နိဗ္ဗာန် ရအောင် ကျင့်တဲ့နည်း...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မြတ်စွာဘုရားက မဂ္ဂင်ရှစ်ပါးအကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှုပြုတာ ဖြစ်တယ်။
အဲဒါကျတော့ ဘုရားပဲ ဟောနိုင်တယ်။ကျန်တဲ့ပုဂ္ဂိုလ် တွေ မဟောနိုင်ဘူး။
ဘာဖြစ်လို့တုန်းဆိုရင် သံသရာထဲမှာကောင်း ကျိုး ချမ်းသာတွေရဖို့ရာအတွက် အခြေခံအကြောင်း တရားနဲ့ အကျိုးတရားတွေကို ပညာရှိ သူတော် ကောင်း တွေဟောနိုင်ကြတယ်။
ဒီထက်ချမ်းသာတဲ့ နိဗ္ဗာန်ချမ်းသာကို ရဖို့ရာကျတော့ ဤမျှသော ကုသိုလ်ကောင်းမှုလေးနဲ့ မရဘူးတဲ့။
ဒီထက် အဆင့်မြင့်ပြီးတော့ ကျင့်ကြရဦးမယ်တဲ့။
အဲဒီ အကျင့်တရားအမှန်ကမဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ ဖြစ်တယ်။
မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အကျဉ်းချုပ်ပြောရရင် သမ္မာဝါစာ စကားအပြောကို ထိန်းသိမ်းစောင့် ရှောက် ရမယ်။
စကားပြောဆိုတဲ့အခါ အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲပြောရမယ်။
သမ္မာကမ္မန္တအပြစ်ရှိတဲ့အလုပ်ကနေ ရှောင်ကြဉ်ပြီးတော့ အပြစ်ကင်းတဲ့ အလုပ်မျိုးကို လုပ်ရမယ်။
သမ္မာအာဇီဝအပြစ်ရှိတဲ့ အသက်မွေးမှုမျိုး မမွေးဘဲနဲ့ အပြစ်ကင်းတဲ့ အသက်မွေးမှုမျိုးကို မွေးရမယ်။
ဒါဟာ အခြေခံသီလပိုင်း ဆိုပြီး မြတ်စွာဘုရား ဟောတာဖြစ်တယ်။
ဘာဖြစ်လို့ သီလကိုလိုအပ်တာတုန်းဆိုတော့ ကိုယ်ကျင့် တရား ပျက်ပြားထားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ အာရုံတစ်ခုအပေါ်မှာ စိတ်စိုက်ဖို့မလွယ်ဘူး။
သမာဓိကျင့်စဉ် ကျင့်တဲ့အခါမှာ ကိုယ်ကျင့်သီလ မပါရင် စိတ်ထဲမှာ အနှောက်အယှက်တွေအများကြီးဖြစ်တယ်။
သမာဓိ တည်ဆောက်ဖို့ရန်အင်မတန်မှခဲယဉ်းတယ်။
ဒါကြောင့် သီလကိုအခြေခံထားရမယ်လို့ပြောတာဖြစ်တယ်။
သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ငါလုပ်ထားတာ တွေဟာ အကုန် အကောင်းတွေချည်းပဲ ဆိုပြီးတွေးလိုက်ရင်ဝမ်းသာရတယ်။
ဝမ်းသာတယ်ဆိုတာ ပါမောဇ္ဇပဲ။
ဝမ်းသာတော့ ကြည်နူးမှုပီတိ ဖြစ်လာတယ်။
ကြည်နူးမှု ပီတိဖြစ်လာရင်ပဿဒ္ဓိ ငြိမ်းချမ်းလာ တယ်။
ငြိမ်းချမ်းရင် ဘာဖြစ်တုန်း၊သုခ စိတ်ကလေး အေးပြီး ချမ်းသာတယ်။
စိတ်အေးပြီးငြိမ်းချမ်းနေတဲ့ ပုဂ္ဂိုလ်တယောက်မှာ သမာဓိဆိုတာဖြစ်လာတာပဲ။
ဘာကိုဘဲ အာရုံစိုက်လိုက်စိုက်လိုက်သမာဓိဆိုတာ ဖြစ်လာတယ်။
သမာဓိ ဖြစ်လာပြီဆိုရင် ယထာဘူတဉာဏဒဿန မှန်မှန်ကန်ကန်သိမြင်လာတဲ့ အသိဉာဏ်ဆိုတာ ရလာတာပဲ။
ဒါဟာ အကြောင်းအကျိုး ဆက်သွယ်နေတာ။
ဒါကြောင့်မို့ ကိုယ်ကျင့်တရားကို အခြေခံထားပြီး
တော့ မဂ္ဂင်ရှစ်ပါးကို အားထုတ်ဖို့မြတ်စွာဘုရားကဟောတာ။
သီလ ဆောက်တည်ပြီးတဲ့အခါ သီလလုံပြီ ဆိုရင် သမာဓိကျင့်စဉ်ကို ကျင့်ရမယ်။
သမာဓိကျင့်စဉ်ကို ကျင့်တဲ့အခါမှာ စိတ်ကို အာရုံတစ်ခုပေါ်မှာ ထားဖို့ဆိုတာ လုံ့လဝီရိယမပါဘဲမရဘူး။
စေတသိက ဝီရိယခေါ်တယ်။
စိတ် အားကုန်စိုက်ပြီး လုပ်ဖို့လိုတယ်ပေါ့။
ဒါကြောင့် သမ္မာဝါယာမရှိရမယ်။
မိမိစိတ်ထဲ မဖြစ်သေးတဲ့ အကုသိုလ်တွေဝင်မလာအောင်၊ဖြစ်ပြီး သား အကုသိုလ်တွေ ဖယ်ရှားနိုင်အောင်၊ ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်၊ဖြစ်ပြီးသား ကုသိုလ်တွေ ထပ်တိုးအောင် လုပ်ခြင်းဆိုတဲ့မှန်ကန်တဲ့လုံ့လဝီရိယနဲ့ လေးဘက်လေးတန်
ကြိုးစားအားထုတ်ဖို့ လိုတယ်။
အဲဒီ သမ္မာဝါယာမ ကြိုးစားအားထုတ်ပြီ ဆိုရင် သမ္မာသတိ သတိထားဖို့ လိုအပ်တယ်။
သတိ ဘယ်မှာ ထားရမလဲဆိုရင် အာရုံပေါ်မှာ စိတ် စိုက်ထားရမယ်။
ကာယ ဝေဒနာ စိတ္တ ဓမ္မလို့ ဆိုတဲ့ ကိုယ့်သန္တာန်မှာရှိတဲ့ ခန္ဓာကိုယ်ရယ် ခံစားချက်ရယ် အသိစိတ်လေးရယ် ကျန်တဲ့သဘာဝတရားလေးတွေရယ် အဲဒါတွေ အပေါ်မှာ စိတ်စိုက်ထားရမယ်။
ဒါကို သတိပဌာန် လို့ခေါ်တယ်။
အဲဒီအပေါ်မှာ စိတ်စိုက်ထားပြီး စိတ်ကို ငြိမ်အောင် လုပ်ရမယ်။
ငြိမ်အောင် ဆိုတာ စိတ်ကိုစုစည်းတာပဲ။စိတ်ဟာ စုမိသွားရင် ပါဝါ(power)ဖြစ်လာတယ်။
ဘယ်အရာပဲဖြစ်ဖြစ် စုမိသွားရင်ပါဝါ(အစွမ်းသတ္တိ) ဖြစ်တာပဲ။
မစုမိဘဲ တကွဲတပြားဖြစ်နေရင် ပါဝါမဖြစ်ဘူး။
အစွမ်းသတ္တိဆိုတာစုမိသွားတဲ့နေရာမှာ ဖြစ်တာ။
နေရောင်ခြည်ကိုမှန်ဘီလူးနဲ့ စုယူလိုက်ရင် စက္ကူတို့ဘာတို့ကိုမီးရှို့လို့ရတယ်။
နေရောင်ခြည်ကို စုယူပြီး မီးလောင်စေတတ်တဲ့အထိ ပါဝါ ဖြစ်သွားစေတယ်ပေါ့။
ဒါကြောင့်ပါဝါဆိုတာစုပေးလိုက်ရင်စွမ်းရည် သတ္တိတက်လာတာကို ပြောတာ။
စိတ်ကိုစုစည်းပေးလိုက်ရင် စွမ်းရည်တက်လာတာ ကို သမာဓိလို့ခေါ်တယ်။
သမာဓိ ရလာရင်မှန်မှန်ကန်ကန် စဉ်းစားပြီး မှန်မှန်ကန်ကန် မြင်လာဖို့အင်မတန်မှ လွယ်ကူသွားတယ်။
သမ္မာသမာဓိဖြစ်တယ်ပေါ့။
သီလကို အခြေခံပြီး သမ္မာဝါယာမ၊သမ္မာသတိ၊သမ္မာ သမာဓိနဲ့ သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးပါတဲ့ မှန်ကန်တဲ့အလုပ်လုပ်လိုက်ရင် ကိုယ့်သန္တာန်မှာသမ္မာ ဒိဋ္ဌိဆိုတဲ့ အသိဉာဏ်ပေါ်လာတယ်။
အဲဒီ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဉာဏ်ကဝိပဿနာအနေနဲ့ပေါ်ရင် ဝိပဿနာဉာဏ်ပဲ။
ဝိပဿနာရင့်သန်သွားရင် မဂ်ဉာဏ်၊ မဂ်ဉာဏ်ပြီးရင်ဖိုလ်ဉာဏ်ဖြစ်တယ်။
အဲဒီ မဂ်အနေနဲ့ပေါ်လာတဲ့သမ္မာဒိဋ္ဌိက နိဗ္ဗာန်ကိုမြင် နိုင်သွားပြီ။
ဖိုလ်အနေနဲ့ပေါ်လာတဲ့ သမ္မာဒိဋ္ဌိကျတော့ နိဗ္ဗာန်ရဲ့ အရသာကိုခံစားနိုင်သွားပြီ။
ဒါကြောင့်တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်း တို့ ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်း
ဆိုတဲ့ အပ္ပမာဒတရားသည် လူ့လောကမှာ လူတွေလိုချင်ကြတဲ့ဆန္ဒပြုကြတဲ့အသက်ရှည်ခြင်း ကျန်းမာခြင်း စတဲ့ ချမ်းသာသုခတွေကို ပေးစွမ်းနိုင်တယ်လို့ယုံကြည်ရမယ်။
ပြီးတော့ အဲဒီ အပ္ပမာဒတရားနဲ့မဂ္ဂင်ရှစ်ပါးဆိုတဲ့ ဝိပဿနာ ကျင့်စဉ်ကို ကျင့်ဖို့ ဦးလှည့် ပေး လိုက်မယ်ဆိုရင် နိဗ္ဗာန်ချမ်းသာရတဲ့အထိ ကောင်းသောအကျိုး ပေးနိုင်တယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
#ပါချုပ်ဆရာတော်ဘုရားကြီး
No comments:
Post a Comment