** + ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်း ပရိယတ္တိစာသင်တိုက်ကြီးအား စတင်တည်ထောင်တော်မူခဲ့သော-
ရထားမတိုက် ၊ ကျားမကိုက် ဘုန်းတော်ကြီး ဦးသီလ ။ **
ဘုန်းတော်ကြီး ဦးသီလသည် ရဟန္တာ-ဟု ကျော်စောခဲ့သော ရဟန်းမြတ်ကြီး ဖြစ်သည်။ ဒကာ ၊ ဒကာမများက ဆရာတော်ဟု ခေါ်သည်ကို လက်မခံပေ။ သည်လိုမခေါ်နဲ့ ငါဟာ မင်းဆရာမဟုတ်ဘူးဟု မိန့်တော်မူလေ့ရှိသည်။ ထို့ကြောင့် ဆရာတော် ဦးသီလဟု မတွင်ဘဲ ဘုန်းတော်ကြီး ဦးသီလဟု တွင်ပေသည်။
ဘုန်းတော်ကြီး ဦးသီလဆရာတော်ဥူးသီလဟု အများခေါ်ဝေါ်ကြသော ဘုန်းတော်ကြီး ဦးသီလကို ပဲခူးမြို့ မြောက်ဖက် နှစ်မိုင်ခန့် ဝေးသော အထက်ဇိုင်းဂနိုင်းကြီးရွာတွင် မြန်မာနှစ် ၁၁၉၄ ခုနှစ် တော်သလင်းလဆန်း (၈)ရက် သောကြာနေ့ နံနက် ဂနာရီအချိန်တွင် အဖကုန်သည်ကြီး ဦးထွန်းအောင် ၊အမိ ဒေါ်ချိုတို့ မှ ဖွားမြင်သန့် စင်တော်မူခဲ့ပါသည်။
ဦးရွေသာ ၊ ဒေါ်သူဇာ ၊ဒေါ်အို ၊ ဒေါ်လှအောင်၊ ဦးဘိုးကျော်ဟူသော မွေးချင်းငါးယောက်ရှိသည့်အနက် ဆရာတော်အလောင်းအလျှာသည် အကြီးဆုံးဖြစ်ပြီး ငယ်အမည်မှာ မောင်ရွေသာ ဖြစ်ပါသည် ။ ၁၀နှစ်သားအရွယ်တွင် ကော့ပြင်ရွာဘုန်းတော်ကြီးဦးမှူးထံတွင် စာပေသင်ကြားရန် ကျောင်းသားပဖြစ် အပ်နှံခံရပြီး ၁၂၀၆ခုနှစ်တွင် အသက် ၁၂နှစ်အရွယ်သို့ ရောက်သောအခါ ရှင်သာမဏေပြု့ ခဲ့ပြီး ဘွဲ့ တော်မှာ ရှင်သီလသာရဖြစ်သည် ။ သာမဏေ၀ါ ခုနှစ်ဝါရပြီးနောက် ၁၂၁၃ ခု တပို့ တွဲလတွင် ပဲခူးကျိုက်ဒေးယျံဘုရားကုန်းတော်ရံအတွင်းရှိ ပီလခတ်ရွာဘုန်းတော်ကြီးကိုဥပဇျွာယ်ပြု့ ရ်ျ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ဘုန်းတော်ကြီးဦးမှူးထံတွင်နှစ်ဝါ (၂နှစ်) သီတင်းသုံးပြီးနောက် ပဲခူးမြို့ ထောင့်ကျောင်းဆရာတော် ဥူးပုံထံတွင်ရဟန်းဝါငါးဝါရသည့်တိုင်အောင်ပရိယတ္တိဓမ္မစာပေများကို နေ့ ညဥ့်မပြတ်သင်ကြားအား
ထုတ်ခဲ့သည်။
ဘုန်းတော်ကြီးဦးသီလသည်ထိုစဉ်ကတည်းက ပြတ်ပြတ်သားသားမှတ်သားဖွယ်တရားများကို
ဟောကြားဆုံးမနိုင်သောကြောင့် အများက ကြည်ညိုလေးစားကြသည်။ ၁၂၁၈ခုနှစ် ရဟန်းငါးဝါ ရသောအခါ ရန်ကုန်မြို့ ပုဇွန်တောင် ကျိုက်ထီးရီုးကျောင်းတိုက်တည်ရာ ရွေကြက်ယက် ဘန်းတော်ကြီးဥူးမေဓါထံတွင် စာပေကျန်းဂန်သင်ယူကာ တစ်ဝါ သီတင်းသုံးတော်မူခဲ့သည်။
"ဘုန်းတော်ကြီး ဦးသီလ" သည် သထုံမြို့အပိုင်ကျိုက်ကော်ကင်ပွန်းခြုံ တံတားဦးမြောက်ကျောင်း၌ခေတ္တသီတင်းသုံးနေစဉ်အခါကဖြစ်သည်။
တစ်နေ့သော်"သထုံစာသင်တိုက်မှဘုန်းကြီးဦးဓမ္မိဿရ" နှင့်ဆရာတော်တစ်ပါးတို့က ကျောင်းကိုလာ၏။အကြောင်းကိစ္စကိုမေးရာ-
"ကုလားတက်တစ်ခု အလိုရှိ၍လာကြကြောင်း"ဘုန်းတော်ကြီးအားလျှောက်ထား၏။
ထိုအခါ "ဘုန်းတော်ကြီးဦးသီလ"က-
"ဘုန်းကြီးတို့မနက်၊မနက်တွန်နေတဲ့ကြက်တွေကိုဘယ်သူကကုလားတက်ခေါက်ပေးသလဲ"ဟု
မိန့်တော်မူလိုက်သောအခါ ထို ဆရာတော်များမှာခေါင်းမထောင်ဝံ့ဘဲ ထိတ်လန့်ကြတော့၏။"ငါတို့မှာ ရဟန်းဖြစ်လျက် ကြက်လောက်မှနိုးကြားခြင်းမရှိလေတကား"ဟုသံဝေဂဉာဏ်လည်းဖြစ်ပေါ်ကြကုန်၏။
၁၂၄၄-ခုနှစ်ခန့်တွင် ဘုန်းတော်ကြီး ဦးသီလသည် ရွှေကျင် ဆိတ်ကလေး တောကျောင်း၌ သီတင်းသုံးနေတော် မူသည်။ ထိုစဉ် ၀မ်းခနိမ်ရွာသို့ နံနက်စောစော ဆွမ်းခံကြွသွားရာ တောလမ်းအတွင်း ခြေတော်သည် ညွှတ်ကွင်းတခုတွင် မိသွားသည်၊ ထိုအခါ ဘုန်းတော်ကြီးသည် ထိုနေရာမှ မကြွဘဲ ရပ်တန့်နေသည်။ ညွှတ်ကွင်းရှင် မြင်သောအခါ အကြောက်လွန်၍ အနီးမကပ်ဘဲ ရှောင်တိမ်းနေ၏၊ အတန်ကြာ၍ တဖန် လာကြည့်သောအခါ၌လည်း ဘုန်းတော်ကြီးကို ရပ်တော်မူလျက်သာ တွေ့ရ၏။ ဤနည်းဖြင့် သုံးလေးကြိမ် လာကြည့်ပြီးလျှင် အလွန်ပူပန်စိုးရိမ်မိသဖြင့် အခြားသူတယောက်ကို အကျိုးအကြောင်း ပြောပြ၍ ညွှတ်ကွင်း သွားဖြုတ်ပေးပါ-ဟု တောင်းပန်၏။
ထိုသူလည်း လျင်မြန်စွာ သွား၍ ဖြုတ်သောအခါ ဘုန်းတော်ကြီးက
ဒါယကာ၊ သင်၏ ညွှတ်ကွင်းလား-ဟု မေး၏။
မဟုတ်ပါဟု လျှောက်သော် သူတပါး၏ ညွှတ်ကွင်းကို မဖြုတ်နဲ့-ဟု ဆို၏။
ထိုသူလည်း ပြန်သွား၍ ညွှတ်ကွင်းရှင်အား ကိုယ်တိုင်သွားဖြုတ်ရန် ပြောသည်၊ ညွှတ်ကွင်းရှင်သည် မသွားဝံ့၊ မကြာမီ နေမွန်းတည့်လုနီးအချိန်သို့ ရောက်လာ၏။ အဖော်ဖြစ်သူက ညွှတ်ကွင်းရှင်အား ဘုန်းတော်ကြီးသည် ညွှတ်ကွင်းကို ကိုယ်တိုင်လည်း မဖြုတ်၊ ညွှတ်ကွင်းရှင် မဟုတ်သူကိုလည်း အဖြုတ်မခံ၊ မွန်းတည့်ချိန်လည်း နီးပြီ၊ ဆွမ်းမစားရ၍ ပျံတော်မူသွားလျှင် မင်း အ၀ီစိလောက်တော့ သေချာပြီ-ဟု သတိပေးသည်။
ဤတွင်မှ ညွှတ်ကွင်းရှင်သည် ဘုန်းတော်ကြီးထံ စွန့်စား၍ သွားသည်။ အနီးသို့ရောက်သောအခါ တပည့်တော် တောကြက်ထောင်တဲ့ ညွှတ်ကွင်းပါ၊ နောက် တသက်လုံး ဤအမှုကို ရှောင်ကြဉ်ပါတော့မယ်-ဟု ငိုယိုလျှောက်ထား၍ ညွှတ်ကွင်းကို ဖြုတ်သည်။ ညွှတ်ကွင်းအနီးရှိ တည်ကြက်နှင့် ညွှတ်ကွင်းကိုလည်း လှူလိုက်သည်။ ထိုအချိန်မှာ မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ ဘုန်းတော်ကြီးသည် ဆွမ်းမဘုဉ်းပေးရတော့ပေ။
ဘုန်းတော်ကြီး ဦးသီလ (ခေါ်) ဆရာတော်ကြီးဦးသီလသည် ကျိုက်ဒေးယုံ တောချုံထူထပ်ရာမှာ ငြိမ်သက်စွာထိုင်ပြီး တရားရှုမှတ်တော်မူစဉ်ကဖြစ်ပါသည်။ ရွှေကျေးရွာက ဦးကောဆိုသော မုဆိုးကြီးသည် တော်လည်ထွက်လာရာ တရားထိုင်နေသောဘုန်းတော်ကြီးကို အဝေးက တွေ့မြင်သောအခါ သမင်ဟု ထင်မှတ်ပြီး သေနတ်နှင့် ပစ်ပါသည်။ သုံးကြိမ်တိုင်ပစ်သော်လည်းမီးမကူးချေ။သို့ဖြစ်၍ သေနတ်ကိုမိုးပေါ်ထောင်ပစ်ကြည့်သေအခါတွင်
ကျည်ဆန်ထွက်သွားပါသည်။ ဤသို့ ဒိုင်းခနဲ အသံမြည်ဟည်းသွားသော်လည်း ထိုင်မြဲထိုင်တော်မူလျက်ရှိသောဆရာတော်ကြီးကို တွေ့မြဲတွေ့နေလေရာ
“ချုံထဲက သား သမင်ဟာ သေနတ်သံ ကြားပါလျက်နဲ့အဘယ်ကြောင့် မပြေးပါလိမ့်” ဟု တွေးတောပြီး အနားကို သွားကြည့်ပါသည်။ထိုအခါ ဆရာတော်ကြီးကို တွေ့ရပြီမုဆိုးကြီးခမျာ အထူးထိတ်လန့်တုန်လှုပ်စွာ တောင်းပန်ရှာပါတော့သည်။ ဆရာတော်ကြီးက “မိမိအပြစ်ကိုမြင်၍ တောင်းပန်ကုစားခြင်းသည် ကောင်း၏။ နောင်ကြီးပွားကြောင်းဖြစ်သည်၊ငါသည်းခံ၏” ဟု မိန့်တော်မူပါ၏။ နောင်တွင် မုဆိုးကြီးလည်းရဟန်းဝတ်ပြီး သာသနာ့ဘောင်အတွင်း ဝင်ရောက်ခဲ့ပါသည်။ဆရာတော်ကြီးအဖို့ ကျည်ဆန်နှင့်ဆုံရခြင်းသည် ဤတစ်ကြိမ်သာ မဟုတ်ပါ။
နောက်တစ်ကြိမ် တွေ့ဆုံရပါသေးသည်။၁၂၄၇ခုနှစ်၊ပါတော်မူခေတ်မှာမြတ်မာမျိုးချစ်အာဇာနည်များက နယ်ချဲ့အင်္ဂလိပ်အစိုးရကို တော်လှန်တိုက်ခိုက်နေရချိန်ကဖြစ်ပါသည်။ ရွှေကျင်မြို့ကိုဝင်စီးရာတွင် နယ်ချဲ့တပ်များ၏ လက်ချက်ဖြင့် လက်ရုံးဗိုလ်ကိုဘားကြီးကျဆုံးပြီး ကစဥ့်ကလျား တပ်ပျက် ထွက်ပြေးကြရရှာပါသည်။နယ်ချဲ့တပ်က နောက်ကနေပြီးလိုက်လံနှိမ်နင်းရာတစ်နေ့တွင် တောအုပ်အတွင်းတရားထိုင်နေသောဆရာတော်ကြီးကို တွေ့သောအခါရန်သူဆက်သားဟုယူဆပြီး လေးဖက်လေးတန်မှ သေနတ်ဖြင့် ဝိုင်းပစ်ကြပါသည်။ အကြိမ်ကြိမ် အဖန်ဖန်ပစ်သော်လည်းသေနတ်မီးမထွက်သဖြင့် မသင်္ကာ၍အနားသွားကြည့်ရာဆရာတော်ကြီးမှန်းသိသွားပြီးဝန်ချတောင်းပန်ကြပါသည်။ဆရာတော်
ကြီး၏ ခြေအစုံကို ဦးခေါင်းနှင့်ပွတ်ပြီး အကြိမ်ကြိမ် ဆလံပေးသွားကြပါသည်။
အခါတစ်ပါး သဒ္ဓါတရားကောင်းလှသော ရဟန်းတစ်ပါးသည် ဘုန်းတော်ကြီးထံ ရောက်လာ၏။
""ဘုရားတပည့်တော်သည် ဘုန်းတော်ကြီး ဘုရားနှင့်အတူ မကွေမကွာနေ၍ တရားအားထုတ်ပါရစေ၊ သက်သတ်လွတ် အကျင့်လည်း အမြဲ စားပါမည် ဘုရား""ဟု လျှောက်လေ၏။
""ဦးပဉ္စင်း၊ ရဟန်း သိက္ခာ ဘယ်လောက် ရှိပြီနည်း""
""နှစ်ဝါ ရှိပါပြီ ဘုရား""
""ဦးပဉ္စင်း ၀ါငယ်သေးသည်၊ စာတတ်အောင်သင်ဦး၊ စာပေ ပရိယတ်ဘက်က ပညာတတ်မြောက်၍ ဆယ်ဝါ လောက်ရတော့မှ အားထုတ်၊ ဘုန်းကြီးများကို ယခု သက်သတ်လွတ်စားနေတာ ကုသိုလ်ဖြစ် ကျင့်သည် မထင်နှင့်၊ သွားနာသက်သာလို့"" ဟု မိန့်တော်မူခဲ့၏ ။
ဘုန်းတော်ကြီး ဦးသီလကို ရဟန္တာအဖြစ် သတ်မှတ်ကြပါသည်။ ဘုန်းတော်ကြီး ဦးသီလသည် ဧရာဝတီတိုင်း၊ ဇလွန်မြို့၌ သုသာန်
ကျောင်းသိမ်ကို သမုတ်ရန် ကြွရောက်လာရာမှ ၁၂၆၉ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၃) ရက်နေ့ နံနက်(၇)နာရီတွင် ခန္ဓာဝန်ချတော်မူ၏ ။
ဘုန်းတော်ကြီး ဦးသီလသည် အောက်ပါ အကျင့်မြတ်များကို ထိုက်သင့်သလိုကျင့်သုံးတော်မူခဲ့ပါသည်။
၁။ ပံ့သကူဓူတင် *
ပိုင်ရှင်မဲ့စွန့်ပစ်ထားသည့်သင်္ကန်း၊သပိတ်စသည်တို့ကို ကောက်ယူသုံးဆောင်ရသောအကျင့်မြတ်။
၂။ တိစီဝရိက်ဓူတင် *
ကိုယ်ဝတ်၊ ခါးဝတ်၊ ဒုကုဋ် သင်္ကန်းသုံးထည်ကိုသာ အသုံးပြုရသော အကျင့်မြတ်။
၃။ ပိဏ္ဌပါတ်ဓူတင် *
ဆွမ်းခံ၍ ရရှိသော ဆွမ်းကိုသာ သုံးဆောင်ရသော အကျင့်မြတ်။
၎။ ဧကာသနိက်ဓူတင် *
တစ်ထိုင်တည်းဖြင့် တစ်နပ်တည်းသောဆွမ်းကိုသာ ဘုဉ်းပေးရသော အကျင့်မြတ်။
၅။ ပတ္တပိုဏ်ဓူတင် *
တစ်ခွက်တည်းသော ဆွမ်းကိုသာ ဘုဉ်းပေးရသော အကျင့်မြတ်။
၆။ အရညကင်ဓူတင် *
ရွာနှင့်ဝေးစွာ တော၌သာ မှီခိုနေထိုင်သော အကျင့်မြတ်။
၇။ ရုက္ခမူဓူတင် *
သစ်ပင်အောက်၊ သစ်ပင်ရင်းအနီး၌သာ မှီခိုနေထိုင်ရသော အကျင့်မြတ်။
၈။ အဗ္ဘောကာသိကဓူတင် *
အဆောက်အအုံ အမိုးအောက်မ၀င်ဘဲ လွင်ပြင်၌သာ နေနိုင်ရသောအကျင့်မြတ်။
၉။ ဃောဃနိကဓူတင် *
သုသာန်၌သာ နေထိုင်ရသော အကျင့်မြတ်။
၁၀။ နေသဇ္ဇိဓူတင် *
ကြမ်းပြင်၊ အခင်း၊ ညောင်စောင်း၊ ပလ္လင်ပေါ်၌ ကျောမချဘဲထိုင်ခြင်း၊ ရပ်ခြင်း၊ စင်္ကြံလျှောက်ခြင်းဖြင့်သာ နေရသောအကျင့်မြတ်။
(ဘုန်းတော်ကြီး ဦးသီလသည် ဆွမ်းဘုဉ်းပေးသည့်အခါ တစ်နေရာတည်းတွင် တစ်ခွက်တည်းသော သက်သက်လွတ်ဆွမ်းကိုသာအမြဲသုံးဆောင်လေ့ရှိသည်။)
ဘုန်းတော်ကြီး ဦးသီလ၏ သြ၀ါဒတော် ..
* ပစ္စည်းနှင့် အင်္ဂါ ခြေ လက် တခုခု အန္တရာယ်တွေ့လျှင်
အင်္ဂါ ခြေ လက် အထိ မခံနဲ့၊ ပစ္စည်း အပျက်ခံ။
* အင်္ဂါ ခြေ လက်နှင့် အသက် တခုခု အန္တရာယ်တွေ့လျှင်
အသက် အထိမခံနဲ့၊ အင်္ဂါ ခြေ လက် အပျက်ခံ။
* အသက်နှင့် သီလ တခုခု အန္တရာယ်တွေ့လျှင်
သီလအထိမခံနဲ့၊ အသက်အပျက်ခံ။
( ပဲခူးမြို့ ကြခတ်ဝိုင်းဆရာတော်ဦးဇောတိပါလ ရေးသားပြု့ စုတော်မူခဲ့သော ဘုန်းတော်ကြီးဦးသီလ ထေရုပ္ပတ္တိ၊ ဝိဘာဝနီကျမ်းတွင် အပြည့်အစုံ ပါရှိပါသည်။ )
No comments:
Post a Comment