နေ့တစ်ဝက် မကျိုးမပျက်တဲ့ သီလအကျိုးပေး
^^^°°°^^^°°°^^^°°°^^^°°°^^^°°°
သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင် ပွင့်ပေါ်စကာလမှာ ရသေ့ငါးရာဟာ ရာဇဂြိုလ်သူဌေးသုံးဦးတို့ စုပေါင်းလှူဒါန်းတဲ့ ကမ္မဌာန်းကျောင်းလေးတွေမှာ ဝါဆိုကြ ဝါကပ်ကြ... မိုးလကုန်တော့ ဟိမဝန္တာ အရပ်မှာပြန်ပြီးအားထုတ်ကြနဲ့ နေကြတယ်..။
တစ်နေ့သောအခါမှာ... ရသေ့ငါးရာဟာ မိုးလရောက်ခါနီး ဝါဆိုခါနီးလို့ ဟိမဝန္တာတောက ထွက်လာပြီး ရာဇဂြိုလ်မြို့သို့ ဝါဆို ဝါကပ်ဖို့အလာ...
မွန်းတည့်ချိန် နေပူကြမ်းကြမ်းနဲ့ ဝမ်းဗိုက်ကဆာ..
မနေသာတဲ့ဒဏ်ကို ရသေ့ငါးရာတို့ ခံကြရတယ်။
တောလမ်းခရီး ရေကပ်.. ဆွမ်းကပ်မည်သူတစ်ဦးတစ်ယောက်မှလဲ မရှိလေတော့ အနားယူဖို့ အရိပ်အာဝါသ ရှာကြတယ်..။
မကြာခင်ပဲ ရသေ့ငါးရာလုံး အနားယူနိုင်လောက်တဲ့ အရိပ်ကောင်း ညောင်ပင်ကြီးကို တွေ့လို့ အနားယူကြစဉ် ရသေ့ငါးရာထဲက အကြီးဆုံးဖြစ်တဲ့ ရသေ့ကြီးက စဉ်းစားခန်းဝင်တယ်..။
""" သြော်..ဒီညောင်ပင်ကြီး ဒီလောက်ကောင်းတာ အရိပ်အခက် ဝေဝေဆာဆာနဲ့. ဒီလိုညောင်ပင်ကြီးမှာ နေခွင့်ရတဲ့ နတ်ဟာလည်း သာမာန်တန်ခိုးနဲ့တော့ နေနိုင်မှာမဟုတ်ဘူး..။ တန်ခိုးကြီးမားတဲ့ နတ်ပဲ ဖြစ်ရမယ်.."""
ဆက်ပြီးတော့တွေးတာကာ. ...""" ဒီလိုတန်ခိုးကြီးတဲ့ နတ်သာဆိုရင် အခုရသေ့ငါးရာ ရေဆာနေကြတာ သောက်တော်ရေလေးများ ကပ်လှူရင် သိပ်ကောင်းမှာပဲ...""" လို့ အတွေးရှိနေတာကို ညောင်ပင်မှာနေတဲ့ ရုက္ခစိုးနတ်သားကလဲ သိတော့ သောက်တော်ရေကို တန်ခိုးနဲ့ စီစဉ်ပေးတယ်..။
ရသေ့ငါးရာ ရေသောက်ပြီးတော့ အကြီးဆုံးရသေ့ကြီးက ဒီလိုတွေးပါတယ်.."" ငါ့အတွေးတွေကို နတ်မင်းကြီး သိနေတာပဲ .. ရေတော့သောက်ပြီးပြီ... ဒီအချိန်မှာ ရေချိုးရရင်တော့ ကောင်းမှာပဲ... .. လို့ တောင့်တလိုက်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာ အတွက် ချိုးရေစီစဉ်ပေးလို့ အားလုံးရေချိုးပြီး နောက်မှာတော့ ရသေ့ကြီးက စဉ်းစားပြန်တယ်..။
နေကိုကြည့်ပြီး..""" နေမွန်းကလည်း တည့်နေပြီ .. ရသေ့ငါးရာလည်း ဆာကြရောပေါ့.. ဒီအချိန် ဆွမ်းကပ်တဲ့ သူများရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ... လို့. တောင့်တပြန်တော့ ရုက္ခစိုးနတ်သားက ရသေ့ငါးရာရဲ့ သပိတ်ထဲသို့ တန်ခိုးနဲ့ ဆွမ်းထည့်ပြီး ကပ်လှူပါတယ်..။
ရသေ့ငါးရာ ဆွမ်းစားအပြီးမှာတော့ ရသေ့အားလုံးက စဉ်းစားကြတယ်..။
""" ငါတို့ တောင့်တတိုင်း လိုအပ်တိုင်းကို တန်ခိုးနဲ့ ဖန်ဆင်းပေးနိုင်တဲ့ ဒီညောင်ပင်စောင့် နတ်ဟာ သိပ်တန်ခိုးကြီးတာပဲ.. ငါတို့တွေ့ဖူးရင် သိပ်ကောင်းမှာပဲ.. ဒီအချိန် ညောင်ပင်စောင့်နတ် ကိုယ်ထင်ပြလာရင် သိပ်ကောင်းမှာပဲ....""" လို့ တောင့်တကြပြန်တယ်..။
ဒါနဲ့ ရုက္ခစိုးနတ်သားဟာ လက်အုပ်ကလေးချီလို့ ကိုယ်ထင်ပြလာတော့ ရသေ့ကြီးက ဝမ်းသာအားရနဲ့ မေးလိုက်တယ်..။
➳ ➳ နတ်မင်းကြီး ဒီလို ကြီးမားလှတဲ့ တန်ခိုးတွေနဲ့ ပြည့်စုံအောင် အတိတ်က ဘယ်လိုကုသိုလ်များ လုပ်ခဲ့သလဲ..""" လို့ မေးတော့..
နတ်သားက.. ""တပည့်တော် ဒါကိုတော့ဖြင့် ရှက်လွန်းလို့ မပြောပါရနဲ့...""" လို့ တောင်းပန်တယ်။
ဒါပေမယ့် မလွှဲသာတဲ့အဆုံးမှာ နတ်သားဟာ ဖြေကြားရှာပါတယ်..။
တပည့်တော်ရုက္ခစိုးနတ်သားရဲ့ အတိတ်ဘဝက သာဝတ္ထိပြည်မှာ လူ့ဘဝ ရခဲ့ပါတယ်ဘုရား..။ လူ့ဘဝဆိုသော်လည်း ချမ်းသာတဲ့ လှူနိုင် တန်းနိုင်တဲ့ ဘဝမျိုးတော့ မဟုတ်ခဲ့ပါဘူး..ဘုရား..
သိပ်ဆင်းရဲလို့ သူများတွေဆီမှာ သူရင်းငှါး အလုပ်သမားဘဝနဲ့ ဝင်လုပ်ပါတယ်။ သူဌေးကြီး အိမ်မှာလဲ အလုပ်သမားကအစ နို့စို့ကလေးငယ်အဆုံး ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ရတဲ့ ထုံးတမ်းအစဉ်အလာရှိတယ်..။ ဒီလိုနဲ့ ဥပုသ်စောင့်ကြရတယ်..။ နို့စို့ကလေးငယ်တွေဆို မွန်းလွှဲချိန်ကစပြီး အာခံတွင်းကို အာလုပ်ကျင်းပေးလို့. ညချမ်းအချိန်ရောက်မှ စတုမဓူကို ပါးစပ်ထဲ ထည့်ပေးတယ်လို့ ဆိုပါတယ်..။
ဒါကို မသိသေးတဲ့ သူရင်းငှါး အလုပ်သမားအသစ်ဟာ နံနက်အစောကြီး အိပ်ယာကထပြီး အလုပ်သွားတာပေါ့...။
သီလယူချိန်ရောက်တော့ သူဌေးကြီးက မေးတယ်။ အလုပ်သမားအသစ်ရှိလားလို့ မေးတော့ အသိမပေးရသေးခင် အလုပ်ထွက်သွားလို့ မရှိတော့ဘူးလို့ ..... ကျွန်မကပြောတဲ့အတွက် သူဌေးကြီးက.
""" ဒါဆိုလည်း ရှိပါစေတော့.. ။ ညနေ တစ်ယောက်စာ ထမင်းပြင်ထားပေးလိုက် လို့ ဆိုပြီး ... ကျန်သူအားလုံး သီလယူ ဥပုသ်စောင့်ကြပါတယ်..။
ဒီလိုနဲ့ ညနေ နေဝင် မိုးမှောင်စအချိန်မှာ သူရင်းငှါး အလုပ်သမားအသစ်ကလေးက ပြန်ရောက်လာတော့ ကျွန်မက ထမင်းဝိုင်း ပြင်ပေးလို့ ထမင်းစားဖို့ လုပ်တော့ ခါတိုင်းနဲ့မတူ တမူထူးနေတာကို တွေ့ရတယ်..။
ခါတိုင်းဆိုရင်.. .
"" ဘတ္တံဒေမ "" ထမင်းပေးပါ..
"" ဗျဉ္စနံဒေမ. "" ဟင်းပေးပါ ဆိုပြီး အလုပ်သမားများစွာတို့ရဲ့ ထမင်းဟင်း တောင်းကြတဲ့ အသံတွေဟာ ဆူလို့ညံလို့...။ အခုတော့ တစ်ယောက်တည်း ဖြစ်နေတဲ့အတွက် ထူးခြားမှု့ကို လှမ်းမေးလိုက်ပါတယ်..။
"" ဒီနေ့ ခါတိုင်းနဲ့မတူ.. အလုပ်သမားတွေမရှိတာ ဘာကြောင့်လဲလို့ မေးတော့ ကျွန်မက➳ ➳ ဒီသူဌေးကြီးရဲ့ အိမ်မှာ ဥပုသ်နေ့ဆို ကလေးကအစ. အလုပ်သမားတွေ အားလုံး ဥပုသ်စောင့်ရတဲ့ အကြောင်း
ပြောပြတော့ ... ဒါဖြင့် အခုကော ဥပုသ်စောင့်လို့. ရသေးလားလို့ မေးတော့ ကျွန်မက သူဌေးကြီးမှ သိပါလိမ့်မယ်ဆိုပြီး သူဌေးကြီးဆီ လမ်းညွှန်ပေးလိုက်တယ်..။
ဒါနဲ့ သူဌေးကြီးဆီရောက်လို့. နံနက်စောစောက မသိလိုက်တဲ့ အတွက် အခုကော ဥပုသ်စောင့်လို့. ရသေးရဲ့လားလို့ မေးတော့ သူဌေးကြီးက. ရတဲ့ အကြောင်း ပြောတာနဲ့. ထမင်းမစားတော့ဘဲ ဥပုသ်စောင့်လိုက်ပါတယ်..။
ဒီလိုနဲ့ ညအခါမှာတော့ တစ်နေကုန် အလုပ်ပင်ပန်းထားပြီး ဗိုက်ထဲမှာ အစာမရှိတဲ့ ဒဏ်တွေကြောင့် ဝမ်းဗိုက်ဆာ လေနာရောဂါ ဖြစ်တဲ့ ဝေဒနာ ပြင်းထန်စွာနဲ့. အိပ်ယာထဲ လူးလွန့်ခံစားနေရရှာတယ်..။
ဒါကို တစ်ခြား အလုပ်သမားတွေက သိတာနဲ့. သူဌေးကြီးကို ခေါ်ပြတော့ သူဌေးကြီးက စတုမဓူယူလို့ စားခိုင်းပါတယ်။
ဒါနဲ့အလုပ်သမားကလဲ ဒီလို စတုမဓူကို သူဌေးကြီးတို့ရော သီလယူတဲ့အခါ စားပါသလားလို့. မေးတော့ ငါတို့တော့ မစာစဘူး..။ နာမကျန်းတဲ့ သူတွေတော့ စားခွင့် ရှိပါတယ် လို့ ပြောတယ်ဆိုရင်ပဲ လေနာရောဂါ ခံစားနေရတဲ့ အလုပ်သမားလေးက. စဉ်းစားတယ်.......
...........
** ငါ ဟိုအတိတ်က ဒါန.. သီလ ဆိုတဲ့ #ကုသိုလ်ပါရမီ မရှိခဲ့လို့. သူများအိမ်မှာ သူရင်းငှါးဘဝနဲ့ အသက်မွေး ရတယ်..။
အခုကျပြန်တော့ ရောဂါဝေဒနာ နှိပ်စက်တာ ခံနေရပြီ ...
တခြားသူတွေလိုလည်း တစ်နေကုန်အောင် သီလစောင့်ခွင့် ရတာမဟုတ်ဘူး...
နေ့တစ်ဝက် စောင့်ရတဲ့ သီလလေးကိုတော့ အသက်ပင် သေစေဦးတော့ ဘယ်နည်းနဲ့မျှ အကျိုးအပေါက် မခံနိုင်ဘူး.....ဆိုပြီး စတုမဓူကို မစားတော့ပါဘူး..။
ဘေးနားက ဘယ်လိုပင် ဖြောင့်ဖြပြောဆိုပေမယ့် မစားတော့တဲ့အတွက် ဒီဝေဒနာနဲ့ပဲ အသက်ဇီဝိန် ကြွေသွားရတယ်။
သူ့ရဲ့ သန္တာန်မှာ ပါသွားတာကတော့ သူ ချွေးနဲ့ သွေးနဲ့ လုပ်ထားရတဲ့ #လုပ်အားခ လေး မဟုတ်ပါဘူး..။
နေ့တစ်ဝက် မကျိုးမပျက်တဲ့ သီလ အကျိုးလေးပါပဲ..။
ဒီအကျိုးလေးက သေးတယ်လို့ ထင်ရပေမယ့် အခုညောင်ပင်ကြီးမှာ နေခွင့်ရပြီး ဖြစ်ချင်တာ အားလုံးကို ဖြစ်နိုင်တဲ့ တောင့်တတိုင်း ရနိုင်တဲ့ တန်ခိုးကြီးမားတဲ့ ရုက္ခစိုးနတ်သား ဖြစ်နေရတာပါ..လို့...
ကိုယ်ပြုလိုက်တဲ့ အနည်းငယ်သော ကုသိုလ်ကောင်းမှု့ကို ရှက်ရှက်နဲ့. ရသေ့ငါးရာအား ပြောပြလိုက်တော့ ရသေ့အားလုံးကလည်း လက်ခါးမောင်းခတ်ကြတယ်။
အံ့သြ ထိုက်ပါပေစွ.. လက်ဖျောက်ခတ်တီး အံ့ချီးထိုက်ပါပေစွ...
နေ့တစ်ဝက် သီလမပျက်ရုံနဲ့. ဒီလိုထူးတဲ့ အကျိုးကို ရနိုင်သတဲ့....;;;;; ဆိုပြီး အံ့သြမဆုံး ဖြစ်ကြရတယ်..။
ဒီနေရာမှာ ပြောလိုတာက တစ်နည်းပြောရရင် ရုက္ခစိုး နတ်သား ဆောက်တည်ခဲ့တဲ့ နေ့တစ်ဝက် သီလထဲမှာ သဒ္ဓါအရင်းခံ ပါနေပါတယ်..။
ကံ...ကံရဲ့အကျိုးကို ယုံကြည်တဲ့ ... တစ်နည်းပြောရရင် နေ့တစ်ဝက် သီလကို မကျိုးမပျက်အောင် ထိန်းနိုင်ရင် သီလရဲ့အကျိုးက ငါ့ကို ပေးစွမ်းနိုင်မယ်။
သံသရာ တစ်နေရာမှာ ရကိုရမယ်လို့. ယုံကြည်တဲ့ သဒ္ဓါရှိနေလို့. ဒီလိုအကျိုးပေး ကောင်းတာပါ..။
နောက်တစ်ခုက ရသေ့ငါးရာရဲ့ ထံမှာလည်း သီလတွေနဲ့ ပြည့်စုံနေလို့သာ သီလရဲ့အကျိုးတွေ ရှိနေလို့သာ ရသေ့ကြီး တောင့်တတိုင်း ရုက္ခစိုး နတ်သားက ဖန်တီးပေးခွင့် ရှိတာပါ ။
အဲ့ဒီညောင်ပင် အောက်မှာ သာမန် သီလမရှိတဲ့ လူတစ်ဦးဦး သွားပြီးတောင့်တရင် တောင့်တရုံမက အော်လို့ပဲပြောပြော ရုက္ခစိုးနတ်သားက ဖန်တီးပေးခွင့် ရှိမှာ မဟုတ်ပါဘူး..။
ရသေ့ငါးရာ တောင့်တတိုင်း ဖြစ်ပေါ်လာတာကလည်း #သီလအကျိုးကြောင့် ရုက္ခစိုးနတ်သားက လိုချင်တာကို ဖန်ဆင်းပေးနိုင်တာလည်း သီလအကျိုးကြောင့်လို့ မှတ်ရပါမယ်..။
❦ ❦ ဒါကြောင့် သီလရှိတဲ့သူ တောင့်တတိုင်း ပြည့်စုံတယ်လို့ ဘုရားကဟောတာ ဖြစ်တယ်..။
ဒါကို သာဓက ပုံဆောင်ထုတ်ပြပြီးပြီမို့. ယုံကြည်စွာနဲ့. သီလတွေကို ဆောက်တည်ပြီး မိမိမှာ ရှိနေတဲ့ သီလတွေကိုလည်း မကျိုးမပေါက်အောင် စောင့်ရှောက်ကြပါလို့. တိုက်တွန်းနှိုးဆော် လိုပါတယ်...။
✏ အရှင်အဇဋာ
(ရွှေ ဥ ယု )
No comments:
Post a Comment