#အရှုခံတရားကို_မိအောင်ဖမ်းပါ
-----------------------------
#အရှုခံတရားဆိုတာက
ရုပ်တရားနဲ့ နာမ်တရားပါပဲ၊
အဲဒီရုပ်တရား နာမ်တရားသည်
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊ငါလည်းမဟုတ်ဘူး၊
အကောင်အထည်မဟုတ်ဘူး၊ပုံပန်းသဏ္ဍန်မရှိဘူး၊
သဘာဝတရားကလေး။
#အဲဒီသဘာဝတရားလေးက
ဘယ်နေရာမှာရှိနေသလဲဆိုရင်
ပြောရိုးပြောစဉ်အရတော့
ခန္ဓာမှာရှိတယ်လို့ ပြောကြတာပေါ့၊
ဒီခန္ဓာထဲမှာ ဒီသဘာဝတရားလေးတွေ
ရှိနေသလား၊ မရှိပါဘူးနော်။
#ရှင်ဘုရင်ကြီးတပါးက
သူ့ကိုစောင်းတီးပြီးလာဖျော်ဖြေတဲ့
စောင်းသမားလေးကိုကြည့်ပြီး မေးတယ်၊
စောင်းသံလေးတွေက တော်တော်ကောင်းတာပဲ၊
မင်း...ဒီအသံလေးတွေကို
ဒီစောင်းအိုးလေးထဲမှာ ထည့်ယူလာတာလား၊
ပြီးရင် ဒီအိုးထဲမှာ ပြန်သိမ်းထားတာလားတဲ့။
စောင်းသံဆိုတာက ကြိုးကလေးတွေကို
လက်ခတ်လေးနဲ့တီးခတ်လို့
အသံလေးတွေဖြစ်လာတာ၊
တီးခတ်လိုက်တဲ့အချိန်မှာ အသံထွက်လာတယ်၊
ပြီးရင် အဲဒီအသံလေး ပျောက်သွားတယ်၊
အရင်ကတည်းကရှိတာလည်း မဟုတ်ဘူး၊
ဘယ်မှာမှလည်း မရှိပါဘူးတဲ့။
အဲဒီလိုပါပဲ၊
မိမိတို့ရဲ့သန္တာန်မှာလည်း အရှုခံဖြစ်တဲ့
ရုပ်တရားတွေ၊ နာမ်တရားတွေရှိတယ်၊
ဒါပေမဲ့ အဲဒီရုပ်နာမ်တရားတွေသည်
ဟောဒီခန္ဓာကိုယ်ထဲမှာ အရင်ထဲက ရှိတာလား၊
မရှိပါဘူး၊ ဘယ်မှာမှလည်း မရှိပါဘူး။
ဒါဆိုရင်
ဘယ်အချိန်ကျမှ ပေါ်လာသလဲဆိုတော့
အာရုံနဲ့ ဒွါရတိုက်ဆိုင်မှုကြောင့်
အဲဒီနာမ်တရားလေးတွေ ဖြစ်လာတယ်၊
ကံ စိတ် ဥတု အာဟာရဆိုတဲ့
အကြောင်းတရား ၄-မျိုးကြောင့်
ရုပ်ဆိုတဲ့ တရားကလေးတွေ ဖြစ်လာတယ်၊
အကြောင်းတိုက်ဆိုင်တဲ့အချိန်မှာ
အကျိုးလေးတွေ ဖြစ်လာတယ်၊
အဲဒီအကြောင်းရပ်သွားတဲ့အချိန်မှာ
အကျိုးလေးတွေလည်း ရပ်သွားတယ်၊
ဖြစ်လာတယ်၊ ဖြစ်ပြီးတော့ ပျက်သွားတယ်၊
မရှိတော့ဘူး။
ခန္ဓာကိုယ်ထဲကထွက်လာတာလည်း မဟုတ်ဘူး၊
ခန္ဓာကိုယ်ထဲပြန်ဝင်သွားတာလည်း မဟုတ်ဘူး၊
အရှုခံတရား ဘယ်မှာရှိသလဲမေးလို့
ခန္ဓာမှာရှိတယ် ဆိုတာသည်
ပြောရိုးပြောစဉ်အရ ပြောတဲ့အပြော၊
ခန္ဓာထဲမှာရှာလို့ မရှိပါဘူး။
အဲဒါဆို အရှုခံကို ဘယ်လိုရှုရမှာလဲ?
အာရုံနဲ့ဒွါရတိုက်ရင် ဖြစ်လာလိမ့်မယ်၊
ဖြစ်ပေါ်လာတဲ့အချိန်မှာ သတိထားကြည့်၊
သတိနဲ့မကြည့်ဘူးဆိုရင်
ဖြစ်လာပေမယ်လို့ သိလိုက်မှာမဟုတ်ဘူး၊
သိချင်ပါတယ်ဆိုရင် သတိထားကြည့်။
အရှုခံခန္ဓာကလေးတွေ ဖြစ်တတ်တဲ့နေရာ
ဘယ်နှစ်နေရာရှိသလဲဆိုရင် ၆-နေရာရှိတယ်၊
မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်တဲ့၊
ပါဠိလိုပြောတော့ သဠာယတန၊
အဲဒီ ၆-ဋ္ဌာနမှာ အရှုခံတရားလေးတွေ
ဖြစ်နေပါတယ်။
မျက်စိအကြည်နဲ့ အဆင်းနဲ့ တိုက်တော့
မြင်စိတ်ခန္ဓာဖြစ်တယ်၊
မျက်စိအကြည်ရယ်၊အဆင်းရယ်၊မြင်စိတ်ရယ်
သုံးပါးပေါင်းလိုက်တော့ ဖဿ ဖြစ်တယ်၊
ဖဿ ကြောင့် ဝေဒနာဖြစ်တယ်၊
ဝေဒနာလေး ဖြစ်လာပြီဆိုတော့
သုခဝေဒနာဖြစ်ရင် တဏှာဖြစ်မယ်၊
ဒုက္ခဝေဒနာဖြစ်ရင် ဒေါသဖြစ်မယ်၊
ဥပေက္ခာဝေဒနာဖြစ်ရင် မောဟဖြစ်မယ်။
ဒါကြောင့် ဘုန်းကြီးတို့ယောဂီတွေက
အဲဒီ ဝေဒနာလေးတွေကို
ဉာဏ်နဲ့သာ မကြည့်နိုင်ဘူးဆိုရင်
ငါမြင်တယ်၊ ငါ့သားကို မြင်တယ်၊
ငါ့သမီးကို မြင်တယ်ဆိုတဲ့ ဒိဋ္ဌိဖြစ်မယ်၊
"ဝေဒနာ ပစ္စယာ တဏှာ"
တဏှာဖြစ်မယ်၊
ဒေါသဖြစ်မယ်၊
မောဟဖြစ်မယ်ပေါ့။
အဲဒီတော့
မိမိတို့ရဲ့သန္တာန်မှာ အာရုံနဲ့ဒွါရ တိုက်တိုင်း
အရှုခံတရားလေးတွေ ဖြစ်ပါတယ်၊
အဲဒီလို အရှုခံတရားလေးတွေ ပေါ်လာလို့
သတိမထားဘူးဆိုရင် နောက်ကနေပြီး
နောက်ဆက်တွဲဖြစ်တဲ့ ဒိဋ္ဌိကိလေသာနဲ့
တဏှာ၊ ဒေါသဆိုတဲ့ ကိလေသာလေးတွေ
အမြဲတမ်းဖြစ်နေပါတယ်။
ကိလေသာလေးတွေဖြစ်လာပြီဆိုရင်
အဲဒီကိလေသာလေးတွေရဲ့အစွမ်းသတ္တိကြောင့်
ဥပါဒါန်တွေ ဖြစ်မယ်၊ ကံတွေ ဖြစ်မယ်၊
ကံတွေ ဖြစ်ရင် ဇာတိ၊ ဘဝတွေ ရလာမယ်၊
သံသရာလည်ပြီး ဒုက္ခတွေ ရလာလိမ့်မယ်။
ဒါကြောင့်မို့လို့
ဒုက္ခသစ္စာ ဝဋ်ခန္ဓာမှ ကျွတ်လွတ်ရာအမှန်
မြတ်နိဗ္ဗာန်ကို ရချင်ပါတယ်ဆိုတဲ့
ဘုန်းကြီးတို့ ယောဂီတွေသည်
မိမိတို့သန္တာန်မှာ မျက်လုံးလေးဖွင့်တိုင်းဖွင့်တိုင်း
ဖြစ်ပေါ်လာမယ့် အရှုခံတရားလေးတွေကို
မိအောင်ဖမ်းဖို့လိုပါတယ်လို့ မှတ်သားပြီး
သာဓုခေါ်လိုက်ကြ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
No comments:
Post a Comment