တည်းခိုခန်းမဟုတ်ဘူးလား
🍀🌻🍀🌻🍀🌻🍀🌻🍀🌻🍀
တစ်ခါတုန်းက ဂျပန်ဘုန်းကြီးတစ်ပါးဟာ နန်းတော်ထဲကို ဝင်လာခဲ့ပါတယ်။ သူဝင်လာချိန်မှာ အစောင့်တွေက မတားဆီးနိုင်ခဲ့ဘူး။ ဒီတော့ ဘုရင်ကြိးဆိကို တန်းရောက်သွားပါတယ်။ ဘုရင်ကြီးကလည်း ဂျပန်ဘုန်းကြီးကို တွေ့လိုက်ရတော့ ချက်ချင်းပဲမေးလိုက်ပါတယ်။
”အရှင်ဘုရား..ဘာများအလိုရှိပါသလဲ ဘုရား ”
”ငါအိပ်ဖို့ အခန်းကောင်းကောင်းတစ်ခု အလိုရှိတယ်..”
”အို... အရှင်ဘုရား နေရာမှားလာပြီ။ ဒါ တည်းခိုခန်းမဟုတ်ဘူး။ နန်းတော်ပါဘုရား..”
”နေပါဦး မေးပါဦးမယ်..။မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ်သူတွေနေသွားသလဲ...”
”တပည့်တော်အရင် တပည့်တော်အဖေ နေသွားပါတယ်ဘုရား။ အခု တပည့်တော်အဖေ မရှိတော့ပါဘူး”
”မင်းအဖေအရင်ကော ဘယ်သူနေသွားသလဲ”
”တပည့်တော်အဘိုး နေသွားပါတယ်ဘုရား။”
”မင်းအဘိုးအရင်ကော..”
” တပည့်တော် အဘေး နေသွားပါတယ်ဘုရား..”
”ဒါများကွာ.. နန်းတော်တဲ့၊ မင်းအဖေလည်း နေပြီးထွက်သွားရပြီ။ မင်းအဘိုးလည်း နေပြီးထွက်သွားရပြီ၊ မင်းအဘေးလည်း နေပြီးထွက်သွားရပြီ၊ မင်းလည်းနေပြီး ထွက်သွားရဦးမယ်၊ ဒါတည်းခိုခန်း မဟုတ်လို့ ဘာလဲကွာ...”
ဂျပန်ဘုန်းကြီးရဲ့ စကားကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့..
” သြော်... ငါဟာ တည်းခိုခန်းမှာ နေနေပါလား..” ᠌᠌᠌ ဆိုတဲ့ အသိဥာဏ်သစ်တစ်ခု လင်းကနဲ ဝင်သွားပါတော့သတဲ့..။
( ဂျပန်ဇင်ပုံဝတ္ထု)
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဂျပန်ဘုန်းကြိးပြောသလို အားလုံး အားလုံးဟာ တည်းခိုခန်းမှာ ခေတ္တခဏ ဝင်တည်းနေကြရတာပါ။ အချိန်တန်ရင် သတ်မှတ်ရက်စေ့ရင် အိမ်ပြန်ကြရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက်အထိ နေခွင့်ရဦးမလဲ...?
လူ့ဘဝသက်တမ်းကို ယေဘုယျ ၇၅နှစ်ပဲထားလိုက်ပါတော့။ အသက် ၄၀ ရှိတဲ့ သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၃၅နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၅၀ ရှိနေတဲ့ သူတစ်ယောက်ဟာ တည်းခိုခန်းမှာ ၂၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။ အသက် ၆၀ ရှိနေတဲ့ သူတစ်ယောက်ဆိုရင် တည်းခိုခန်းမှာ ၁၅ နှစ်ပဲ နေခွင့်ရတော့မှာပါ။
လက်ကျန်အချိန်က နည်းနေပြီ။ ကျန်နေတဲ့ အချိန်က ကိုယ့်အတွက် သိပ်တန်ဖိုးရှိနေပါတယ်။
ဒီအချိန်ဟာ သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန်၊ အရွယ် မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်၊ အရွယ်ဖြစ်နေပါပြီ။
ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာထက် ကိုယ်ကောင်းအောင် နေဖို့က အဓိကပါ။ ᠌᠌᠌
ဒီတော့ ကျန်နေသေးတဲ့အချိန်ကို ဘယ်လိုနေမလဲ..?? ᠌᠌᠌
ဒီမေးခွန်းကို နေ့တိုင်း ကိုယ့်ကိုယ်ကို မေးရမှာပါ။
🌺🌺ရဝေနွယ် 🌺🌺
အင်းမ
**ကျန်ရှိနေတဲ့ သက်တမ်းကို ဘယ်လိုနေမလဲ **စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
https://www.facebook.com/DhammaSarpay/
မြတ်ပါရမီ
မြတ်ဗုဒ္ဓ၏သာသနာ page
ဗုဒ္ဓစာပေများ ရေးသားကုသိုလ်ပြုသူများအဖွဲ့မှ လှူဒါန်းပူဇော်ပါသည်။
No comments:
Post a Comment