🌷🌿🌷 အရှင်ယသအကြောင်း🌷🌿🌷
လူ့စည်းစိမ်ခံစားပုံ
**********************
ဗုဒ္ဓဖြစ်မည့် ကဆုန် လပြည့်နေ့ နံနက် စောစောဝယ် ဃနာနို့ဆွမ်း လှူဒါန်းသော သုဇာတာမည်သော သူဌေးကတော်၏ သားဦးရတနာဖြစ်သော “ယသ”သတို့သားသည် ဗုဒ္ဓရှင်တော်မြတ်၏ ဓမ္မစကြာတရားဦး ဟောတော်မူချိန်မှာ ဗာရာဏသီမြို့၌ (ဗုဒ္ဓအလောင်း စံနေပုံကဲ့သို့) နွေ မိုး ဆောင်းဟု ဥတုသုံးပါးအလိုက် စံစားဖို့ရာ ခမ်းနားစွာသော ပြာသာဒ် သုံးဆောင်ဖြင့် တင့်တင့်တယ်တယ် ထည်ထည်ဝါဝါ စံနေခိုက်ဖြစ်လေသည်၊ ဇနီးသူဌေးကတော်ကလေး၏ အထိန်းအယ မောင်းမမိဿံ အခြေအရံတို့ကလည်း ယသော်ဓရာ၏ အခြွေအရံ တမျှ များပြားလှတော့၏၊ ဖြေဖျော်ယုယ တီးမှုတ်ကြသူများမှ စ၍ တံခါးစောင့်အထိ ယောက်ျားတစ်ယောက်မျှ မရှိစေရ, အားလုံး မိန်းမသားချည်း ဖြစ်ကြပေသည်။
သောတာပန်တည်ပုံ
***********************
တစ်ညဥ့်၌ကား ထိုယသသတို့သားသည် အများ အိပ်ပျော်နေခိုက် နိုးလာလေရာ ညှိထွန်းထားသော မီးရောင်အောက်ဝယ် မတော်မလျော် အိပ်ပျော်လျက် မလှုပ်မယှက် နေကြသော မောင်းမတစ်စုကို မြင်သော် စိတ်ထဲ၌ ကြီးကျယ်ခမ်းနားသော နေရာဝယ် ဖွယ်ဖွယ်ရာရာ နေရ သည်ဟု မယူဆဘဲ သုသာန်တစ သချႋုင်းဝ၌ အတုံးအရုံးဖြစ်နေသော သူကောင်တို့အလယ် ရောက်နေရသလို ထင်မြင်လာရကား ““ဥပဒ္ဒုတံ ဝတ ဘော ဥပသဋ္ဌံ ဝတ ဘော=အနှိပ်စက်ခံနေရလေစွ သြ, ဘေးရန်များလေစွ သြ””ဟု နှုတ်က တတွတ်တွတ်ပြောလျက် “ဘယ်ရောက်ရောက် ဒီနေရာက လွတ်လျှင် ပြီးရော“ဆိုတဲ့ ဆန္ဒဖြင့် ပြာသာဒ်မှ ဆင်းလာလေရာ အိမ်ဝင်းတံခါးနှင့် မြို့တံခါးကိုပါ နတ်များက ဖွင့်ထားနှင့်၍ အဆင်သင့် ထွက်ကာ မိဂဒါဝုန်လမ်းသို့ ခြေလှမ်းမိလေသည်။
ဗုဒ္ဓရှင်တော်လည်း နံနက်စောစော စင်္ကြံလျှောက်တော်မူစဉ် ယသသတို့သား လာနေသည်ကို မြင်တော်မူ၍ စင်္ကြံမှ ဆင်းကာ ထိုင်တော်မူလေသည်၊ ယသသတို့သားသည် ဗုဒ္ဓနှင့် မလှမ်းမကမ်း ရောက်လာသည့်တိုင်အောင် “အနှိပ်စက်ခံရလေစွ, ဘေးရန် များလေစွ”ဟု တတွတ်တွတ်ပြောနေစဉ် ဗုဒ္ဓရှင်တော်က “ဒီနေရာမှာ အနှိပ်စက် မခံရဘူး, ဒီနေရာမှာ ဘေးရန် မရှိဘူး၊ ဒီလာခဲ့၊ သင့်အား တရားဟောမည်” ဟု ခေါ်တော်မူလျှင် အလွန်ဝမ်းမြောက်၍ ဗုဒ္ဓအထံ ရောက်လေသော် ဟောတော်မူအပ်သော တရားအဆုံး၌ သောတာပန် တည်လေသည်။
ရဟန္တာဖြစ်၍ ရဟန်းပြုပုံ
*****************************
ယသသတို့သား ထွက်သွားသည်ကို နံနက်မှ သိရ၍ ဖခင်သူဌေးကြီးသည် အရပ်လေးမျက်နှာသို့ မြင်းစီးတမန်တို့ကို စေလွှတ်ပြီးလျှင် မိမိကိုယ်တိုင်လည်း မိဂဒါဝုန်ဘက်သို့ အရှာထွက်လေ၏၊ ထိုအခါ ယသ စီးသွားသော ရွှေခြေနင်းရာကို မြင်ရ၍ ခြေရာခံပြီး လိုက် သွားလေရာ ဗုဒ္ဓအနီးသို့ ရောက်သော်လည်း (သားနှင့်ချက်ချင်း တွေ့လျှင် တရားနာရာ၌ စိတ်မဝင်စားမည် စိုးသောကြောင့် ချက်ချင်း မတွေ့စေသေးဘဲ တန်ခိုးတော်ဖြင့် ကွယ်ထားရကား) သတို့သားကို မတွေ့ရသည့်အတွက် “ယသသတို့သားကို မမြင် ပါလား”ဟု မေးလေရာ… ရှင်တော်မြတ်ကလည်း “ဒီနေရာမှာ ထိုင်ပါဦး, သတို့သားကို တွေ့ကောင်း တွေ့ရပါလိမ့်မည်”ဟု မိန့်တော်မူ၍ ထိုင်နေသော သူဌေးကြီးအား တရားဟောတော်မူလေရာ သောတာပန်တည်၍ ငါတို့ ဗုဒ္ဓသာသနာ၌ လူထဲမှ ရတနာ သုံးပါးလုံးကို ပထမဆုံး ကိုးကွယ်ရသော ဥပါသကာ ဖြစ်လေသည်။ဖခင်တရားနာနေစဉ်မှာ ယသသတို့သားလည်း မိမိသိပြီးသား ဖြစ်သော တရားကို ထပ်၍ စဉ်းစား ဆင်ခြင်လေရာ သောတာပန် အဆင့်မှ တိုး၍ ရဟန္တာ ဖြစ်လေသည်။ [တပုဿ ဘလိ’ကတို့ ဗုဒ္ဓနှင့် တွေ့စဉ်က သံဃာရတနာ မရှိသေး၍ ရတနာနှစ်ပါးကိုသာ ကိုးကွယ်ကြရသည်။]
ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် ကွယ်ထားသော တန်ခိုးတော် ကို ရုပ်သိမ်းလိုက်သောအခါ သူဌေးကြီးလည်း သားကို တွေ့မြင်ရလျှင် “ချစ်သား…သင်၏ မိခင်သည် လွန်စွာဝမ်းနည်းနေပါတယ်, မိခင်၏ အသက်ကို ပေးပါဦး”ဟု တောင်းပန်ပါသော်လည်း (ရဟန္တာ
ဖြစ်နေပြီ ဖြစ်သောကြောင့်) “လူ့ဘောင်နေလို့ မဖြစ်တော့ကြောင်း” ဗုဒ္ဓက မိန့်တော်မူမှ ရဟန္တာဖြစ်သည်ကို အားရ ချီးကျူး၍ ဗုဒ္ဓနှင့်အတူ ယနေ့ ဆွမ်းစားလိုက်ခဲ့ဖို့ရန် ဖိတ်မန်၍ ပြန်သွားလေသည်။
ခမည်းတော် ပြန်သွား၍ မကြာခင် ယသသတို့သားလည်း ရဟန်းပြု၍ ဗုဒ္ဓနှင့်အတူ ခမည်းတော်နေအိမ်သို့ ကြတော်မူသည်၊ ဆွမ်းဘုဉ်းပေးတော်မမူမီပင် အရှင်ယသ၏ မိခင်နှင့်ဇနီးအား ဗုဒ္ဓ ရှင်တော်မြတ်က တရားဟောတော်မူပြန်ရာ နှစ်ယောက်လုံးပင် သောတာပန် တည်ကြလေသည်။ [ထိုအချိန်မှာ ဗုဒ္ဓ, ပဉ္စဝဂ္ဂီငါးဦး, အရှင်ယသဟု ရဟန္တာရဟန်းတော် ခုနစ်ပါးသာ ရှိသေးသည်။]
ယသသတို့သား ရဟန်းပြုသွားခြင်းကို သူငယ်ချင်းများဖြစ်ကြသော သူဌေးသား လေးယောက်တို့ကြား၍ စဉ်းစားကြသည်မှာ “ယသလို အမျိုးသားကောင်းတစ်ယောက်သည်ပင် ဆံပင်ကို ရိတ်, မုတ်ဆိတ်ကို ပယ်, သုံးထည်မျှ သင်္ကန်းကို ဆင်မြန်း၍ ရဟန်းပြုတယ်”ဆိုလျှင် “ထိုဗုဒ္ဓ၏ အဆုံးအမ သြဝါဒ သာသနာတော်သည် ဧကန်မုချ အောက်တန်းစား မဖြစ်တန်ရာ၊ ယသသတို့သားလို အထက်တန်း အမျိုးသားတို့၏ စိတ်ဝင်စား လောက်ဖွယ် ကြီးကျယ်သော အရာသာ ဖြစ်ပေလိမ့်မည်” ဤသို့ တွေးတောကြံဆ၍ အရှင်ယသအထံ သွားကြလေရာ အရှင်ယသမှတစ်ဆင့် ဗုဒ္ဓ၏အထံတော်သို့ ရောက်ကြလျှင် အစဉ်အတိုင်း တရားတော်ကို နာကြရသဖြင့် ရဟန္တာရဟန်းတော်များ ဖြစ်သွား ကြလေသည်။
ထို့နောက် ဇနပုဒ်မှ အရှင်ယသ၏ သူငယ်ချင်းများဖြစ်ကြကုန် သော ဆွေကောင်း မျိုးကောင်း သတို့သားပေါင်း ငါးကျိပ်လည်း ထိုနည်းအတိုင်းပင် ကြားကြ၍ အရှင်ယသ အထံသို့ လာကြလေရာ ရဟန္တာရဟန်းတော်များ ဖြစ်ကြလေသည်၊ ဤကား မိဂဒါဝုန်တော ပထမဝါ၌ ရဟန္တာဖြစ်ကြကုန်သော ရဟန်းတော်များတည်း၊ ဗုဒ္ဓ, ပဉ္စဝဂ္ဂီငါးဦး, အရှင်ယသနှင့် အပေါင်းအဖော် ငါးကျိပ်လေးပါး ပေါင်းလျှင် ထိုပထမဝါ၌ ရဟန္တာ ခြောက်ကျိပ်တစ်ပါး ရှိလေပြီ၊ ဗုဒ္ဓကို ချန်ထား၍ ထိုခြောက်ကျိပ်သော အထက်တန်း အမျိုးကောင်း သား ရဟန္တာများကား ဗုဒ္ဓ၏ အဆုံးအမသြဝါဒ သာသနာ့ဝန်ကို အားသွန် ကြိုးပမ်းမည့် သာသနာ့ဝန်ဆောင် ထိပ်ခေါင်တင် အရှင်မြတ်များချည်း ဖြစ်ကြပါလိမ့်မည်။
အရှင်ယသတို့ ရှေးကောင်းမှု
************************************
အရှင်ယသအလောင်းနှင့် သူငယ်ချင်း ငါးကျိပ် လေးယောက်တို့သည် တစ်ခုသော ရှေးဘ၀၀ယ် အသင်းဖွဲ့၍ ကောင်းမှုပြုကာ ကိုးကွယ်ရာမရှိသော သူသေအလောင်းတို့ကိုလည်း မီးသင်္ဂြိုဟ်ပေးလေ့ ရှိကြလေသည်၊ အခါတစ်ပါး၌ကား ကိုယ်ဝန်ဆောင် မိန်းမအလောင်းကို သုသာန်သို့ ယူ၍ အသင်းသား ငါးယောက်ကို မီးသင်္ဂြိုဟ်ရန် ချန်လျက် အခြားသူတို့ ပြန်ကြလေသည်၊ ကျန်ရစ်သော ငါးယောက် တို့တွင် အရှင်ယသအလောင်း သတို့သားသည် မီးသင်္ဂြိုဟ်ရင်း အသုဘကမ္မဋ္ဌာန်း ထင်လာသဖြင့် သူထင်လာသည့်အတိုင်း အခြား လေးယောက်ကိုလည်း ပြောပြလေရာ အားလုံး အသုဘကမ္မဋ္ဌာန်း ပွားများပြီးနောက် ပြန်လာပြီးလျှင် အခြားငါးကျိပ်သော မိတ်ဆွေတို့အားလည်း ပြောပြကြလေသော် အားလုံးပင် အသုဘကမ္မဋ္ဌာန်း ထင်လာကြ၏၊ ယသသတို့သားကား အိမ်ရောက်သောအခါ မိဘနှင့် ဇနီးအားလည်း ပြောပြပြန်သဖြင့် ထိုတစ်ခဏမျှ အသုဘကမ္မဋ္ဌာန်းရကြလေသည်။
ထိုရအပ်ခဲ့သော အသုဘ ဘာဝနာသည် ယသသတို့သား၏ စိတ်၌ မသိမသာ ဘဝတိုင်း စွဲကပ်ပါနေလေရာ နောက်ဆုံးဘဝ၌ ခမ်းနားကြီးကျယ် တင့်တယ်သော တိုက်ခန်းဝယ် စံမြန်း၍ နေရစဉ် မှာပင် ဝတ်စားဆင်ပြင်လျက် အိပ်ပျော်နေသော မောင်းမမိဿံ အခြေအရံတွေကို ကြည့်ကာ ရှေးက ရခဲ့သော အသုဘဘာဝနာ သည် အလွန် ထင်ရှားစွာ ပေါ်လာပြန်ရကား ထိုတိုက်ခန်းမှာပင် မနေနိုင် မထိုင်နိုင်အောင် ရှိရလေသည်၊ ထို အသုဘ ဘာဝနာကို အခြေခံ ရခဲ့သောကြောင့် မိဘ ဇနီးနှင့် သူငယ်ချင်း လေးကျိပ် လေးယောက်လည်း အရှင်ယသနောက်သို့ လိုက်ကာ တရားထူး ရကြပါလေသည်။
သာသနာပြုစေလွှတ်တော်မူခန်း
*************************************
ဗုဒ္ဓရှင်တော်သည် ပထမဝါကျွတ်သောအခါ ခြောက်ကျိပ်သော ရဟန်းတို့ကို ခေါ်တော်မူ၍ မိန့်တော်မူသည်မှာ-- “ဘိက္ခုတို့ … ငါသည် လူ၌ဖြစ်သော ကာမကျော့ကွင်း, နတ်၌ဖြစ်သော ကာမ ကျော့ကွင်းတို့မှ လွတ်ကင်းခဲ့ပြီ၊ အသင်တို့လည်း ထိုကျော့ကွင်းတို့မှ လွတ်ကင်းကြပြီ၊ ဘိက္ခုတို့…သင်တို့သည် များစွာသော သတ္တဝါတို့၏ စီးပွားချမ်းသာ ဖြစ်ဖို့ရာ ဒေသစာရီ လှည့်လည်ကြ၊ (တစ်လမ်းကို နှစ်ပါးသွားလျှင် အရပ်ဒေသ အနှံ့နည်းသောကြောင့်) တစ်လမ်းကို နှစ်ပါး မသွားကြလေနှင့်၊ ကိုယ့်လမ်းနှင့်ကိုယ် ခွဲ၍ သွားကြလေ၊ အစကောင်း အလယ်ကောင်း အဆုံးကောင်းတရားကို ရောက်ရာ အရပ်တိုင်း ဟောပြကြလေ၊ ငါဘုရား၏ သြဝါဒသာသနာ တော်ကို အရပ်တိုင်းမှာ ထင်ရှားအောင် အနှံ့အပြား ဟောပြကြလေ။
ပညာစက္ခု၌ အဝိဇ္ဇာတိမ်သလာ နည်းပါးသော သတ္တဝါတွေ အများအပြား ရှိကြ၏၊ ထိုသတ္တဝါတို့သည် တရားကို မနာရသဖြင့် ရသင့် ရထိုက်သော အသိဉာဏ်မှ ဆုတ်ယုတ်ရှာကြ ပေလိမ့်မည်၊ ဟောပြောသောအခါ သိလွယ်မည့် သတ္တဝါတွေ ရှိကြပေလိမ့်မည်၊ ထို့ကြောင့် သင်တို့ အနှံ့အပြား တရားစစ် တရားမှန်ကို ဟောပြော ကြလေ၊ ငါဘုရားကား ဥရုဝေဠတောသို့ ကြ၍ ရသေ့တစ်ထောင်ကို တရားဟောမည်”ဟု မိန့်တော်မူကာ ထိုပထမဝါကျွတ်မှ စ၍ သာသနာပြုကိစ္စကြီးကို စတည်တော်မူခဲ့ပေသည်၊ ထိုသို့ စေလွှတ် အပ်သော ရဟန္တာ အရှင်မြတ်တို့လည်း အရည်အချင်းရှိသော အမျိုးသားတို့ကို သာသနာတွင်းသို့ သိမ်းသွင်းတော်မူကြလေရာ ဗုဒ္ဓသာသနာတော် ကျယ်ပြန့်၍လာလေသည်။
မှတ်ချက်။ ။ အရှင်ယသ၏ သူငယ်ချင်း ငါးကျိပ်လေးယောက်တို့သည် အရှင်ယသ ရဟန်းပြုသည်ကို အားကျကြ၏၊ ဘာ့ကြောင့်နည်း၊ … “အလွန် အထက်တန်း ရောက်နေသော ယသသတို့သား၏ ရဟန်းပြုရာ သာသနာသည် အလွန့်အလွန် အထက်တန်းကျပေလိမ့်မည်”ဟု စဉ်းစားမိကြသောကြောင့်တည်း၊ ထို့ကြောင့် မည်သည့်ကိစ္စ၌မဆို အထက်တန်းလူတွေ လုပ်သော အလုပ်သည် အထင်ကြီးခံရသကဲ့သို့ အောက်တန်းလူတွေ လုပ်နေသော အလုပ်မျိုးလည်း (အလုပ်ကောင်းလာသောအခါကျမှ အထင်ကြီးတန်လျှင် ကြီးမည်၊ ပထမသော်) အထင်သေးခံရမြဲပင် ဖြစ်၏၊ ရှေးတုန်းက လက်ရှိဘုရင်ဘဝမှ ထွက်၍ ရဟန်းပြုတော်မူသော ဗုဒ္ဓနှင့်တကွ အရှင်ယသတို့ကဲ့သို့ အထက်တန်းပုဂ္ဂိုလ် များစွာ ဝင်ရောက်ခဲ့ကြသော ငါတို့ သာသနာတော်ကို အများက မော်၍ ဖူးမြော်ကြရသလောက် ယခုအခါ အတော် များစွာသော လူတွေက ငုံ့၍ အကြည့်ခံနေရချေပြီ။
ထို့ကြောင့် များစွာသော လူကြီးလူကောင်းဆိုသူတို့၏ သားတွေ ရဟန်းပြုဖို့ စိတ်မဝင်စားကြ၊ မိဘဖြစ်သူတို့ကလည်း လူ့ဘောင်၌ အဆင့်အတန်း နိမ့်ကျပုံ မရသော သားကို ရဟန်းမပြုစေလိုကြ၊ မိမိကိုယ်တိုင် အားမရ၍ နောင်ခါ အောက်ကျ နောက်ကျဖြစ်မည် စိုးရသော သားကိုသာ “မကောင်း ကျောင်းပို့”ကာ ရဟန်းပြုစေချင်ကြ၏၊ ထို့ကြောင့် သာသနာတော် ပျက်စီးရ, တန်းလျှောရခြင်းသည် သာသနာဝင်တွေနှင့် ကိုးကွယ်သူတွေ ဖျက်ဆီးနေမှုကြောင့် သံကို သံဖျက် သံချေးတက်ရခြင်းသာတည်း၊ ထိုကဲ့သို့ မဖြစ်ရအောင် စနစ်တကျ ငါတို့ ပြုပြင်နိုင်ကြလျှင် ဤသာသနာတော်ကို မြန်မာသာမက ကမ္ဘာကပင် မော်၍ ဖူးရပါလိမ့်မည်။
အနာဂတ်သာသနာရေး အပိုင်း(၉၂)
No comments:
Post a Comment