# ရက်မသိတဲ့ ဖိတ်စာ #
*****************
လူ့လောက လူ့ဘောင်မှာ နေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေသည် လူမှုရေး ကျန်းမာရေး စီးပွါးရေး သာသနာရေး ဘာသာရေးဆိုပြီး အရေးပေါင်း မြောက်များစွာရှိကြပါတယ်။ သာရေး ဘက်ကိုကြည့်ရင် ဘုရားအနေကဇာတင် ရဟန်းခံ ရှင်ပြု မင်္ဂလာဆောင် အိမ်တက်မင်္ဂလာ ဆိုပြီး အသီးသီးဖိတ်စာရိုက် ဖိတ်တတ်ကြသလို နာရေးဘက်ကြည့်ရင်လည်း ရက်လည် လလည် နှစ်ပတ်လည် ဆိုပြီးကွယ်လွန်သွားသူ မိဘ ညီကိုမောင်နှမများအတွက် ရည်စူးကာ ကုသိုလ်ပြုတဲ့အခါ ဖိတ်စာရိုက် ဖိတ်တတ်ကြပါတယ်။
ဒီလိုကုသိုလ်ကောင်းမှုပြုလုပ်တဲ့အခါမှာ ဖိတ်ကြားတဲ့ပုဂ္ဂိုလ်တွေ လာလို့ရအောင် နှစ် လ ရက် အချိန် နေရပ်လိပ်စာအပြည့်အစုံထည့်ကာ ဖိတ်မန္တကပြုကြရပါတယ်။ ရင်းနှီးတယ် ခင်မင်တယ် မျက်နှာနာတယ်ဆိုပြီး သွားဖြစ်အောင်သွားကြရပါတယ်။
ထိုနည်းတူစွာ ယခုလည်း "ဖိတ်စာ"တစ်စောင် အိမ်တိုင်း အိမ်တိုင်း ရောက်နေပါတယ်။ အိမ်သားအားလုံးကိုလည်း ဖိတ်ထား ပါတယ်။ မျက်နှာမလိုက်ဘဲ အားလုံးကို လူတိုင်းကို ဖိတ်ထားပါတယ်။ ဘယ်သူဖိတ်တာလဲ ဆိုတော့ " သေမင်း " က ဖိတ်ထားတာပါ။
ဘာ့ကြောင့်ဖိတ်တာလဲ ဆိုရင် ရင်းနှီးလွန်းလို့ ခင်မင်အကျွမ်းဝင်လွန်းလို့ ချစ်လွန်းလို့ ဖိတ်တာပါတဲ့။ ခင်မင်အကျွမ်းဝင်တာလဲ မပြောနဲ့လေ။ တစ်သံသရာလုံး သူနဲ့ချည်း ပေါင်းလာရတာပဲ။ ဒါကြောင့် မျက်နှာမလိုက်ဘဲ ဖိတ်စာ ကိုယ်စီကမ်းထားတာကြောင့် လူတိုင်း သွားဖြစ်အောင်ကို သွားကြရဦးမှာပါ။ ခက်တာက ဒီဖိတ်စာမှာ ဘယ်ခုနှစ် ဘယ်လ ဘယ်ရက် ဘယ်အချိန် ဘယ်နေရာလဲ ဆိုတဲ့ လိပ်စာအပြည့်အစုံမပါဘူး။ လိပ်စာမပါတာက အကြောင်းတော့ရှိတယ်။ ရင်းနှီးလွန်းလို့ အချိန်ကျမှ သူကိုယ်တိုင်လာခေါ်မှာတဲ့။ဖိတ်စာအရ " သေမင်း" လာခေါ်လို့ လိုက်သွားရတဲ့ ပုဂ္ဂိုလ်တွေ များလှပြီ။
ဒီလို မသေချာမရေရာတဲ့ ဖိတ်စာကြီးကိုင်ပြီး သားစာ မယားစာ မြေးစာ မြစ်စာ ဆိုတဲ့ လောကီစီးပွါးရေး [ သူများတွေကိုကယ်တင်တဲ့အမှု ] တွေနဲ့ အချိန်တွေကုန်။ ခွဲခွါရမှာကို မေ့ပြီး မိသားစုတွေနဲ့ အပျော်ကြီးပျော်နေတော့မှာလား။ ဒါမှမဟုတ် ဒါန သီလ ဘာဝနာဆိုတဲ့ ကုသိုလ်ကောင်းမှု များများပြုလုပ်ပြီးနေမှာလား။
" သေမင်း " က ဖိတ်ထားတဲ့ ဖိတ်စာ တစ်စောင်တော့ အိမ်ရောက်နေပြီလို့ စိတ်ထဲမှာ မှတ်သားကာ လူ့ဘဝရလာတဲ့ အခိုက်အတန့်လေးမှာ ကုသိုလ်ကောင်းမှုတွေ များများစုထားပါ။ အကုသိုလ်တွေ အတတ်နှိုင်ဆုံး ရှောင်ကျဉ်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မိဘညီကိုမောင်နှမတွေနဲ့ ခွဲခွါကွေကွင်းသွားရမယ်ဆိုတာ မမေ့ပါနဲ့။သူများကို ကယ်တင်တဲ့ လောကီစီးပွါးရေး သားရေး သမီးရေး လူမှုရေးကို ဝတ္တရားအရသာ ဆောင်ရွက်ပြီး မိမိကို ကယ်တင်မဲ့ ဒါန သီလ ဘာဝနာအစရှိတဲ့ ကုသိုလ်ကောင်းမှုတွေကို အလေးဂရုပြုပြီး ကြိုးစားလုပ်ကိုင်ကြပါ လို့ ထပ်ကာသတိပေးလိုက်ပါရစေ။ ဘာ့ကြောင့်သတိပေးရလဲ ဆိုတော့ မိမိလက်ထဲမှာ " ရက်မသိတဲ့ ဖိတ်စာ " ရောက်နေလို့ပဲ ဖြစ်ပါတယ် ခင်ဗျာ။
့[ အရှင်ကေသဝ( ရွှေရှမ်းကန်) ၏ " ရက်မသိတဲ့ဖိတ်စာ " အမည်ပေးထားသောတရားစာအုပ်မှ ကောက်နှုတ်၍ " ဓမ္မဒါန " ပြုပါသည် ]
# Nay Tar
ဓမ္မစာပေများ ပျံ့နှံစိမ့်သော်ငှါ.. အများအကျိုးအတွက် ကူးယူဖော်ပြပါသည်။
မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page.
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Tuesday, November 22, 2016
ရက်မသိတဲ့ ဖိတ်စာ
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment