စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, November 6, 2016

အာရုဏ်လာလျှင် နေထွက်တော့မယ်

အာရုဏ်လာလျှင် နေထွက်တော့မယ်
🌻🍀🌻🍀🌻🍀🌻🍀🌻🍀🌻🍀🌻

မနက်စောစော အရှေ့လောကဓာတ်ကို ကြည့်၊ အာရုဏ်အလင်းရောင်နုနုကလေး တက်လာပြီဆိုရင် မကြာခင် နေထွက်တော့မှာဘဲ၊ (မှန်ပါ) ဒါဟာ ထုံးစံပဲ၊ နေမင်းကြီးက သူထွက်လာတော့မယ်ဆိုရင် အရုဏ်အလင်းရောင် ရှေ့ပြေးအနေနဲ့ ကြိုတင်လွှတ်လိုက်သေးတာ (မှန်ပါဘုရား) ဒါဆိုရင် မကြာခင် နေမင်းကြီး ထွက်လာမှာ ကျိန်းသေဘဲ (မှန်ပါဘုရား)

ထို့အတူပဲတဲ့၊ လောကုတ္တရာမဂ်အစစ်ကြီး လာတော့မယ်ဆိုရင်လဲ ရှေ့ဘက်က ရှေ့ပြေးအနေနဲ့ လောကီ ဝိပဿနာမဂ်ကို လွှတ်လိုက်သေးတာ။ (မှန်ပါ)

ဖြစ်ပျက်ကို မြင်တဲ့မဂ်ဟာ လောကီ ဝိပဿနာ မဂ်ပေါ့ (မှန်ပါ) အဲ… ဒီမဂ်ရရင် မကြာခင် မဂ်စစ်ကြီးလာတော့မယ် (မှန်ပါ) ဖြစ်ပျက်တွေကိုသာ ဖြိုင်ဖြိုင် မြင်ပေ့စေ၊ မကြာခင် လောကုတ္တရာမဂ်အစစ်ကြီး လာမှာ အမှန်ဘဲ (မှန်ပါဘုရား)

ဥဂ္ဂစ္ဆတိ ယထာ ဒိစ္စော၊
ပုရေက္ခိတွာ ရုဏံ တထာ။
ဝိပဿနံ ပုရေက္ခိတွာ၊
မဂ္ဂဓမ္မော ပဝတ္တတိ။   ။

                                 နာမရူပပရိစ္ဆေဒကျမ်း၊ဂါထာ_၁၇၇၉

အာဒိစ္စော _ နေမင်းကြီးသည်၊ အရုဏံ_ အရုဏ်အလင်းရောင်ကလေးကို၊ ပုရေက္ခိတွာ_ ရှေ့၌ ထား၍(ဝါ) ရှေ့သွားပြု၍၊ ဥဂ္ဂစ္ဆတိယထာ_တက်လာမြဲ ဖြစ်သကဲ့သို့။

တထာ_ ထို့အတူ၊ မဂ္ဂဓမ္မော_ လောကုတ္တရာမဂ် တရားသည်လည်း၊ ဝိပဿနံ_ လောကီဝိပဿနာမဂ်ကို (ဝါ) အဖြစ်အပျက်ကို မြင်သော လောကီဝိပဿနာမဂ်ကို၊ ပုရေက္ခိတွာ _ ရှေ့သွားပြု၍၊ ပဝတ္တထိ_ ဖြစ်ပေါ်လာ၏။ (မှန်ပါဘုရား)

ဒါကြောင့် ဖြစ်ပျက်တွေ မြင်လာပြီဆိုရင် ဝမ်းသာပါတော့ (မှန်ပါ) ဖြိုင်ဖြိုင်မြင်လေ နီးစပ်လေပဲ (မှန်ပါဘုရား)

မိုးကုတ်ဆရာတော်ဘုရားကြီး  
# Phoe Lu

https://www.facebook.com/groups/684387338359069/permalink/883385975125870/

No comments:

Post a Comment