီအကိုများအဖြစ် ညီမောင်ဖြစ်သူမုံရွာမဇ္စျိမရောင်ခြည်ဆရာတော်၏ သီတာရောင်ခြည်သိမ်တော်တွင် ဆုံခွင့်ရခဲ့သည်။ နောင်တော်ရဟန်းအဖြစ် ဂါရဝပြုခွင့် ရခဲ့သည်။

ဒွါဒသမတိပိဋကဆရာတော်၏ လက်ထဲတွင် အိုင်ပက် (iPad)တစ်လုံး ရှိနေသည်ကို
သတိပြုမိခဲ့၏။ စကားအပိုမပြောဘဲ ပိဋကတ်အပျော့ထည် (Tipitaka Software) ထဲမှာသာ ပျော်ဝင်နေသည်ကို ကြည်ညိုရပါသည်။ အမြင့်ဆုံးဖြစ်သော ပိဋကတ်သုံးပုံစာမေးပွဲကြီးကို အောင်မြင်ပြီးသည့်တိုင် နိကာယ်ငါးရပ်စာမေးပွဲများကို ဘုရားရှင်အား ကြည်ညိုစိတ်ဖြင့် ဖြေဆိုကာ ဓမ္မက္ခန္ဓာများကို ပူဇော်နေဆဲ ဟု သိရသည်။ ဥပမာရှာရှာဖွေဖွေ မသုံးတော့ဘဲ ကျွဲကူးရေပါ ဟုသာ ပြောတော့မည်။ ပိဋကတ်ကျမ်းစာများကို စာမေးပွဲဖြေဆိုကာ ပူဇော်ရင်း စာမေးပွဲပေါင်း ငါးဆယ်ကျော် အောင်မြင်၍ ဘွဲ့ပေါင်းလေးဆယ်ကျော်ကို ဆွတ်ခူးခဲ့ပြီ တဲ့..။
ထို့ထက်ပိုချင်သာ ပိုလေမည်။
အော်ကောင်းလေစွ..။

ကမ္ဘာ့ဂင်းနစ်စံချိန်စာအုပ်ကြီးမှာပင် ဤလို ပုဂ္ဂိုလ်မျိုး ရှိဖူးဥိးမည်မထင်..။
အာဂုံရသော ရဟန်း၏ အာဂစံချိန်များသာ ဖြစ်ချိမ့်မည်။

Credit... ဓမ္မဂင်္ဂါ (၃-၄-၂၀၁၈)

No comments:

Post a Comment