စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 6, 2016

ဆုတောင်းတွေပြည့်ဖို့

ဆုတောင်းတွေ ပြည့်ဖို့
🍀🌺🍀🌺🍀🌺🍀🌺🍀

ရဝေနွယ်(အင်းမ)

တစ်ခါတုန်းက မြန်မာ့သမိုင်းရာဇဝင်မှာ မေ့လို့မရတဲ့ သမိုင်းဖြစ်စဉ်လေးတစ်ခု ရှိခဲ့ဖူးပါတယ်။ မဝေးသေးတဲ့ ကာလတစ်ခုဆီက သက်ရှိလူသားတွေဖြစ်ခဲ့ကြတဲ့ ရာဇာဓိရာဇ်, တလမည်ဒေါ, ဗောလောကျန်းတောတို့ မိသားစုရဲ့ အတ္တဆုတောင်း သမိုင်းပုံရိပ်လေးတစ်ခုပါ။

ရာဇာဓိရာဇ်က မိဖုရားတလမည်ဒေါကို အမျက်တော်ရှလို့ပစ္စည်းအားလုံးကိုသိမ်းပြီး ရာထူးက ချထားလိုက်ပါ တယ်။ သိမ်းယူလာတဲ့ ပစ္စည်းတွေထဲမှာ လက်စွပ်တွေ ပါမလာရကောင်းလားဆိုပြီး ဆံပင်ထဲ ဝှက်ထားတဲ့ လက်စွပ်တွေကို လူလွှတ်ယူခိုင်းစေခဲ့ပြန်ပါတယ်။

ရလာတဲ့ပစ္စည်းတွေကို တခြားမိဖုရားဖြစ်တဲ့ ပိယရာဇာဒေဝီကို ပေးလိုက်ပါတယ်။ ဒီတော့ တလမည်ဒေါလည်း ရင်ကွဲနာကျပြီး အဆိပ်သောက် သေသွားပါတော့တယ်။

နောက်..တလမည်ဒေါရဲ့သား၊ ရာဇာဓိရာဇ်ရဲ့သား ဗောလောကျန်းတောပါ၊ သူက အရွယ်ရောက်လာတော့ ဆင်စီး၊ မြင်းစီးကို အထူးလေ့ကျင့်နေပါတယ်။ ဆင်ကိုလည်း အစွယ်ချွန်ပြီး စီးပါတယ်။

ဒါကို ရာဇာဓိရာဇ်ကြားတော့ ''ငါ့ကို ပုန်ကန်မှာပဲ''ဆိုပြီး သူ့ရဲ့တပ်သား အဲဂေါင်ပိန်ကိုခေါ်ပြီး သွားကွပ်မျက်ခိုင်း ပါတယ်။

အဲဂေါင်ပိန်က ဗောလောကျန်းတောကို အကျိုးအကြောင်းပြောပြတော့ ဗောလောကျန်းတောက ''ငါ မင်းသား တစ်ယောက်အနေနဲ့ ဆင်စီး၊ မြင်းစီးလေ့ကျင့်တာ အပြစ်မဟုတ်ဘူး၊ မင်းသားတစ်ယောက်အနေနဲ့ တတ်အပ်တဲ့ အတတ်ကို လေ့ကျင့်တာပဲ၊ အဖေကို ပြစ်မှားဖို့မဟုတ်ဘူး၊ ငါ့အမေ တလမည်ဒေါလည်း မလှမပ သေရပြီးပြီ၊ အခု ငါလည်း မလှမပ သေရဦးမယ်၊ ငါ့ကို ခဏလောက် အချိန်ပေးပါ''လို့ပြောပြီး ရွှေမော်ဓောဘုရားပေါ် တက်သွားပါတယ်။

ဘုရားပေါ် ရောက်တော့ ကိုယ်မှာ ဝတ်ထားတဲ့ လက်ကောက်လက်စွပ်တွေကို ဘုရားမှာ လှူပါတယ်။
လှူပြီးတော့ ''ဤကုသိုလ်ကောင်းမှုကြောင့် နောက်ဘဝ မြန်မာမင်းရဲ့သားဖြစ်ပြီး ခမည်းတော်နဲ့ စစ်ထိုးရပါလို၏'' လို့ ဆုတောင်းလိုက်ပါတယ်။ ပြီးတော့ အသတ်ခံရပါတယ်။

သားဖြစ်သူရဲ့ဆုတောင်းကို ရာဇာဓိရာဇ်က အဲဂေါင်ပိန်ဆီကကြားတော့ အားကျမခံဘဲ ရွှေမော်ဓော ဘုရားပေါ် တက်ပြန်ပါတယ်။ ဘုရားပေါ်ရောက်တော့ မကိုဋ်တော်ကို ဘုရားမှာ လှူပြီး ''ဤကုသိုလ်ကောင်းမှုကြောင့် သားတော်နဲ့ စစ်ထိုးရတဲ့အခါ ဘုရားတပည့်တော်က နိုင်ရပါလို၏''လို့ ဆုတောင်းလိုက်ပြန်ပါတယ်။

နောက်မကြာခင်ကာလမှာဘဲ အင်းဝဘုရင်မင်းခေါင်ရဲ့မိဖုရား ရှင်မိနောက်ရဲ့ဝမ်းမှာ မင်းရဲကျော်စွာ ဖြစ်လာမယ့် မင်းသားကို ကိုယ်ဝန်ရလာပါတယ်။ ကိုယ်ဝန်လွယ်ထားစဉ်မှာပဲ မိဖုရားရှင်မိနောက်က ရာဇာဓိရာဇ် နယ်မြေက အစားအစာ တွေကို ချဉ်ချင်းတပ်လာပါသတဲ့။ ဒီသတင်းကို ရာဇာဓိရာဇ်ကြားတော့ သူ့သား ဗောလောကျန်းတော ဝင်စားတယ်ဆိုတာ ရိပ်မိလိုက်ပါသတဲ့။

မင်းရဲကျော်စွာအရွယ်ရောက်လာတော့ ဗောလောကျန်းတောဘဝက ဆုတောင်းခဲ့တဲ့အတိုင်း ခမည်းတော်နဲ့ သမိုင်းဝင် စစ်ထိုးပွဲကြီးကို ထိုးရပါတယ်။ စစ်ထိုးရင်း မင်းရဲကျော်စွာ ဆင်ပေါ်က ပြုတ်ကျသွားပါတယ်၊ ဒါကို ရာဇာဓိရာဇ်က ဒဏ်ရာနဲ့ အရှင်ဖမ်းမိပါတယ်။

ဒီတော့ ရာဇာဓိရာဇ်က မင်းရဲကျော်စွာကို အတိတ်ဘဝက သားဆိုတဲ့ သံယောဇဉ်နဲ့ ''ဆေးကုပေးမယ်၊ ရောဂါ ပျောက်တဲ့အခါ အင်းဝပြန်ချင်တယ်ဆိုရင်လည်း ငါကိုယ်တိုင်လိုက်ပို့ပေးမယ်၊ ဒီမှာနေမယ်ဆိုရင်လည်း သမီးတော်နဲ့ ပေးစားပြီး အိမ်ရှေ့မင်းအဖြစ်ထားမယ်''လို့ ပြောပါတယ်။

ဒါပေမဲ့ မင်းရဲကျော်စွာက ''ငါ ပဲခူးကို မရရင် မပြန်ဘူးလို့ ကတိရှိတယ်။ ဆေးကိုလည်း မသောက်တော့ဘူး၊ သူ့ကျွန်အဖြစ်နေရတာထက် သေရတာက မြတ်သေးတယ်''လို့ပြောပြီး အသက်ပဲ အသေခံသွားပါတော့တယ်။

(ရာဇာဓိရာဇ်အရေးတော်ပုံ၊ အမတ်ကြီးဗညားဒလ)
မင်းရဲကျော်စွာတဖြစ်လည်း ဗောလောကျန်းတောလည်း သူ့ဆုတောင်းအတိုင်း ခမည်းတော်နဲ့ စစ်ထိုးခဲ့ရသလိုရာဇာဓိရာဇ်လည်း သူ့ဆုတောင်းအတိုင်း သားတော်နဲ့စစ်ထိုးတဲ့အခါ သူက အနိုင်ရခဲ့ပါတယ်။ ဆုတောင်းတွေ ကိုယ်စီပြည့်ခဲ့ ကြပေမယ့် တစ်ယောက်မှ မပျော်နိုင်ခဲ့ပါဘူး၊ ကြေကွဲမှုတွေနဲ့ပဲ အဆုံးသတ်ခဲ့ကြရပါတယ်။

တကယ်တော့ ရာဇာဓိရာဇ်နဲ့ တလမည်ဒေါဟာ အဖေတူ မအေကွဲ မောင်နှမအရင်းတော်ရုံတင်မကပါဘူး။ ရာဇာဓိရာဇ်မင်းသားဘဝမှာ ပထမဆုံး ခိုးပြေးခဲ့တဲ့ ပထမဇနီးလည်း ဖြစ်ပါတယ်။ ဖခင်ဘုရင် ဗညားဦးက လုံးဝသဘောမတူခဲ့ ပါဘူး။

တလမည်ဒေါလည်း ဆုတစ်ခုခုတောင်းပြီး သေသွားလေမလားလို့ စဉ်းစားမိပါတယ်။ စာထဲမှာတော့ ဆုတောင်းတယ် လို့တော့ ပြမထားပါဘူး။ ဆုတောင်းခဲ့ရင်လည်း နာကျည်းချက်ကို အခြေခံတဲ့ဆုပဲ ဖြစ်မယ်ထင်ပါတယ်။

ပဲခူးရွှေမော်ဓောဘုရားကိုရောက်တဲ့အခါတိုင်း ရာဇာဓိရာဇ်၊ ဗောလောကျန်းတောတို့ ဆုတောင်းတွေကို သတိရပြီး တကယ့်လွမ်းစရာလေးပါ။
ဇာတ်လမ်းဖတ်ပြီး ရသသဘောနဲ့ပဲ ခံစားရမလား၊ တရားသဘောနဲ့ပဲ သံဝေဂယူရမလား၊ ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး။

ဆုတောင်းတွေပြည့်လို့ ပျော်ရတဲ့သူတွေရှိသလို ဆုတောင်းတွေပြည့်လို့ မပျော်ရတဲ့သူတွေလည်း အများကြီးပါ။ ကာမာဝစရကုသိုလ်တွေရဲ့သဘောက ကောင်းတာတောင်းလည်း ပြည့်တာပါပဲ၊ မကောင်းတာတောင်းလည်း ပြည့်တာပါပဲ။ တစ်ခုတော့ ရှိပါတယ်၊ ဆုတောင်းတွေက ဆုတောင်းတိုင်း ပြည့်တာတော့ မဟုတ်ပါဘူး။ ဟောကြားရာ အင်္ဂါအချက်အလက် တွေနဲ့ပြည့်စုံမှ ဆုတောင်းတွေပြည့်တာပါ။

ဆုတောင်းတွေ ပြည့်ဖို့နဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်က ဥပရိပဏ္ဏာသပါဠိတော် သင်္ခါရုပပတ္တိသုတ်မှာ သေချာ ဟောပြပေးခဲ့ပါတယ်။

မြတ်စွာဘုရားက သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ အင်္ဂါငါးချက်နဲ့ ပြည့်စုံရင် ''နောက်ဘဝ သူဌေး ဖြစ်ရပါလို၏၊ နောက်ဘဝ ဘုရင်ဖြစ်ရပါလို၏၊ နောက်ဘဝ သမ္မတဖြစ်ရပါလို၏၊ နောက်ဘဝ နတ်ပြည်မှာဖြစ်ရပါလို၏'' စသည်ဖြင့် ဆုတောင်းရင် တောင်းတဲ့အတိုင်း ပြည့်ပါတယ်တဲ့။

ဒါကိုပြောင်းပြန်လှန်လိုက်ရင် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ ငါးချက်မပြည့်စုံဘဲနဲ့ ဆုတောင်းရင်တော့ ပြည့်မှာမဟုတ်ပါဘူး။ ဒီသဘောလေးတွေ သိလိုက်ရတော့ ဆုတောင်းရတာလည်းလွယ်သွားပါတယ်။ အင်္ဂါငါးချက်ဆိုတာ ကလည်း ခက်လှတဲ့အရာတွေ မဟုတ်ပါဘူး၊ ကိုယ်နဲ့နီးစပ် ထိတွေ့နေတဲ့ တရားသဘောတွေပါ။

၁။ သဒ္ဓါဆိုတာက - ရတနာသုံးပါးရယ်၊ ကံရယ်၊ ကံရဲ့အကျိုးရယ်ကို ယုံကြည်တာပါ။
၂။ သီလဆိုတာက - အောက်ထစ်ဆုံးငါးပါးသီလဆို အဆင်ပြေပါတယ်။
၃။ သုတဆိုတာက - အကြားအမြင်ဗဟုသုတပါ။ စာတွေဖတ်လို့ပဲဖြစ်ဖြစ်၊ တရားတွေနာလို့ပဲဖြစ်ဖြစ်၊ အချင်းချင်း ပြောပြလို့ပဲဖြစ်ဖြစ် သိတဲ့ဗဟုသုတပါ။
၎။ စာဂဆိုတာက - ပေးကမ်းစွန့်ကြဲမှု ဒါနကုသိုလ်ပါ။
၅။ ပညာဆိုတာက - အကြောင်းအကျိုး အကောင်းအဆိုး ကုသိုလ် အကုသိုလ်ကိုခွဲခြားသိတဲ့ ပညာပါ။ လောကီ B.A တွေ၊ M.A တွေ မဟုတ်ပါဘူး။

တကယ်လို့များ ဘဝမှာ လိုအပ်ချက်တစ်ခုခုရှိလို့ ဆုတောင်းတော့မယ်ဆိုရင် အထက်က အင်္ဂါငါးချက်ကို အရင် ပြည့်စုံအောင် လုပ်လိုက်ပါဦး။ အင်္ဂါငါးချက်ပြည့်စုံပြီဆိုမှ ဆုတောင်းပါ။

အင်္ဂါငါးချက်ကိုသေချာကြည့်ရင် သဒ္ဓါက နဂိုကတည်းက ရှိပြီးသားပါ၊ အထူးလုပ်စရာမလိုတော့ပါဘူး။ သီလ ကတော့ သီးခြားဆောက်တည်ယူရပါမယ်။ သုတကလည်း ရှိပြီးသားပါ။ အထူးပြုလုပ်စရာ မလိုပါဘူး။ စာဂ - ပေးကမ်း စွန့်ကြဲမှုကတော့သီးခြားပြုလုပ်ယူရပါမယ်။ ပညာဆိုတာလည်း အတိုင်းအတာတစ်ခုထိတော့ ရှိကြပြီးသားပါ။

အင်္ဂါငါးချက်ထဲမှာ သေချာလုပ်စရာဆိုလို့ သီလနဲ့ ဒါနပဲရှိပါတယ်။ သဒ္ဓါ၊ သုတ၊ ပညာသုံးခုကတော့ နဂို ကတည်းက ရှိပြီးသားပါ။
ဒါကြောင့် ဆုတောင်းပြည့်ဖို့ အင်္ဂါငါးချက်ပြည့်စုံအောင် ဘယ်လိုလုပ်မလဲဆိုတော့...

မြတ်စွာဘုရားရှေ့သွားပြီး ရေချမ်း၊ ပန်းကပ်လိုက်ပါ၊ ဒါဆိုရင် စာဂ - ဒါနဖြစ်သွားပါပြီ၊ ပြီးတော့ ငါးပါးသီလ ယူလိုက်ပါ၊ ဒါဆို သီလဖြစ်သွားပါပြီ။ ကျန်တဲ့ သဒ္ဓါ၊ သုတ၊ ပညာသုံးချက်က နဂိုကတည်းကရှိပြီးသားဆိုတော့ ထူးပြီး လုပ်စရာမလိုတော့ပါဘူး။

အင်္ဂါငါးချက်ပြည့်စုံသွားပြီဆိုတော့ ကိုယ်တောင်းချင်တဲ့ဆုကို တောင်းလို့ရသွားပါပြီ၊ အေးအေးဆေးဆေး ဘုရားမှာ လက်အုပ်ချီ ဆုတောင်းရုံပါပဲ။ ''နောက်ဘဝ ဒီလူနဲ့မဆုံရပါလို၏၊ နောက်ဘဝ ဒီလူနဲ့ ဆုံရပါလို၏'' စသည်ဖြင့် ဆန္ဒရှိသလို ဆုတောင်းလို့ရပါတယ်။ တချို့ ဆုံချင်သလို တချို့လည်း မဆုံချင်ကြတော့ပါဘူး။

တစ်ခုတော့ ရှိပါတယ်၊ ကိုယ်တောင်းတဲ့ဆုက ရာဇာဓိရာဇ်တို့၊မင်းရဲကျော်စွာတို့လို ဆုတောင်းတွေတော့ ပြည့်ကြ ပါရဲ့၊ ဆုတောင်းပြည့်လို့ ပြန်စိတ်ဆင်းရဲနေရတဲ့ ဆုတောင်းမျိုးတော့ မဖြစ်ဖို့ အရေးကြီးပါတယ်။

''နောက်ဘဝ ဒီလူတွေကို ပြန်လက်စားချေရပါလို၏''ဆိုတဲ့ ဆုတောင်းတွေတောင် အင်တာနက်မှာ တွေ့ရဖူးပါ တယ်။ အင်္ဂါငါးချက် ပြည့်စုံနေလို့ကတော့ တောင်းတဲ့ဆုက ပြည့်မှာပါပဲ။
သူတို့ကို ဒီဆုကြီးတွေ မတောင်းပါနဲ့လို့လည်း ပြောမထွက်ပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆုတောင်းတဲ့သူတွေ ကလည်း ကာလတစ်ခုမှာ အမျိုးမျိုး နှိပ်စက်ညှင်းဆဲခံရ၊ ဘဝတွေပျက်၊ မိသားစုတွေပြိုကွဲ၊ စီးပွားရေးတွေပျက် စသည့်ဖြင့် လောကဓံဆိုးကျိုးတွေကို ဘဝမှာမေ့လို့မရအောင်ကို ခံစားခဲ့ရတာဆိုတော့ နာကျည်းချက်တွေက သေရာပါစိတ် ဒဏ်ရာ တစ်ခုအနေနဲ့ အစဉ်သဖြင့် ရှိနေကြမှာပါ။ ဆုတောင်းပြည့်လို့ သံသရာမှာ လက်စားချေခွင့်ရခဲ့ရင် သံသရာရှည်နေတော့မှာတော့ အမှန်ပါ။

ဘာပဲပြောပြော ပုထုဇဉ်အားလျှော်စွာ နာကျည်းချက်တွေနဲ့ ခွင့်မလွှတ်နိုင်ဦးတော့ ကိုယ်က ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေတဲ့အတွက် သံသရာမှာ ပင်ပန်းမယ့်ဆုတောင်းတွေတော့ မတောင်းတာ အကောင်းဆုံးပါပဲ။
တစ်ခါတလေများ အင်္ဂါငါးချက်က တကူးတကလုပ်တာ မဟုတ်ပေမယ့် သူ့အလိုလို အင်္ဂါငါးချက် ပြည့်ပြည့်နေ တတ်တာလည်း ရှိပါတယ်။

ဥပမာ အိမ်မှာ ဆွမ်းကပ်တယ်ဆိုပါစို့။ ဆွမ်းကပ်တာက စာဂ - ဒါနပါ၊ ကြွလာတဲ့ ဆရာတော် တွေကလည်း မဖြစ်မနေ ငါးပါးသီလတော့ ပေးမှာပါ။ ဒါဆို သီလဖြစ်သွားပါပြီ၊ သဒ္ဓါ၊ သုတ၊ ပညာ သုံးချက်က အစ ကတည်းက ရှိပြီးသားဆိုတော့ ဆွမ်းကပ်ရင် အင်္ဂါငါးချက် အလိုလို ပြည့်စုံနေပြီးသားပါ။ အဲဒီ အချိန်တောင်းတဲ့ဆုကလည်း ပြည့်မှာပါပဲ။

တချို့က ပြောတတ်ကြပါတယ်။ ကုသိုလ်ပြုတဲ့အခါ ''ဆုတောင်းဖို့ မလိုပါဘူး၊ မတောင်းလည်း ကောင်းကျိုးတော့ ဖြစ်မှာပဲ''လို့ပြောတတ်ကြပါတယ်၊ ဆုတောင်းသင့်၊ မတောင်းသင့်ကို အဋ္ဌကထာမှာ ဥပမာနဲ့ သေချာတိုက်တွန်းထား ပါတယ်။

သဒ္ဓါစတဲ့ အင်္ဂါငါးချက်တော့ ပြည့်စုံတယ်၊ ဒါပေမယ့် ဆုတောင်းမှု မရှိဘူးဆိုရင် ဂတိမမြဲပါဘူး။
ဆုတောင်းမှုတော့ ရှိတယ်၊ သဒ္ဓါစတဲ့ အင်္ဂါငါးချက်မရှိဘူးဆိုရင်လည်း ဂတိမမြဲပါဘူး။
သဒ္ဓါစတဲ့ အင်္ဂါငါးချက်လည်း ရှိမယ် ဆုတောင်းလည်းရှိမယ်ဆိုရင်တော့ ဂတိမြဲပါတယ်တဲ့။

ဒါကို ဥပမာလေးနဲ့ ပြထားပါတယ်။ တုတ်တစ်ချောင်းကို ကောင်းကင်ပေါ် ပစ်တင်လိုက်တဲ့အခါ အဲဒီတုတ်ဟာ အဖျားက အရင်စကျမလား၊ အရင်းက အရင်စကျမလား၊ အလယ်က အရင်စကျမလား ဆိုတာ မသိနိုင်သလိုပါပဲတဲ့။ ကုသိုလ်ပြုပြီး ဆုမတောင်းတဲ့သူဟာ ဂတိမမြဲပါဘူးတဲ့။ ကျချင်ရာ ကျသွားတတ်ပါတယ်။ ဒါကြောင့် ကုသိုလ် ကောင်းမှုပြု ပြီးတဲ့အခါ ဂတိမြဲဖို့ ဆုတောင်းသင့်တယ်ဆိုတာ အဋ္ဌကထာဆရာက သေချာတိုက်တွန်းထားပါတယ်။

လူဆိုတာ ပန်းတိုင်နဲ့ အိပ်မက်ဆိုတာတော့ ရှိရမှာပါ။ ရောက်ချင်ရာရောက်၊ ပေါက်ချင်ရာပေါက်၊ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ ဦးတည်ချက်ပန်းတိုင်မရှိဘဲ ဘဝကို ဖြတ်သန်းနေမယ်ဆိုရင်လည်း သဘာဝတော့ မကျပါဘူး။

ကုသိုလ်ကံအားလျှော်စွာ ချမ်းချမ်းသာသာဘဝတော့ ရောက်ပါရဲ့၊ ကိုယ်နဲ့ အဆင်မပြေတဲ့ဘုံ၊ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ မလွယ်လှတဲ့နေရာမျိုး ရောက်သွားရင်တော့ ဘာမှပြန်လုပ်လို့ မရတော့ပါဘူး။ လိုရင်းကတော့ ဆုတောင်းတယ် ဆိုတာ ဂတိမြဲဖို့ပါပဲ။

တကယ်လို့များ မြတ်စွာဘုရား ရုပ်ပွားတော်၊ ဆင်းတုတော်မရှိတဲ့ ခရီးဝေးတစ်နေရာရောက်နေဦးတော့၊ မြတ်စွာ ဘုရားရှင်ကို မှန်းဆပြီး ရေချမ်း၊ ပန်းကပ်လို့လည်း ရတာပါပဲ။ အဆင်ပြေမယ်ဆိုရင် အနီးအနားမှာရှိတဲ့ ငှက်ကလေးတွေ၊ ခွေးကလေးတွေကို အစာကျွေးလိုက်မယ်၊ တောင်းရမ်းမှုပြုနေတဲ့သူတွေကို ငွေကြေး စွန့်ကြဲလိုက်မယ်ဆိုရင်လည်း ဒါန ဖြစ်သွားတာပါပဲ။ ပြီးမှ ငါးပါးသီလ ယူလိုက်ပါ။ ကျန်တဲ့ သုံးချက်ကတော့ ရှိပြီးသားပါ။

အင်္ဂါငါးချက်ပြည့်စုံပြီဆိုမှ ကိုယ်လိုအပ်ရာဆုကို တောင်းရုံပါပဲ။ ဒီသဘောလေးတွေ သိလိုက်ရတော့ ဆုတောင်းရတာလည်း လွယ်သွားပါတယ်။

စာရေးသူကတော့ ''အချိန်ကာလတစ်ခုလောက် တရားမဟောဘဲ နေနိုင်သော၊ ကျန်းကျန်းမာမာနဲ့ စာကို အေးအေး ချမ်းချမ်း ရေးနိုင်သော''ဆိုတဲ့ဆုကို တစ်ခါတလေ တောင်းတတ်ပါတယ်။စာရေးသူနဲ့ တရားဟောတာဟာ ဘယ်လိုမှ အဆင်မပြေလို့ပါ။တရားဟောရမယ့်နေ့ဆို စိတ်က ဖိစီးနေပါပြီ။ တရားဟောလို့ရမယ့် အမတဒါနကုသိုလ်ကိုလည်း သေချာ အာရုံမပြုနိုင်တော့ပါဘူး၊ အဲဒီဒါဏ်ကို မခံစားချင်ပါဘူး။

တရားတစ်ပုဒ်ဟောပြီးလို့ရတဲ့ အရသာနဲ့ စာတစ်ပုဒ်ရေးပြီးလို့ ရတဲ့အရသာက မတူတာတော့ အမှန်ပါပဲ။
ဆုတောင်းနဲ့ ပတ်သက်လို့ လိုချင်တာကို တောင်းတဲ့ဆုရယ်၊မလိုချင်တာကို တောင်းတဲ့ဆုရယ် ဆိုပြီး နှစ်မျိုး ရှိပါတယ်။

ခန္ဓာရှိနေတဲ့အတွက် မိသားစု စားဝတ်နေရေးရှိနေတဲ့အတွက် လိုအပ်ချက်တွေကတော့ အစဉ်သဖြင့် ရှိနေကြမှာပါ။ လိုအပ်ချက်တွေရှိနေသ၍ ဆုတောင်းတွေကလည်း ရှိနေဦးမှာပါ။
လိုချင်တာတွေ တောင်းပြီးရင်လည်း မလိုချင်တဲ့ဆုကိုလည်း တောင်းနိုင်အောင် ကြိုးစားရမှာပါ။

မလိုချင်နဲ့ဆုနဲ့ပတ်သက်ပြီး ကဏှရသေ့ရဲ့ဆုတောင်းလေးက တကယ့်ကို အတုခိုးစရာပါပဲ။
သိကြားမင်းက ကဏှရသေ့ကို လိုရာဆုတောင်းပါဆိုတော့...
သုနိက္ကောဓံ သုနိဒ္ဒေါသံ၊
နိလ္လောဘံ ဝုတ္တိမတ္တနော။
နိသ္နေဟ မဘိကင်္ခါမိ၊
ဧတေ မေ စတုရော ဝရေ။
''စိတ်မဆိုးတတ်သူ ဖြစ်ရပါလို၏။
မပြစ်မှားတတ်သူ ဖြစ်ရပါလို၏။
လောဘမရှိသူ ဖြစ်ရပါလို၏။
မချစ်တတ်သူ ဖြစ်ရပါလို၏''လို့ ဆုတောင်းပါသတဲ့။
ကဏှရသေ့ကတော့ ''မ''လေးလုံးလို့ ပြောရမယ့် မလိုချင်တဲ့ဆုလေးဆုကို တောင်းတာပါ။

ဆုတောင်းလေးက သိပ်ချစ်ဖို့ကောင်းတာပါပဲ။ တကယ်တော့ ကိုယ့်ကိုဒုက္ခပေးနေတာ အဲဒီ အကုသိုလ်တွေပါပဲ။ လိုချင်တာတွေ တောင်းပြီးရင်တော့ တဆင့်တက်တဲ့အနေနဲ့ ကဏှရသေ့လို ဆုတောင်းမျိုးကိုလည်း တောင်းနိုင်အောင် ကြိုးစားရဦးမှာပါ။

မလိုချင်တဲ့ဆုကိုလည်း အင်္ဂါငါးချက်ပြည့်စုံအောင်လုပ်ပြီး ဆုတောင်းရုံပါပဲ။ အထူးသဖြင့် ကိုယ့်ကို ဒုက္ခပေးနေတဲ့ အကုသိုလ်တွေကိုကြည့်ပြီး အဲဒီအကုသိုလ်တွေကို နာမည်သေချာတပ်ပြီး ဆုတောင်းကြရမှာပါ။ လောဘပဲ ကြီးနေသလား၊ ဒေါသပဲ ကြီးနေသလား၊ ရာဂတဏှာပဲ ကြီးနေသလား၊ ဣဿာမစ္ဆရိယပဲ ကြီးနေသလား စသည်ဖြင့်ပေါ့။

ကိုယ်စီကိုယ်စီမှာတော့ ကိုယ့်ကို ဒုက္ခပေးပေးနေတဲ့အကုသိုလ်တွေကတော့ အနည်းနဲ့အများဆိုသလို ကိုယ်စီ ကိုယ်စီရှိနေကြမှာပါ။ ကိုယ့်မှာ ရှိနေတဲ့အကုသိုလ်တွေကို ကိုယ်ပဲအသိဆုံးပါ။

ဒီလိုပါပဲ။ ကိုယ့်ကြောင့် တစ်ဖက်သား အကုသိုလ်မဖြစ်အောင်လည်း အထူးစောင့်ထိန်းရပါမယ်။ တစ်ခါတလေ ကိုယ့်ရဲ့ကံသုံးပါးအမူအရာတွေကြောင့် တစ်ဖက်လူမှာ အကုသိုလ်တွေ ဖြစ်ဖြစ်နေတတ်ပါတယ်။ ကိုယ်က ဒါကို သတိမထား မိပါဘူး။ ကိုယ်ကသာ သတိမထားမိတာ တစ်ဖက်လူမှာတော့ ကိုယ့်အပြုအမူကြောင့် အကုသိုလ်တွေဖြစ်ပြီး စိတ်တွေ ဆင်းရဲနေရတာပါ။ ဒါလည်း သတိထားစရာတွေထဲက ပူးတွဲသတိထားစရာတစ်ခုပါပဲ။

တကယ်တော့ ကိုယ်ကိုယ့်ကို အကုသိုလ်မဖြစ်အောင် စောင့်ထိန်းရုံနဲ့ မလုံလောက်သေးပါဘူး။ ကိုယ့်ကြောင့် တစ်ဖက်လူ အကုသိုလ်မဖြစ်အောင်လည်း ပူးတွဲစောင့်ထိန်းရပါမယ်။ ဆိုင်ရာမဂ်တစ်ခုခုကို မရသေးသရွေ့တော့ မလိုချင်တဲ့ အကုသိုလ်တွေကတော့ ရှိနေဦးမှာပါ။ အကုသိုလ်တွေ ရှိနေသရွေ့လည်း စိတ်တွေက ဆင်းရဲနေရဦးမှာပါ။

ဘဝတွေက ဘာများ ကောင်းလို့လဲ။ သံသရာက ပြန်ပြန်လွတ်မြောက်သွားတာပဲ ကောင်းပါတယ်။
ဘာပဲပြောပြော လိုချင်တဲ့ဆုပဲတောင်းတောင်း၊ မလိုချင်တဲ့ဆုပဲတောင်းတောင်း အင်္ဂါငါးချက်ပြည့်စုံဖို့ပါပဲလေ...။

ရဝေနွယ် (အင်းမ)

ကျမ်းကိုး
သင်္ခါရုပပတ္တိသုတ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ စာမျက်နှာ(၁၄ဝ)။
အဋ္ဌကထာ၊ စာမျက်နှာ(၁ဝ၄)။
News Watch ဂျာနယ် ၉-၁၂-၂၀၁၄.
#ဓမ္မစေတနာ

No comments:

Post a Comment