စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 2, 2016

တရားအားထုတ်တယ်ဆိုတာ..

တရား အားထုတ်တယ် ဆိုတာ ရုပ်အလုပ် မဟုတ်ပါဘူး ။ မနောဝိညာဏ် ဆိုတဲ့ နာမ်တရားမှ ဉာဏ်ဖြစ်အောင် လုပ်နေတာ ဖြစ်ပါတယ်။

ဒီတော့ မိမိသန္တာန် မှာ ဉာဏ်ဖြစ်မယ့် ဣရိယာပုတ်ကို မှီဝဲရမှာပေါ့။

ထိုင်ခြင်း၊ ထခြင်း၊ လျောက်ခြင်း၊ လဲလျောင်းခြင်း ဆိုတဲ့ ဣရိယပုတ် လေးပါးလုံမှာ ကိလေသာ ကြားမ ခိုစေဘဲ သတိဉာဏ် ကပ်နေရင် ဝိပဿနာ ဖြစ်နေပါတယ်။

မြတ်စွာဘုရားရှင်က သွားနေဆဲအခါမှာ " ကာမ ၊ ဗျာပါဒ၊ ဝိဟိံသ " ဝိတက် တရားတွေ ဖြစ်ပေါ်လာ ရင် သွားနေဆဲအခါမှာကို ပယ်သတ်ပါတဲ့။ အဲဒီလို ပယ်သတ်နိုင်တဲ့သူကို ဝီရိယရှိတဲ့ ပုဂ္ဂိုလ်၊ တရားအားထုတ် နေသူလို့ ခေါ်ပါတယ်တဲ့။  (စရသုတ္တန် )

ထိုင်တယ်၊ လျောက်တယ် ဆိုတဲ့ ရုပ်အမူရာ တွေကတော့ မိမိနှစ်သက်သလို၊ မိမိနဲ့ သင့်တော်မယ် ထင်သလို နေနိုင်ပါတယ်။

သတိပဋ္ဌာန သုတ်မှာ " ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊  ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ " ဆိုပြီး ပြထားတယ်။

" ကာယကို ကာယအဖြစ် အဖန်ဖန်ရှု၍ နေ၏။ ဝေဒနာကို ဝေဒနာတရားဟု အဖန်ဖန် ရှု၍ နေ၏။ စိတ် ကို စိတ်ဟု အဖန်ဖန်ရှု၍ နေ၏။ ဓမ္မ တို့ကို ဓမ္မဟု အဖန်ဖန ရှု၍ နေ၏ "

လို့ ဆိုတာမှာ…".အနုပဿနာ "ဆိုတာ အဖန်ဖန်ရှုတာ၊ " ဝိဟရတိ " က ဣရိယာပုတ် အနေထားဖြင့် နေတာ။

ညောင်လေးပင် ဆရာတော်ရဲ့ "သတိပဋ္ဌာနအရသာ " ကျမ်းမှာ….

" ဝိဟရတိ ကို ဣရိယုတ် လေးပါးဖြင့် မပင်းပန်းအောင် ကိုယ်ကို ဆောင်ခြင်းသည် နေသည်မည်၏ "  လို့ ပြန်ဆိုပြထားပါတယ်။

သုတ်သ်ီလက္ခန် အဋ္ဌကထာမှာ..

" ထို ကွေးမှု ဆန့်မှု၌ ခြေလက်တို့ကို ထားသင့်သည်ထက် အချိန်ကြာမြင့်စွာ ကွေးထား ဆန့်ထားလျင် ခဏတိုင်း၌ ဝေဒနာ ခံစားမှုတို့သည် ဖြစ်ကုန်၏။ အသိစိတ်သည် တည်ငြိမ်မှုကို မရ၊ ကမ္မဋ္ဌာန်း အာရုံမှ လည်ကျ ၍ တရားထူးကို မရ။
ကွေးသော ဆန့်သော ကာလ၌ ပြုပြင်၍ ဉာဏ်ဖြင့်၍ သော သူသည် ဝေဒနာတို့ မဖြစ်၊ ဉာဏ်ပါသော သိစိတ်သည် ဝေဒနာနှောင့်ယှက်မှု ကင်းသဖြင့် ကမ္မဋ္ဌာန်း ပွားများမှု ရောက်၏။ တရားထူးကို ရ၏ "

ဟု ဖွင့်ပြ ပါတယ်။

မဟာစည် ဆရာတော် ဘုရားကြီးရဲ့ " မဟာသတိပဋ္ဌာနသုတ် နိဿယ " ကျမ်းမှာလည်း….

" ယထာ ယထာ ဝါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာ နံ ပဇာနတိ….အကြင် အကြင် အခြင်းရာအားဖြင့် တည်နေလျင် ထိုထို အခြင်းရာအတိုင်း သတိဉာဏ်ဖြင့် သိ" ဟု ကိုယ်အသေးစိတ် အမူရာ တို့ကို ရှုဖို့ လယ်တီဆရာတော် ဘုရားကြီးရဲ့ အယူဆတစ်ခုကို အဋ္ဌကထာ၊ ဋီကာ ကိုးကားပြပြီး ထည့် သွင်းပြထားပါတယ်။

သို့ကြောင့် လယ်တ်ီဆရာ တော်ဘုရားကြီးက " ဣရိယပုထ်လေးပါးအတွင်း၌ဖြစ်သော ကိုယ်အင်္ဂါအ စိတ်ပိုင်းတို့၏ လှုပ်ခြင်း၊ ရှားခြင်း၊ ထားခြင်း၊ သိုခြင်း၊  ချီခြင်း၊ ကြွခြင်း အစရှိသော ကိုယ်အမူရာကို ပြုသောအခါ  ၌လည်း ပြုမြဲအတိုင်း ပြုနေကျအတိုင်း အမှတ်မဲ့မပြုရာ၊ မည်သို့ ပြုမည်ဟု ထိုအင်္ဂါကို အာရုံပြုရမည် " လို့ ဆုံးမခဲ့ပါတယ်။

ဘယ်ဣရိယာပုထ် နဲ့ပဲနေနေ " ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ …ရုပ်နာမ် ဆိုတဲ့ လောက၌ တပ်မက်မှု အဘိဇ္ဈာ၊ မကျေနပ် ပြစ်မှား စော်ကားတတ်တဲ့ ဒေါသ " ကို ပယ်သွားဖို့က လိုရင်းပဲ မဟုတ်ပါလား။

အရှင်ပညာသီရိ ( ရမ္မာကျွန်း )
https://m.facebook.com/groups/684387338359069?view=permalink&id=881956208602180

No comments:

Post a Comment