အနိမ့်စားကုသိုလ်ဆိုတာ......?
အမြတ်စားကုသိုလ်ဆိုတာ....?
အမြတ်ဆုံးကုသိုလ်ဆိုတာ...?
ကုသိုလ်မှာ အကုသိုလ်ရောတယ်ဆိုတာ...?
ဟုတ်ကဲ့ပါ
ကုသိုလ် အကုသိုလ် ဆိုတာ အဘိဓမ္မာကိုင်ပြီး ရှင်းပြသင့်သလို၊ ကုသိုလ်မှာ အကုသိုလ်ရောခြင်း ၊မရောခြင်း ဆိုတာကိုလည်း ပဋ္ဌာန်းဒေသနာတော်နဲ့ ရှင်းလင်းပြောပြမှ ပြည့်စုံမည်ဖြစ်ကြောင်း သိနားလည်သော်လည်း မစွမ်းသည့်အတွက် ကျွန်မစွမ်းသလောက်သာ ရှင်းလင်းတင်ပြသွားပါမယ်။
* ဘဝကို အကျိုးပေးစေတတ်တဲ့ "ကုသိုလ်ကံ" မြောက်အောင်လောက်သာ ပြုတတ်တဲ့ ကုသိုလ်ဟာ "အနိမ့်စားကုသိုလ်"ပါ။
(ပါရမီမမြောက်တဲ့ ကုသိုလ်ပေါ့)
ဥပမာ--ဒါနကုသိုလ်တစ်ခုပြုတယ်ဆိုပါစို့်
အလှူခံပုဂ္ဂိုလ်ရဲ့ သီလ သမာဓိ ပညာအားကြီးရင်ကြီးသလောက် အကျိုးပေးကြီးတယ်ဆိုတာ သိတော့ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်ပြီးမှလှူချင်တယ်။* ရရှိမယ့် ကံရဲ့အကျိုးပေးကို မျှော်လင့်တယ်။*လောကမှာ အရေးပါ အရာရောက်ဖို့ အထင်ကြီးလေးစားခံရလိုမှု ဒီလို အမျှော်လောဘတွေရှိနေမယ်ဆိုရင်
ဒါဟာ ကံမြောက်တဲ့ အနိမ့်စားကုသိုလ်ပါပဲ
* နောက်-အမြတ်စားကုသိုလ်
သူက ပါရမီမြောက်တဲ့ကုသိုလ်
ကိုယ်ကျိုးအတွက် မျှော်လင့်မှုမပါဘူး
လှူသင့်လှူထိုက်သူကို လှူသင့်တဲ့အချိန်မှာ လှူချင်လို့်လှူလိုက်တာပဲ။
အကြောင်းပိုင်းကိုသာ ဂရုစိုက်တယ်။အားစိုက်တယ်။
ရရှိမယ့် အကျိုးပိုင်းကို ဥပေက္ခာပြုတယ်။
လုပ်သင့်တာကို လုပ်တာပဲ
အဲဒီလိုဒါနမျိုးက ပါရမီကုသိုလ်ဖြစ်တယ်။
အမြတ်စားကုသိုလ် ဖြစ်တယ်။
ဒါကြောင့် ကောင်းမှူ(ကုသိုလ်)ကိုလုပ်ရင် ကုသိုလ်တော့ဖြစ်တယ်။
ပါရမီဖြစ်ချင်မှ ဖြစ်မယ်။
မကောင်းမှူ(အကုသိုလ်)ကို လုပ်ချင်လုပ်မိမယ်။
ဒါပေမယ့် မကောင်းမှုကို လုပ်မိရုံနဲ့တော့ ပါရမီမဖြစ်လို့် မဆိုနိုင်ဘူးဆိုတာ ဘုရားအလောင်းတော်ရဲ့ ပါရမီဖြည့်ကျင့်ခဲ့တဲ့ ကာလအတွင်းက ဇာတ်တော်တွေကို လေ့လာကြည့်ရင် နားလည်နိုင်ပါတယ်။
* နောက်ဆုံးက အမြတ်ဆုံးကုသိုလ်
ကုသိုလ်ထဲမှာ အမြတ်ဆုံးကုသိုလ်ဆိုတာ"ဘဝကို အကျိုးပေးစေတတ်တဲ့ ကံတွေ မမြောက်အောင် ပြုတတ်တဲ့ ကုသိုလ်ဟာ အမြတ်ဆုံးကုသိုလ်ပါ။
"ကံ" မမြောက်ဖို့ဆိုတာ ကိလေသာမရှိမှ ဖြစ်ပါမယ်။
ကိလေသာဆိုတာက ... လွန်ကြူးတဲ့အဆင့်၊
ထကြွသောင်းကျန်းတဲ့အဆင့်၊ သံသရာအဆက်ဆက် စိတ်မှာအနုသယအနေနဲ့ လိုက်ပါကပ်ငြိနေတဲ့အဆင့်လို့ ရှိတဲ့အတွက် သီလ၊သမာဓိ၊ပညာလို့ တစ်ဆင့်ချင်း ပယ်သတ်တဲ့အခါ နောက်ဆုံး အနုသယကင်းစင်ဖို့ ဝိပဿနာဉာဏ်၊မဂ်ဉာဏ်နဲ့မှသာ ချေဖျက်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အမြတ်ဆုံးနိဗ္ဗာန်ကို ရစေ ရောက်စေတဲ့ ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်သည်သာ အမြတ်ဆုံးကုသိုလ်ပါပဲ။
* ကုသိုလ်မှာ အကုသိုလ်ရောတယ်ဆိုတာက ကုသိုလ်လုပ်ငန်းမှာ အကုသိုလ်စိတ်တွေဖြစ်တဲ့ တဏှာ၊မာန၊ဒိဋ္ဌိတွေ ဝင်ရောလို့ပါ
ဥပမာအနေနဲ့::ကိုယ်ပြုနေတဲ့ ကုသိုလ်အလုပ်၊ကုသိုလ်စိတ်ကလေးဖြစ်ခိုက် အကျိုးမျှော်နေတဲ့ တဏှာ၊ ငါ့ကုသိုလ်ဆိုတဲ့ မာန၊ ငါလုပ်တဲ့ကုသိုလ် ငါရမယ်ဆိုတဲ့ ဒိဋ္ဌိအတွေးတွေကြောင့် ကုသိုလ်ဟာ မသန့်စင်ဘဲ အကုသိုလ်ရောသွားရပါတယ်။
သူတို့ပါးရင် ပါးသွားသလောက် သန့်စင်တဲ့ကုသိုလ် ဖြစ်လာပါတယ်။
သူတိုကို ပါးစေနိုင်တာက မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားပါ။
ဒီအကျင့်မြတ်ကို မကျင့်နိုင်သေးသရွေ့ကတော့ အမြတ်ဆုံးကုသိုလ် မဖြစ်နိုင်သေးဘဲ အရောကုသိုလ်သာ ဖြစ်နေကြရအုံးမှာပါပဲ။
အရောကုသိုလ်ရဲ့ အကျိုးပေးကလည်း အရောအကျိုးပေးကိုပဲ ပေးမှာသဘာဝပါ။
ဘဝကိုအကျိုးပေးစေတတ်တဲ့ "ကံ"တွေမြောက်နေသရွေ့ ရတဲ့ဘဝ ဘဝတိုင်း သုခအယောင်ဆိုးထားတဲ့ ဒုက္ခအကျိုးပေးကိုသာ ရနေကြအုံးမှာပါပဲ။
Credit…မေတ္တာဖြင့်........မစံပယ်(စလင်း)
https://m.facebook.com/story.php?story_fbid=181057559025904&id=100013649829649
စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Wednesday, November 30, 2016
ကုသိုလ်
Labels:
ဓမ္မစာပေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment