လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် ၄၅ ၀ါပတ်လုံး လောက(၃)ပါးအား တရားဖြင့် စောင့်ရှောက်ပြီး နေစဉ် သက်တော် ၈၀ အရောက် ကဆုန် လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါသည်။ မြတ်စွာ ဘုရားပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင် ကျွမ်းပြီးနောက် မကွဲမပြား တစ်သားတည်း တည်သော အသမ္ဘိဓာတ်တော်များ ဖြစ်သည့် စွယ်တော်လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ နဖူးသင်းကျစ်တော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူနှင့် ဓာတ်တော်မွေတော်များ ကျန်ရစ်တော် မူခဲ့ပါသည်။
ကြွင်းကျန်ခဲ့သော စွယ်တော် အရွယ်ပမာဏမှာ ၁၉၅၉ ခုနှစ်တွင် ဆရာတော် ဦးအာလောက ရေးသားသော တစ်ဆယ့် ခြောက်ဌာန ဘုရားရှိခိုးတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
- စွယ်တော်လုံးပတ်၊ မြဲ မှတ်ကြစေ၊ အချင်းထိပ်ဦး၊ ခြောက်မူးခန့်ပေ၊ နှစ်ကျပ်မူးယွန်း၊ အ၀န်းမှန်ပေ၊ အလျားမှတ်၊ နှစ်ကျပ်မတ်တင်းနေ။
- အမြစ်လုံးပတ်၊ ငါးမတ် ခန့်သာ၊ အောက်ထိပ် အမှူး၊ သုံးမူးပမာ၊ ရောင်ခြည်လောဟိ၊ နီဘိဖြူဝါ၊ နီဖန်များ၊ နည်းငြားဖြူအဝါ။
တေဇောဓာတ် လောင်ကျွမ်းသဖြင့် ရရှိလာသော ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့် တိုင်းပြည်(၈)ပြည်ထောင်မှ ဘုရင်များ စစ်တပ်ချီ၍ စုဝေး ရောက်ရှိခဲ့ကြသည်။ မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် အညီအမျှ သုံးပုံစုပုံပြီး လူ့ပြည်၊ နဂါးပြည်၊ နတ်ပြည်တို့ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်အတွက် ဝေစုကို ရှင်ဘုရင် ရှစ်ပါးတို့ အညီအမျှ ထပ်မံခွဲဝေ ယူကြရာတွင် စွယ်တော် နှစ်ဆူလည်း ပါဝင်သည်။ ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည်နှင့် နဂါးပြည်တို့သို့ ပင့်ဆောင်သွားခဲ့ကြကြောင်း မှတ်သားရ ပါသည်။ လူ့ပြည်ရှိ စွယ်တော် နှစ်ဆူအနက် တစ်ဆူမှာ သီရိလင်္ကာ နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူမှာ တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက် ရှိပါသည်။ သီရိလင်္ကာရှိ စွယ်တော်မှာ လက်ဝဲအောက်စွယ်တော် ဖြစ်ပြီး တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက် စွယ်တော် ဖြစ်ပါသည်။
စိနတိုင်းခေါ် တရုတ်ပြည်မှ စွယ်တော်မြတ် သမိုင်းအကျဉ်း
တေဇောဓာတ် လောင်ကျွမ်းပြီး ကြွင်းကျန်သော ဓာတ်တော် မွေတော်များကို နတ်ပြည်၊ လူ့ပြည်နှင့် နဂါးပြည်တို့ သုံးပုံအညီအမျှ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်မှ ဝေစုကို ဘုရင်ရှစ်ပါးတို့ ငြိမ်းချမ်းစွာ ထပ်မံခွဲဝေယူကြရာ၌ မင်းတို့၏ဆရာ ဒေါနပုဏ္ဏားကြီးသည် မြတ်စွာဘုရားအား ကြည်ညိုသဒ္ဓါ ရှိလှသဖြင့် အထက်လက်ဝဲ စွယ်တော်အား ၄င်း၏ အင်္ကျီကြား၌ သိုဝှက်ထားခဲ့သည်။ ၄င်းစွယ်တော်မြတ်သည် ဂန္ဓာရတိုင်း၊ ဥဓနနိုင်ငံ (ယခု ပါကစ္စတန် နိုင်ငံ) တွင် ဦးစွာ စံပယ်ခဲ့သည်။ ရဟန်းတော် တစ်ပါးက ပါကစ္စတန်နိုင်ငံ သိန္ဓုမြစ်ကမ်း (ယခု တက္ကသီလာ Texila မြို့) အနီးတွင် စေတီကိုးကွယ် ဌာပနာ ထားခဲ့သည်။ တက္ကသီလာသည် အစ္စလမ္မာဘတ် မြို့တော်မှ အနောက်ဘက် ကားဖြင့်သွားလျှင် တစ်နာရီ ကျော်ခန့်သာ ကွာဝေးပါသည်။ အိန္ဒိယနိုင်ငံ ဗာရာဏသီမှ ဆိုလျှင် ယူဇနာ၂၀၀ ကွာဝေးပြီး မြတ်စွာဘုရား လက်ထက် တိုင်းကြီးကိုးတိုင်းသို့ သာသနာပြု ရဟန်းသံဃာများ စေလွှတ်ခဲ့ရာတွင် အပါအဝင် တိုင်းတစ်ခု ဖြစ်ခဲ့ပါသည်။ တက္ကသီလာရှိ ပက္ကုသာတိ မင်းသည် စာဂဓတိုင်း ရာဇဂြိုဟ်ဘုရင် ဗိမ္မိသာရမင်း ရေးပေးလိုက်သော ရတနာသုံးပါး ဂုဏ်တော်ကို ဖတ်ရှုရပြီးနောက် မြတ်စွာဘုရားကို ဖူးမြော်ရန် ရာဇဂြိုလ်သို့ ထွက်ခွာလာရာ လမ်းခရီးတွင် ဘုရားရှင်နှင့် တစ်ညသာ ဖူးတွေ့ရပြီး နောက်တစ်နေ့၌ အနာဂါမ်ပုဂ္ဂိုလ် အဖြစ် စုတေသွားခဲ့ရာ အဝိဟာရ ဗြဟ္မာဘုံတွင် ဖြစ်ဆဲခဏ၌ ရဟန္တာ ဖြစ်သွားခဲ့ကြောင်း ဖတ်ရှုမှတ်သားရ ပါသည်။ ဂန္ဓာရတိုင်း (ယခုပါကစ္စတန်)ကိုလည်း ဗုဒ္ဓသာသနိက မြေပုံတော်ချုပ်တွင် လေ့လာကြည့်ရှုနိုင် ပါသည်။
ဗုဒ္ဓမြတ်စွယ်တော်သည် ဥဓနနိုင်ငံ (ယခုပါကစ္စတန်) မှတစ်ဆင့် နယ်မြေချင်း ဆက်စပ်နေသော တရုတ်နိုင်ငံ ရှင်းကျန်း ပြည်နယ် ဟေထရန်းခရိုင် ခိုတန်မြို့သို့ ပင့်ဆောင် ရောက်ရှိခဲ့သည်။ ထို့နောက် တရုတ်တောင်ပိုင်း နန်ချောင်(Nan Chao) မင်းဆက်ကာလ ဘုန်းတော်ကြီး ဖာရှန်း (Fa Xian) (အေဒီ ၄၂၄-၄၉၈)က စွယ်တော်မြတ်အား ခိုတန်အရပ်မှ တရုတ်တောင်ပိုင်း ချီမင်းဆက်မြို့တော် နန်ကျင်းသို့ ပင့်ဆောင်ခဲ့သည်။ ၎င်းနောက် ဆွေမင်းဆက် လက်ထက်တွင် တရုတ် တစ်နိုင်ငံလုံးအား စည်းရုံး သိမ်းသွင်းပြီးနောက် မြို့တော်သစ် ချန်အမ်း (ယခု ရှီးအန်း Xian) သို့ ပင့်ဆောင်သွားခဲ့သည်။
ထို့နောက် တရုတ်မင်းဆက် (၅) ဆက်ကာလ (၁၀) ပြည်ထောင်ခေတ်တွင် တရုတ်အလယ်ပိုင်း ဒေသများမှာ တရုတ် ချောင်ထရယ်မင်း နိုင်ငံအတွင်း ကျရောက်ခဲ့ပြီး ဗုဒ္ဓ စွယ်တော်မြတ်မှာလည်း နေရာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ လျောင်မင်းဆက် လက်ထက်တွင် Yan Jing ယန့်ကျင်းမြို့ (ယခု Beijing ပေကျင်းမြို့) သို့ ရောက်ရှိခဲ့ပါသည်။ လျောင်မင်း ဆက်အကြောင်း ရေးသားထားသည့် အတွဲပေါင်း ၂၂တွဲ ရှိသည့် မင်းဧကရာဇ် တောက်ကျုံး (Emperor Dao Zong) ၏ သမိုင်း မှတ်တမ်းများအရ ဗုဒ္ဓ မြတ်စွယ်တော်သည် ခရစ်သက္ကရာဇ် ၁၀၇၁ခုနှစ် ဩဂုတ်လ၌ ကျောင်းရှန်စေတီ (Zhao Xian) တွင် ကိန်းဝပ် စံပယ်ခဲ့ကြောင်း သိရှိရပါသည်။
ကျောင်းရှန်စေတီမှာ တရုတ်ကျောက်များဖြင့် တည်ဆောက်ထားသော အဋ္ဌဂံပုံစံ အထပ်(၁၀)ထပ်ရှိ စေတီ ဖြစ်ပါသည်။ စေတီတော်နံရံတွင် ကျောက်ဆစ်ပန်းချီ လက်ရာများဖြင့် ဘုရားစေတီ ပုံတော်များအား မွမ်းမံ ထားသောကြောင့် ''ပုံတော်တစ်ထောင် ပန်းချီကားဘုရား'' ဟူ၍လည်း ထင်ရှားပါသည်။ ၁၉၀၀ပြည့်နှစ်တွင် ပြည်ပနိုင်ငံ ရှစ်နိုင်ငံမှ ပူးပေါင်း၍ တရုတ်နိုင်ငံအား ကျူးကျော်သိမ်းပိုက် ဖျက်ဆီးခဲ့ကြသဖြင့် ရှေးဟောင်း အမွေအနှစ်များစွာ ပျက်စီးဆုံးရှုံး ခဲ့ရသည်။ ကျောင်းရှန်စေတီနှင့် ၎င်းအနီးရှိ လင်ကွမ်း ဘုရားကျောင်းတို့မှာ ပေကျင်းမြို့၏ ဆင်ခြေဖုံး နေရာတွင် ရှိသောကြောင့် အမြောက်ဒဏ်၊ ဗုံးဒဏ် အနည်းငယ်သာ ခံခဲ့ရသည်။ ဘေးရန်များ ကင်းဝေးပြီးနောက် ဘုန်းတော်ကြီးတို့ စေတီတော်အား ပြန်လည် ရှင်းလင်းကြစဉ် စေတီ၏ အောက်ခြေ မြေအောက်မှ ကျောက်သား သေတ္တာတစ်လုံးကို တွေ့ရှိခဲ့ကြသည်။ ၎င်းကျောက်သေတ္တာ အတွင်းမှ စန္ဒကူးအသားဖြင့် ပြုလုပ်ထားသော သစ်သားသေတ္တာငယ် တစ်လုံးကို ထပ်မံ တွေ့ရှိခဲ့ကြ ရာ သေတ္တာပေါ်တွင် အောက်ပါစာတမ်းကို တွေ့ရှိခဲ့ပါသည် -
''စကြာမုနိဘုရားရှင်၏ အံ့ချီးဖွယ်ရာ မြတ်စွယ်တော်၊ ရေးသားသူ-
ရှန်းဟွေ့ (Shan Hui) ၊ ၄လပိုင်း၊ ၂၃
No comments:
Post a Comment