စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, February 10, 2022

သုံးမလား ဖြုန်းမလား အနှိပ်စက်ခံမလား

“သုံးမလား၊ ဖြုန်းမလား၊ အနှိပ်စက်ခံမလား”

ခုတလော ယောဆရာတော် ဘုရားကြီးရဲ့ တရားတော်ကို ပုံမှန် တစ်နေ့ တစ်ပုဒ်နှုန်း နာဖြစ်နေတယ်။ ဆရာတော်ဘုရားကြီးရဲ့ ကရုဏာ မေတ္တာ အစွမ်းနဲ့ တည်ငြိမ်အေးချမ်းတဲ့ တရားသံကို နာရင်း ပီတိတောင် အခါခါ ဖြစ်မိတယ်။

ကိုယ်တိုင် တရားဟောဖို့ ကြုံလာတဲ့အခါ၊ စာရေးဖြစ်တဲ့ အခါမျိုးမှာဆို ဆရာတော်ကြီးရဲ့ တရားတော် တွေကို ပြန်ကိုးကား ဟောဖြစ် ရေးဖြစ်နေတယ်။

ခုလည်း ဆရာတော်ဘုရားကြီးရဲ့ တရားတော်ကိုနာရင်း ပြန်ကိုးကား ရေးပြချင်လာပါတယ်။

လောကအတွင်းမှာ ရှိနေကြတဲ့ မိမိတို့ ပိုင်ဆိုင်ပါတယ်ဆိုတဲ့ ပစ္စည်းဥစ္စာနဲ့ ခန္ဓာဟာ အသုံးပြုခြင်း၊ ဖြုန်းတီးခြင်း၊ အနှိပ်စက်ခံ ခြင်း ဆိုတဲ့ တရားသုံးမျိုးနဲ့ ရင်ဆိုင်နေရတယ်။

လောကမှာတော့ ပြောကြတယ်။ စားရေး နေရေး ဝတ်ရေး သားသမီးပညာရေး ကျမ်းမာရေး စသည်တို့အတွက် ပစ္စည်းဥစ္စာ နဲ့မိမိခန္ဓာကိုယ်ကို အသုံးချနေတာကို သုံးတယ်လို့ ဆိုတယ်။ သောက်စား လောင်းကစား မြူးတူးပျော်ပါး ကာမဂုဏ် သက်သက်အတွက် ဥစ္စာနဲ့ ခန္ဓာကို အသုံးချတာကိုတော့ ဖြန်းတီးတယ်ပေါ့။ 

ဒါဟာ လောက မျက်စိနဲ့ကြည့်တဲ့ လောကအမြင်ပါ၊ ဓမ္မအမြင်မှာကျတော့ ဒီလို အသုံးချခြင်း နှစ်ခုစလုံး ကို ဖြုန်းတီးတယ်လို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဥစ္စာ နဲ့ ခန္ဓာ ကနေ မိမိအတွက် ဒါနလည်း မကျန်၊ သီလလည်းမကျန် ၊ ဘာဝ နာလည်း မကျန်ရင် ဖြုန်းတာကြီးပါပဲလေ။ ဒါဟာ သာသနာ့ မျက်စိနဲ့ကြည့်တဲ့ ဓမ္မအမြင်ဖြစ်တယ်။

လူ့ဘဝဆိုတာကို ဦးဇင်းတို့တွေ ခဏရောက်လာတာပါ။ ဒါကြောင့် အချိန်အကန့်အသတ်၊ သတ်တမ်း အကန့်အသတ်၊ ပိုင်ဆိုင်မှုတွေက အကန့်အသတ် ရှိတယ်။ ခန္ဓာနဲ့ ဥစ္စာ အရာအားလုံးကို အငှားအဖြစ် အသုံးပြု ခွင့်ရနေတာ သာဖြစ်တယ်။ အချိန်တန်ရင် ပြန်အပ်ရမယ့် အရာတွေကြီးပဲ။ နောင်ဘဝ နောင်ဘဝတွေအထိ ယူချင်ပါတယ်ဆိုလို့ မရဘူး။ ပြန်အပ်ရမှာ ကျိန်းသေနေပြန်တော့လည်း ဘယ်အချိန်မှာ အတိကျအပ်ရမယ်လို့ အာမခံချက်က မရှိပြန်ဘူး။ မရေရာတဲ့ အခြေနေနဲ့ အသုံးပြုနေရတာ ဖြစ်တယ်။ 

ဒါကြောင့် သုံးခွင့်ရတဲ့ အချိန်လေးမှာ ကိုယ့်အတွက် ကိုယ်ပိုင်ဖြစ်စေမယ့် ဒါန သီလ ဘာဝနာ ဘာမှ မကျန်ရင် အချိန် ဥစ္စာ ခန္ဓာကို ဖြုန်းတီးနေတယ်လို့ပဲ ဆိုရတော့တာပေါ့။

ဦးဇင်းတို့ ကိုယ့်ကိုယ်ကိုယ်  ပြန်မေးပါ။ ငါတို့ သုံးခဲ့ကြသလား? ဖြန်းခဲ့ကြသလား? သုံးနေကြသလား? ဖြုန်းနေကြသလား?

လူဝတ်ကြောင်တွေက ပြောကြမယ်။ တပည့်တော်တို့က ဝတ်ကြောင်ဘုရား၊ စားဝတ်နေရေးအတွက် ရှာရ ဖွေရ စီမံရ၊ဇနီး ခင်ပွန်း၊ သားရေး သမီးရေး အတွက်ငဲ့ရနဲ့မို့ ဒါန သီလ ဘာဝနာ ပြုဖို့က ခက်တယ်ဘုရားလို့ ပြောကြမယ်။

တကယ်တော့ ဒီစကားဟာ အဝိဇ္ဇာရဲ့ ဆင်ခြေပြစကားပါ။ 

တရားဆိုတာ အချိန်ကိုလည်း မတောင်း၊ ငွေကိုလည်း မတောင်း စိတ်ကောင်းလေးကိုပဲ တောင်းတာပါ၊ အားဖို့မလို သိဖို့ပဲ လိုတာပါလို့ ယောဆရာတော်ဘုရားကြီးက ဆုံးမတယ်။ အသင့်အတင့် နှလုံးသွင်းတတ်တဲ့ စိတ်ကောင်းလေးရှိရင် နေ့စဉ်ဘဝထဲ ရှာဖွေ လုပ်ကိုင် စားသောက် နေလျက်နဲ့ကို ဒါန သီလ ဘာဝနာ ဖြစ် ပါတယ်။

ဟုတ်တာပေါ့။ လူဆိုတာ လူပီပီ လူ့တာဝန် ထမ်းရမှာပေါ့။ 

 ကိုယ့်အသက်မွေး ဝမ်းကျောင်းက ဆရာဝန်ဆိုပါတော့။ လူနာကို ဆေးကုတဲ့အခါ တာဝန်အရတင်မကဘဲ သူတစ်ပါးဒုက္ခကို ခံစားနာလည်ပေးတဲ့ ကရုဏာတရားလေး ထည့်ပေါင်းပြီး ဆေးကုပေးရင် အဲဒီဆရာဝန်ရဲ့ အသက်မွေးမှုမှာ စာရိတ္တသီလဆိုတဲ့ သီလပါရမီလည်း ဖြည့်ကျင့်ပြီးသား ဖြစ်နေသလို ကရုဏာ ဘာဝနာလည်း ဖြစ်နေပါတယ်။ နာခြင်းဒုက္ခတရားကို ဆင်ခြင်မိရင် ဝိပဿနာ ဘာဝနာ တောင်ဖြစ်ပါတယ်။ 

မုန့်ဟင်းခါး ရောင်းပြီးပဲ အသက်မွေး ပါစေဦး၊ စားသုံးသူတွေ အရသာ ရှိရှိ စားနိုင်ကြပါစေ ဆိုတဲ့ မေတ္တာလေး ထည့်ချက်လိုက်ရင် ဒါန ကုသိုလ်၊ ကျင့်ဝတ်ကို လိုက်နာတဲ့ သီလကုသိုလ်၊ မေတ္တာဘာဝနာ ကုသိုလ်လေးတွေ ရနေတာပေါ့။

ကျောင်းသားတစ်ယောက် ပညာသင်ရင်တောင်မှ ငါ့အတတ်ပညာနဲ့ လောကအကျိုးပြု လုပ်ငန်းတွေ လုပ်နိုင်ရမယ် ဆိုတဲ့ အများအတွက် စဉ်းစားတဲ့ စိတ်နဲ့သင်ရင် ပညာသင်ရင်းကို ပါရမီကုသိုလ် ဖြစ်နေပါတယ်။

ဒီလို မိမိကိုယ်ကိုယ် motivation လုပ်ရတယ်။

ငါသူများထက်သာရမယ်၊ ငါအောင်မြင်ရမယ်၊ ငါသူဌေးကြီးဖြစ်ရမယ်၊ ငါစည်းစိမ်တွေ ခံစားနိုင်ရမယ် စတဲ့ အတ္တအတွေး အခြေခံနဲ့ ရှာဖွေမှုကကျတော့ အောင်မြင် ကြီးပွားခဲ့ရင်တောင်မှ ပြိုင်ဆိုင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းတင်နေရလို့ ပင်ပန်းတယ်။ မာန်မာနကို ဖြစ်ပေါ်စေတယ်။ အခက်အခဲတွေနဲ့တွေ့ရင် အလွယ်တကူ စိတ်ဓာတ်ကျ လက်လျော့တတ်တယ်။ အများအတွက်ဆိုတဲ့ စိတ်ထားနဲ့ ကိုယ့်ကိုယ်ကိုယ် တွန်းနေသူကတော့ မအောင်မြင်ခဲ့ရင်လည်း စိတ်ဓာတ်မကျဘူး။ သူ့ရဲ့ ဖြစ်တည်မှုအပေါ်မှာ ကျေနပ်တယ်။ ရောင့်ရဲတယ်။

ဦးဇင်းတို့ ဘုရားရှင် ပါရမီဖြည့်တဲ့အခါ 'ပရေသံ သင်္ဂဟတ္ထမေဝ မယာ ပါရမိယော ပူရိတာ- သူတစ်ပါးတွေကို ချီးမြောက်လို၍ ပါရမီ ဖြည့်ခဲ့တာပါတဲ့။ 

ဒါကြောင့် အခက်ခဲတွေနဲ့တွေ့လည်း စိတ်ဓာတ်ကျ လက်မလျော့ခဲ့ဘူး။ အများအတွက် ကရုဏာ တရားက အားကြီးနေလေတော့ အသက်စွန့်ရတဲ့အထိ ကြုံခဲ့ရင်တောင် ကြံကြံခံပြီး ရည်ရွယ်ချက်ကို ပြီးမြောက်  အောင် လုပ်တယ်။

မျောက်မင်း တစ်ဘဝမှာ တောထဲလှမ်းမှားပြီး ချောက်ထဲကျနေတဲ့ မုဆိုးကို ကျောပိုးပြီး ချောက်ပေါ် တင်ပေးခဲ့တယ်။ ကျေးဇူးကန်းယုတ်မာတဲ့ မုဆိုးဟာ အသက်ကယ်ခဲ့တဲ့ ကျေးဇူးကိုမှမထောက်ဘဲ အမဲအလို့ငှာ ကျေးဇူးရှင် မျောက်မင်းရဲ့ခေါင်းကို ကျောက်ခဲနဲ့ ထုသတ်သတဲ့။ ခေါင်းကွဲပြီး သွေးစက်လက်ဖြစ်နေတဲ့ မျောက်မင်းဟာ သူ့အသက်ကို ရန်ရှာနေတဲ့ မုဆိုးကို ရန်သူအဖြစ် မမြင်ဘဲ မုဆိုးတောထဲက ထွက်နိုင်အောင် သစ်ပင်ပေါ်ကနေ သွေးစက်တွေချပြီး လမ်းပြပေးခဲ့သေးတယ်။

အများအတွက်ဆိုတဲ့ စိတ်ထားက အဲလိုစိတ်ခွန်းအားတွေ ကောင်းစေပါတယ်။ အခု Covid ကာလမှာ Volunteer လုပ်နေတဲ့ သူတွေကိုကြည့်လေ။ သူတို့ကို ရောဂါကူးစက်နိုင်ခြေ ရှိမှန်းသိပေမယ့် အများအတွက် ဆိုတဲ့ မေတ္တာ ကရုဏာစိတ်ထားကြောင့် သတ္တိခွန်အားတွေရှိပြီး ကူညီနိုင်ကြတာ ဖြစ်တယ်။ ကိုယ်ကျိုး သက်သက်ကိုသာ ကြည့်တဲ့သူဆို ကြောက်စိတ်ကြောင့် ဘယ် Volunteer လုပ်ဝံ့မလဲ။ 

အတ္တကြီးလေ ကြောက်စိတ်ကြီးလေ၊ အတ္တနည်းလေ ကြောက်စိတ် နည်းလေပါပဲ။

အများအတွက် အခြေခံတဲ့ စိတ်ကောင်းလေးနဲ့ ပညာ၊ စီးပွား ရှာဖွေမှု ပြုတဲ့လူဟာ သူတစ်ပါး ထိခိုက် မယ့် ဝိသမလောဘနဲ့  မရှာတော့ပါဘူး။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်မရှိတော့ဘူး။ မောက် မောက်မာမာနဲ့ မာန်လည်း ဝံ့မနေတော့ပါဘူး။ ရှာဖွေမှုမှာ အပြစ်ကင်းနေလို့ သီလကုသိုလ်နဲ့  စိတ်ချမ်းသာ နေ ပါတယ်။ ဒါမှ မိမိခန္ဓာကို သုံးခြင်း မည်ပါတယ်။ ဖြုန်းတာ မဟုတ်တော့ပါဘူး။

ရှာဖွေမှုကတော့ အပြစ်ကင်းပါရဲ့၊ ရရှိရလာတဲ့ ဥစ္စာကို မိမိခန္ဓာအတွက်၊ သားသမီး ဇနီးခင်ပွန်း အတွက် အသုံးချရုံ သက်သက်မျှပဲ ဆိုရင်လည်း ဒါဟာ ဖြုန်းတာပါပဲ။ 

သတ္တဝါတွေအတွက် စား၊ဝတ်၊ နေ ရေးဆိုတဲ့ အခြေခံလိုအပ်ချက်ကိုတော့ ဖြည့်ပေးရစမြဲပါ။ ခန္ဓာကိုယ် အာဟာရ လိုအပ်မှုအတွက် အစာစားပြီ ဆိုပါတော့။ အစားဆိုတာ စားပြီးရင်လည်း ကုန်သွားမှာပါ။ မမြဲပါဘူး။ မမြဲလို့သာ ခဏခဏ စားပေးနေရတာပေါ့။ မမြဲတဲ့အရာ တွေမို့ ဒီခန္ဓာကိုယ် ယာယီရပ်တည်နိုင်ရုံမျှ စားနေတာပါ။ ခန္ဓာကိုယ် ရပ်တည်နိုင်မှ ကုသိုလ်လုပ်ငန်း လုပ်နိုင်မယ်၊ အများအကျိုး အတွက် ဆောင်ရွက်နိုင်မယ်လို့ ဆင်ခြင်ပြီး စားရင် အစားအစာကနေ ဘာဝနာ ကုသိုလ် ရနေပါတယ်။ 

အဝတ်ဝတ်တယ် ဆိုရင်လည်း ခန္ဓာဟာ ရွံရှာဖွယ်ဖြစ်လို့ အဝတ်နဲ့ဖုံးနေရတာပေါ့။ ခန္ဓာရဲ့ သဘာဝကိုက အပုပ်အမျိုးမျိုးက ဒွါရတွေကနေ နေ့စဉ်ထွက်နေတယ်လေ။ မနက်အိပ်ရာထရင်ပဲ စွန့်ပေးနေရပြီ၊ သန့်ရှင်းရေး လုပ်ပေးနေရပြီ၊ အနံ့တွေပျောက်ဖို့ နံ့သာတွေ ဖို့နေရပြီ။ ဦးဇင်းတို့က မတင့်တယ်တဲ့ အသုဘကို သုဘအဖြစ် ကိုယ့်ကိုယ်ကိုယ် လိမ်ဖို့  မိုးလင်းတာနဲ့ စကြိုးစားတော့တာပေါ့။ ခန္ဓာသဘာဝဟာ အသုဘမှန်း ဆင်ခြင် ပေးရတယ်။ သတိတရားနဲ့ အတတ်နိုင်ဆုံး ဆင်ခြင်ပြီး သန့်ရှင်းပေး၊ အဝတ် ဝတ်ပေးရတယ်။ ဒါဆို လှချင် ပချင် မော်ကြွားချင်တဲ့ တဏှာ မာန ပါးလာနိုင်ပါတယ်။ 

ရဟန်းတော်တွေဆိုရင် 'အသက်ရှည်ကြာ၊ ဘေးရောဂါတို့၊ ကိုယ်မှာမကပ်၊ ပရိယတ်နှင့်၊ ပဋိပတ်ရေး၊ မျှော်ထောက်တွေးလျက်၊ စားဝတ်စရာ၊ ကျောင်းနေရာနှင့် ဆေးဝါးစုံစွာ၊ ဤလေးဖြာကို၊ ကောင်းစွာမှီဝဲ၊ သုံးဆောင် ပါသတည်း' လို့ နေ့တိုင်းဆင်ခြင်ရတယ်။ လူတွေလည်း ဆင်ခြင်သင့်ပါတယ်။

မိဘ၊ သားသမီး၊ဇနီးခင်ပွန်း ဝတ္တရား အရ ပေးကမ်းကျွေးမွေးတဲ့အခါ တစ်ဦးကိုတစ်ဦး အလှူခံပုဂ္ဂိုလ်လို့ သဘောထားပြီး ကျွေးမွေးကြမယ် ဆိုရင် ကိုယ့်သားသမီးကို ကိုယ်ကျွေးနေရင်းပင် ဒါနကုသိုလ် ဖြစ်နေတယ်။ ဝတ္တရားကို ဖြည့်ကျင့်လို့ သီလကုသိုလ်လည်း ဖြစ်နေပြန်တယ်။ ငါ့သား ငါ့သမီး ငါ့လင် ငါ့မယား ဆိုတဲ့ တဏှာနဲ့ ကြည့်ပြီး ပေးတာထက် သူတို့ဟာ ငါ့ကို ပါရမီဖြည့်ပေးနေတဲ့ အလှူခံပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ သူတို့ ဝဝလင်လင် စားရပါစေ၊ ကောင်းကောင်းမွန်မွန် နေရပါစေ ဆိုတဲ့ မေတ္တာလေးနဲ့ ကျွေးမွေးကြရင် ဥစ္စာနဲ့ ခန္ဓာကို ဖြုန်းရာ မရောက်တော့ဘဲ သုံးရာရောက်သွားပြီပေါ့။

ဒီလိုဆိုတော့ တရားအတွက် သီးသန့်အချိန် ပေးနေရသေးပါသလား၊ ဒါနပြုဖို့ ငွေမရှိပါဘူးလို့ ညည်း တွားဖို့ လိုပါဦးမလား၊ သီလဖြည့်ကျင့်ဖို့ သက်သက်ကြီး လိုက်နာနေရတာမျိုး ဟုတ်ပါဦးမလား။

ဒါဟာ အခြေခံ သတိတရားနဲ့ ဒါန သီလ ဘာဝနာ ဖြည့်ကျင့်မှုပါ။ ဒီလို နေ့စဉ် စွမ်းနိုင်သမျှ ကျင့်သုံးမှု မရှိရင် ဥစ္စာနဲ့ ခန္ဓာရဲ့ နှိပ်စက်ခြင်းကို လူးလိမ့် ခံရပါလိမ့်မယ်။

ပျက်စီးခြင်း ဗျသနတရားဆိုတာ ဇာတိရကတည်းက တွဲပါလာတဲ့ တရားပဲ။ စည်းစိမ်ဥစ္စာ ပျက်စီး ခြင်းတွေ၊ ဆွေမျိုးဉာတိ ပျက်စီးခြင်းတွေ၊ အနာရောဂါ ကျရောက်ခြင်းတွေကို ဦးဇင်းတို့  ကြုံကိုကြုံကြရမှာပါ။ ဘာလို့လဲဆိုတော့ ခန္ဓာနဲ့ ဥစ္စာဟာ ဦးဇင်းတို့ အပိုင်မဟုတ်ဘဲ အငှားတွေနဲ့ နေထိုင်ရတဲ့ ဘဝ ဖြစ်နေလို့လေ။ ကံသက်တမ်း ကုန်လို့ကတော့ အားလုံး ပြန်ပေးရမှာ။

'အဿကော လောကော သဗ္ဗံ ပဟာရ ဂမနီယံ -လောကော-လောကသည်။ အဿကော - မိမိဥစ္စာမရှိ၊ သဗ္ဗံ -အလုံးစုံကို ၊ ပဟာရ -စွန့်ပယ်၍ ၊ဂမနီယံ-သွားရ၏။'(ရဋ္ဌပါလသုတ်) တဲ့။ 

အချိန်တန်ရင် ခန္ဓာကို သေမင်းဆီပြန်အပ်ရမယ်၊ ဥစ္စာကို ထိုက်သူထံ လွှဲပေးခဲ့ရပြီး ကိုယ် နဲ့သင့်တော်ရာကို  သွားရမယ်။ ကိုယ့်သံသရာခရီးကို ကံ တွေက ရွေးချယ်ပေးမှာ ဖြစ်လို့ အငှားပစ္စည်း သုံးခွင့်ရတဲ့ အချိန်လေးမှာ လောကီကုသိုလ်ကံတွေ၊ မဂ်ကုသိုလ်ကံတွေကို ကြိုတင် ထူထောင်ထားရမယ်။ ဒါမှ ခန္ဓာနဲ့ ဥစ္စာ အပေါ် အစွဲမနာမှာ ဖြစ်တယ်။ အစွဲမနာရင် ခွဲခွါရတဲ့အခါ အခွာရ လွယ်ပါတယ်။ အစွဲနာရင်တော့ အခွါခက်တယ်။

ဥစ္စာနဲ့ ခန္ဓာကို အကျိုးရှိစွာ သုံးခဲ့တဲ့ သူကတော့ စည်းစိမ်ဥစ္စာ ရှိတုန်းမှာလည်း ကောင်းစွာ အသုံးချသလို ပျက်စီးခြင်းမျိုးနဲ့ ကြုံလာရင်လည်း 'အို... ပိုင်ရှင်က အချိန်တန်လို့ သူ့ပစ္စည်း သူပြန်ယူတာပဲ ယူပါစေလေ၊ ငါ့မှာ ဒါနသီလ ဘာဝနာ ကျန်နေတာပဲ၊ တော်ပြီပေါ့' လို့အဆိုးလောကဓံကို သဘောထားမှန်မှန် နဲ့ ရင်ဆိုင်ရဲလို့ တယ်အပူမပြင်းတော့ပါဘူး။ 

ခန္ဓာကိုယ်ကို ကျန်းမာရေးကောင်းတုန်း ဒါန သီလ ဘာဝနာ အတွက် အသုံးပြုခဲ့တဲ့လူဟာ ရာဂါတစ်ခုခု ကပ်ရောက်လာရင်လည်း'အို...ငါက အိမ်ငှားပဲ၊ အိမ်ရှင်က အိမ်ရှင်အလုပ် အမျိုးမျိုး ဖောက်ပြန်ပြမှာပေါ့၊ ကိုယ်ပိုင် အိမ်မဟုတ်တော့ ဘာမှ တတ်နိုင်ခြင်း မရှိပါဘူး၊ ဒုက္ခသစ္စာဆိုတဲ့ နာမည်နဲ့လိုက်အောင် နှိပ်စက်ပါစေ၊ သူ့အ လုပ် သူလုပ်ပါစေ' လို့ နာခြင်းတရားကနေ အနတ္တဉာဏ် အမြတ်တောင် ထုတ်ယူတတ်တဲ့အတွက် အန္ဓပုထုဇဉ် လူမိုက်လိုတော့ ပဋာမြေလူး ဖျပ်ဖျပ်ရူး မဖြစ်ဘူးပေါ့။

ဦးဇင်းတို့ အတိတ်က မသိမှုကြောင့် ဖြုန်းခဲ့ကြတယ် ဆိုရင်တောင် အခုချိန်ကစလို့ စွမ်းနိုင်သမျှ သုံးဖို့ ပြင်ဆင်ကြရမှာပေါ့။ သုံးဖို့မကြိုးစားဘဲ ဖြုန်းတီးရုံသက်သက်နဲ့ အချိန်တွေ ကုန်ဆုံးနေကြမယ်ဆိုရင် အငှားရ ထားတဲ့ ဥစ္စာနဲ့ ခန္ဓာက ဦးဇင်းတို့ကို ဒုက္ခပေးဖို့ နှိပ်စက်ဖို့ သက်သက်အတွက်ပဲ ဖြစ်လာလိမ့်မယ်။ 

ပိုင်ဆိုင်မှုတွေများလေ  ပူပန်ရလေ၊ ခွဲခွာရမှာ ကြောက်လေ၊ အနှိပ်စက်ခံရလေ ဖြစ်နေမယ်။ ရှိပြီး မချမ်း သားတဲ့ လူဆင်းရဲတွေ လောကမှာ အများကြီးနော်။

ဟနန္တိ ဘောဂါ ဒုမ္မေဓံ - စည်းစိမ်သည် ပညာမဲ့အား ဖျက်ဆီးတတ်၊  နော စ ပါရဂဝေသိနော -နိဗ္ဗာန်ချမ်းသာကို ရှာမှီးသော ပညာရှိအား မဖျက်ဆီးတတ် “ လို့ ဆိုပါတယ်။

ယောဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်နဲ့ အဆုံးသတ်ကြရအောင်။

မောင်တိုးဆိုတဲ့ လူတစ်ယောက်မှာ ငွေထုပ်တစ်ထုပ် ရှိနေတယ်။ သူခရီးတစ်ခုကို သွားရမယ်။ ငွေထုပ်ပါနေတဲ့အတွက် လုယက်မှာ၊ ဓားပြတိုက်ခံရမှာကိုစိုးရိမ်ရတယ်။ ဒီတော့ သူ့ကိုယ်သူ ကာကွယ်လို့ရအောင် ဓားတစ်ချောင်းကို ခါးမှာထိုးပြီးသွားတယ်။

တောလမ်းတစ်နေရာရောက်တော့ တုတ်ကိုင်ထားတဲ့ လူတစ်ယောက်က မောင်တိုးလွယ်အိတ်ထဲက ငွေထုပ်ကို တောင်းတယ်။ မောင်တိုးကလည်း မပေးဘူး။ အလွယ်တကူ မပေးတဲ့အတွက် တုတ်ကိုင်ထားတဲ့လူက သူ့ကို တိုက်ခိုက်တယ်။ သူကလည်း ပြန်ခုခံတယ်။ တိုက်ခိုက်နေကြရင်း မောင်တိုးခေါင်းကို ဖြောင်းကနဲ အရိုက်ခံလိုက်ရလို့ မောင်တိုးလဲကျသွားတယ်။ လဲကျသွားတဲ့ အခါ သူ့ခါးကြားမှာထိုးထားတဲ့ဓားက သူ့ကို ပြန်ရှတော့တယ်။ အဲကျမှ သူ့မှာ ဓားပါမှန်း မောင်တိုး သတိရတော့တယ်။ ဒါပေမယ့် လွန်သွားခဲ့ပြီ။ သူမထ နိုင်တော့ဘူး။ တုတ်ကိုင်ထားတဲ့လူက အသာအယာပဲ သူ့လွယ်အိတ်ကို ဖြုတ်ယူသွာတော့တယ်။

အဲလိုပါပဲ ကိုယ့်မှာရှိတဲ့ အရာကို အသုံးမချဘဲ မေ့လျော့နေမယ် ဆိုရင် အဲဒီအရာက ပြန်ပြီးတောင် ဒုက္ခပေးတတ်ပါတယ်။ ဒုက္ခရောက်မှ  အမိတနေရင် အချိန်တွေက လွန်သွားပြီဖြစ်လို့ နောင်တနဲ့ ဘဝနိဂုံး ချုပ်ရတတ်တယ်။

ဒါကြောင့် ဦးဇင်းတို့ အနေနဲ့ ကံအားလျော်စွာ ရရှိထားတဲ့ ခန္ဓာနဲ့ စည်းစိမ်ဥစ္စာကို အငှားတရားတွေလို့ သိမြင်ပြီး အသုံးပြုခွင့် ရနေတဲ့ ကာလလေးမှာ ကိုယ်ပိုင်ဖြစ်မယ့် ကုသိုလ်တရားကို ရအောင်ယူကြရမယ်။ အငှား ပစ္စည်းတွေ အပေါ်မှာ မေ့လျော့ပျော်ပါးကာ ကိလေသာတို့ဖြင့် စိုစွတ်မနေစေဘဲ ပိုင်ရှင်က ပြန်တောင်းတဲ့အချိန် ကြည်ဖြူစွာ စွန့်နိုင်အာင် အပ္ပမာဒတရား လက်ကိုင်ထားလို့ ကြိုးစားကြပါစို့။

Credit....အရှင်ပညာသီရိ(ရမ္မာကျွန်း)

No comments:

Post a Comment