ကမ္ဘာတည်သမျှကာလပတ်လုံး တည်မြဲနေမယ့် အရာငါးခု
🍁🍀🍁🍀🍁🍀🌿🌻🍁🍀🌹🍁🍀🌺🌻🌿
အမေး။ ။အရှင်ဘုရား..ကမ္ဘာတည်သမျှကာလပတ်လုံး
တည်မြဲနေမယ့် အရာငါးခု ရှိပါတယ်လို့ ကြားဖူးပါတယ်
ဘုရား၊ အဲဒီ ငါးမျိုးက ဘာတွေလဲ၊ ဘာကြောင့်တည်မြဲနေ
တာလဲ ဆိုတာ သိချင်ပါတယ်ဘုရား။
ကိုပေါက်
Portland Oregon State. USA
အဖြေ။ ။ ကမ္ဘာတည်သ၍ တည်မြဲနေမယ့်အရာတွေ
ကမ္ဘာပတ်လုံးတည်မယ့်အရာတွေကို ပါဠိလို ကပ္ပဌိတိလို့
ခေါ်ပါတယ်။ အဲဒါက ငါးမျိုးတော့ မကြားမိပါဘူး။ လေးမျိုး
ပဲ ကြားဖူးပါတယ်။အဲဒါတွေက ငုံး+အိမ်+ကျု+လ တို့ပါပဲ။
(၁) ငုံး။ ။အလောင်းတော်ငုံးမင်း သစ္စာပြုတဲ့နေရာမှာ
တကမ္ဘာပတ်လုံး မီးကွင်းရှောင်တယ်။
ရှေးအခါက မဂဓတိုင်းအတွင်းမှာ ဘုရားအလောင်းတော်
ဟာ ငုံးမျိုး ဖြစ်ခဲ့ဖူးပါတယ်။ အမိဝမ်းမှ မွေးဖွားပြီး ဥခွံကွဲ
ကာ လောကအလယ်သို့ ရောက်ခဲ့ပါတယ်။ မိဘများက
အသိုက်မှာပဲနေစေကာ သူတို့ရဲ့နုတ်သီးနဲ့အစာတွေ
ဆောင်ယူလာပြီး ကျွေးမွေး ပါတယ်။ အဲဒီအချိန်တုန်းက
အရွယ်ငယ်လွန်းတဲ့အတွက် ဘုရားအလောင်း ငုံးမင်းဟာ
အတောင်ကိုဖြန့်ပြီး ကောင်းကင်ကိုလဲ မပြန်နိုင်ပါ။ ခြေကို
ကြွပြီး မြေကြီးပေါ်မှာလဲ မသွားလာနိုင်ပါ။ အဲဒီအရပ်ကြီး
မှာလဲ နှစ်တိုင်းဆိုသလို တောမီးလောင်ပါတယ်။ တစ်နေ့
တောမီးကြီးလောင်တဲ့အခါ ငှက်တွေဟာ သေဘေးကို
ကြောက် ကြတဲ့အတွက် အော်ဟစ်ပြီး အသိုက်ကနေ မီး
လွတ်ရာကို ထွက်ပြေး ကြပါတယ်။ ထို့အတူ ငုံးမင်းရဲ့
မိဘများက သားကိုပစ်ပြီး မီးလွတ်ရာကို ထွက်ပြေး ကြ
တယ်။အသိုက်ထဲမှာ တစ်ကောင်ထဲကျန်ရစ်ရှာတဲ့ ဘုရား
အလောင်းငုံးမင်းဟာ ငါ့မှာ ပျံနိုင်တဲ့အစွမ်း၊ ခြေနဲ့သွားနိုင်
တဲ့အစွမ်းရှိရင်တော့ ဒီကနေ ထွက်ပြေးလို့ရပါရဲ့ အခုတော့
ငါ့မှာ ပျံလဲမပျံနိုင်၊ သွားလဲမသွားနိုင်၊ ငါ့မိဘတွေကတော့
သေဘေးကို ကြောက်ပြီး ထွက်ပြေးသွားကြပြီ၊ အခုအခါမှာ
ငါ့အတွက် အားကိုးစရာဆိုလို့ ဘာမှမရှိတော့၊ ငါဘာလုပ်
ရမှာလဲ လို့တွေးပါတယ်။
အဲဒီအခါက ဘုရားအလောင်းငုံးမင်းက ငါ့မှာ ပျံစရာအတောင်
ရှိနေပါရက်နဲ့ ငယ်သေးလို့ မပျံနိုင်ခဲ့။ သွားစရာခြေ ရှိပါရက်
နဲ့ မသွားနိုင်ခဲ့၊ မိဘတို့ကလဲ သေဘေးကို ကြောက်လို့ ငါ့ကို
စွန့်ခွါ ထွက်ပြေးသွားကြပြီ ၊ ထိုသစ္စာစကား မှန်ကန်ရင် အခု
လောင်နေ တဲ့ တောမီးကြီး ငြိမ်းပျောက် ပါစေသတည်း လို့
သစ္စာပြုလိုက်ရာ လူစကားနားလည်တဲ့အတိုင်း တောမီးကြီး
ဟာ တစ်ဆယ့်ခြောက်ပယ်စာ ပတ်လည် ငြိမ်းပျောက်သွားပါ
တော့တယ်။
အဲဒီအချိန်ကစလို့ တောမီးတွေဘယ်လောက်ပဲ လောင်နေပါ
စေ၊ ဘုရားလောင်းငုံးမင်းရဲ့ သစ္စာအစွမ်းကြောင့် တစ်ဆယ့်
ခြောက် ပယ်စာ အရပ်ဟာ တကမ္ဘာပတ်လုံး မီးမလောင်ဘူး
လို့ ဆိုပါတယ်။(ဇာ၊ဋ္ဌ၊၁၊၂၂၉။)
(၂) အိမ်။ ။ကဿပဘုရားရှင်လက်ထက်က ဃဋိ
ကာရအိုးထိန်းသည်ဟာ သာသနာနဲ့အလွန်ရင်းနှီးကျွမ်းဝင်သူ
ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာ ကဿပဘုရားရှင်ဟာ သူသီတင်း
သုံးတော်မူတဲ့ ဂန္ဓကုဋိတိုက် မိုးမလုံဖြစ်နေတာကြောင့် ဃဋိ
ကာရအိမ်ကိုသွားပြီး မြက်သက်ငယ် ရှိ မရှိ စုံစမ်းခိုင်းတယ်။
ရဟန်းတော်များက ဃဋိကာရအိမ်မှာတော့ မြက်သက်ငယ်
မရှိပါ။ ဒါပေမယ့် သူအလုပ်လုပ်နေတဲ့ တဲအိမ်ရဲ့အမိုးမှာတော့
သက်ငယ်မိုး ရှိပါတယ် လို့ ဘုရားရှင်အားလျှောက်ထားကြတယ်။
ဘုရားရှင် ဒီလိုဆိုရင် ဃဋိကာရအိမ်ရဲ့အမိုး မြက်သက်ငယ်များ
ကို သွားဖြုတ်ခိုင်းပါတယ်။ ရဟန်းများလဲ ဃဋိကာရအိမ်က မြက်
သက်ငယ်မိုးတွေကို သွားဖြုတ်ကြတယ်။ အဲဒီအခါမှာ အိမ်မှာရှိ
တဲ့ မျက်မမြင် မိဘနှစ်ပါးက ဟဲ့ အခုအမိုးလာဖြုတ်နေတာဘယ်
သူတွေတုန်း”လို့မေးတော့ ရဟန်းတော်များကလဲ မြတ်စွာဘုရား
ကျောင်းတော်က ရဟန်းတွေ လို့ပြန်ပြောတယ်။ ဒါဆိုရင်တော့
လိုသလောက်သာ ဖြုတ်ယူကြပေတော့ လို့ ကြည်ကြည်ဖြူဖြူ
ပေးရှာတဲ့အတွက် ရဟန်းတော်များ အမိုးကို ဖြုတ် ယူသွားကြ
ပါတယ်။ တစ်နေရာကပြန်လာတဲ့ ဃဋိကာရက အမိုးတွေ
ဘယ်သူများ ဖြုတ်တာလဲ ဆိုပြီး အမေအိုကြီးကို မေးတော့
ရဟန်းတော် များ ဖြုတ်ယူသွား တယ်ဆိုတဲ့အကြောင်း အမေ
ကြီးက ပြန်ပြောတယ်။ ဒီစကားကြားရတဲ့ ဃဋိကာရဟာ
အော်…ငါ့အတွက် အရတော်လိုက် တာ ..ငါ့ကို မြတ်စွာဘုရား
က အလွန်ရင်းနှီးကျွမ်းဝင်တာပဲ” ဆိုပြီး အမိုးဖြုတ်တာနဲ့စပ်
လို့ ၀မ်းမြောက်ဝမ်းသာ ပီတိသောမနဿတွေဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ မိုးဘယ်လောက်ပဲ ရွာရွာ ဃဋိကာရဲ့နေအိမ်
တ၀ိုက် မိုးလုံးဝမစိုတော့ပါ။ ဒါဟာ တကမ္ဘာပတ်လုံး တည်သွား
မယ့်အရာ တစ်ခုပါ။
(တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ ဟောစဉ်တရား
တတွဲ၊နှာ၊၃၄။မဇ္ဈိမပဏာသပါဠိတော်၊နှာ၂၄၃)
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဃဋိကာရ မိသားစုရဲ ထက်
သန်တဲ့စေတနာကြောင့် အခုလို ဖြစ်ရတာပါ။
(၃)ကျု။ ။ရှေးအခါက ရေကန်ကြီးတစ်ခုရှိခဲ့ဖူးတယ်။အဲဒီမှာ
ဘီလူးတစ်ကောင်လဲ စောင့်နေတယ်။ အဲဒီရေကန်ရဲ့ပတ်လည်
မှာ ကျုပင်တွေ ပေါက်ရောက်နေပါတယ်။ ဒီရေကန်ထဲကိုဆင်း
ပြီး ရေသောက်သုံးကြတဲ့သူမှန်သမျှကို ဘီလူးကြီးက အလစ်
မပေး၊ ၀ါးမျိုစားသောက် လိုက်ပါတယ်။
တောအုပ်တစ်ခုမှာလဲ ဘုရားအလောင်းတော် မျောက်မင်း
နေထိုင်ပါတယ်။ ထိုမျောက်မင်းဟာ မျောက်ပေါင်း ရှစ်
သောင်းလေးထောင် အခြံအရံ ရှိသူဖြစ်တယ်။ တစ်နေ့မှာ
ဘုရားလောင်းမျောက်မင်းက “အမောင်တို့…ဒီတောထဲမှာ
အဆိပ်ပင်တွေလဲ ရှိတတ်တယ်။ ဘီလူးစောင့်တဲ့ရေကန်
တွေလဲ ရှိကြတယ်။ ဒါကြောင့် ဘယ်ကိုပဲသွားသွား အသီး
ကိုတွေ့ရင် ချက်ခြင်း မစားပါနဲ့၊ ရေကန်တွေ့တိုင်း ရေမ
သောက်ကြပါနဲ့၊ တကယ်လို စာချင်တယ်သောက်ချင်တယ်
ဆိုရင် ငါ့ကိုပြောပါ လို့ မျောက်များကို သြ၀ါဒပေး ပါတယ်။
ဒီလိုနဲ့ မျောက်များဟာ တောထဲသွားလာရာကနေ ရေကန်
တစ်ခုကိုတွေ့တဲ့အခါ ရေသောက်ချင်ကြတယ်။ ဒါပေမယ့်
ဘုရားအလောင်းတော်အလာကို စောင့်ဆိုင်းနေကြတယ်။
ဘုရားအလောင်းရောက် လာတဲ့အခါ မျောက်များက သူ
တို့ဖြစ်ချင်တာ ကိုပြောကြတယ်။ ဘုရားအလောင်းက ရေ
ကန်ကို စူးစမ်းကြည့်တဲ့အခါ ရေကန်ထဲကို ဆင်းတဲ့ခြေရာ
သာ မြင်ရပြီး ပြန်တက်လာတဲ့ခြေရာ မမြင်ရတဲ့အတွက် ဒီ
ရေကန်ဟာ ဘီလူးစောင့်တဲ့ရေကန်သာဖြစ်မယ်။ ဒါကြောင့်
မသောက်ကြနဲ့လို့ ပြောပါတယ်။
အဲဒီအခါမှာ ရေကန်ထဲ ဆင်းတဲ့သူကို စားဖို့စောင့်နေတဲ့
ဘီလူးကြီးက မျောက်တွေ ရေကန်ထဲမဆင်းတာကို သိတဲ့
အတွက် ဒေါသ ထွက်ပြီး ရေပေါ်တက်လာပါတယ်။ ဘာ
ကြောင့် ရေကန်ထဲမဆင်းတာလဲလို့ ဘီလူးကြီးကမေးတဲ့
အခါ ဘုရားအလောင်းမျောက်မင်းက တကယ်လို့ ရေကန်
ထဲဆင်းရင် သင်ရဲ့အစာဖြစ်သွားမှာပေါ့၊ ဒါကြောင့် မဆင်း
ကြတာပါ။ ရေကန်ထဲမဆင်းရဘဲနဲ့ ရေကို သောက်နိုင်အောင်
လုပ်မယ်ဆိုပြီး ရေကန်နံဘေးမှာ ပေါက်နေတဲ့ ကျုပင်ကို
နုတ်ပြီး ကျုပင်ရဲ့အခေါင်းထဲမှာ အဆင့်မရှိဘဲ ဟိုဘက်ဒီ
ဘက် ဟင်းလင်းပေါက် ဖြစ်စေသတည်းလို့ သစ္စာအဓိဋ္ဌာန်
ပြီး ပါးစပ်နဲ့မှုတ်လိုက်တာ ကျုပင်များဟာ အဆစ်မရှိတော့
ဘဲ ခေါင်းပေါက်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီအခါကျမှ
မျောက်အပေါင်းလဲ အခေါင်းကြီး ဖြစ်နေတဲ့ ကျုတွေကို
ရေကန်ထဲ ထိုးချကာ ရေကို စုတ်ယူပြီး သောက်ကြရပါတယ်။
(ဇာ၊ဋ္ဌ၊၁၊၁၈၆)
အဲဒီအချိန်ကစလို့ အများအကျိုးစီးပွားကို လိုလားတဲ့ ဘုရား
အလောင်းမျောက်မင်းရဲ့ သစ္စာအဓိဋ္ဌာန်ကြောင့် ကမ္ဘာတည်
သမျှကာလပတ်လုံး ထိုရေကန်နံဘေးမှာ ပေါက်ရောက်နေတဲ့
ကျုရိုးတွေဟာ အခေါင်းကြီးဖြစ်နေပါတော့တယ်။
(၄) လ။ ။လ၀န်းမှာ ယုန်အရုပ်ရေးထားတာကို ပြောတာပါ။
ဒါနဲ့စပ်လို့ နားလည်သဘောပေါက်အောင် ပြည့်ပြည့်စုံစုံ တင်ပြ
ပါ့မယ့်၊ စာချစ်သူများက သီးခံပြီး ဖတ်ပေးစေလိုပါတယ်။
ရှေးအခါက ဘုရားအလောင်းဟာ ယုန်မျိုးဘ၀မှာ ဖြစ်ခဲ့တယ်။
ထိုယုန်ဘ၀မှာ မျောက်၊ မြေခွေး၊ဖျံ မိတ်ဆွေသုံးဦးရှိတယ်။
ယုန်မင်းဟာ အလှူကိုလဲ ပေးလှူတတ်သလို သီလစောင့်ထိမ်းပြီး
ဥပုသ်ဆောက်တည်တာတွေ ပြုလုပ်ခဲ့တယ်။ မိတ်ဆွေသုံးဦးကို
လဲ အခါအားလျော်စွာ ဟောပြောဆုံးမလေ့ရှိတယ်။ နက်ဖြန်ဆို
ရင် ဥပုသ်နေ့ဖြစ်တယ်။ ဥပုသ်စောင့်ကြဖို့နဲ့ အလှူခံလာရင်လဲ
ကိုယ်ရထားတဲ့ အစာကို ခွဲဝေလှူပြီး ကျန်တာကို စားသုံးကြဖို့
ယုန်မင်းက သြ၀ါဒစကားပြောကြားတယ်။ မိတ်ဆွေသုံးဦးကလဲ
ကောင်းပါပြီ ဆိုပြီး ၀န်ခံကတိထားခဲ့ကြတယ်။
နောက်တစ်နေ့ရောက်တဲ့အခါ မိတ်ဆွေဖြစ်တဲ့ ဖျံဟာ အစာရှာ
ထွက်လာပါတယ်။ တစ်နေရာရောက်တော့ ငါးကြင်း ခုနှစ်ကောင်
ကို ကြိုးနဲ့သီပြီး သဲပြင်အောက်မှာ ဖုံးအုပ်ထားပါတယ်။ ဖျံက ပိုင်
ရှင်ရှိ/မရှိဆိုတာကို စုံစမ်းတဲ့အနေနဲ့ အသံ သုံးကြိမ်ပြုလိုက်တယ်။
ဒါပေမယ့် ပိုင်ရှင် မပေါ်လာတဲ့ အတွက် ငါးခုနှစ်ကောင်ကို ယူပြီး
ချုံတစ်ခုထဲမှာ ထားကာ နေမွန်းမတည့်မီ အချိန်မှာ စားတော့မယ်
ဆိုကာ မိမိရဲ့သီလကို ဆင်ခြင်နေပါတယ်။ မြေခွေးကလဲ အစာရှာ
ထွက်လာရာ လယ်တဲတစ်ခုအတွင်း အမဲစို့နှစ်ခု၊ ဖွတ်ကင်တစ်ခု၊
နို့ဓမ်းတစ်အိုးကို မြင်တာနဲ့ အရှင်ရှိမရှိဆိုတာ သိရအောင် သုံးကြိမ်
တိတိ အသံပြုပြီးနေပါတယ်။ ပိုင်ရှင်မရှိမှန်း သိတဲ့အခါ အမဲစို့နှစ်ခု၊
ဖွတ်ကင်တစ်ကောင်နဲ့အတူ နို့ဓမ်းအိုးကိုပါ မိမိနေရာလုံခြုံတဲ့နေရာ
မှာ ထားလိုက်ပြီး သီလကို ဆင်ခြင်နေပါတယ်။
မျောက်ကလဲ တောအုပ်ကို ၀င်ကာ သရက်ခိုင်ကို ခူးယူပြီးမိမိနေရာ
ချုံထဲမှာ သိမ်းထားလိုက်ပါတယ်။ နေမွန်းမတည့်မီစားမယ်လို့ဆိုကာ
ကိုယ့်သီလကို ကိုယ် ဆင်ခြင်နေပါတယ်။ ဘုရားအလောင်းတော်
ယုန်မင်းဟာ အချိန်ရောက်မှ နေရာကထွက်လာပြီး နေဇာမြက်ကို
စားတော့မယ် လို့ဆိုကာ မိမိသီလကို ဆင်ခြင်နေပါတယ်။ ယုန်မင်း
က ငါ့ထံရောက်လာတဲ့ အလှူခံတွေကို ငါစားတဲ့ မြက်ပင်များကို
လှူရင် ကောင်းမှာမဟုတ်ဘူး။ နှမ်း ဆန်စတဲ့ပစ္စည်းတွေလဲ ငါ့မှာ
မရှိ၊ တကယ်လို့ အလှူခံ လာမယ်ဆိုရင် ငါ့ အသားကို လှူဒါန်း
မယ် လို့ ရဲဝံ့စွာ ဆုံးဖြတ်လိုက်တယ်။ ယုန်မင်းရဲ့သီလကြောင့်
သကြားမင်းရဲ့ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာကြီးလဲ ပူလာပါတော့
တယ်။ သကြာမင်းက အကျိုးအကြောင်းဆင်ခြင်ပြီး သိတဲ့အခါ
ယုန်မင်းကို စုံစမ်းမယ် ဖို့အတွက် လူ့ပြည်ကို ပုဏားအသွင် နဲ့
ရောက်လာပါတယ်။
ရှေးဦးစွာ ဖျံရဲ့နေရာကိုသွားတယ်။ ဖျံက ဘာအတွက်လာတာလဲ
မေးတော့ သကြားမင်းက အဟာရတစ်ခုခုကို ရလို့ရှိရင် ဥပုသ်
စောင့်ပြီး နေချင်တယ် လို့ပြောတယ်။ ဖျံက ကောင်းပါပြီ….ငါ
အာဟာရ တစ်ခုခုကို ပေးပါ့မယ် လို့ပြောတော့ သကြားမင်းက
ခဏနေပါဦး ၊ စောသေးတယ်၊ နောက်မှပဲ စားကြတာပေါ့လို့ပြော
ပါတယ်။ တခါ မြေခွေးရဲ့နေရာ ကိုသွားပြန်တယ် ။ ရှေးနည်းအ
တိုင်းပဲ မြေခွေးဆီမှာ အလှူခံတယ်။ မြေခွေးက သူ့မှာရထားတဲ့
ငါးကြင်းကင်နဲ့နို့ဓမ်းကိုပေးလှူပါတယ်။ သကြားမင်းက ခဏနေ
ပါဦး ၊စောသေးတယ်၊ နောက်မှစားမယ် လို့ပြောပြီး မျောက်ရှိတဲ့
နေရာကို တခါသွားပြန်တယ်။ ရှေးနည်းအတိုင်း သကြားမင်းက
အလှူခံတဲ့အခါ မျောက်က သူ့မှာ ရှိတဲ့ သရက်ခိုင်ကို လှူတယ်။
သကြားမင်းက ခဏနေပါဦး စောပါသေးတယ်၊ နောက်မှလာစား
မယ် လို့ဆိုကာ ဘုရားအလောင်းတော် ယုန်မင်းထံကို သွားပြန်
တယ်။ သကြားမင်းက ယုန်မင်းဆီမှာ အာဟာရတစ်ခုခု လိုချင်
တယ်၊ပြီးရင် ဥပုသ်စောင့်နေချင်တယ် လို့ ပြောတော့ ယုန်မင်းက
သင်ဟာ သီလရှိတဲ့သူပဲ၊ ဒီနေ့ ငါမလှူဖူးတဲ့ အလှူကို လှူမယ်၊
ဒါကြောင့် အသင်ပုဏ္ဏား…မီးပုံကြီးတစ်ပုံကို မီးမွှေးပေးပါ၊ ပီးရင်
ငါ့ရဲ့ခန္ဓာကိုယ်ကို မီးထဲခုန်ချလိုက်လို့ ကျက်ရင် ငါ့ရဲ့အသားကို
စားပြီး သင် ရဟန်းတရားကို ကျင့်ပါ လို့ဆိုတယ်။ သကြားမင်း
က မိမိအာနုဘော်နဲ့ မီးတစ်ပုံ ချက်ခြင်းဆိုသလို မွှေးပေးပါတယ်။
ယုန်မင်းဟာ သူ့ခန္ဓာကိုယ်ရဲ့ အမွှေးတွေထဲမှာ ၀င်ခိုနေကြတဲ့
ပိုးမွှားလေးတွေ သေကုန်မှာစိုးလို့ ကိုယ်ကို သုံးလေးကြိမ် ခုန်
လိုက်ပြီးမှ မီးပုံထဲကို စိတ်လက်ပျော်ရွှင်စွာနဲ့ ခုန်ချလိုက်ပါတယ်။
အဲဒီအခါမှာ မီးလျံတွေ ယုန်မင်းရဲ့ခန္ဓာကိုယ်နဲ့ထိတွေတဲ့အခါ
နှင်းတွေနဲ့ ထိရသလို အေးမြနေတယ်။ ယုန်မင်းက သင်မွှေးတဲ့
မီးက မပူဘဲ အေးနေတာပဲ ဘာကြောင့်ဒီလိုဖြစ်တာလဲမသိလို့
သကြားမင်းကိုပြောတော့ ငါဟာ ပုဏ္ဏားမဟုတ်၊ သကြားမင်းပါ၊
သင့်ကို စုံစမ်းချင်လို့ လာတာဖြစ်တယ် လို့ သကြားမင်းပြောပါ
တယ်။
သကြားမင်းက ယုန်ပညာရှိ….သင်ရဲ့ ဂုဏ်ကျေးဇူးတွေ တ
ကမ္ဘာပတ်လုံး ထင်ရှားပြီး တည်နေစေရမယ် လို့ဆိုကာ တောင်
ကိုညစ်ပြီး တောင်ဆီကိုယူကာ လမှာ ယုန်အရုပ်ကို ရေးပါတယ်။
အဲဒိအချိန်ကစလို့ လမှာ ယုန်အရုပ်ဟာ ခုချိန်ထိတည်ရှိနေတဲ့
အပြင် တကမ္ဘာပတ်လုံး တည်သွားမယ့်အရာဖြစ်တယ်။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုရင် ဘုရားအလောင်းယုန်မင်းရဲ့
မိမိအသက်နဲ့ခန္ဓာကို အခြားသူအား ရဲဝံ့စွာ ပေးလှူရဲတဲ့ ဒါနပါရမီ
အစွမ်းကြောင့် ဖြစ်တယ်လို့ ပြောရမှာပါ။
https://m.facebook.com/story.php?story_fbid=1873302892892865&substory_index=0&id=1526628857560272
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage
No comments:
Post a Comment