#အစွဲပြုတ် တဲကုပ် ရွှေနန်းတော်
--------------------------
#ဥပါဒါန် ဆိုတဲ့တရားဟာ
သတ္တဝါတို့သန္တာန်မှာ
အလွန်ဒုက္ခပေးပါတယ်၊
ဥပါဒါန်တရားကိုလက်ခံထားမယ်ဆိုရင်
ဘယ်သူမှ ငြိမ်းချမ်းမှုဆိုတာမရနိုင်ပါဘူးတဲ့။
#တဏှာစွဲ၊ဒိဋ္ဌိစွဲဆိုတာသည်
ဘုရားဒကာ၊ကျောင်းဒကာကြီးတွေပင်လျှင်
အပါယ်လေးပါးရောက်တယ်၊
သရဲ တစေ ္ဆပြိတ္တာဖြစ်တယ်ဆိုတာ
အဲဒီဥပါဒါန်ကြောင့်ဖြစ်တာ။
#ရှေးတုန်းက အရှင်ဥက္ကဋ္ဌဆိုတဲ့
စာပေပညာရှင်ပုဂ္ဂိုလ်တစ်ဦးရဲ့စာအုပ်မှာ
"အစွဲပြုတ် တဲကုပ်ရွှေနန်းတော်"ဆိုတဲ့
ခေါင်းစဉ်လေးပေးထားတာကို
အလွန်သဘောကျခဲ့တယ်။
တဲကုပ်ထဲမှာ နေရသော်လည်း
တဏှာစွဲ၊ဒိဋ္ဌိစွဲကင်းနေတဲ့ပုဂ္ဂိုလ်ကတော့
အဲဒီ တဲကုပ်လေးသည်ပင်လျှင်
ရွှေနန်းတော်လေးလိုပါပဲတဲ့။
မြတ်စွာဘုရားရှင်လက်ထက်က
အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့
ညီအငယ်ဆုံးဖြစ်တဲ့
အရှင်ရေဝတ ဆိုတာရှိတယ်၊
သူက အလွန်ပူပြင်းခြောက်သွေ့ပြီး
မြက်ပင်တောင်မပေါက်တဲ့ ရှားတောထဲမှာ
သီတင်းသုံးတယ်တဲ့။
အဲဒီလို သီတင်းသုံးနေတဲ့နေရာကို
အလွန်စိတ်ပျက်စရာကောင်းတဲ့နေရာပဲလို့
တောထွက်ရဟန်းကြီးတစ်ပါးကပြောလိုက်တော့
မြတ်စွာဘုရားက အဲဒီစကားကိုကြားပြီး
အခုလိုမိန့်ကြားပါတယ်-
"တောဖြစ်ဖြစ်၊မြို့ဖြစ်ဖြစ်
နိမ့်တဲ့နေရာဖြစ်ဖြစ်၊မြင့်တဲ့နေရာဖြစ်ဖြစ်
မှန်မှန်ကန်ကန်ကျင့်ကြံနေတဲ့ပုဂ္ဂိုလ်တွေရှိနေရင်
အဲဒီနေရာဟာ မွေ့လျော်ဖွယ်နေရာပါပဲ" တဲ့။
ဥပါဒါန်အစွဲကင်းနေတဲ့ပုဂ္ဂိုလ်ကတော့
သူ့အတွက် ဘယ်နေရာပဲဖြစ်ဖြစ်
မွေ့လျော်စရာနေရာတွေပါပဲလို့
ပြောတဲ့အဓိပ္ပါယ်ပေါ့နော်။
ဒီလိုဆိုရင်
ယနေ့ ဘုန်းကြီးတို့ပရိတ်သတ်တွေက
ဘယ်မှာနေချင်တယ်၊ဘယ်မှာမနေချင်ဘူး၊
ဘယ်နေရာတော့သဘောကျတယ်ဆိုတာက
အစွဲရှိနေလို့ပဲပေါ့။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်
ကပိလဝတ်ပြည် ရွှေနန်းတော်ကြီးမှာ
ရှင်ဘုရင်လုပ်လာခဲ့တဲ့ပုဂ္ဂိုလ်ပါပဲ၊
အသက် ၁၆-နှစ်ကစပြီး
ထီးနန်းစည်းစိမ်ကို ၁၃-နှစ်ကြာအောင်
မင်းစည်းစိမ်ခံစားပြီး ရှင်ဘုရင်လုပ်ခဲ့တာပဲ၊
အသက် ၂၉-နှစ်မှာ တောထွက်ခဲ့တာ။
ဘုရားဖြစ်လာတဲ့အခါကျတော့
အဆောက်အဦကောင်းကောင်းမရှိ၊
သင်္ကန်းတောင်ကောင်းကောင်းမရှိပဲ
တောထဲတောင်ထဲမှာလှည့်ပြီး
သီတင်းသုံးနေနိုင်ခဲ့တာပဲ၊
အဲဒါဘာကြောင့်လဲဆိုတော့
ဥပါဒါန်ဆိုတဲ့အစွဲ မရှိတော့လို့ပဲပေါ့။
ဘုန်းကြီးတို့ယောဂီတွေ
တရားရှုတယ်ဆိုတာ၊
ခန္ဓာကိုထိုင်ကြည့်နေတယ်ဆိုတာ
ဘာလုပ်နေတာလဲ..?
ခန္ဓာကို ခန္ဓာမှန်းသိအောင်ထိုင်ကြည့်နေတာ၊
ရှုတယ်ဆိုတာ ကြည့်တာပဲလေ။
ခန္ဓာကို ခန္ဓာမှန်းမသိဘူးဆိုရင်-
၁။ ပုဂ္ဂိုလ်သတ္တဝါဆိုတဲ့အမြင်တွေ
မြင်သွားလိမ့်မယ်။
၂။ အဲဒီပုဂ္ဂိုလ်သတ္တဝါအပေါ်မှာ
သာယာတပ်မက်တဲ့တဏှာတွေ
ဝင်သွားလိမ့်မယ်။
အဲဒီဥပါဒါန်တရားတွေရှိလို့ အပါယ်လေးပါးမှ
မလွတ်ကြတာပေါ့။
ခန္ဓာကိုခန္ဓာမှန်း သိရမယ်၊
ခန္ဓာတွေ ဖြစ်တာကိုဖြစ်တာမှန်းသိရမယ်၊
ပျက်တာကိုပျက်တာမှန်းသိရမယ်၊
ဒုက္ခသစ္စာမှန်းသိရမယ်။
ဝိပဿ နာဖြစ်တယ်ဖြစ်တယ်ဆိုတာ
ရုပ်နာမ်ခန္ဓာကိုမြင်မှ၊ရုပ်နာမ်ခန္ဓာကိုသိမှ၊
ရုပ်နာမ်ခန္ဓာ ဖြစ်တာကိုသိမှ၊
ရုပ်နာမ်ခန္ဓာ ပျက်တာကိုသိမှ၊
ရုပ်နာမ်ခန္ဓာသည် ငါမဟုတ်ဘူး၊
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘူး၊
ပုံပန်းသဏ္ဍာန်ပညတ်မဟုတ်ဘူး၊
ပရမတ်ဆိုတာကိုမြင်မှ ဝိပဿ နာဖြစ်တာပါ။
အဲဒီလို ဝိပဿ နာဖြစ်မှ
ပုဂ္ဂိုလ်စွဲ ငါစွဲ သတ္တဝါစွဲဆိုတဲ့
ဒိဋ္ဌိအမြင်တွေ စင်ပါတယ်၊
သာယာဖွယ်တပ်မက်ဖွယ်ကောင်းတယ်ဆိုတဲ့
တဏှာစွဲတွေ စင်ပါတယ်၊
အဲဒီလိုစင်မှ ဒိဋ္ဌိစွဲပြုတ်ပါတယ်၊
ဒိဋ္ဌိစွဲပြုတ်မှ အပါယ်လေးပါးကလွတ်ပြီး
နိဗ္ဗာန်ချမ်းသာရပါတယ်လို့သဘောပေါက်ပြီး
သာဓုခေါ်လိုက်ကြ။
ကျိုက္ကလော့ဆရာတော်
အဂ္ဂမဟာပဏ္ဍိတ၊
အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊
ဒေါက်တာဘဒ္ဒန္တစန္ဒာဝရာဘိဝံသ
(သဗျဗဒါနံ ဓမျမဒါနံ ဇိနာတိ)
No comments:
Post a Comment