အမှားနှုတ်ကျိုးဘုရားရှိခိုး
...................................
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဟုဆိုကာ နေ့စဉ်လိုလို ဘုရားရှိခိုးကြမြဲဖြစ်သည်။ တိကျ သော ပါဠိအနက်အဓိပ္ပါယ် ထွက်ရှိရန် ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်ရပေမည်။
သို့သော် အတော်များများသည် ဤဘုရားရှိခိုး ရွတ်ဆိုရာတွင် အမှတ်မထင်မှားနှုတ်ကျိုးနေကြသည်။ 'နမော' နှင့် 'တဿ ' ကို တွဲကာ ရွတ်ဆိုလေ့ရှိကြ၏။ 'နမောတဿ ' ဟုဆို၍ ဖြတ်လိုက်ကြ၏။ နောက်မှ 'ဘဂဝတော' ဟု
ဆက်ဆိုကြသည်။
အမှန်မှာ ဤဘုရားရှိခိုးကို ဆိုရာ၌ 'နမောတဿ ' ဟူ၍ တွဲမဆိုသင့်ပေ။
'နမော' ဟု အနည်းငယ်ဖြတ်ဆိုပြီးမှ 'တဿ ' နှင့် 'ဘဂဝတော' ကိုနည်းနည်းလေး နီးစပ်အောင် ဆိုသွားလျှင် အဓိပ္ပါယ် ရှင်းလင်းပြည့်စုံ
ပါသည်။
'နမော' နှင့် 'တဿ ' ကို လုံးဝမတွဲဘဲ ဆိုမှ ပါဠိစာပိုရှင်း၏။ 'နမော' အဓိပ္ပါယ်မှာ
ရှိခိုးပါ၏ဟု ဖြစ်၍ 'တဿ ' သည် ညွှန်ပြသော ပုဒ်ဖြစ်သောကြောင့် ဖြစ်၏။
'တဿ ဘဂဝတော' သည် 'ထိုဘုရားရှင်အား' ဟုဆိုလိုရင်းဖြစ်သည်။ ဤတွင်
'ထို' ဆိုသော စကားသည် 'တဿ ' မှထွက်လာခြင်းဖြစ်သည်။ 'ဘဂဝတော' က
'ဘုရားရှင်' ဟုအနက်ထွက်၏။
ထို့ကြောင့် 'ထိုဘုရားရှင်အား' ဟုဆိုသည်မှာ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်
တို့နှင့် ပြည့်စုံသော ဘုရားရှင် ဟုဆိုလိုသည် ဖြစ်ရာ ထိုဘုရားရှင်အား ရှိခိုးပါ၏
ဟု အဓိပ္ပါယ်ရပါသည်။ ဤသို့ အမှန်အကန်ဆိုခဲ့လျှင် ပါဠိဘာသာအရ ရှင်းလင်းသွားမည်မလွဲပေ။ ထိုမှတစ်ပါး မာဂဓပါဠိစကား ကောင်းစွာနားလည်ကြသော
နတ် သိကြား ဗြဟ္မာတို့ကလည်း ဝမ်းပန်းတသာ သာဓုခေါ်ကြပေမည်။ ထိုပုဂ္ဂိုလ် များလည်း ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြလေသည်။
ရှေးဘုရားရှင်များလက်ထက်မှ ယနေ့အထိ ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြ၏။
ကမ္ဘာအဆက်ဆက် ဘုရားရှင်အဆူဆူတို့ကို ပူဇော်ခဲ့ကြသော ဘုရားရှိခိုးကြီး
ဖြစ်၍ ကမ္ဘာသုံးဘုရားရှိခိုးကြီးဟု ဆိုရမည်ဖြစ်သည်။
အရိယာသူတော်ကောင်းများနှင့်တကွ နတ် သိကြား ဗြဟ္မာတို့ ပူဇော်လာကြသော ဘုရားရှိခိုးကြီးနှင့် နေ့စဉ် မှန်မှန် အိပ်ရာထ၊ အိပ်ရာဝင် ရှိခိုးနေ
လျှင်ကား နှလုံးသားတွင် ဂုဏ်တော်ကြီးသုံးပါး ကိန်းဝပ်သွားပါပြီ။
ဂုဏ်တော်သုံးပါးမှာ_
၁။ အရဟတော_ လူမင်း၊ နတ်မင်း၊ ဗြဟ္မ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊
၂။ သမ္မာသမ္ဗုဒ္ဓဿ _ သစ္စာလေးတန် ဉေ ယျ ဓံကို ဆရာမကူ သယမဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူသော၊
၃။ တဿ ဘဂဝတော_ ဣဿ ရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တမည်တွင် ဘုန်းခြောက်ပါးသခင် 'ထိုဘုရားရှင်အား'၊
နမော_ ရှိခိုးပါ၏ အရှင်ဘုရား။
ဤဂုဏ်တော်သုံးပါးနှင့် ဘုရားရှင်၏ ပုံတော်ကို မှန်း၍ စိတ်မှာ အာရုံပြုပြီးရှိခိုးကြရမည်။
ကြည်ညိုကြရမည်။ ။
စာကိုး။ လက္ခဏ၊ အရှင် (ကျစွာချောင်)။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
သိဒ္ဓိပေါက် တရားဒေသနာတော်။ ၂ဝဝ၆
မူရင်းရေးသားပူဇော်သူ၏ ဓမ္မဒါနကုသိုလ်အား သာဓု ခေါ်ပါ၏။
သာဓု သာဓု သာဓု။
No comments:
Post a Comment