စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 22, 2016

ချစ်သမီး ဘယ်ကိုသွားမှာလဲ

"ချစ်သမီး ဘယ်ကိုသွားမှာလဲ"
•••••••••••••••••••••••••••••••••

ဘုရားလက်ထက်က ကုမာရီဆိုတဲ့ ယက္ကန်းသည်မလေး ရှိတယ်။
အဲဒီကလေးမလေးက တစ်ကြိမ်တစ်ခါမှာ ဘုရားက
မရဏနုဿတိကို မပြတ်နှလုံးသွင်းဖို့ ဟောထားတာ နာဖူးတော့
မရဏနုဿတိကို မပြတ်နှလုံးသွင်းနေတယ်။
ဒီခန္ဓာကြီးဟာ သေရာသွားနေတာပဲ၊ ဒါ မရဏနုဿတိနော်။
သူက သမထပဲနော်၊ အကြမ်းစားကိလေသာတွေကို ပယ်နိုင်တယ်။
ဘာလို့ တုန်းဆိုတော့ သေရမယ်ဆိုတာ သိနေရင် ဘာလိုချင်သေးတုန်း။
လောကီစည်းစိမ် ဥစ္စာတွေ ဘာမှမမက်တော့ဘူး။
ဝေဒနာကြောက်တဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာပျောက်ခြင်း အလိုရှိသကဲ့သို့ ပဲ
သေရတော့မယ်ဆိုတော့ အသေလွတ်တဲ့လမ်း မသိတဲ့ပုဂ္ဂိုလ်က
ကြောက်ခြင်း လန့် ခြင်းနဲ့ ပဲ ၀ိဥာဏ်ချုပ်ကြရတာပဲ။

ဒီကလေးမလေးက ဘုရားဆုံးမထားတဲ့အတိုင်း
မရဏာနုဿတိကို မပြတ်နှလုံးသွင်းနေတယ်။
သေခြင်းတရားဆိုတာ အင်မတန်မြန်တယ်ဆိုတာကို
သူက မပြတ်နှလုံးသွင်းနေတဲ့အတွက်
ဒီမရဏာနုဿတိကမ္မဋ္ဌာန်းပေါ်မှာ
အာရုံရောက်နေတာပေါ့။

တစ်နေ့ ကျတော့ သူက သေရမယ့်အချိန်ကို အင်မတန်နီးကပ်လာပြီ။
ဘုရားကိုယ်တော်မြတ်ကြီးက ဒါကို
ဥာဏ်တော်နဲ့ မြင်တော်မူတယ်။
သူနေတဲ့နေရာနားမှာ တရားပွဲကြီးလုပ်တော့
ကုမာရီအမျိုးသမီးဟာ
အိမ်မှုကိစ္စ အ၀၀တွေနဲ့ အလုပ်ရှုပ်နေတယ်။
တရားပွဲကို သွားချင်တယ်၊ ဒီက ကိစ္စက မပြတ်သေးတော့
ပြီးအောင်လုပ်ပြီးတော့ တရားပွဲကို သွားတယ်။
သူ ယက္ကန်းလုပ်တဲ့နေရာကလည်း ဒီတရားပွဲကို
ဖြတ်သွားရမှာကိုး ။

ဘုရားကိုယ်တော်မြတ်ကြီးက တရားမဟောဘူးဗျ။
ပလ္လင်ပေါ်မှာပဲ သီတင်းသုံးပြီးတော့ သူ့ ဝေနေယျဖြစ်တဲ့
ဒီကုမာရီအမျိုးသမီးလေးကို စောင့်နေတယ်။
ကုမာရီကလည်း အချိန်တန်တော့ ရောက်လာပြီး
ပရိသတ်အစွန်က နေတဲ့အချိန်မှာ ဘုရားကိုယ်တော်မြတ်ကြီးက
သမီး ရှေ့ ကိုလာခဲ့ တဲ့။ ဘုရားအမိန့် ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့
ပရိသတ်က ရှဲပေးရတာပေါ့။
ကုမာရီ ရှေ့ ကိုလည်း ရောက်ရော ဘုရားကိုယ်တော်မြတ်ကြီးနဲ့ 
အပြန်အလှန် စကားဆိုခဲ့ကြတယ်။

"ချစ်သမီး ဘယ်ကလာတာလဲ။"
"မသိပါဘုရား။"
"ချစ်သမီး ဘယ်ကိုသွားမှာလဲ။"
"မသိပါဘုရား။"
"ချစ်သမီး မသိဘူးလား။"
"သိပါတယ်ဘုရား။"
"ချစ်သမီး သိရဲ့လား။"
"မသိပါဘုရား။"

အဲတော့ ဘေးက ပရိသတ်က ဒီကလေးမလေးနှယ် ဘုရားကိုယ်တော်မြတ်ကြီးက
မေးတာကို လေးလေးစားစား ဖြေဖို့ တော့ ကောင်းတာပေါ့။
ဘယ်ကလာခဲ့သလို ဆိုရင် အိမ်ကလာခဲ့တယ်၊
ဘယ်သွားမလို့ လဲဆိုရင် ယက်ဖောက်လုံးတွေမြင်နေတာ
ယက္ကန်းရုံသွားပါမယ် လို့ ဖြေသင့်တာပေါ့။ ခုတော့
မသိပါဘူးဆိုတော့ မလေးမစားနဲ့ ဒီကလေးမ တယ်ခက်တာပဲပေါ့လေ။

အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
ချစ်သမီး၊ သင်ဟာ အိမ်ကပြန်လာတာ ဖြစ်ပါလျက်
"ဘယ်က လာတာလဲ" ဆိုတဲ့ ငါဘုရားရဲ့ အမေးကို
"မသိပါ" လို့ ဘာကြောင့်ဖြေရတာလဲ လို့ မေးလိုက်တယ်။

ယက္ကန်းသည်မလေးက သဗ္ဗညုတဥာဏ်တော်
အရှင်သူမြတ်ဘုရားသည် ဤအမေးကို
အကြောင်းမဲ့မေးတော်မူသည်ဟုမယူဆပါ။ ဘယ်ဘ၀က လာကြောင်းမေးတာဖြစ်တယ်လို့ မှတ်ယူမိတဲ့အတွက်"မသိပါ"ဟုဖြေခဲ့ပါတယ်အရှင်ဘုရား လို့ 
ဖြေတော့ ဘုရားက သာဓုခေါ်တယ်။

"ချစ်သမီး ဘယ်ကိုသွားမှာလဲ" ဆိုတာကို ဘာကြောင့်
"မသိပါ" လို့  ဖြေသလဲ။
ယက္ကန်းသည်မလေးက သေလွန်ပြီးတဲ့နောက်မှာ
ဘယ်ဘ၀ကိုသွားမှာလဲဆိုတာကိုမေးတော်
မူတာဖြစ်တဲ့အတွက်မသိကြောင်းဖြေတာဖြစ်ပါတယ်အရှင်ဘုရား။ တဲ့။

ချစ်သမီး "မသိဘူးလား" ဆိုတာကို "သိပါတယ်" လို့ 
ဘာကြောင့် ဖြေရတာလဲ။

"သေမယ်ဆိုတာ မသိဘူးလား" လို့  ဆိုလိုတဲ့အတွက်
"သိပါတယ်" လို့ ဖြေတာဖြစ်ပါတယ် အရှင်ဘုရား။ တဲ့။

ချစ်သမီး "သိရဲ့လား" မေးတော့ "မသိဘူး" လို့ ဆိုပြန်တယ်။
ဘာကြောင့်လဲ။
"ဘယ်အချိန်မှာသေမယ်ဆိုတာ သိရဲ့လား" လို့ မေးတာကြောင့်
မသိတဲ့ အကြောင်း ဖြေပါတယ်အရှင်ဘုရား။ တဲ့။
ကလေးမလေးက ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်မို့ 
ဘုရားမေးတာကို ရိပ်စားမိပြီး အဖြေပေးတယ်နော်။
ဘုရားကိုယ်တော်မြတ်ကြီးက သာဓုခေါ်တယ်။
ဒီတော့မှ ဘေးက ပရိသတ်က တော်တော် ပညာကြီးတဲ့
ကလေးမလေးပဲလို့  သာဓုခေါ်ကြတယ်နော်။
ဒီတရားထူးနာရပြီးတော့ ကုမာရီကလေးမလေးဟာ
ခန္ဓာ ဥာဏ်ရောက်သွားပြီး သောတာပန်တည်တယ်။

ကိုယ့်ကိုယ်ကို မေးကြည့်ကြ၊ ငါ ဘယ်က လာခဲ့သလဲ၊
ဘယ်ကိုသွားရမှာလဲ၊ မသိဘူးနော်။
မသိတဲ့ထဲက သိတာကတော့ သေရမှာတော့
သိတယ်မဟုတ်လား။ မပေါ့နဲ့ 
သေရမှာလေးတော့ ခဏခဏ နှလုံးသွင်းပေး။
အဲဒီသေရမှာသိတဲ့ အထဲက သေချိန်ကျတော့ သိရလား။
မသိဘူး။
(ဆင်ဖြူကျွန်းဆရာတော် ဦးဓမ္မသာရ
ဟောကြားတော်မူသော ယက္ကန်းသည်မလေး ဥပမာပြ
တရားတော် မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ -

ရဲ မင်း ဦး
https://m.facebook.com/story.php?story_fbid=330547493991520&id=100011088157692


No comments:

Post a Comment