စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 30, 2022

မဇ္စျိမာပဋိပဒါဆိုတာ

🙏🏻 မဇ္ဈိမာပဋိပဒါဆိုတာ 🙏🏻

ထိုင်နိုင်သလောက်လေးထိုင်ပြီး 
ထချင်တဲ့အခါ ထသွားတာကို 
ပြောတာမဟုတ်ဘူး။

ခန္ဓာကိုယ် ဣရိယာပုထ် မှန်မှန်ကန်ကန် 
ကျကျနန တည်ဆောက်ပြီး

⬛️ ဝေဒနာမတက်ခင်မှာ
အတွေးတွေကို မတွေးမိအောင် ထိန်းချုပ်ဘို့
တားမြစ်ဘို့ မဟုတ်ဘူး၊ 
ဒါဆို ဆက်တွေးဖြစ်အောင် အလိုလိုက်ဘို့လည်း မဟုတ်ပြန်ဘူး။ 
မှေးချင် မှိန်းချင် မျောချင် ငိုက်ချင်တာကိုလည်း အတူတူပဲ 
မထိန်းချုပ်ရဘူး အလိုမလိုက်ရဘူး။
 
⬛️ ဝေဒနာတက်လာတဲ့အခါ
ခန္ဓာကိုယ်ကို ညှစ်မယ် ချုပ်မယ် 
(မခံချင်တဲ့ဒေါသ) လှုပ်မယ် ပြင်မယ်
(အလိုလိုက်တဲ့ လောဘ) သည်းခံရမှာ ပျင်းတယ်
သတိထားရမှာ ပျင်းတယ် (မောဟ) 
ဒီလိုမျိုး စိတ်တွေ ဖြစ်ပေါ်လာရင် 
မထိန်းချုပ်ရဘူး၊ အလိုမလိုက်ရဘူး။ 

#ထိန်းချုပ်တတ်တဲ့_ဒေါသအစွန်း 
#အလိုလိုက်တတ်တဲ့_လောဘအစွန်း

ဒီလိုအစွန်းနှစ်ဘက်ကို မဖြစ်အောင် 
ပေါ်ဆဲကမ္မဋ္ဌာန်းအာရုံကိုပဲ သိပေးနေတာကို
မဇ္ဈိမပဋိပဒါ- အစွန်းနှစ်ဘက်လွတ်တဲ့
အလယ်လမ်းစဉ်လို့ ပြောတာပါ။

📍 မှတ်ချက်- ဒီအစွန်းနှစ်ဘက်သည် ဝိပဿနာ
ဉာဏ်ရောက်အောင် ကျင့်နေကြဆဲ ယောဂီတို့ရဲ့ 
လက်ရှိဆိုင်ရာ အစွန်းနှစ်ဘက်ကို ဆိုလိုပါသည်။ 

(မထိုင်နိုင်ပဲနဲ့ ကြိတ်မှိတ် မထိုင်နဲ့  
၁၅ မိနစ်ဆို ၁၅ မိနစ်ထိုင် 
နာရီဝက် ထိုင်နိုင်ရင် နာရီဝက်ပဲ ထိုင်လို့ ဝမ်းနည်းဖွယ်ရာ  ကြားခဲ့ရပါသည်)။

I pay respect to Sayadawgyi and all my teachers.

မေတ္တာဖြင့် 
ဒေါ်ကေသရစာရီ (Tig32)

တရားဆိုတာ...
အပြောလွယ်သလောက် အလုပ်ခက်ပါတယ်
Credit @ Ko Min Myat
🙏🏻🙏🏻🙏🏻

သီလပျက်ရင်ခက်ကုန်လိမ့်မယ်

သီလပျက်ရင် ခက်ကုန်လိမ့်မယ်
••••••••••••••••••••••••••••••••••
ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သီလထိန်းသူနဲ့ 
မထိန်းသူဆိုတာ အရှိန်အဝါချင်း ကွာပါတယ်။
ခုဘဝမှာတောင် ကွာရင် ဘဝသံသရာမှာ ပိုပြီးကွာသွားမှာပေါ့။

သူတို့အဖို့ သံသရာရေးကို မတွေးရင်တော့ အဟုတ်သား ပျော်စရာကြီးပဲ။

ဒါတွေကို ဥာဏ်အမြင်ရှိတဲ့ သူတွေကတော့ ရှောင်ပါတယ် မကြည်ညိုပါဘူး အားမကျပါဘူး အားကျစရာလည်းမဟုတ်ဘူး သံသရာရေးနဲ့ကျတော့ သီလကသာ စိတ်ချရတယ်လို့ ယုံကြည်ကြတယ်။

ဘုရားကိုယ်တော်မြတ်လမ်းစဉ်က တရားသဘောသက်သက်ပဲ  ကိုယ်ပြုတာကိုယ်ခံ ကိုယ်ပြုတာ ကိုယ်စံပဲ မကောင်းရင်ခံရမယ် 
ကောင်းရင် စံရမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ 

ဟောပြောတဲ့ သူတွေကလည်း ကိုယ်ကိုယ်တိုင်က 
သီလကိုမှ အရေးမစိုက်ကြတော့ သူများကိုလည်းအရေးစိုက်အောင်
မဟောကြတော့ဘူး ခက်ကုန်ပြီ…
နည်းနည်းမဟုတ်ဘူး တော်တော့်ကို ခက်ကုန်ပြီ။

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

မိန်းမမြတ်လက္ခဏာ (၆၄)ပါး

မိန်းမမြတ်လက္ခဏာ (၆၄)ပါး
************

(၁)ခြေလက္ခဏာ ...................................... ၁၃ ရပ်
 (၂)ကိုယ်လက္ခဏာ ...................................... ၁၆ ရပ်
 (၃)စိတ်လက္ခဏာ ...................................... ၆ ရပ် 
(၄)လက်ဖဝါးလက္ခဏာ .................................... ၉ ရပ် 
(၅)လည်ပင်းလက္ခဏာ ..................................... ၁ ရပ် 
(၆)အသံလက္ခဏာ ...................................... ၃ ရပ် 
(၇)မျက်နှာလက္ခဏာ ...................................... ၈ ရပ် 
(၈)သွားလက္ခဏာ ...................................... ၁ ရပ် 
(၉)မျက်စေ့လက္ခဏာ ...................................... ၄ ရပ် 
(၁၀)ဆံပင်လက္ခဏာ ...................................... ၃ ရပ်

*******************************************************
ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင့်တူသော ကိုယ်ရောင် 
၂။လင်္ကျာရစ်လည်သောအချက် 
၃။လင်္ကျာရစ်လည်သောဗွေ 
၄။ရွှေသောအဆင်း 
၅။နက်သောချက် 
၆။ရှည်သောလက် 
၇။ဖွံ့သောပေါင်ရှိခြင်း 
၈။ကြီးမြတ်သော သားမြတ် 
၉။ဆင်ကဲ့သို့သွားခြင်း 
၁၀။သေးသွယ်သော ခါးရှိခြင်း 
၁၁။သိမ်မွေ့သော အင်္ဂါရှိခြင်း 
၁၂။ကောင်းသောကိုယ်ရှိခြင်း 
၁၃။ဖွံ့ဖြိုးသော တင်သားရှိခြင်း 
၁၄။ကိုယ်မွေးနည်းခြင်း 
၁၅။လိပ်ကျောကုန်းကဲ့သို့အင်္ဂါရှိခြင်း 
၁၆။ကြာပန်းကဲ့သို့မွှေးသောကိုယ်နံ့ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း 
၂။ကောင်းသောအကျင့်သီလရှိခြင်း
 ၃။စင်ကြယ်သောအကျင့်သီလရှိခြင်း 
၄။ချစ်ခင်နှစ်သက်ခြင်း 
၅။အရိပ်ခြေသိခြင်း 
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း 
၂။အဆိုအမိန့်နှင့်သာယာသောအသံရှိခြင်း 
၃။ဥဩသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည့်ဝန်းနှင့်တူစွာရှိခြင်း 
၂။ရှည်သောမျက်နှာရှိခြင်း
 ၃။နီသောနှုတ်ခမ်းရှိခြင်း 
၄။ဖြိုးမောက်သောနှာတံရှိခြင်း
 ၅။ပြည့်ဖြိုးသောပါးရှိခြင်း 
၆။မှဲ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန် အလံတိုင် အရေးရှိခြင်း 
၇။သံတ္တိမည်သောအရေးကဲ့သို့ နဖူးပြင်၌ အရေးရှိခြင်း 
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင့်ဖြတ်သည့်အလား မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ့ရှိခြင်း 
၂။ကြာညိုပန်းနှင့်တူသောမျက်စေ့ 
(အချို့မှာ ပြာညိုသော မျက်စေ့ရှိခြင်း) 
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း 
၄။ပဒုမ္မာကြာကဲ့သို့ အချို့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း 
၃။သိမ်မွေ့သော ဆံပင်ရှိခြင်း

မိန်းမမြတ်တို့၏ လက္ခဏာ ၆၄ ရပ်တည်း
Credit > wikipedia.org

သိပြီးမကျင့်ရင် နွားကျောင်းသား

သိပြီးမကျင့်ရင် နွားကျောင်းသား
═══════════════════
••
••
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အများကြီး သင်ယူပို့ချ ဟောပြနေပေမယ့် 
အဲဒီတရားတော်တွေအတိုင်း
လိုက်နာပြုကျင့်မှုမရှိဘဲ မေ့မေ့လျော့လျော့ 
ပေါ့ပေါ့ဆဆနေမယ်ဆိုရင်
မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ
လုံးဝ မဖြစ်နိုင်ပါဘူး။

ဘာနဲ့ ဥပမာတူသလဲဆိုရင်
နွားပိုင်ရှင် သူတစ်ပါးတို့ရဲ့ နွားတွေကို
ရေတွက်ထိန်းကျောင်းရတဲ့
အခစား နွားကျောင်းသားဟာ
နွားထွက်ပစ္စည်း အရသာငါးမျိုး
(နို့ရည်, နို့ဓမ်း, ထောပတ်, ရက်တက် ဆီဦး)ရဲ့ 
ဝေစုရတဲ့သူ နို့နဲ့ နို့ထွက်ပစ္စည်းတွေ 
သုံးဆောင်ခံစားခွင့် ရတဲ့သူ
လုံးဝ မဖြစ်နိုင်သလိုပါပဲ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

Credit..

အဓိက.က နိဗ္ဗာန်ရောက်ဖို့ပဲ

အဓိက.က နိဗ္ဗာန်ရောက်ဖို့ပဲ
-----------------

တစ်ခုခုကို လှူပြီးရင်
လူ့ဘဝ ပြန်ရောက်ပါရစေ
နတ်ဘဝ ရောက်ပါရစေလို့
ဆုတောင်းနေစရာ မလိုပါဘူး။

နိဗ္ဗာန်ကိုသာ ရည်မှန်းပြီး
လှူဒါန်းလိုက်ပါ။
နိဗ္ဗာန်ကို ဘယ်ဘဝကျမှ
ရောက်မှာလဲဆိုတဲ့အဖြေကို
ကံက သူ့ဘာသူ ဆုံးဖြတ်ပြီး
ပို့ပေးပါလိမ့်မယ်။

နိဗ္ဗာန်မရောက်သေးမီ စပ်ကြား
ကိုယ်ပြုထားတဲ့ကံတွေက
အကျိုးမပေးဘဲ မနေပါဘူး။

ကိုယ်က ကံကိုပဲလုပ်ပါ။
အကျိုးကို ကံကလုပ်သွားပါလိမ့်မယ်။
ဘဝတွေကို ရွေးချယ်မနေပါနဲ့။
အဓိကက နိဗ္ဗာန်ရောက်ဖို့ပဲ မဟုတ်လား။

ဘယ်လိုကုသိုလ်ကောင်းမှုပဲ ပြုပြု
နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ရပါလို၏ပေါ့။

မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)

ကုသိုလ် အကုသိုလ်

ကုသိုလ် အကုသိုလ်
 ▬▬▬▬▬▬▬▬▬

ပြောတဲ့စကား ကြားတဲ့အသံက 
ကုသိုလ်လား အကုသိုလ်လား ခွဲခြားသိပြီး အကုသိုလ်ဆို ပျောက်သွားအောင် ရှုမှတ်ရမှာ။ 

ကုသိုလ်က ပင်လယ်ကြီးကို ဖြတ်နိုင်တဲ့
သင်္ဘောကြီးနဲ့ တူတယ်။ အကုသိုလ်က
ရေထဲမြုပ်နိုင်တဲ့ ကျောက်ခဲနဲ့ တူတယ်။

အကုသိုလ်ကျောက်ခဲတွေ နည်းသေး
ရင်တော့ အကျိုး မပေးသေးဘူးနော်။

အကုသိုလ် ကျောက်ခဲတွေ 
များလာရင်တော့ သင်္ဘောကြီး 
မြုပ်မှာပဲ။

ကုသိုလ်ဓာတ်များမှ ရွှေ ငွေ
စည်းစိမ်မြဲမယ်။ ကုသိုလ်ဓာတ်
များရင် မကောင်းတာ မကြားရဘူး။

ဘုရားရှိခိုးနေရင်း ကိုယ်ပါ မြောက်တက်
လာပြီး စိတ်က အရမ်းကြည်နူးလာပြီဆိုရင်
ချမ်းသာပြီ။

လင်မယားရန်ဖြစ် ဟိုဘက်ဆွေမျိုး 
မကျေနပ် ဒီဘက်ဆွေမျိုး မကျေမနပ်
ဖြစ်နေရင် ရှိသမျှ စည်းစိမ်ကုန်မယ်။ 

ရွှေ ငွေ ပစ္စည်း အပေါင်ဆိုင်ရောက်မယ်။ 
ကုန်သင့်လို့ ကုန်တာနော်။ မရှိလို့ရောင်းစား
တယ် ထင်မယ်။ မဟုတ်ဘူးနော်။ 

ကုသိုလ်ဓာတ်မရှိရင် ဘာမှမမြဲဘူး။

ကုသိုလ်ဓာတ် နည်းရင်တော့ 
မကောင်းတာဘဲ ကြားရမယ်။ 

အကုသိုလ်စိတ်များရင် မဟုတ်တာမှ
အဟုတ် ထင်နေတတ်တယ်။
ဘုရားရှိခိုးချင်စိတ် မရှိတော့ဘူး။

သားသမီးကို တကယ်ချစ်ရင် အပျော်အပါး
တွေ အပေါ်စက် အောက်စက်တွေနဲ့ အလို
မလိုက်နဲ့။ ကုသိုလ်ဓာတ် အမွေပေးနော်။ 

တကယ်ချစ်ရင် ဘုန်းကြီးကျောင်းခေါ်
တရားနာခိုင်း။ နေ့စဉ်ဒါနပြု ဥပုသ်စောင့်။
အားပြည့်လာမယ်နော်။ 

ရှိတဲ့ရတနာ ဥစ္စာပစ္စည်းနဲ့ ကုသိုလ်နဲ့
အချိုးတည့်မှ မြဲမှာနော်။

နေ့စဉ် တီဗွီ ရုပ်ရှင်နဲ့ အချိန်ကုန်
ဟိုဟာလုပ် ဒီဟာလုပ်။ မဟုတ်တာတွေနဲ့
အချိန်ကုန်ရင် မဟုတ်တာတွေပဲ ဖြစ်မယ်နော်။ 

ကုသိုလ်ဓာတ်ထွက်အောင် မလုပ်ရင် 
ကြာရင် စွမ်းအားကုန်မယ်။ အဆင်မပြေ
တာတွေ ဖြစ်လာမယ်နော်။

ငွေဝင်သလောက် ထွက်နေပြီဆိုရင် ကုသိုလ်
ဓာတ် နည်းနေပြီဆိုတာ သတိထားတော့။ 
ကုသိုလ်ဓာတ် ထွက်အောင်လုပ်တော့။

အပျော်အပါး လျှော့တော့။ ဥပုသ်ရက်ရှည်
စောင့်။ ဘုရားစင်ရှေ့ထိုင်။

အကုသိုလ်ဓာတ်များတဲ့ ပုဂ္ဂိုလ်ရဲ့ အသွေး
အသားမှာ မကောင်းတာကို အကောင်းထင်
တယ်။ 

မဟုတ်တာမှ အဟုတ်ထင်တယ်။ ပြစ်မှားတာ
များတဲ့ ပုဂ္ဂိုလ်သည် စွမ်းအားကျနေတာ။

အကုသိုလ် အကျိုးပေးလာတဲ့အချိန်မှာ 
ကုသိုလ်နဲ့ တားထားလို့ရတယ်။

ဘယ်အကြောင်းကြောင့်မှ အပူဓာတ် မထွက်
စေနဲ့။ ဘာ့ကြောင့်ပူပူ ဘယ်သူ့ကြောင့်ပူပူ
အကုသိုလ်ပဲ။ အကုသိုလ်ဖြစ်ရင် အပါယ်
ဇာတိပဲ။

တာဝန်တော့ကျေပါ။ မတွယ်တာပါနဲ့။

ကိုယ့်ရဲ့သဏ္ဍာန်မှာ ကုသိုလ်တရားရှိမှ
ဘုန်းကံရှိမှ ဘုရားရဲ့တရားကို နားလည်
နိုင်မှာ။ ဘုန်းကံမရှိရင် အိပ်တောင် ပျော်
သွားဦးမယ်။

စိတ်ဆင်းရဲစရာ မှန်သမျှသည်
အကုသိုလ်ဓာတ် အကျိုးပေး။ 

စိတ်ချမ်းသာစရာမှန်သမျှသည်
ကုသိုလ်ဓာတ် အကျိုးပေး။

ဒါန၊ သီလ ဘာဝနာသည် ကုသိုလ်
ဓာတ်ကို ထွက်စေသော အအေးဓာတ်။

ကုသိုလ်ဓာတ်သည် လောဘ 
ဒေါသ မောဟကို သတ်တာ။ 

ရှိတဲ့ တိုက်တာ၊ ရွှေ၊ ငွေ၊ စည်းစိမ်ဥစ္စာ
တွေသည် စိတ်မထားတတ်ရင် အပါယ်
ရိက္ခာ ဖြစ်နေတာ။ 

ပစ္စည်းရှုံးတာထက် အကုသိုလ်
ဖြစ်တာက ပိုနာတယ်။

သူများအကြောင်းကို ပုံဖော်တဲ့အခါ 
ပြုံးတဲ့ပုံကို ဖော်နိုင်အောင် ကြိုးစားပါ။ 
မဖော်နိုင်ရင် တွေးကိုမတွေးနဲ့။ရပ်ထားလိုက်။ 

ကုသိုလ်စိတ်နဲ့ယှဉ်တဲ့ အတွေးဘက်ကို 
ပြောင်းလိုက်။ မဟုတ်ရင်တော့ ကိုယ့်ပြန်စူးပြီ။
လောကဓံအဆိုးကို ခံရလိမ့်မယ်။

ငါလုပ်လို့ ငါစီမံလို့ရတာမဟုတ်ပါ။ တကယ်
ကျွေးနေ ပေးနေတာက ကုသိုလ်ဓာတ်။

အတွင်းရန် အပြင်ရန် အခက်အခဲ
အောင်မြင်စေရန် ကုသိုလ်ဓာတ်ကို
စဉ်ဆက်မပြတ် ထုတ်ရမယ်။ 

ဥပုသ်ရက်ရှည် စောင့်ရမယ်။ ဒါနပြုမယ်။ အကုသိုလ်ဓာတ် မထွက်အောင် နေရမယ်။
စဉ်ဆက်မပြတ် ကုသိုလ်ဓာတ် အဓိဋ္ဌာန်တင်ရမယ်။

ဘုရားကို တကယ်ကြည်ညိုတဲ့ ချစ်တဲ့စိတ်နဲ့ကုသိုလ်ဓာတ် ထွက်အောင် ကြိုးစားမယ်လို့
အဓိဋ္ဌာန်တင်ရမယ်။

ကျေးဇူးတော်ရှင်
ပိုင်းလော့ဆရာတော်ဘုရားကြီး

Tuesday, November 29, 2022

စိတ်ထားအတိုင်းပေးလှူကြခြင်း

တစ်ရက်မှာ
သူချမ်းသာတစ်ယောက်က 
ထမင်းဟင်း အပုပ်သိုးတွေကို
ခြင်းတခြင်းနဲ့ယူဆောင်လာပြီး 
သူဆင်းရဲအား ပေးကမ်းလိုက်တယ်...

သူဆင်းရဲလည်း ပြုံးရွှင်စွာနဲ့ 
ခြင်းတောင်းကိုဆွဲပြီး 
သူချမ်းသာရဲ့အိမ်တော်ကြီးမှ
ထွက်ခွာခဲ့တယ်...

၎င်းနောက် ပုပ်သိုးနေသော ထမင်းဟင်းများအား သွန်ပစ်ပြီး 
ခြင်းတောင်းကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောပြီးနောက် 

လှပမွှေးကြိုင် သင်းပျံ့သည့်အဆင်းရနံ့ရှိသော ပန်းစည်းတို့ကို ခြင်းတောင်း အတွင်းထည့်ယူဆောင်ကာ သူချမ်းသာထံသို့ ပြန်လာပြီး 
ခြင်းတောင်းအား ပြန်လည်ကာ
ပေးအပ်လေ၏...

ထိုအခါလူချမ်းသာက 
"ကျွန်ုပ်ပေးတုန်းက ထမင်းသိုး ဟင်းသိုး
တွေသာဖြစ်ပြီး ယခုသင်ဘာကြောင့် 
သင်းပျံ့မွှေးကြိုင်တဲ့ ပန်းခြင်းကို 
ပြန်ပေးရတာလဲဆိုတာကို 
ကျွန်တော်သဘောမပေါက် နားမလည်
စဉ်းစားမရဘူး ဖြစ်နေတာ..."

ဒီတခါ သူဆင်းရဲသားက 
အဖြေပြန်ပေး လိုက်ပါတယ်
သူဆင်းရဲသားရဲ့အဖြေက

"လူတို့သည် သူတို့ရဲ့အတွင်းစိတ်၌ရှိသော 
စိတ်ထားအတိုင်းသာ ပေးကမ်း လှူဒါန်းတတ်ကြပါသည်" တဲ့ 

🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ

Credit..

စိတ်နေသဘောထား

စိတ်နေသဘောထား
_________________

ကိုယ့်ရဲ့ စိတ်နေသဘောထားသည်ပင်လျှင်
ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ 
နာမည်ဖြစ်နေတာကို သဘောထားနော်။

ဒီစကားလေးကို ဘုန်းဘုန်းက
သတိထားစေချင်လို့ ပြောပြတာ။

"ကိုယ့်ရဲ့ စိတ်နေသဘောထားကပဲ
ကိုယ့်ဝန်းကျင်မှာ ကိုယ့်ကို သူများက
ခေါ်နေကြတဲ့ နာမည်ဖြစ်နေတာ။"

ကိုယ်က သိပ်ပြီးတော့ 
လောဘကြီးနေမယ်ဆိုရင်
ကိုယ့်ကို ကွယ်ရာမှာ ဘယ်လို
ခေါ်မှာတုန်း...
"ဟင် အလွန်လောဘကြီးတဲ့လူ"။
နာမည်တောင် မပြောတော့ဘူး။
လောဘကြီးသူလို့ ပြောတော့တာ။

ဒေါသကြီးကြည့်...
ကိုယ့်ကို ဘယ်လို ပြောမတုန်း...
"ဟင် ဒေါသအိုး"။

မာနကြီးရင် ဘယ်လို ပြောမတုန်း...
"မာနခဲ သွားမစမ်းနဲ့၊ မရဘူး၊ ဟုတ်လား။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

"ကောင်းသောစိတ်ဖြင့် ငြိမ်းအေးပါစေ"တရားတော်မှ 

Monday, November 28, 2022

ကုသိုလ်ဖြစ်အောင် လုပ်နေ

ကုသိုလ်ဖြစ်အောင် လုပ်နေ _____________________

ကုသိုလ်ဖြစ်အောင်ပဲ လုပ်နေ။

ကုသ်ုလ်ဖြစ်ရင် အကုသိုလ်ကို
ပယ်ပြီးသာ။
အကုသိုလ်ကို ပယ်လို့ရှိရင်
အကုသိုလ်ကြောင့် ဖြစ်မယ့်
ပူလောင်မူ, ပင်ပန်းမူ, ဆင်းရဲမူဟာ
မဖြစ်တော့ဘူး။

စိတ်က ချမ်းသာတယ်ဆိုတာ
အဲဒါကြောင့် ချမ်းသာတာ။

ချမ်းသာလေး ရောက်လာတာ
မဟုတ်ဘူး။ 
ဆင်းရဲပျောက်သွားတာလို့
တည့်တည့်ပြောချင်တာ။

ငြိမ်းအေးမူကြီး ရောက်လာတာ
မဟုတ်ဘူး။
ပူလောင်မူ ပျောက်သွားတာလို့
ပြောချင်တာ။

မတူဘူးနော်၊ စကားလေးတွေက။

ပူလောင်မူ ပျောက်တော့ 
ငြိမ်းသွားတာပေါ့။

ပင်ပန်းမူ ပျောက်တော့
သက်သာသွားတာပေါ့။

ဆင်းရဲ့မူ ပျောက်တော့
ချမ်းသာသွားတာပေါ့။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

"ကောင်းသောစိတ်ဖြင့် ငြိမ်းအေးပါစေ" တရားတော်မှ

Sunday, November 27, 2022

နောက်ဘဝရှိ. မရှိ..

အရှင်ဘုရား !

နောက်ဘဝ ရှိ/ မရှိ ကိစ္စနဲ့ ပတ်သက်ပြီး ဘုရားက ဘယ်လို ဟောခဲ့သလဲ 

~~~~~~~~~~~~~~~~~~~~~~~~~~~

တစ်ခါတုန်းက အရှင်သာရိပုတြာက အရှင်မဟာကဿပကို အဲ့ဒီလို မေးခွန်းမျိုးကို မေးဖူးတယ်။

အရှင်မဟာကဿပက ဖြေတယ်။

အမေးအဖြေကို အကျဉ်းချုပ်ပြောရရင်

" ဘုရားမြတ်စွာက နောက်ဘဝရှိတယ်လို့လည်း မဟောဘူး၊ မရှိဘူးလို့လည်း မဟောဘူး"

"ဘုရားက ဘာလို့ တမလွန်ဘဝရှိ/ မရှိကို မဟောရတာလဲ"

"တမလွန်ဘဝ ရှိ/ မရှိ လို့ ငြင်းနေကြတာက အကျိုးမရှိဘူး၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့လည်း မဟုတ်ဘူး၊ နိဗ္ဗာန်အတွက်လည်း မဟုတ်ဘူး၊ ဒါ့ကြောင့် ဘုရား မဟောဘူး" 

" ဒါဆိုရင် ဘုရားက ဘာကို ဟောလဲ"

" ဒါက ဆင်းရဲ၊ ဒါက ဆင်းရဲကြောင်း တရား၊ ဒါက ငြိမ်းချမ်းရာ၊ ဒါက ငြိမ်းချမ်းကြောင်းတရား " ဒီလိုပဲ ဘုရားက ဟောတယ်။

"ဘာဖြစ်လို့ ဒီလိုပဲ ဟောရတာလဲ"

" ဒီစကားက အကျိုးရှိတယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖို့အတွက်လည်း ဖြစ်တယ်၊ နိဗ္ဗာန်အတွက်လည်း ဖြစ်တယ်၊ ဒါ့ကြောင့် ဘုရားက ဒီလိုပဲ ဟောတယ်"

(ပရံမရဏသုတ်)

ငရဲရေသောက်မြစ်

-  ငရဲ ရေသောက်မြစ်
🌿🌿🌿🌷🌷🌷🌿🌿🌿

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မှာရှာတယ်။

မင်းတို့ကွာ ဒီပြင်ဟာ စားရေး သောက်ရေး၊
နေရေး၊ ထိုင်ရေးကို ထည့်ပြီး 
စကားမပြောပါနဲ့။
ငရဲရေသောက်မြစ် ဖြုတ်စမ်းပါ။

တိရစ္ဆာန်လည်း  ရှာစားရတာပဲကွာ။ မထူးပါဘူး။ ဟောဒီ ငရဲ ရေသောက်မြစ် 
တစ်ခုတော့ မင်းတို့ အရေးတကြီး  
ဖြုတ်စမ်းပါကွာ။ 

ငရဲ ရေသောက်မြစ် ဆိုတာ ဘာတုံးဆိုရင် 
အခု ပေါ်လာတာ တွေဟာ စိတ်တွေမှန်း သိလျက်သားနဲ့ စားချင်တဲ့စိတ် ပေါ်လာတယ်၊ အိပ်ချင်တဲ့စိတ် 
ပေါ်လာတယ်၊ ၀တ်ချင်တဲ့စိတ် ပေါ်လာတယ်။ အဲလို ပေါ်လာတဲ့ စိတ်ကို ငါလုပ်နေတာ ဘုရားက အစက်ဆုပ်ဆုံးပဲ။

စားချင်တဲ့ စိတ်၊ ၀တ်ချင်တဲ့ စိတ်၊ အိပ်ချင်တဲ့ စိတ်၊ ပြောချင်တဲ့ စိတ်၊ ဆိုချင်တဲ့ 
စိတ် ဒီစိတ်တွေဟာ သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်လာတာပဲ။ အဲဒီလို 
ပေါ်လာတဲ့စိတ်ကို ငါလုပ်နေကြတယ်။ ပေါ်လာတဲ့ စိတ်ကို ငါမလုပ်ပါနဲ့လို့ သတိပေးလိုက်တယ်။

ပေါ်လာတဲ့ စိတ်ဟာ စိတ်တစ်မျိုးပဲ။  စားချင်တဲ့စိတ် လာတယ်။ စားချင်တဲ့စိတ် 
တစ်မျိုးပဲ။ ဒါလောက်မှာပဲ ထားပါ။
            
အိပ်ချင်တဲ့စိတ် လာပြန်တော့ အိပ်ချင်တဲ့စိတ် တစ်မျိုးပဲလို့ မှတ်လိုက်တာပေါ့။ 
ပြောချင်တဲ့စိတ် လာရင် ပြောချင်တဲ့စိတ် 
တစ်မျိုးပဲ။ ဒီလိုသာ မှတ်နေ။ ဒိပြင် ဘာမှ 
မပြောင်းပါနဲ့။

စားချင်တဲ့စိတ် လာလည်း  စားချင်တဲ့စိတ်ပဲ။ အိပ်ချင်တဲ့စိတ် လာရင် အိပ်ချင်တဲ့စိတ်ပဲ။ သူ့ကိစ္စနဲ့ သူ ပေါ်လာတာလို့ သိနေ။

ကျင်ကြီး စွန့်ချင်တဲ့စိတ် လာရင် ကျင်ကြီး 
စွန့်ချင်တဲ့ စိတ်လို့ သိ။ ကျင်ငယ် စွန့်ချင်ရင် ကျင်ငယ် စွန့်ချင်တဲ့ စိတ်လုိ့ သိ။

ဒီလိုချည့် ပေါ်တဲ့စိတ်ကို သူ့ကိစ္စနဲ့သူ ပေါ်လာတာ၊ သူ့ကိစ္စနဲ့သူ ပေါ်လာတာလို့ 
သိနေလို့ ရှိရင် ငါမဟုတ်၊ ငါ့ဥစ္စာ မဟုတ် ဆိုတာ ပေါ်လာတာပဲ။ ငါပြုတ်ရင် ဒိဋ္ဌိပြုတ်တယ်။ အရေးကြီးဆုံးက ငါပြုတ်ဖို့၊ ငါ့ဥစ္စာပြုတ်ဖို့ အရေးကြီးဆုံးလို့ မှတ်စမ်းပါ။

ငါပြုတ်ရင် ဒိဋ္ဌိ ပြုတ်တယ်။ ငါ့ဥစ္စာပြုတ်ရင် တဏှာ ပြုတ်တယ်။ 

ဘာလေး ပေါ်လာလာ ငါမဟုတ်တာ သိနေဖို့ အရေးအကြီးဆုံး ပါပဲ။

ဥပမာ ဆေးလိပ် သောက်ချင်တယ်။ ဆေးလိပ် သောက်ချင်တာလို့ သိနေရမယ်။ 
ငါမဟုတ်ဘူး။ တံတွေး ထွေးချင်ရင် တံထွေးထွေးချင်တဲ့ စိတ်ပဲ။ ငါမဟုတ်ဘူး။

ပစ္စည်းလေး တစ်ခု ကိုင်ချင်တယ်။ ကိုင်ချင်တဲ့စိတ် ပေါ်လာတာပဲ။ ပေါ်လာတဲ့ 
စိတ်တိုင်း ပေါ်လာတဲ့ စိတ်တိုင်းဟာ သူ့ကိစ္စနဲ့သူ ပေါ်လာတာကို သူ့အကြောင်း 
တိုက်ဆိုင်လို့ ပေါ်လာတယ်။ အကြောင်း 
တိုက်ဆိုင်လို့ ပေါ်လာတဲ့ စိတ်ပဲ။ စိတ်ပဲ စိတ်ပဲလို့ သိနေရမယ်။

ခန္ဓာကိုယ်ထဲ ပေါ်သရွေ့ ပေါ်လာတဲ့စိတ် 
ပေါ်တိုင်း ပေါ်တိုင်း သိနေရင် ဒိဋ္ဌိပြုတ်တယ်။ 
ဒါကို တစ်ခါတည်း မှတ်ထားပါ။

အသက် ရှူချင်တဲ့စိတ် ပေါ်တိုင်း ပေါ်တိုင်း သိရင် ဒိဋ္ဌိ ပြုတ်ပါတယ်။ ရှူချင်တဲ့စိတ် 
ပေါ်လာတယ်။ ရှူချင်တဲ့စိတ်လို့ သိပေး။ ရှိုက်ချင်တဲ့စိတ် ပေါ်လာရင် ရှိုက်ချင်တဲ့စိတ်လို့ သိရမယ်။
          
ဒီလို ပေါ်တိုင်း ပေါ်တိုင်း သိရင်  ဒိဋ္ဌိ ပြုတ်ပါတယ်။ နေရာကျပြီ။ 
           
မိမိစိတ်လို့ မရှိဘူး။ သူပေါ်လာရင် ဖျတ်ခနဲ 
ဖျတ်ခနဲ ပေါ်လာတဲ့စိတ်ကို ဘာရယ်လို့တော့ အဘိဓမ္မာနဲ့ နာမည် မတပ်ချင်နေ။

စားချင်တဲ့စိတ် ပေါ်ပြန်ပြီ၊ ဆေးလိပ် 
သောက်ချင်တဲ့စိတ် ပေါ်ပြန်ပြီ၊ အိပ်ချင်တဲ့စိတ် ပေါ်ပြန်ပြီ။ စိတ်ပေါ်တိုင်း သိနေရင် 
ဒိဋ္ဌိပြုတ်တယ်။

ဣဿာစိတ် ပေါ်ပြန်ပြီ၊ မစ္ဆရိယစိတ် 
ပေါ်ပြန်ပြီ။ ဣဿာဆိုတာ ငြူစူတာ၊ မစ္ဆရိယဆိုတာ ၀န်တိုတာ။ ပေါ်တိုင်း ပေါ်တိုင်း 
သိနေရင် ဒိဋ္ဌိပြုတ်တယ်လို့ မှတ်ထားကြပါ။

အဲဒါ အခု ပြောတော့ လွယ်တယ်နော်။ 
ကိုယ်ဟာကိုယ် ကျတော့  
လစ်လပ်သွားတယ်။

အဆင်းလေး မြင်တယ်။ ဖြူနီကြောင်ကျား 
မြင်တယ်။  မြင်ချင်တဲ့စိတ် ပေါ်ပြီ။ တရားသံ 
ကြားတယ်။ ကြားတဲ့စိတ် ပေါ်တယ်။ အနံ့လေး နံတယ်။ အနံ့သိတဲ့စိတ် ပေါ်နေတယ်။ လျှာပေါ် ချို ချဉ် ဖန် ငန် 
တင်လိုက်တယ်။ ငန်တာ သိတဲ့စိတ်၊ ချိုတာ သိတဲ့စိတ်၊ ဖန်တာ သိတဲ့စိတ် ပေါ်လာတယ်။ ပေါ်တိုင်း ပေါ်တိုင်း သိလို့ရှိရင် ဒိဋ္ဌိ ပြုတ်ပါတယ်။ ဘယ်စိတ်ပေါ်ပေါ် ပေါ်တိုင်း ပေါ်တိုင်း 
သိရင်  ဒိဋ္ဌိ ပြုတ်ပါတယ်။

ဒိဋ္ဌိ ဘယ့်နှယ်ကြောင့် ပြုတ်ပါလိမ့် မလဲလို့ အမေးထုတ်တော့ နဂိုက ငါထင်နေတယ်။
ပြောချင်တဲ့စိတ် ပေါ်တာကို ငါပြောလိုက်ရမယ်၊ ငါပြောလိုက်ရမလား ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးချင်လည်း သုံးပါတယ်။

အိပ်ချင်တဲ့စိတ် ပေါ်လာရင်လည်း ငါအိပ်တော့မယ်။  အိပ်ချင်တဲ့စိတ်ကို 
ငါလုပ်ပစ်မယ်လို့ ငါမရောစေနဲ့ ပြောတာပါ။ 
ငါမရောစေနဲ့။ ငါရောရင် ဒိဋ္ဌိဖြစ်လို့။
         
စိတ်အစဉ်အတိုင်း ပေါ်နေတာ။ ခင်ဗျားတို့ သန္တာန်မှာ တစ်စိတ်ပြီး တစ်စိတ် လာနေမှာပဲ။ အဲဒီ လာတဲ့စိတ်ကို တစ်စိတ် လာပြန်ပြီ၊ တစ်စိတ် လာပြန်ပြီလို့ သိနေလို့ရှိရင် ငါ မဟုတ်တာလေးတွေ သူ့အကြောင်း တိုက်ဆိုင်လို့ ပေါ်တဲ့စိတ်တွေ  တစ်စိတ်ပြီး 
တစ်စိတ် အစဉ်အတိုင်း ပေါ်နေတာကိုးလို့ သိလို့ရှိရင်
ဒိဋ္ဌိပြုတ်တဲ့ ဝိပဿနာ ဖြစ်လာလိမ့်မယ်။ 
အနိစ္စမြင်တဲ့ ဝိပဿနာ၊ ဒုက္ခမြင်တဲ့ ဝိပဿနာ မဟုတ်သေးပါဘူး။

ပေါ်တိုင်း ပေါ်တိုင်း သိနေလို့ စိတ်တစ်မျိုး 
ပေါ်ပြန်ပြီ၊ စိတ်တစ်မျိုး ချုပ်သွားပြီလို့ သိနေလို့ရှိရင် ပုဂ္ဂိုလ် သတ္တဝါ ပျောက်တယ်။

ပုဂ္ဂိုလ် သတ္တဝါ ပျောက်ထွက်သွားတော့ ပုဂ္ဂိုလ် မဟုတ်ဘူး၊ သတ္တဝါလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ သူတစ်ပါးလည်း မဟုတ်ဘူး၊  စိတ်ကလေး ပေါ်နေတာပဲ၊ 
စိတ်ကလေး ပေါ်နေတာပဲလို့ ဒီလိုသိပြီး  ပေါ်တဲ့စိတ်ကို အမှတ်ပြု သိနေလို့ရှိရင် 
ဒိဋ္ဌိပြုတ်တယ် မှတ်ပါ။ ဒါက သက္ကာယဒိဋ္ဌိ ပြုတ်တာ။ သဿတနဲ့ ဥစ္ဆေဒိဋ္ဌိ 
မပြုတ်သေးပါဘူး။ 

ဘုရားတစ်ဆူပွင့်မှ တစ်ခါ ကြားရတာ။သေသေချာချာ မှတ်ကြပါ။ မကြားဘူးလို့ 
မဖြုတ်တတ်လို့ ရှိရင် ငါမဟုတ်တာကို ငါလုပ်နေလိမ့်မယ် ဆိုတာလည်း 
ငြင်းဖို့မလိုဘူး။

ငါမဟုတ်တာ ငါလုပ်လို့ရှိရင် ဒိဋ္ဌိ ရောဂါဟာ ကူးစက်တော့မယ်။ ဘယ်လို ကူးစက်မလဲ။ ဘာမှ မဆိုင်တဲ့ ဟိုဘက်က ရုပ်နာမ်ကိုလည်း ငါ့သား လုပ်တော့မယ်။ ငါ့သမီး 
လုပ်တော့မယ်။ 

ပေါ်လာတဲ့ စိတ်ကို ငါမဟုတ် သူမဟုတ်၊ 
စိတ်တွေသာ ပေါ်နေတာ၊ စိတ်စဉ်တန်း 
ပေါ်နေတာလို့ မသိလို့ရှိရင် ဒိဋ္ဌိရောဂါဟာ 
ပွားသွားတော့မယ်။ ဒီ ရီကော်ဒါ Recroderလည်း ငါ့ဟာ၊ ဒီမိုက်ကရိုဖုန်း microphone လည်း ငါ့ဟာ။

ဒါ ဘယ်က လာပါလိမ့်မတုံး။ ခုနင်က ပေါ်လာတဲ့ စိတ်ကို ငါရယ်လို့ ထင်နေလို့။ 
ဒီစိတ်က ဟိုဟာကို ပိုင်တယ်လို့ ထင်ပေးလိုက်တော့ ငါ့ဥစ္စာဘက် ကူးသွားတယ်။

မိမိစိတ်ကို ငါထင်နေရင် ပစ္စည်းကို ငါ့ဥစ္စာလို့ တစ်ခါတည်းကူးစက်ပြီး ဝေဒနာ ပွားသွားတာပဲ။ 
            
ဘုရားလည်း သတ်နိုင်တယ်၊ 
အမိသတ်နိုင်တယ်၊ အဖသတ်နိုင်တယ်၊ 
သူတစ်ပါး ဥစ္စာတွေ လိမ်လည်တယ်၊ 
ကောက်ကျစ်တယ်၊ ခိုးတယ်၊ ဝှက်တယ်၊ 
ဓားပြတိုက်နိုင်တယ်၊ သူပုန်ထ နိုင်တယ်ဆိုတာက ဒိဋ္ဌိက ပွားတာ။

ကျန်တဲ့ အကုသိုလ်ဟူသရွေ့ ဒိဋ္ဌိက ပွားတာ။ ဒါကြောင့် သူ့ကို အရေးတကြီး ဖြုတ်နေတာ။ ဒိဋ္ဌိဟာ ငရဲရေသောက်မြစ်။ ရေသောက်မြစ် အရင်းကျကျ ဖြုတ်ပေးနေတာပါ။ အပါယ်ကို သွားမှာ စိုးရိမ်လို့ ရေသောက်မြစ် 
ဖြုတ်ပေးနေတာ ဆိုတာ လေးလေးစားစား 
မှတ်ပါလို့ ပြောလိုက်တယ်။
         
        မိုးကုတ်ဆရာတော်ဘုရားကြီး

-

ကံပြိုင်ရင် 
စိတ်ပင်ပန်းမယ်။
ဉာဏ်ပြိုင်ရင် 
စိတ်ရွှင်လန်းမယ်

ပေါ်ရာ ပြရာ
ထင်ရှားရာ
ငါမပါဘဲရှု။

ဒေါက်တာသစ်လွင်
#အရှင်ဥဇ္ဇယ

Credit..

ဗုဒ္ဓါနုဿတိ ဘာဝနာကနေဝိပဿနာ ကူးသွားတဲ့နည်း

ဗုဒ္ဓါနုဿတိ ဘာဝနာကနေ
ဝိပဿနာ ကူးသွားတဲ့နည်း
🌿🌿🌿🌺🌿🌺🌿🌿🌿

 ဘုရားဂုဏ်ကို အာရုံပြုပြီး
 စိတ်ထဲမှာ ကြည်နူးလာပြီဆိုရင် မိမိသန္တာန်မှာ ဖြစ်ပေါ်နေတဲ့ ပီတိကို ဆင်ခြင်စဉ်းစားလိုက်တာဟာ ဝိပဿနာ ပါပဲ။ 

 ဘုရားဂုဏ်ကို အာရုံပြုနေတာသမထ၊ အဲဒီလို အာရုံပြုနေလို့ ရရှိလာတဲ့ ပီတိလေးကို ဆင်ခြင်လိုက်တာကျတော့ ဝိပဿနာ။

 ပီတိဆိုတာ နာမ်တရား၊
 ဘယ်ကနေဖြစ်ပေါ်လာသလဲ ဆိုတော့ ပီတိဖြစ်နေတဲ့အခါ ရင်ထဲနှလုံးသားထဲက အေးချမ်းလာသည့်အတွက်ကြောင့် ပီတိဆိုတဲ့ နာမ်တရားသည် ဟဒယဝတ္ထုလို့ခေါ်တဲ့ ရုပ်တရားကို အမှီပြုပြီးတော့ ဖြစ်နေတာ။

 ပီတိက နာမ်တရား။
ပီတိရဲ့မှီရာ ဟဒယဝတ္ထုက ရုပ်တရား။ ဟောဒီနှစ်ခုလောက် သိလိုက်ရင် ရုပ်, နာမ် ကွဲသွားတာပဲ။

 ပီတိဟာ ဘာ့ကြောင့်ဖြစ်ရတာလဲ ဆိုတော့ ဘုရားဂုဏ်ကို အာရုံပြုလို့ ဖြစ်တာ။ ဘုရားဂုဏ်ကအကြောင်းတရား၊ ပီတိက အကျိုးတရား။

 ဒီ ပီတိတရားလေးကို စူးစိုက်ရှုရာကနေ မိမိသန္တာန်မှာ ကြက်သီးတဖြန်းဖြန်းဖြစ်နေတဲ့ ဒီ ပီတိလေးဟာ ပေါ်လိုက် ပျောက်လိုက် ဆိုတဲ့
 သဘောလေးတွေက ထင်ထင်ရှားရှား သိလာတယ်။

 တဆက်စပ်တည်း ပေါ်နေတာလား၊ ပေါ်ပြီးတော့ ပျောက်သွားတာလား၊ ပျောက်သွားပြီး ထပ်ပေါ်လာတာလားလို့ သေသေချာချာ စူးစမ်းဆင်ခြင်ရာက ဒီပီတိလေးဟာ ဖြစ်လိုက် ပျက်လိုက်ပါလားလို့ ဘာအတွေးအတောမှမပါပဲ ပစ္စုပ္ပန်တည့်တည့် သိလာတယ်။

 အဲဒီလို ဖြစ်လိုက် ပျက်လိုက်တွေ မြင်လာတဲ့အခါကျတော့ နဂိုတုန်းက ထာဝရကြီးလို့ ထင်နေတာ အခု မမြဲပါလား၊ နောက်ဆုံးမှာ 
 ဖြစ်တာတောင် မမြင်တော့ပဲ ပျက်တာက တရစပ်ကြီးပါလားလို့ မြင်လာတယ်ပေါ့။

 ဒီလောက် နှစ်သက်စရာကောင်းတဲ့ဗုဒ္ဓရဲ့ဂုဏ်တော်တွေကို အာရုံပြုနေရတဲ့ တရားတွေဟာလည်း မမြဲပါလား၊ မြဲတယ်ဆိုတဲ့အရာ
 ဘယ်ဟာမှ မရှိပါလား၊ မမြဲတဲ့အရာတွေနဲ့ အတူနေရတာဟာ ကြောက်စရာ ကောင်းလှပါလားလို့ သိလာတယ်။

 ပြီးတော့ သံသရာဝဋ်ဆင်းရဲမှာ ငါရထားတဲ့ ရုပ်နာမ်တွေဟာ စိတ်ပျက်ငြီးငွေ့စရာ ကောင်းလှပါလား၊ ဒီလောက် ငြီးငွေ့စရာကောင်းနေမှတော့ ဒါတွေက လွတ်ရင် ကောင်းမယ်လို့ လွတ်ဖို့ ဆင်ခြင်စဉ်းစားလာတယ်။

 ဒါတွေက လွတ်ဖို့ရာအတွက်
 ဘယ်လမ်းက သွားမလဲလို့
 ထွက်ပေါက်ရှာလိုက်တဲ့အခါကျတော့ ဒီ ရုပ်တရား နာမ်တရားတွေရဲ့
 သဘာဝကိုသိအောင် ဆင်ခြင်သုံးသပ်တာဟာ အမှန်ပဲလို့သိပြီး ဖြစ်ပျက်မှုတွေအပေါ်မှာ စိတ်ကလေးက တည်ငြိမ်မှုတွေ ရလာတယ်။

 သူ့ဟာသူ ဖြစ်နေတဲ့အပေါ်မှာ စိတ်ပျက်စရာလို့ မမြင်တော့ဘူး။ ချစ်ခင်စရာ မုန်းစရာလို့လည်း မမြင်တော့ဘူး။ စိတ်ကလေးကတည်ငြိမ်လာတယ်။

 မကြာခင်မှာပဲ ပီတိဆိုတဲ့
 သင်္ခါရအာရုံတခုကို ဖြတ်တောက်လိုက်ပြီးတော့
 ထိုသင်္ခါရတွေရဲ့ချုပ်ငြိမ်းရာ လမ်းဆုံးရာ နိဗ္ဗာန်ဆိုတဲ့ အာရုံတခုဆီကိုရောက်ရှိသွားတယ်။

 ပယ်စရာရှိတဲ့ ကိလေသာတွေကို ပယ်ပြီးတော့… လောကီကနေ လောကုတ္တရာကို ကူးသွားတယ်။

 အဲဒါဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကနေ ဝိပဿနာ ကူးသွားတဲ့နည်းပဲ။

ဒေါက်တာနန္ဒမာလာဘိဝံသ

𝐶𝑟𝑑.𝑂𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑊𝑟𝑖𝑡𝑒𝑟.

Saturday, November 26, 2022

အပြစ်ဆိုသည်မှာ

အပြစ်ဆိုသည်မှာ
++++++++++++++

★ အပြစ်ဆိုသည်မှာ မကောင်းတဲ့အကျိုးကို သယ်ဆောင်လာတတ်တဲ့ သဘောကိုပြောတာ။
လောဘရှိလို့ကိုယ့်ပစ္စည်းကိုနှမျောတာ ကိုယ့်ပစ္စည်းကိုတွယ်တာတာ ကိုယ့်မိသားစုအပါ်
တွယ်တာတာ။ အပြစ်မရှိဘူးလို့ထင်သလား ။အပြစ်ရှိတယ် ဘယ်လိုအပြစ်ရှိလဲဆိုရင်
အဲ့ဒီတွယ်တာမှုက သောကဆိုတဲ့ဆိုးကျိုးကိုယူဆောင်လာတတ်တယ်။ ဘယ်သူကယူလာလဲဆိုတော့လောဘကယူလာတာ ဒါအနည်းဆုံးအပြစ်ပဲ။ 
တွယ်တာတဲ့နေရာမှန်သမျှ သောကဆိုတာလာတာပဲ။
သောကဆိုတာကောင်းသလားဆိုတော့မကောင်းဘူး။ စိတ်ပူစေတယ်။

★ အသက်အရွယ်ကြီးသူ တွေဆိုပိုဆိုးတယ်။ မိဘတွေဟာ သားသမီးတွေနဲ့ပက်သတ်လာရင် 
အချိန်တန်လို့ အိမ်ပြန်ရောက်ရင်ရောက် အိမ်ပြန်မရောက်ဖူးဆိုရင် တမျှော်မျှော်နဲ့
အိပ်မပျော်ဖြစ်လာတယ်။ အမျိုးမျိုးတွေးတယ်လေ။အပြင်ထွက်သွားပြီးဆိုရင် ဟဲ့
ဘာများဖြစ်လာမတုန်းတဲ့။

★ ပစ္စည်းရှိတဲ့သူတွေကလည်း ပစ္စည်းအတွက်ကြောင့်ကြ 
သားသမီးရှိတဲ့သူတွေကလည်း သားသမီးအတွက်ကြောင့်ကြ ။
အဲ့ဒါလောဘက ပေးတဲ့ ပြဿနာတွေပေါ့။ လောဘကပေးတဲ့ Problem တွေပဲ။
လောဘမရှိဘူးဆိုရင် ဒါတွေငြိမ်းနေမှာသေချာတယ်။ မြတ်စွာဘုရားက ဟောထားတယ်
"ပီယတော ဇာယတေ သောကော" တဲ့ ဟောရှင်းးရှင်းလေးပဲ။ ချစ်ခင်တွယ်တာမှုသည် 
သောကကိုမွေးဖွားတတ်သည်တဲ့ ။လူတွေကတော့ သောကကင်းဝေး နေထိုင်ရေး ဆိုကာ
ကြိုးစားကြတယ်။ သို့သော်ချစ်ခင် တွယ်တာမှုကိုတော့ မလျှော့ကြဘူး။ သောကကိုဘယ်လိုလျှော့ရမှာတုန်း။အကြောင်းနဲ့အကျိုးကဆက်နေတာကိုး။

★ ကဲအဲ့ဒီတော့ကိုယ့်လောဘကို ကိုယ်(Control)လုပ်ရင် လုပ် ။
မလုပ်ရင်ဘာဖြစ်လာမလဲ ဆိုတော့ ကိုယ့်ပစ္စည်းကိုလိုချင်တဲ့ လောဘတင်မကဘူး 
သူများပစ္စည်းကိုလိုချင်တဲ့ လောဘ ဖြစ်လာပြီဆိုရင်တော့ပြဿနာတွေဖြစ်လာမှာပဲ။
ခိုးမှုတွေ ဓားပြတိုက်မှုတွေ ရာဇ၀တ်မှု ကျူးလွန်မှုတွေဟာ အဲ့ဒီလောဘကြောင့်
ဖြစ်ရတာ။အဲ့ဒီတော့လောဘရဲ့ အပြစ်က ဘယ်လောက်ထင်ရှားလဲ အဲ့ဒါကြောင့်မို့လို့ 
ပညာရှိတွေဟာ လောဘကိုမကောင်းဘူးလို့ပြောကြတာ။ဒါလက်တွေ့ပဲလေ။

★ မကောင်းတဲ့လောဘကို မထိန်နိုင်းဘူးဆိုရင် ထိုပုဂ္ဂိုလ်သည်သာမန်
လူကောင်းတစ်ယောက်ကနေ သူခိုးသို့ ရောက်အောင်ပို့လိမ့်မယ်။ သူခိုးဘ၀ကနေ ဓားပြ ဘ၀ကိုရာက်ပြီ။ဘယ်သူကပေးလိမ့်တဲ့နာမည်လဲဆိုတော့ လောဘကပေးလိုက်တဲ့နာမည်ပဲ။ 
အကယ်၍သာ သူများပစ္စည်းလိုချင်တဲ့လောဘမျိုးမရှိဘူးဆိုရင် သူသည် 
သူခိုးဓားပြ အဖြစ်ဘယ်နည်းနဲ့မှ မရောက်နိုင်ဘူး။

★ထို့အတူပဲမောဟဆိုတဲ့သဘာ၀တရားရှိတယ်။ သူကယဉ်ယဉ်ကလေးရယ်။
မောဟဆိုတာ တွေဝေနေတာ ဘာပြဿနာမှ မရှိဘူးလို့ ထင်ရတယ်။ 
မောဟကမှ ပိုပြဿနာကြီးတာ ။သူက လုပ်သင့်တာရယ် မလုပ်သင့်တာရယ် မသိဘူး။
မသိတော့ဘာတွေဖြစ်လဲဆိုတော့ မလုပ်သင့်တာတွေလုပ်တယ်။ လုပ်သင့်တာတွေမလုပ်ဘူး။
အဲ့ဒီတော့ မလုပ်သင်တာကို လုပ်လို့ရှိရင် အပြစ်ဖြစ်သလို လုပ်သင့်တာကို မလုပ်ရင်လည်း
အပြစ်ဖြစ်တယ်။ အဲ့ဒီနှစ်ခုဟာအတူတူပဲ။

★ ဟောဒီလောဘတို့ ဒေါသတို့ မောဟ တို့ဆိုတဲ့ လူတွေသန္တာန်မှာဖြစ်တဲ့ 
သဘာ၀တရားတွေဟာ ကုသိုလ်လား အကုသိုလ်လားဆိုတာ ကိုယ့်ကိုယ့် 
ဆန်းစစ်ကြည့်။ကုသိုလ်ဆိုတာ ကောင်းကျိုးချမ်းသာကိုပေးတဲ့သဘောတရား။
အကုသိုလ်ဆိုတာ မကောင်းကျိုးကိုပေးတဲ့သဘောတရား။လောဘ ဒေါသ မောဟ
မကောင်းတဲ့ အကျိုးကိုသယ်ဆောင်လာတယ်။ 
ဒါ့ကြောင့်အပြစ်ရှိသလား မရှိဘူးလားဆိုရင် အပြစ်ရှိတယ်။
ပြဿနာမဖြစ်စေဘူးလားဆိုရင် ဖြစ်စေတဲ့ တရားတွေချည်းပဲ။ပညာရှိတွေ ကဲ့ရဲ့တဲ့တရား။
ဒီတရားမျိုးကိုလက်ခံကျင့်သုံးတဲ့ လူတစ်ယောက်ဟာ ကျောင်းကျိုးချမ်းသာတွေ ဘယ်တော့မှရမှာမဟုတ်ဘူး။ဒါလက်တွေ့ ကိုယ်ကိုယ်တိုင် ဆင်ခြင်စဉ်းစားလို့ရတဲ့ အချက်နဲ့အဖြေထုတ်တာ။

(ကျေးဇူးတော်ရှင် ဒေါတာနန္ဒမာလာဘိဝံသ)

Credit...

အကြိမ်ကြိမ်ကြိုးစားပါ

အကြိမ်ကြိမ်ကြိုးစားပါ
___________________

လောကီအလုပ်ဖြစ်စေ, လောကုတ္တရာအလုပ်ဖြစ်စေ အလုပ်တစ်ခု အောင်မြင်ဖို့အတွက် ခဏတဖြုတ် လုပ်လို့ မရပေ၊ အချိန် ကြာမြင့်စွာ ကြိုးစားရ၏။ အချိန်ကြာမြင့်စွာ ကြိုးစားအားထုတ်ခြင်းကို "စိရကာလ ဘာဝနာ" ဟု ခေါ်သည်။

စိတ်ကလည်း ခက်၏။ ဘာပဲလုပ်လုပ် အစပိုင်းမှာတော့ စိတ်ပါလက်ပါ လုပ်၏။ ကြာတော့ ငြီးငွေ့သွား၏။ ငြီးငွေ့လျှင် " ဖြစ်မှာ မဟုတ်ပါဘူး" ဆိုပြီး နောက်ဆုတ်သွားတော့၏။ 

ယင်းသို့ နောက်ဆုတ်သွားသည့်အတွက် အလုပ်လည်း မပြီးတော့ပေ။ ထို့ကြောင့် အလုပ်တစ်ခု အောင်မြင်ဖို့အတွက် အချိန်ပေးရမည် ဖြစ်သည်။ ပန်းတို့သည် ချက်ခြင်း ပွင့်လာကြသည် မဟုတ်သကဲ့သို့ အသီးတို့သည်လည်း ချက်ခြင်း သီးလာကြသည် မဟုတ်ပေ။

ပေးဆပ်မှ ရနိုင်တာပါ
--------------------------

#ကဗျာဆရာ ရော့ဘတ်ဖရော့စ်သည် ကဗျာရေး ဝါသနာပါ၏။ ထို့ကြောင့် ကဗျာတို့ကို မြောက်များစွာ ရေးခဲ့၏။ သို့သော် ကဗျာစာအုပ် တစ်အုပ်ကိုတောင် မထုတ်နိုင်ခဲ့ပါ။ သူသည် ကဗျာများကို ကြိုးစားပြီး ရေး၏။ နှစ်ပေါင်း ၂၀- ကျော် ကြာမှ သူ ရေးသော ကဗျာများ နာမည်ကြီးပြီး ကဗျာစာအုပ် ထုတ်ဝေနိုင်ခဲ့သည်။

#အဆိုတော် ပါဗာရော့တီသည် သီချင်းဆို ဝါသနာပါ၏။ ထို့ကြောင့် ပညာရှင်များထံ ချဉ်းကပ်ပြီး အဆိုပညာ သင်ယူလေသည်။ သီချင်းပေါင်း မြောက်များစွာလည်း ဆိုခဲ့၏။ သို့သော် မအောင်မြင်ခဲ့ပါ။ ၁၄- နှစ်ကြာမှ သူဆိုသော သီချင်းသည် နာမည်ကျော်သွားလေတော့သည်။

#စန္ဒယားဆရာကြီး ရူဘင်စတိုင်ဆိုလျှင် နာမည် မကြီးခင်က စန္ဒယားကို နေ့တိုင်း လေ့ကျင့်၏။ တစ်ရက်မှ အပျက်မခံပေ။ နာမည်ကြီးသည့်နောက်ပိုင်းမှာလည်း နေ့တိုင်း လေ့ကျင့်၏။ လူတစ်ယောက်က " ဆရာကြီး ဒီလောက်တော်နေတာပဲ၊ နေ့တိုင်း လေ့ကျင့်စရာ မလိုပါဘူး" ဟု ပြောသောအခါ " အတော်ဆုံး ဖြစ်ချင်လို့ကွ" ဟု ပြောသတတ်။

#မဟာသီဝဆရာတော်ကြီးသည် တရားရဖို့အတွက် တောထဲကို ရောက်လာပြီး ဝိပဿနာတရားကို အပြင်းအထန် အားထုတ်လေ၏။ သို့သော် ဘာတရားမှ မရ။ ထိုသို့ အားထုတ်ရင်းဖြင့် နှစ်ပေါင်း ၃၀- ကြာသွားလေသည်။ ထို့နောက် ဆက်လက်ပြီး အားထုတ်တော့မှ ရဟန္တာအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။

ကြိုးစားမှအောင်မြင်မယ်
----------------------

မည်သည့်နယ်ပယ်မှာ ဖြစ်ဖြစ် အောင်မြင်မှု ရဖို့အတွက် ကြိုးစားအားထုတ်ရစမြဲပင် ဖြစ်သည်။ စစ်မှန်သော အောင်မြင်မှုတွင် ဖြတ်လမ်းဆိုသည်မှာ မရှိပါ။ ထို့ကြောင့် ခိုင်မာသော စိတ်ဓာတ်ဖြင့် ပုံမှန် ကြိုးစားဖို့ လို၏။

" အနာခံမှ အသာစံရမည်" ဆိုသည့်အတိုင်း အောင်မြင်ဖို့အတွက် ကြိုးစားရစမြဲ ဖြစ်သည်။ ထို့ကြောင့် ဘာပဲလုပ်လုပ် "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုသကဲ့သို့ နောက်မဆုတ်တမ်း ကြိုးစားရမည် ဖြစ်၏။ ယင်းသို့ ကြိုးစားမှလည်း အောင်မြင်မှု ရရှိမည် ဖြစ်ပါပေ၏။

သံကောင်းသည့်ဓား၊ ဖြစ်တုံငြားလည်း၊ 
ကျောက်သားထက်တွင်၊ မပြုပြင်က၊
သံပင်ကောင်းလျှက်၊ ဓားမထက်နိုင်။

ဉာဏ်စွမ်းဉာဏ်ဆ၊ ရှိတုံကလည်း 
လုံ့လနတ္ထိ၊ ဇွဲမရှိက၊ လိုရာခရီး၊
အချည်းနှီးတည်း။

သီဟမည်ခေါ်၊ ခြင်္သေ့သော်လည်း၊ 
အိပ်ပျော်၍သာ၊ နေခဲ့ပါမူ ၊
ဘယ်မှာစားဖွယ်၊ ခံတွင်းလယ်သို့၊
သားငယ်သမင်၊ ဝင်လာအံ့နည်း။ 
(မန်လည်ဆရာတော်)

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
_______________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

ပျက်စီးချိန်တန်သော်

"ပျက်စီးချိန်တန်သော်"
•••••••••••••••••••••••
#လူဟာ ပျက်စီးချိန်တန်လာရင်
၁။ ပညာ၊ သတိပျောက်လာတတ်တယ်။
၂။ အကျင့်သီလပျက်လာတတ်တယ်။
၃။ အကျင့်ပျက်လာရင် ဘုန်းကံပါကျလာတတ်တယ်။
၄။ အမှားကိုအမှန်ထင်၊ အမှန်ကို အမှားထင်ပြီး ဘယ်သူ့စကားမှ နားမဝင် ဖြစ်လာတတ်တယ်။

#ကိုယ့်အခြေအနေကိုယ်သိ၊ ကိုယ့်အလုပ်ကို ပြန်ကြည့်ပြီး သတိမချွတ်အောင် ကြိုးစားနေထိုင်ဖို့ပါပဲ။

 “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိန္ဒြိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောကျ်ားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)

မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ

လူ့ဘ၀မှာကျေနပ်စရာများ

🌷 ❝ လူ့ဘ၀မှာ 
           ကျေနပ်စရာများ ❞ 🌷

🌸 ဘ၀မှာ ကျေနပ်စရာတွေဆိုတာ 
      တခြားဟာတွေကို 
      ပြောတာမဟုတ်ဘူး၊

🌸 ငါးပါးသီလ ရှိရင်လည်း 
      ကျေနပ်စရာ ကောင်းတယ်၊ 

🌸 ဘုရားဂုဏ််ကို အာရုံပြုပြီးတော့ 
      ကြည်နူးမှု ရတာလည်း 
      ကျေနပ်စရာ ကောင်းတယ်၊ 

🌸 တရားဂုဏ်ကို အာရုံပြုပြီးတော့ 
      ကြည်နူးမှု ရတာလည်း 
      ကျေနပ်စရာကောင်းတယ်၊ 

🌸 သံဃာဂုဏ်ကို အာရုံပြုပြီးတော့ 
      ကြည်နူးမှု ရတာလည်း 
      ကျေနပ်စရာကောင်းတယ်။ 

🌸 ကိုယ့်သီလကို ကိုယ်
      ဆင်ခြင်ပြီးတော့ 
      ကြည်နူးမှုရတာလည်း 
      ကျေနပ်စရာကောင်းတယ်၊ 

🌷 ကျေနပ်စရာ(၅)မျိုး 
      ဘ၀မှာ ကျေနပ်စရာတွေ။

 မြတ်စွာဘုရားက ...
 အဲဒီအချက်အလက်တွေနဲ့ ပြည့်စုံရင် 
 နောက်ဘ၀တွက် မစိုးရိမ်နဲ့တော့ 
 စိုးရိမ်စရာ မရှိတော့ဘူး။ 
 ငရဲ မရှိတော့ဘူး။ 
 တိရစ္ဆာန်ဖြစ်ဖို့ မရှိတော့ဘူး။

🌸 အခက်အခဲကြုံတိုင်း 
      အခက်အခဲကြုံသည်ဖြစ်စေ၊
မကြုံသည်ဖြစ်စေ  ကိုယ့်ဘ၀မှာ 
အမှတ်ရနေရမှာကတော့
မြတ်စွာဘုရားပဲ။

🌸 ဘုရားရဲ့ဂုဏ်တော်တွေကို
      အမှတ်ရလိုက်ပါ၊   
      ဘုရားကို အာရုံပြုပြီးတော့ 
      နှလုံးသွင်းဆင်ခြင်နေပါ။ 

🌸 တရားကို အာရုံပြုပြီးတော့
      နှလုံးသွင်းဆင်ခြင်နေပါ။

🌸 ဒေါသကင်းတဲ့အကျင့်၊
      ကောင်းမြတ်တဲ့အကျင့်၊
မေတ္တာတွေ ပွားပါ။ ပွားလို့ ရှိရင် 
အဲ့ဒါတွေဟာ 
နတ်ပြည်ရောက်ဖို့ရာအတွက်၊
ကောင်းရာသုဂတိ ရောက်ဖို့ရာအတွက် 
ဖြစ်ပါလိမ့်မယ်။ 

🌸 ကိုယ့်မှာလှူစရာတွေ ရှိရင် 
      ကုသိုလ်ရှာတဲ့ ပုဂ္ဂိုလ် ဆိုလို့ ရှိရင် 
ကိုယ်ကျင့်သီလနဲ့ ပြည့်စုံပြီးတော့ 
ကိလေသာ ငြိမ်းအောင်ကျင့်နေတဲ့ 
ပုဂ္ဂိုလ်တွေကို လှူလိုက်ပါ။ 
မင်းလှူတဲ့ အလှူဟာ အင်မတန်မှ 
ကြီးကျယ် ကျယ်ပြန့်တဲ့ 
အကျိုးတရားတွေ 
မင်းဆီ ယူဆောင်လာပါလိမ့်မယ်။

🌸 ငါးပါးသီလပြည့်စုံတယ်၊ 
      ဘုရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ 
တရားဂုဏ်ကို အာရုံပြုနိုင်တယ်၊ 
သံဃာဂုဏ်ကို အာရုံပြုပြီး 
လှူနိုင်တန်းနိုင်တယ် ...
ကျေနပ်စရာကြီးပေါ့။ 

🌷 ဘ၀မှာ ကျေနပ်စရာကောင်းတဲ့ 
      အချက်တွေရလာပြီဆိုရင် 
ငါတို့ဟာ တကယ့် အရမ်းတော်တဲ့
လူဘ၀ရပြီဆိုပြီးတော့ 
ကိုယ်စီကိုယ်စီ ဝမ်းမြောက်ဝမ်းသာ 
ဖြစ်ကြရမှာ ဖြစ်တယ်။

      🍀 ပါမောက္ခချုပ်ဆရာတော်ကြီး 
            ဒေါက်တာ
            အရှင်နန္ဒမာလာဘိဝံသ
                       🙏🙏🙏
 
မေတ္တာဖြင့်

မြတ်ဘုရား၏ အဆုံးအမ အနှစ်ချုပ်

မကောင်းတဲ့ လူပေမယ်လို့ မကောင်းတာ အကျိုးမပေးသေးဘူးဆိုရင် ကောင်းတာကို တွေ့ရနိုင်တယ်။
မကောင်းမူ အကျိုးပေးပြီဆိုတော့မှမကောင်းတာပဲ တွေ့ရတော့တာ။

ကောင်းတဲ့လူပေမယ်လို့လည်းပဲ
ကောင်းတာက အကျိုးမပေးသေးဘူးဆိုရင် မကောင်းတာကို တွေ့ရတတ်တယ်။ ကောင်းတာတွေ အကျိုးပေးပြီဆိုတော့မှသူဟာ ကောင်းတာတွေပဲ တွေ့ရလိမ့်မယ်။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

"မြတ်ဘုရား၏ အဆုံးအမ အနှစ်ချုပ်(၁)"
တရားတော်မှ

မိတ်ဆွေကောင်းရှိမှ စိတ်လုံခြုံတယ်

*မိတ်ဆွေကောင်းရှိမှ စိတ်လုံခြုံတယ်*
☘☘☘🌺🌺🌺☘☘☘

 တရားနဲ့နေတဲ့သူဟာ  . . .
 အများနဲ့ဆက်ဆံတဲ့ နေရာမှာ
 တကိုယ်ကောင်း မဆန်ဘူး။
 မရိုးသားတာ မလုပ်ဘူး။
 သူလည်း အကျိုးရှိ , 
 ကိုယ်လည်း အကျိုးရှိတာ လုပ်မယ်။
 အဲဒါ သည်းခံနိုင်တာနော်။
 အဲဒီလို စိတ်ထားကြောင့်
 ဆက်ဆံရေးမှာ ကလျာဏမိတ္တ ,မိတ်ကောင်းတွေ တိုးနေတယ်။

 မကြာမကြာတွေ့ရတဲ့ မိတ်ဆွေတွေဟာ
 ကိုယ့်အမျိုးလို ဖြစ်လာမယ်။
 ညီအစ်ကို မောင်နှမတွေလို ဖြစ်လာမယ်။
 ဟန်ဆောင်မှုတွေ မလိုတော့ဘူး။ 

 အလုပ်တွေ အတူလုပ်တဲ့အခါလည်း
 ရိုးရိုးသားသား ဆက်ဆံမယ်။ 
"သူ ရတာနည်းပြီး ငါရတာ များအောင်
 ဘယ်လိုလုပ်မလဲ " လို့ မစဉ်းစားတော့ဘူး။
 သူနဲနဲ ပိုရသွားရင် . .  ရပါစေ,
 ငါ့မိတ်ဆွေ ရသွားလို့ သူ့အတွက်
 မုဒိတာ ပွားတယ်။ ဝမ်းသာတယ်။
 ကုသိုလ်စိတ်တောင် ဖြစ်လိုက်သေးတယ်နော်။ 

 အဲဒီလို နေတတ်မှ ဘဝဟာ
 ပိုပြီး ပြည့်ဝတယ်လို့ ပြောမယ်နော်။

 မိတ်ဆွေကောင်း မရှိရင် ဘဝဟာ ချို့တဲ့တယ်။
 စိတ်ကောင်း,စေတနာကောင်း မရှိရင်လည်း ဘဝဟာ ချို့တဲ့တယ်။
 နက်နဲတဲ့အသိဉာဏ် မရရင်လည်း အဲဒီဘဝဟာ ချို့တဲ့နေတယ်။

 အဲဒီတော့ ဘဝကို ရုပ်ပိုင်းသက်သက်နဲ့ တိုင်းလို့ မရဘူး။ မပြည့်စုံဘူး။ မလုံလောက်ဘူး။

 သေခါနီးမှာ  . . .
 ငါ့အိမ်က ဘယ်လောက်တန်တယ်။ ကားကဘယ်လောက်တန်တယ်။ ပိုက်ဆံဘယ်လောက်ရှိတယ် . . .  လို့ တွေးပြီး ကိုယ့်ဘဝကို တကယ် ကျေနပ်နိုင်မှာ မဟုတ်ဘူး။

 အဲဒီပိုက်ဆံတွေဟာ . . .
 ကိုယ့်ကို ချစ်နေမှာ မဟုတ်ဘူး။ ကိုယ်ချင်းစာမှာလည်း မဟုတ်ဘူး။မေတ္တာ ဂရုဏာကိုပိုက်ဆံနဲ့ ဝယ်ယူလို့ မရဘူးနော်။

 ပစ္စည်းဥစ္စာ , ရာထူးကို မကြည့်ဘဲနဲ့
 လူတစ်ယောက်က ကိုယ့်ကို
 ရိုးသားပွင့်လင်း လှိုက်လှဲရင်းနှီးမှုတွေနဲ့ 
 ဆက်ဆံခြင်းခံရတာဟာ လူတစ်ယောက်ဆီက
 ကိုယ်ရလိုက်တဲ့ အကောင်းဆုံး အရာပဲနော်။

 ငါသူ့ကို ဘာအကောင်းဆုံးပေးနိုင်မလဲ ?
 စဉ်းစားကြည့်ရင် . . .
 တကယ်အကောင်းဆုံး ပေးနိုင်တာဟာ
 ရိုးသားပွင့်လင်းရင်းနှီးစွာနဲ့
 မတ်ေတာ , ဂရုဏာ , စတေနာနဲ့ ဆကျဆံတာပဲ။
 အဲဒါ အကောင်းဆုံး ပေးတာပဲ။ 
 အဲဒီလို ဆက်ဆံရေးမျိုးဟာ
 ကျန်းမာရေးအတွက်လည်း အရေးပါတယ်နော်။

 သူ့မှာ အခက်အခဲ ရှိတဲ့အခါ 
 ပစ္စည်းအကူအညီလည်း ပေးမယ်နော်။
 ပစ္စည်းအကူအညီနောက်မှာ
 စိတ်ထားလေး ပါနေမယ်။
 အဓိကကျတာ စိတ်ထားနော်။
 ငါသူ့ကို ဒါပေးရင် သူဘာပြန်ပေးမလဲ ?
 မမျှော်လင့်ဘဲ ပေးလိုက်ရတာကိုပဲ
 ဝမ်းသာလိုက်တာ ။

 အဲဒီလို . . မိတ်ဆွေတွေ
 အများကြီး ရှိရင် သိပ်ပျော်မယ်နော်။ 
 အဲဒီလို မိတ်ဆွေတွေ ရှိနေရင် 
" ငါ အသက်ကြီးလာရင်
  နေရေးထိုင်ရေးမှ အဆင်ပြေပါ့မလား" လို့
 တွေးပူစရာ မလိုဘူးနော်။

 ဒါကြောင့် စိတ်လုံခြုံမှုဆိုတာ
 မိတ်ဆွေကောင်း ရှိမှရတယ်။
 ငွေကြေးတစ်ခုတည်းနဲ့
 စိတ်မှာ လုံခြုံမှု မရှိနိုင်ဘူး။ 
 စိတ်အေးချမ်းမှု မရှိနိုင်ဘူး။

 တစ်ချို့ကတော့ တွေးမှာပေါ့။ 
 ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။
 လိုတာရှိရင် ပိုက်ဆံပေးလိုက်ရင် ရမှာပဲ။
 ဟုတ်တယ် , စားစရာရမယ်။ ဝတ်စရာရမယ်။
 နေစရာရမယ်။ တခြားဟာရမယ်။

 ဒါပေမယ့် . . .  မေတ္တာတော့ . . . မရဘူး။

ဆရာတော် ဦးဇောတိက 
    ( မဟာမြိုင်တောရ )

Credit..

Thursday, November 24, 2022

နဂါးဆိုတာ ဘယ်လိုကံကြောင့် ဖြစ်ရတာလဲ

အရှင်ဘုရား !

နဂါးဆိုတာ ဘယ်လိုကံကြောင့် ဖြစ်ရတာလဲ

~~~~~~~~~~~~~~~~~~~~~~~~~~~~

နဂါးဆိုတာ တိရစ္ဆာန်တစ်မျိုးပါပဲ။

တိရစ္ဆာန်ဆိုတာ အကုသိုလ်ကံကြောင့် ဖြစ်ရတာပါ။

ဒါပေမယ့် နဂါးက နတ်နဂါးမျိုးနွယ်တွေဆိုရင် နတ်စည်းစိမ်တွေ ရရှိပါတယ်။

နတ်စည်းစိမ်တွေ ရရှိတာက ကုသိုလ်ကံကြောင့်ပါ။

ကံနှစ်မျိုး ရောနေပါတယ်။

ဒါ့ကြောင့် ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်၊ သုတသုတ်မှာ

 ကုသိုလ်ကံ၊ အကုသိုလ်ကံ နှစ်မျိုးလုံး လုပ်ထားသူက နဂါးဘဝကို ရဖို့ ဆုတောင်းရင် နဂါးဖြစ်တတ်ကြောင်း မြတ်စွာဘုရား ဟောတော်မူပါတယ်။

Credit.. ဓမ္မဝိနယ page

ခက်ခဲတဲ့နေ့ကို မုဒိတာရဲ့ အင်အားနဲ့ ဖြတ်ကျော်ဖူးပါသလား?

ခက်ခဲတဲ့နေ့ကို မုဒိတာရဲ့ အင်အားနဲ့ ဖြတ်ကျော်ဖူးပါသလား?
▬▬▬▬▬▬▬▬▬
အပိုင်း(၁)

★ ဒီညတရားပွဲကို SSBU eLearn application ကို celebrate လုပ်တဲ့အနေနဲ့ ဘုန်းဘုန်းရဲ့မွေးနေ့ရော တခြား တရားနာပရိတ်များ အားလုံးရဲ့မွေးနေ့ကိုရော ဘုန်းဘုန်းနဲ့ရက်ချင်းတူတူ မတူတူ အားလုံးကို မွေးနေ့အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားတဲ့ခေါင်းစည်းကတော့ "ခက်ခဲတဲ့နေ့ကို မုဒိတာရဲ့ အင်အားနဲ့ ဖြတ်ကျော်ဖူးပါသလား" "Rely on a joyous moment to get through a hard day? တရားခေါင်းစည်းက မုဒိတာအကြောင်းပါ။

★ ဒီမုဒိတာကို ဘယ်အခြေအနေမှာ အသုံးပြုဖို့တုန်း ဒါလေး မေးစရာရှိတယ်။ မုဒိတာ ပျော်ရွှင်တယ်လို့ပြောရင် လူအများစုကတော့ အစစအရာရာအဆင်ပြေနေတဲ့ အချိန်မှာ ပီတိဖြစ်တာ မုဒိတာဖြစ်တာ အဲဒါကို မျက်စိထဲတန်းမြင်ပါလိမ့်မယ်။ ဒါကတော့ အများသိနေကြ မုဒိတာပါ။ အဆင်ပြေတဲ့ အချိန်မှာ မုဒိတာ ဖြစ်တယ်ပေါ့။ 

★ ဘာဖြစ်လို့တုန်းဆိုတော့ အဆင်မပြေတဲ့အချိန်မှာ လူတွေ စိတ်ညစ်သလောက် အဆင်ပြေလာရင် စိတ်ချမ်းသာဖို့‌ မေ့နေကြတာကိုး။ ခဏလေးပဲ စိတ်ချမ်းသာတာ၊ ပြီးရင် ကိုယ်ရရှိထားတဲ့ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ်လက်ဝယ်ပိုင်ပိုင် ရရှိထားတဲ့ ပျော်ရွှင်မှု အကြောင်းအရင်းတရား condition for happiness အဲဒါတွေကို မေ့နေတဲ့အခါကျတော့ ပျော်ရွှင်စရာ အကြောင်းတရားတွေ ရှိပါရဲ့နဲ့ မပျော်ရွှင်နိုင်ဘူး။

★ အစာအာဟာရတွေ ပြည့်စုံနေပါလျှက်နဲ့ အာဟာရချို့တဲ့နေတယ်၊ အာဟာရပျက်နေတယ်။ အဲဒါ ဘာဖြစ်လို့တုန်းဆိုတော့ အာဟာရတွေ ရှိနေတာ မေ့နေလို့။ ဘာစားလို့ စားမှန်းမသိဘူး၊ စားစရာမရှိဘူးဆိုပြီးတော့ စိတ်ထဲမှာ ခံစားနေရတယ်။

★ ကိုယ့်ရဲ့ အစာအာဟာရရှိ‌နေတာကို မေ့နေလို့၊ ဒီအစာအာဟာရက နာမ်အစာအာဟာရပါ၊ စိတ်အာဟာရ။ ပဋ္ဌာန်း (၂၄)ပစ္စည်းထဲမှာ အာဟာရပစ္စယောလို့ပြောရင် ရုပ်အာဟာရ အတုံးအခဲ အလုတ်အလွေး ပါးစပ်ထဲကနေ စားတဲ့ ရုပ်အာဟာရ ၂၅-ရာခိုင်နှုန်းပဲပါပါတယ်။ စိတ်ပိုင်းဆိုင်ရာ အာဟာရက ၇၅-ရာခိုင်နှုန်း ရှိပါတယ်။ အဲဒါတော့ ခေါင်းစည်းတခုဖြစ်သွားပြီး၊ အဲဒီ အာဟာရအကြောင်းတော့ မပြောသေးဘူး ဒီတရားပွဲမှာ။

★ အခုပြောချင်တာ ဘာပြောချင်တာတုန်းဆိုရင် မုဒိတာ ပွားတဲ့နေရာမှာ အစစအရာရာ အဆင်ပြေနေတဲ့အချိန် ဘဝစိတ်ကျေနပ်မှုရှိနေတဲ့အချိန် ကိုယ့်ဘေးပတ်ဝန်းကျင်နဲ့လည်းပဲ နားလည်မှုတွေ ရနေတဲ့အချိန်၊ စီးပွားတွေ ကောင်းနေတဲ့အချိန်၊ ကိုယ့်ကို ဆန့်ကျင်တဲ့လူတွေ မရှိတဲ့အချိန်၊ everything is going on. အဲဒီအချိန်မှာ ဖြစ်နေတဲ့ မုဒိတာကို ပြောမှာ မဟုတ်ဘူး ဒီနေ့ည၊ ခက်ခက်ခဲခဲ လေ့ကျင့်ရတဲ့ မုဒိတာကို ပြောမှာ။ 

★ ဒီမုဒိတာကတော့ ဘာတုန်းဆို အဆင်မပြေတဲ့အချိန်မှာ အသုံးပြုရတဲ့ မုဒိတာ။ အဆင်မပြေတဲ့အချိန်မှာ အသုံးပြုဖို့အတွက် emotional quality ကို ဘုန်းဘုန်းက ကရုဏာအနေနဲ့ ဟောလေ့ရှိပါတယ်၊ ဒီနေ့ညတော့ မုဒိတာနဲ့လည်း အဲဒီနေရာမှာ အသုံးပြုနိုင်တယ်လို့ ဘုန်းဘုန်းက ပြောချင်တာ။

★ ဒါကြောင့် အဆင်မပြေတဲ့ နေ့တနေ့ကို မုဒိတာနဲ့ ကျော်ဖြတ်ဖို့ဆိုတာ မုဒိတာရဲ့အင်အားကို အသုံးပြုပြီး ကျော်ဖြတ်ဖို့ဆိုတာ ကျော်ဖြတ်နိုင်ပါ့မလား။ အဆင်မပြေဘူးဆိုမှ ဘယ်လိုလုပ် မုဒိတာဖြစ်မှာတုန်း၊ ဘယ်လိုလုပ် ပီတိဖြစ်မှာတုန်း။ 

★ ကိုယ်ဒုက္ခရောက်တာ ပြန်ပြီးတော့ cheer လုပ်တာ ဘယ်သူမှ မလုပ်ဘူး။ ကိုယ့်ဟာကိုယ် အပြစ်တင်တာ ဖြစ်ရင်ဖြစ်မယ်၊ တခြားလူအပြစ်တင်တာ ဖြစ်ရင်ဖြစ်မယ်။ စိတ်ညစ်နေတာ ဖြစ်ရင်ဖြစ်မယ်။ အဲဒါမျိုးတွေပဲ ဖြစ်ကြတယ်။ ဘယ်လိုလုပ် မုဒိတာ ဖြစ်မှာတုန်း ဒီမေးခွန်း မေးစရာရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။
 
ကျေးဇူးတော် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ
🙏🙏🙏

(၂၁.၁၁.၂၀၂၂) ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွက်ပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွက် ဟောကြားတော်မူခဲ့သော ❝ခက်ခဲတဲ့ နေ့ကို မုဒိတာရဲ့ အင်အားနဲ့ ဖြတ်ကျော်ဖူးပါသလား - Rely on a joyous moment to get through a hard day?❞တရားအသံတော်မှ စာစီပူဇော်ပါသည်။

Credit.. အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ page

အလိုမကျတိုင်းသာမုန်းကြေးဆိုရင်..

"အလိုမကျတိုင်းသာ မုန်းကြေးဆိုရင်"
~~~~~~~~~~~~~~~~~~~~

ကိုယ့်စိတ် အလိုမကျတိုင်းသာ မုန်းကြေးဆိုရင်
ပထမဆုံး မုန်းရမှာက 
ကိုယ့်ရုပ်ခန္ဓာကြီးပါပဲ...။

မိုးလင်းတည်းက
ခန္ဓာကြီးကထွက်သမျှ 
ဘာများနှစ်သက်စရာရှိလို့လဲ?

စားဖို့ ရှာရတယ်,
ဆာတော့ စားရတယ်,
စားပြီးတော့ ပြန်စွန့်ရပြန်တယ်, ဒီလိုနဲ့ ခန္ဓာကြီးအလို လိုက်ရင်း အိုရာက နာပြီး နောက်ဆုံးသေရတာပဲ...။

ဝတဲ့သူက ပိန်ချင်ပြီး,
ပိန်တဲ့သူက ဝချင်ပြန်တယ်၊
ဘာလို့ စိတ်သောကဖြစ်ခံနေမှာလဲ?

အလိုမကျတာကို သိရင်,
အလိုကျဖို့အတွက်က
ရောင့်ရဲတင်းတိမ်တတ်ဖို့ပဲလိုတယ်...။

ကိုယ်ပိုင်တဲ့
ကိုယ့်ရုပ်ခန္ဓာကြီးတောင်,
ကိုယ့်စိတ် အလိုကျအောင်
အမြဲခိုင်းလို့ရတာမှမဟုတ်ပဲ...။

ဘာလို့များ အချိန်ကုန်ခံ 
သူများကိုမုန်းပြီး
စိတ်သောက ဖြစ်ခံနေမှာလဲ?

အချိန်တွေနှမြောရင်
ဘယ်သူ့ကိုမှ မမုန်းပါနဲ့...။

(​ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

Credit..

Wednesday, November 23, 2022

အာရုံချည်တိုင် ခိုင်ခိုင်ချည်.

… ☘️ #အာရုံချည်တိုင်_ခိုင်ခိုင်ချည်ပါ ☘️ …
.
🔹 စိတ်မိုက်နွားဆိုး သတိကြိုးနှင့် 
       အာရုံချည်တိုင် ခိုင်ခိုင်ချည်ပါ ဆိုတာ
  သိထားပြီး ဖြစ်နေပါပြီ။
  လွတ်သွားတဲ့ စိတ်လေးက 
  နွားဆိုးလေးနဲ့ တူတယ်။  
  နွားမိုက်, နွားဆိုး, နွားရိုင်းလေးက 
  ကြိုးနဲ့ ချည်ထားမှ 
  တိုင်မှာ ခိုင်ခိုင်ချည် မထားဘူးဆိုရင်
  ပေါက်လွှတ်ပဲစား သွားချင်ရာသွား
  ဖြစ်ချင်ရာ ဖြစ်နေတယ်။  
  အဲဒီသဘောပဲ၊    
  စိတ်မိုက်နွားဆိုးလေးကို 
  “သတိ”ဟူသော ကြိုးနဲ့ ချည်ရမယ်။ 
  ဘယ်မှာ ချည်ရမလဲ ဆိုတော့ 
  “အာရုံ”မှာ ချည်ရမယ် ။ 
  မှတ်စရာ အာရုံတွေက ချည်တိုင်ပါဘဲ၊ 
  ခန္ဓာချည်တိုင် ပေါ့နော်။   
  ခိုင်ခိုင်ချည်ပါ ဆိုတာ 
  လုံ့လဝီရိယ စိုက်တာကို ပြောပါတယ်။    

🔹 လုံ့လဝီရိယ ရှိတဲ့ ပုဂ္ဂိုလ်ဟာ 
  ဟိုရောက် ဒီရောက် စိတ်တွေ
  လျော့နည်းသွားတယ်။   
  အဝေးရောက်တဲ့ စိတ်က #ဝိက္ခိတ္တစိတ်။  
  အဲဒီစိတ်တွေ ရှိနေတဲ့သူဟာ 
  ဖြစ်ခိုက် ရုပ်နာမ်ပေါ်မှာ  
  သိခွင့်မရတော့ဘူး။ 
  သိခွင့် မရရင် အမှန်အတိုင်းမသိ၊ 
  အမှား စွဲလမ်းမှုက ဝင်လာတော့တာပဲ။
  ရုပ်နဲ့ နာမ် အမှန်ရှိလျက်သားနဲ့ 
  ငါ တရားအားထုတ်နေတယ်၊ ငါသိနေတယ်၊ 
  ငါ့အသိတွေ သိပ်ပြီး ထူးခြားနေတယ်၊
  အဲဒီလို စွဲလမ်းလိုက်တာဟာ  
  “မိစ္ဆာဒိဋ္ဌိ” ဖြစ်သွားတာ   
   သိပ်နာတာပဲနော်။  
   အဲဒါ ရှုမှတ်မှု ကင်းသွားလို့ပါ။ 
   ရှုမှတ်မှု မကင်းရင်  
   အမှန်အတိုင်း သိမြင်တော့ 
   အဲဒီလို အစွဲတွေ ဖြစ်ခွင့်မရပါဘူး။ ။ ။
.
.
. { ရွှေဥမင်ဆရာတော်ဘုရားကြီး }
                       🙏 🙏 🙏 
                      Virgo Virgo

စေတနာကောင်းလျှင် ကံကောင်းသည်

❝ စေတနာကောင်းလျှင် ကံကောင်းသည် ❞
••••••••••••••••••••••••••••••••••••••••

 ကိုယ့်ရှိတာကို လှူတဲ့ ပုဂ္ဂိုလ်ဟာ 
 လှူခြင်းကြောင့်…
 ဖြစ်လေရာ ဘ၀မှာ
 စည်းစိမ်ဥစ္စာ များပြားတယ်ဆိုတဲ့ 
 အကျိုးကို ရတယ်။

 ဘာဖြစ်လို့တုန်းဆိုတော့…
 ကံရဲ့ သေဘာတရားကို 
 တုန့်ပြန်မှုလို့ ခေါ်တယ်။
 ကိုယ်လုပ်တဲ့ ကံဟာ
 ကိုယ့်ဆီ တုန့်ပြန်လာတာပဲ။

 ကိုယ်လုပ်တဲ့ကံက 
 သူတစ်ပါးကို ရစေတာဖြစ်လို့
 သူတစ္ပါးကို ရေစတဲ့
 ဒါနကောင်းမှုသည် …
 ကိုယ့်ကို ပြန်ရစေတယ်ဆိုတဲ့ အကျိုး 
 တုန့်ပြန်ပေးတယ်။

 သူတစ်ပါးကို …

 "လာပါ၊ လှူကြရအောင်၊ လှူပါ"လို့
 တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကျတော့…
 ကိုယ်က တိုက်တွန်းလို့ 
 အခြားသူတစ်ယောက် 
 ကုသိုလ်ကောင်းမှု လုပ်ဖြစ်သွားတယ်။

 သူဟာ ကိုယ်နဲ့ မိတ်ဖက် ဖြစ်သွားတယ်။

 တိုက်တွန်းလို့ လှူဖြစ်သွားတော့ 
 ကုသိုလ်ကောင်းမှုတွေ လုပ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ …
 ကိုယ်ရဲ့ မိတ်ဆွေအပေါင်းအသင်း
 ဖြစ်သွားတယ်။

 ဒါကြောင့် …

 သူများကို တိုက်တွန်းပေးခြင်းအားဖြင့်
မိတ်ဆွေ အပေါင်းအသင်းတွေ များတယ်။

 အဲဒီနေရာမှာ …

 လှူရင် စည်းစိမ်ဥစ္စာကို ရတယ်။
 တိုက်တွန်းလို့ရှိရင်…
 အပေါင်းအသင်းတွေ ရတယ်။

 အဲဒီတော့ …

 အဲဒါကို ပြောင်းပြန် ပြန်ပြီးတော့
 ကြည့်လိုက်တဲ့ အခါ -
 မလှူဘူးဆိုလို့ရှိရင်
 ဖြစ်လေရာ ဘ၀မှာ
 ပစ္စည်းဥစ္စာ ရရှိမှု မရှိဘူး။

 မတိုက်တွန်းဘူး ဆိုရင် …
 မိတ်ဆွေ မရှိဘူး။
 မိတ်ကောင်း ဆွေကောင်း မရဘူး။

 အဲဒီ လေးချက်ကို
 မြတ်စွာဘုရားက ဟောတာ။

 (၁) 

 လှူသာလှူပြီး မတိုက်တွန်းဘူး ဆိုရင် 
 ဖြစ်လေရာ ဘ၀မှာ…
 ချမ်းသာကြွယ်ဝသော်လည်း 
 အပေါင်းအသင်း အခြံအရံ နည်းတယ်။

 (၂) 

 တိုက်တွန်းသာ တိုက်တွန်းပြီး
 ကိုယ်တိုင်မလှူဘူး ဆိုရင်…
 ဖြစ်လေရာဘ၀မှာ
 အပေါင်းအသင်း အခြံအရံ များသော်လည်း 
 ပစ္စည်းဥစ္စာ ရှားပါးတယ်။

 (၃) 

 လှူလည်း မလှူဘူး၊
 တိုက်လည်း မတိုက်တွန်းဘူး ဆိုတဲ့
 ပုဂ္ဂိုလ်ဟာ… 
 ဖြစ်လေရာ ဘ၀မှာ ဆင်းရဲတယ်။

 တစ်ကိုယ်တည်းနေရတဲ့ 
 ဘ၀မျိုး ရောက်တယ်။

 (၄) 

 လှူလည်း လှူတယ်၊
 တိုက်လည်း တိုက်တွန်းတယ် ဆိုတဲ့ ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ပုဂ္ဂိုလ်က -

 ဖြစ်လေရာဘ၀မှာ ပစ္စည်းဥစ္စာလည်းရတယ်။
 မိတ်ဆွေ အပေါင်းအသင်းလည်း 
 များတယ်ဆိုတဲ့ အကျိုးကိုရတယ်။

🙏ပါချုပ်ဆရာတော်ဘုရားကြီး🙏

Credit

လိပ်ပြာလုံပါစေ

#လိပ်ပြာလုံပါစေ
_____________

လူတိုင်းလူတိုင်းသည် အသက်ရှည်ချင်ကြ၏။ ထို့ကြောင့် အသက်ရှည်ပါရစေဟု ဆုတောင်းကြခြင်း ဖြစ်သည်။ ဘယ်လိုပင် ဆုတောင်းဆုတောင်း မိမိ၏ အသက်အပိုင်းအခြားကို ဘယ်သူမှ အတိအကျ မသိနိုင်ပေ။ ကံဉာဏ်ဝီရိယ အားလျော်စွာ အချိန်ကာလတစ်ခုထိ နေရသည်သာ ဖြစ်သည်။

ထို့ကြောင့် အကန့်အသတ်နှင့် နေရသည့် လူ့ဘဝလေးမှာ စင်ကြယ်သော ရှင်သန်ခြင်း ဖြစ်ဖို့ အရေးကြီး၏။ စင်ကြယ်သော ရှင်သန်ခြင်း ဖြစ်ဖို့အတွက် ရိုးသားဖို့ လို၏။ ရိုးသားမှ လိပ်ပြာလုံ၏။ လိပ်ပြာလုံမှ အဓိပ္ပါယ်ရှိသော ရှင်သန်ခြင်းဟု ဆိုရမည် ဖြစ်သည်။

ကိုယ်က မရိုးသားလျှင် ကိုယ့်စိတ်က ပြန်ခြောက်နေ၏။ ကိုယ့်စိတ်က ပြန်ခြောက်နေလျှင် လိပ်ပြာမလုံတော့ပေ။ လိပ်ပြာမလုံလျှင် ကျီးလန့်စာစားဘဝဟု ဆိုရမည် ဖြစ်၏။ ကျီးလန့်စာစားဘဝ ဖြစ်နေလျှင် မိမိ၏ ရှင်သန်ခြင်းသည် အဓိပ္ပါယ် မရှိတော့ပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကို လိပ်ပြာလုံအောင် ကြိုးစားရမည် ဖြစ်သည်။

ပန်းပုဆရာ
---------------

တနေ့တွင် လူငယ်လေးတစ်ယောက်သည် တည်ဆောက်ဆဲ ဘုရားကျောင်းတစ်ကျောင်းကို ရောက်သွားလေသည်။ ထိုဘုရားကျောင်းတွင် ထားရှိမည့် ရုပ်တုကြီးတစ်ခုကို ပန်းပုဆရာကြီးတစ်ဦးက ထုလုပ်နေသည်ကို မြင်လိုက်ရသည်။

ပန်းပုဆရာကြီး ထုလုပ်နေသည့် ရုပ်တုကြီးအနီးတွင် ထိုရုပ်တုနှင့် ပုံစံတူ ရုပ်တုကြီးတစ်ခုကို လှဲလျက် အနေအထားဖြင့် တွေ့လိုက်ရ၏။ ထို့ကြောင့် သူသည် ပန်းပုဆရာကြီးကို မေးလိုက်၏။ 

"ဆရာကြီး ဤဘုရားကျောင်းတွင် ပုံစံတူ ရုပ်တုနှစ်ခု ထားမလို့လား ” ။

" တစ်ရုပ်တည်း ထားမှာပါကွယ် ... လှဲထားတဲ့ ရုပ်တုက ပြီးခါနီးမှ ပျက်စီးသွားလို့ အခု နောက်တစ်ခု ထပ်လုပ်နေရတာကွဲ့"။

"ဆရာကြီးခင်ဗျား ... ဘယ်နေရာမှာများ ပျက်စီးသွားလို့လဲ ... ကျွန်တော်တော့ မတွေ့မိဘူး"။

" သေချာကြည့်လိုက်ပါ၊ နှာခေါင်းမှာ နည်းနည်းလေး ပဲ့နေတယ်”။

“ဒီရုပ်တုကို ဘယ်နေရာ ထားမှာမို့လဲ"။

“ဘုရားကျောင်းထဲက ပေ ၂၀ အမြင့်ရှိတဲ့ တိုင်လုံးပေါ်မှာ ထားမယ်" ။

“ဆရာကြီးရယ် ပေ ၂၀ -အမြင့်ရှိတဲ့ တိုင်လုံးပေါ်မှာ ထားမယ်ဆိုရင် ဒီရုပ်တု နှာခေါင်းပဲ့တာလေးကို ဘယ်သူမှ မမြင်နိုင်ပါဘူး၊ ကျွန်တော်တောင် မနည်းကြည့်မှ မြင်ရတာပါ”။

ထိုအခါ ပန်းပုဆရာကြီးက ရှင်းပြလိုက်၏။ " လူလေး ဘယ်သူမှမသိပေမယ့် ... ကိုယ်ကိုယ်တိုင် သိနေတယ်လေ၊ ဒီတော့ ကိုယ့်ကိုယ်ကို လိပ်ပြာမလုံဘူး၊ ဒါကြောင့် နောက်တစ်ခု ထပ်လုပ်ရတာပေါ့ကွယ်"။

လူငယ်လေးသည် ထိုစကားကို ကြားလိုက်သောအခါ ပန်းပုဆရာကြီး၏ ရိုးသားမှုကို ကြည်ညိုပြီး ဦးညွတ် လိုက်လေတော့သည်။

ကိုယ့်ကိုယ်ကို လိမ်လို့မရ
-------------------------

လောကကြီးမှာ မည်သူမဆို ကိုယ့်အကြောင်း ကိုယ်အသိဆုံး ဖြစ်၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကို လိမ်လို့ မရပေ။ မှန်၏။ ကိုယ်က မဟုတ်တာလုပ်ခဲ့လျှင် သူများ မသိသော်လည်း ကိုယ်က သိနေ၏။ 

ကိုယ်သိနေသည့်အတွက် ကိုယ်က မဟုတ်တာ လုပ်ခဲ့လျှင် ကိုယ့်ကိုယ်ကို လိပ်ပြာ မလုံတော့ပေ။ လိပ်ပြာမလုံလျှင် တွေးလိုက်တိုင်း မသိုးမသန့် ဖြစ်နေတော့၏။ ထို့ကြောင့် လိပ်ပြာလုံဖို့ လို၏။ လိပ်ပြာလုံဖို့အတွက် ရိုးသားဖို့ လိုအပ်ပေသည်။ 

လေးလေးနက်နက် တွေးကြည့်သောအခါ ရိုးသားခြင်းသည် တန်ဖိုးဖြတ်လို့ မရပေ။ ထို့ကြောင့် ကိုယ့်ဘဝကို ရိုးသားမှုဖြင့် တည်ဆောက်ရမည် ဖြစ်၏။ သို့မှသာ ကိုယ့်ကိုယ်ကို လိပ်ပြာလုံမည် ဖြစ်သည်။ လိပ်ပြာလုံမှလည်း ဘဝသည် တည်ငြိမ်မည် ဖြစ်၏။ တည်ငြိမ်မှလည်း ငြိမ်းချမ်းမည် ဖြစ်ပါပေ၏။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

သေဆုံးသူနှင့် နိရောဓသမာပတ်' ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက်

သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့်မှတ်သားမှု 'သညာ',ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက်
🌺🌺🌺🌿🌿🌿🌺🌺🌺

ငါ့သျှင် သေဆုံးကွယ်လွန်သူ (လူသေကောင်) အား ကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည်ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သော ဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ အသက် 'ဇီဝိတိန္ဒြေ' သည် ကုန်၏၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည်ငြိမ်း၏၊ ဣန္ဒြေတို့သည် ပျက်စီးကုန်၏။

မှတ်သားမှု 'သညာ', ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသော ရဟန်းအားကိုယ်၏ အပြုခံ (ထွက်သက် ဝင်သက်)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ နှုတ်မြွက်မှုကို ပြုပြင်တတ်သောဝိတက်ဝိစာရတို့သည် ချုပ်ကုန်ငြိမ်းကုန်၏၊ စိတ်၏ အပြုခံ (သညာ, ဝေဒနာ)တို့သည် ချုပ်ကုန်ငြိမ်းကုန်၏။ အသက် 'ဇီဝိတိန္ဒြေ' သည် မကုန်၊ ကိုယ်ငွေ့ 'ကမ္မဇတေဇောဓာတ်' သည် မငြိမ်း၊ ဣန္ဒြေတို့သည် အထူး ကြည်လင်ကုန်၏၊ ငါ့သျှင် ဤသည်ကား သေဆုံးကွယ်လွန်သူ (လူသေကောင်) နှင့်မှတ်သားမှု 'သညာ',ခံစားမှု 'ဝေဒနာ'တို့ ချုပ်ရာ 'နိရောဓသမာပတ်' ကို ဝင်စားသူ ရဟန်းတို့၏ခြားနားချက် တည်းဟု (မိန့်ဆို၏)။

မဟာဝေဒလ္လသုတ်
မူလပဏ္ဏာသ

အသက်မရှူသူ ၇-ယောက်။ ။ ပဋိသမ္ဘိဒါမဂ်။ ဋ္ဌ။ ဒု-အုပ်။ ၉၇။ ဝိသုဒ္ဓိမဂ်။ ပ-အုပ်။ ၂၇၉။ ပါရာဇိကဏ်။ ဋ္ဌ။ ဒု-အုပ်။ ၂၇-တို့၌ အကျယ်ရှုပါ။ ထွက်သက်ဝင်သက်ခေါ် အဿာသ ပဿာသ ကာယသင်္ခါရ မရှိသူ၇-ယောက်။ 
(၁) အမိဝမ်းတွင်း၌နေသူ၊ 
(၂) ရေနစ် ရေငုပ်နေသူ၊ 
(၃) ဗြဟ္မာဟူသမျှ၊ 
(၄) နိရောဓသမာပတ်ဝင်စားသူ၊ 
(၅) ပဉ္စမဈာန် ပုဂ္ဂိုလ်၊ 
(၆) တွေဝေ မေ့မျောနေသူ၊ 
(၇) သေသောသူ။

သုတေသနသရုပ်ပြအဘိဓာန်.

တရားထိုင်လျှင်_အိပ်ငိုက်ခြင်းအား_ပယ်ဖျောက်နည်း (၇)နည်း

တရားထိုင်လျှင်_အိပ်ငိုက်ခြင်းအား_ပယ်ဖျောက်နည်း (၇)နည်း
________________________________________

တရားထိုင်ရင်း အိပ်ငိုက်လို့ရှိရင် အငိုက်ဖျောက်ပုံနည်းလမ်း (၇)သွယ် ဆိုပြီးတော့ " မြတ်စွာဘုရားရှင်"ကပစလာယနသုတ်" မှာ ဟောပါတယ်။

"ပစလာယန"ဆိုတဲ့ အဓိပ္ပါယ်က "အိပ်ငိုက်ခြင်း" ဆိုတဲ့အဓိပ္ပါယ် ရပါတယ်။ ခေါင်းတဆတ်ဆတ်နဲ့ ငိုက်တယ်။           
ကမ္မဋ္ဌာန်းအားထုတ်တဲ့အချိန်မှာ အိပ်ချင်လာတယ်ဆိုရင် အဲဒီ ကမ္မဋ္ဌာန်းကို စွန့် ပြီး တော့ တခြားနည်းပြောင်းပြီးအားထုတ်ရတယ်လို့ဆိုပါတယ်။ 
အိပ်ငိုက်တဲ့ "အမှတ်သညာမျိုး"ကို ဖယ်ရှားပစ်ရပါမယ်။

အငိုက်ဖျောက်ပုံ (၇)မျိုးရှိသည်။

■ နံပါတ် (၁) ■

တရားအားထုတ်တဲ့အခါ ကို ကမ္မဋ္ဌာန်း ကို နှလုံးသွင်းလို့ "အိပ်ငိုက်တယ်" ဆိုလို့ ရှိရင် အဲဒီ အိပ်ငိုက်စေတက် တဲ့ "အမှတ်သညာ၊ ကမ္မဋ္ဌာန်းတရားမျိုး" ကို ရပ်ထားလိုက်ပါ။ တခြားအာရုံတစ်မျိုးပြောင်းပြီး ရှုလိုက်ပါ။
.

■ နံပါတ်(၂) ■

အဲဒီလိုရှုလို့မှ "အိပ်ငိုက်မပြေ"သေးဘူး ဆိုရင် နောက်ထပ်တစ်ခု ပြောင်းလုပ်ရပါမယ်။ 
ဘာလဲ ဆိုတော့ကိုယ်အာဂုံဆောင်( အလွတ်ကျက်မှတ် ) ထားတဲ့ တရားဓမ္မတွေ၊( ဒါမှမဟုတ် )သင်ထားတဲ့ တရားဓမ္မတွေ ကို "စိတ်ထဲကနေတွေးပါ"။ 
ဥပမာ- ပရိတ်ကြီးရရင် "ပရိတ်ကြီး" ပေါ့။နှုတ်ကနေ ထုတ်ရွတ်ဆိုတာ တော့ မဟုတ်ပါဘူး။ စိတ်နဲ့ ကြံတွေးပြီး ရွတ်ဆိုကြည့်တာ ကို ပြောတာပါ။အဲဒီလိုဆိုလို့ ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်ပါတယ်။
.

■ နံပါတ်(၃) ■

ရတဲ့စာတွေ တွေးနေတာမှ အိပ်ငိုက်မှုက မပျောက်သေးဘူး ။ အိပ်ချင်တုန်းပဲဆိုရင်ကိုယ်နှုတ်တက်အာဂုံဆောင်ထားတဲ့စာတွေကိုရွတ်ဖတ် သရဇ္ဈာယ် လိုက်ပါ။ 
“ဣတိပိသော”ပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ်ရွတ်ဖတ်သရဇ္ဈာယ်လိုက်ပါ။အသံထွတ်ပြီး အဲဒီလိုရွတ်ဖတ်သရဇ္ဈာယ်ပြီးလို့ရှိရင် အိပ်ငိုက်မှု ဟာ ပျောက်သွားနိုင်တယ်။
.

■ နံပါတ်(၄) ■

မပျောက်သေးဘူးဆိုရင် ဘာဆက်လုပ်ဖို့ လိုတုန်းဆိုတော့ ကိုယ့်နားရွက်ကို ပူသွားအောင်ဆွဲတဲ့။ ခန္ဓာကိုယ်ကို တစ်ကိုယ်လုံးပွတ်သပ်တဲ့။
အညောင်း အညာတွေဖြေ။ 
နားရွက်ဆွဲ တစ်ကိုယ်လုံးပွတ်သပ် အဲဒီလို လုပ်လိုက်လို့ ရှိရင်လည်း လူဟာ လန်းဆန်းပြီးတော့ အိပ်ချင်ပြေသွားနိုင်ပါတယ်။
.

■နံပါတ်(၅) ■

အဲဒီလိုလုပ်လို့မှ အိပ်ချင်မပြေဘူး ဆိုလို့ ရှိရင် ဘာလုပ်ရမလဲ။ 
မျက်နှာသစ်၊ မျက်လုံးကို ရေဆွတ် ပါတဲ့။ 
မျက်လုံးကို ရေဆွတ်ပြီး ကမ္မဋ္ဌာန်း ကျောင်းထဲကထွက် ကောင်းကင်ကိုကြည့်၊ နက္ခတ်တွေ့ရှိရင် နက္ခတ်ကြည့်၊ လရှိရင် လကြည့်ပေါ့။ ကောင်းကင်ကို မော့ကြည့် ဟိုကြည့် ဒီကြည့်။ အရပ်မျက်နှာတွေကို ကြည့်။ လေကောင်း လေသန့်တွေကို ရှူ။ အရပ်မျက်နှာတွေကို မော့ကြည့်လိုက်တဲ့အခါအိပ်ချင်ပြေသွား နိုင်တယ်ပေါ့။
.

■ နံပါတ်(၆) ■

အဲဒီလိုမှ မရဘူး။ဆက်ပြီး အိပ်ချင်နေသေးတယ် ဆိုလို့ရှိရင် "အာလောကသညာ "အလင်းကို နှလုံးသွင်းရမယ်တဲ့။               
အမှောင်ထဲမှာ မနေပါနဲ့။အလင်းထဲမှာ နေပါ။              
အာလောကသညာ ကို နှလုံးသွင်း။"ညကို နေ"့လို့စိတ်ထဲမှာထား။အလင်းရောင်ကြီးထဲမှာနေ။ မှောင်နေတယ် ဆိုတာကို မေ့ထားလိုက်ပါ။ လင်းနေတယ် ဆိုတာကို နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်း အားထုတ် လိုက်မယ် ဆိုလို့ရှိရင် အိပ်ချင်တာတွေ၊ငိုက်မြည်းတာတွေ ပျောက်သွားနိုင်ပါတယ်တဲ့။
.

■ နံပါတ်(၇) ■

          အဲဒီလိုမှ မပျောက်သေးဘူး ဆိုလို့ ရှိရင် စင်္ကြံလမ်းလေး ကို သတ်မှတ်ပြီး....
သဒ္ဓါတို့၊ဝီရိယတို့၊ သတိတို့၊သမာဓိတို့၊ပညာတို့ ဆိုတဲ့ ဣနြေ္ဒစွမ်းအားတွေ ကို ထိန်းချုပ်ထားပြီး စင်္ကြံလျှောက်လိုက်ပါတဲ့။ 
           အဲဒီလို စင်္ကြံလျှောက်တာတောင် အိပ်ချင်တာက မပြေသေးဘူးဆိုရင်တော့ ဘာလုပ်ရမတုန်း ဆိုတော့...

"အိပ်လိုက်ပါ" တော့.....တဲ့။

ဒါ မြတ်စွာဘုရား ကိုယ်တိုင် ဟောခဲ့တာပါ...။            
နောက်ဆုံးကျတော့ အိပ်ချင်မပြေရင် အိပ်ရတယ်...တဲ့။
မြတ်စွာဘုရားက အငိုက်ဖျောက်ပုံ နည်းလမ်း ခုနစ်သွယ်ကို ပေးထားတာ။ 
မရဘူးဆိုရင် အိပ်ပါတဲ့။

အိပ်ရင်လည်း စနစ်တကျ အိပ်ရမယ်လို့..ဆိုပါတယ်။          
ဘယ်လို စနစ်တကျ အိပ်ရမတုန်းဆိုရင် ဖြင့် " လက်ယာဘက်" ( ညာဖက် )ကို စောင်းအိပ်..ပါ တဲ့။
ခြေထောက်နှစ်ခု ခြေမျက်စိချင်း မထိစေနဲ့ တဲ့။ ထိရင် အရိုးချင်းထိသည့် အတွက်ကြောင့် နာကျင်မှု ဖြစ်လာတတ်တယ်..တဲ့။ ဒါကြောင့်မို့လို့ ခပ်လွှဲလွှဲလေးထားပါ..တဲ့။              
“ပါဒေ ပါဒံ အစ္စာဓာယ” အိပ်ပုံအိပ်နည်းကို မြတ်စွာဘုရား လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်..။
             
ဆရာတော်က မိန့်ပါတယ် "ပဲခူးရောက်လို့ရှိရင် ရွှေသာလျောင်းဘုရားကို သွားပြီးဖူးကြည့်။ ခြေဖဝါး နှစ်ခုဟာ တညီတည်းထားလို့ရှိရင် စာနဲ့မညီဘူး။ ခြေဖဝါး နှစ်ခုက တစ်ဖက်က အတို၊တစ်ဖက်က အရှည်ထားပြီးခြေမျက်စိချင်းမထိအောင် ထားရမှာ"....တဲ့။
             
"ရွှေသာလျောင်းဘုရားတွေ မှာ စနစ်တကျ ထုရင် အောက်ခြေထောက်ပေါ် အထက်ခြေထောက်က ဒူးကွေးထား။ခြေမျက်စိချင်း မထိဘူး။ ဒါ "စာ နဲ့အညီ " လက်ယာခြေပေါ်မှာ လက်ဝဲခြေထောက်ကလေးတင်ပြီး“ဥဋ္ဌာနသညံ မနသိကတွာ”တဲ့။ဘယ်အချိန် ထမယ်ဆိုတာ အမှတ်သညာလေးထားပြီး အိပ်ပါတဲ့...."
        
မြတ်စွာဘုရားက စနစ်တကျ အိပ်ခိုင်းပါတယ်။ ဒီနေရာမှာ ဘာသွားသတိရတုန်းဆိုရင် အမေရိကန်နိုင်ငံ မှာ Stop ဆိုတဲ့စာအုပ်ကို ကားမောင်း သင်တန်း တက်မယ့်ပုဂ္ဂိုလ်တိုင်း ကြေအောင် ဖတ်ကြရပါတယ်။ 
ဖတ်ပြီးရင် မေးခွန်းတွေ ဖြေရတယ်ပေါ့။အဲဒီထဲမှာ မေးခွန်းရဲ့အဖြေတွေ ပေးထားတာရှိတယ်။ အဖြေကတော့...အမျိုးမျိုး ပေးထားပါတယ်။

ကားမောင်းရင်း...အိပ်ချင်ရင် ဘာလုပ်ရမလဲ...
အဖြေတစ်ခုက....
            
ကားမောင်းရင်းအိပ်ချင်လာရင် "ကော်ဖီသောက်"ဆက်မောင်း။         
သီချင်း နားထောင်ပြီးတော့ ဆက်မောင်းတဲ့။           
အဲဒီလို အဖြေမျိုး ပေးထားပြီး နောက်ဆုံးအဖြေက ဘာတုန်းဆိုရင် 
"အိပ်စက် အပန်းဖြေပြီး" မှ ဆက်မောင်းပါ..တဲ့။ 
အဲဒီ အဖြေတွေထဲက ကော်ဖီ သောက်ပြီး ဆက်မောင်း ဆိုတဲ့အဖြေက အမှန်မဟုတ်ဘူး၊ မှားတယ်။ သီချင်းဖွင့်ဆက်မောင်း ဆိုတာကလည်း မှားတယ်။ ဘာလုပ်ရမှာတုန်း ဆိုရင် အိပ်ချင်လို့ရှိရင် အိပ်လိုက်တဲ့။ အိပ်ပြီးမှ ဆက်မောင်းတဲ့။ အဲဒီဟာကမှ အဖြေမှန်ပါ။        
ကားမောင်းတယ်ဆိုတာ အလွန်အန္တရာယ် များတာကိုး၊ အိပ်ချင်နေတဲ့အချိန်မှာ အိပ်ချင်စိတ် မပျောက်ဘဲ နဲ့ ဆက်မောင်းရင် ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ အိပ်ချင်လို့ ရှိရင် အိပ်ပြီးမှမောင်းလို့ ပြောတာပါ။
          
မြတ်စွာဘုရားက လည်း တရားအားထုတ်လို့ ခုနက နည်းလမ်းတွေ နဲ့ ဖြေပျောက်လို့မရဘူး။အိပ်ချင်ပြီဆိုလို့ရှိရင် အိပ်လိုက်ပါ တဲ့။ 
            
အိပ်တဲ့အခါမှာ ခုန ပြောသလို...လက်ယာ စောင်းပြီးတော့အိပ်။လက်ယာခြေပေါ်မှာ လက်ဝဲခြေကလေးကို လွှဲပြီးတော့ တင်ထား။ ဘယ်အချိန်ထမယ်ဆိုတဲ့ အမှတ်သညာလေး ထားပြီးတော့ အိပ်ပါတဲ့။
 နိုးလာတာနဲ့ တပြိုင်နက် ချက်ချင်းထတဲ့။ဇိမ်ခံ မနေနဲ့...တဲ့။ လူတွေက အိပ်ပြီးလို့ရှိရင် နိုးလာပေမယ့် တော်ရုံနဲ့ မထသေးဘူး။မှေးနေသေးတယ်။ဇိမ်ခံတာခေါ်ပါတယ်။           
"သေယျသုခ” အိပ်ခြင်းကြောင့်ဖြစ်တဲ့ ချမ်းသာ။             
"ပဿသုခ” ဟိုဘက်စောင်းလိုက်၊ဒီဘက် စောင်းလိုက် ( ကလေးတွေဆို နိုးလည်း တော်ရုံမထဘူး။ ဇိမ်ခံနေတာ)။         
အဲဒီအိပ်ရတဲ့ ဇိမ်ကတစ်မျိုး၊ အိပ်ရာထဲ မှေးနေရတဲ့ဇိမ်က တစ်မျိုးနဲ့ တူပါတယ်။အားလုံး ဒီဇိမ်တော့ ရဖူးကြမှာပါ။          
အဲဒါ ကို "သေယျသုခ၊ ပဿသုခ၊ မိဒ္ဓသုခ".....တဲ့။ အဲဒီလိုဇိမ်ခံမနေပါနဲ့....တဲ့။ ချက်ချင်း ထပါ...တဲ့။ ဖျက်ကနဲ နိုးလိုက်တာနဲ့ လူးလဲထ၊ ထပြီးတော့ "တရားအားထုတ်ပါ"တဲ့။
အဲဒါဟာ..အရှင်မောဂ္ဂလ္လာန် ကို မြတ်စွာဘုရားက နည်းလမ်းတွေ ပေးထာတာပါ။
ဒါ ကမ္မဋ္ဌာန်းအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ အိပ်ချင်ပြီဆိုရင် ဒီနည်းစနစ်ကို 
လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပြန်လည်ဟောကြားထားသော
အဂုင်္တ္တရနိကာယ် ပစလာယနသုတ္တန် ထဲမှ
ကောက်နှုတ်ချက်ကိုတင်ပြရင်း
ဓမ္မဒါနပြုရခြင်းဖြစ်ပါတယ်။

#ခန္ဓာ-၅ပါးတစ်ဦး

အကောင်းရဖို့ မလွယ်သူမှာ,အညံ့နှင့်သာ,ပျော်ရ၏..

အကောင်းရဖို့ မလွယ်သူမှာ,
အညံ့နှင့်သာ,ပျော်ရ၏..
_________________
(သစ္စာရွှေစည်)

နာဂိတ..
​ကျောင်းတံခါးမုခ်ပြင်ဘက်၌
ငါးလုနေသောတံငါသည်တို့ကဲ့သို့
ကျယ်လောင်သောအသံရှိသူတို့ကား
အဘယ်သူတို့နည်း..

မြတ်စွာဘုရား..
မြတ်စွာဘုရားနှင့်ရဟန်းသံဃာကို
ဖူးမျှော်ရန်အတွက်
လှူဖွယ်တို့နှင့်တကွ
ရောက်ရှိနေသော
ဣစ္ဆာနင်္ဂလရွာသား
ဒကာ ဒကာမတွေပါဘုရား..

နာဂိတ..
ငါသည် 
အခြံအရံအကျော်အစောနှင့်
မဆက်ဆံလို..
အခြံအရံအကျော်အစောသည်လည်း
ငါနှင့်မဆက်ဆံစေနှင့်..

နာဂိတ..
လွတ်မြောက်မှုချမ်းသာ
ဆိတ်ငြိမ်မှုချမ်းသာ
ငြိမ်းအေးမှုချမ်းသာ
သိမှုချမ်းသာ တို့ကို
လွယ်လွယ်ကူကူ
မရသူတို့သည်သာ
မစင်ကြယ်သောကာမချမ်းသာ
ငိုက်မျဥ်းမှုချမ်းသာ
လာဘ်ပူဇော်သက္ကာရချမ်းသာ
ကျော်ကြားမှုချမ်းသာတို့ကို
ခံစားကြကုန်၏..

နာဂိတ..
လွတ်မြောက်မှုချမ်းသာ
ဆိတ်ငြိမ်မှုချမ်းသာ
ငြိမ်းအေးမှုချမ်းသာ
သိမှုချမ်းသာ တို့ကို
အလိုရှိတိုင်း
လွယ်လွယ်ကူကူ
ရသော ငါ သည်
အဘယ်မှာလျင်
မစင်ကြယ်သောကာမချမ်းသာ
ငိုက်မျဥ်းမှုချမ်းသာ
လာဘ်ပူဇော်သက္ကာရချမ်းသာ
ကျော်ကြားမှုချမ်းသာတို့ကို
ခံစားကုန်အံ့နည်း...

နာဂိတ..
စားသောက်အပ်သော
အစာအာဟာရ၏အကျိုးဆက်ကား
မစင်ကျင်ကြီးကျင်ငယ်တို့တည်း..

နာဂိတ..
ချစ်ခင်နှစ်သက်မှုတို့၏
အကျိုးဆက်ကား
ဝမ်းနည်းပူဆွေးငိုကြွေးခြင်းတို့တည်း..

နာဂိတ..
မတင်တယ်မှု(အသုဘ)ကို
အဖန်ဖန်ရှုခြင်း၏အကျိုးဆက်ကား
တင့်တယ်မှုတို့၌
ရွံရှာစက်ဆုပ်မှုဖြစ်ခြင်းတည်း..

နာဂိတ..
မျက်စိ နား နှာ
လျာ ကိုယ် စိတ် တို့ကို
မမြဲဟု အဖန်ဖန်ရှုခြင်း၏
အကျိုးဆက်ကား
တွေ့ထိမှုဖဿ တို့၌
ရွံရှာစက်ဆုပ်မှုဖြစ်ခြင်းတည်း..

နာဂိတ..
ခန္ဓာငါးပါးတို့၏
ဖြစ်ခြင်းပျက်ခြင်းကို
အဖန်ဖန်ရှုခြင်း၏အကျိုးဆက်ကား
စွဲလန်းမှုဥပါဒါန်တရားတို့၌
ရွံရှာစက်ဆုပ်မှုဖြစ်ခြင်းတည်း..

(အင်္ဂုတ္ထိုရ် ပဥ္စကနိပါတ်
နာဂိတသုတ်၌ အကျယ်ရှုလေ..)

(သစ္စာရွှေစည်)

***************

ကံမဖြုန်းမိစေနဲ့

#ကံမဖြုန်းမိစေနဲ့
______________

လောကကြီးမှာ ပိုက်ဆံဖြုန်းလို့ ဆင်းရဲသွားတဲ့သူတွေ အများကြီးပဲ။ တချို့ဆိုလျှင် တိုက်ပေါ်ကနေ တဲပေါ် ရောက်သွားကြတယ်။  ဒီလိုပဲ၊ ကံဖြုန်းလို့ ဘဝတုံးသွားတဲ့သူတွေ အများကြီးပါ။

လူဖြစ်လာရင် အလုပ်တစ်ခုခုတော့ လုပ်ရမယ်။ ကုသိုလ်ရရင်ရ မရင် ပညာ ရရမယ်။ ပညာ ရချင်ရ မရရင် ဥစ္စာရရမယ်။ ဘာတစ်ခုမှ မရဘူးဆိုတာ ကံဖြုန်းနေတာပဲ။

ကံဖြုန်းရင် အဲဒီနေ့ဟာ ပြဿဒါးနေ့လို့ မှတ်လိုက်ပါ။ ဒါကြောင့် ရက်ရာဇာ ပြဿဒါး သိချင်ရင် ပြက္ခဒိန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ ကိုယ်က အလုပ်လုပ်နေရင် အဲဒါ ရက်ရာဇာပါပဲ။ အလုပ်မလုပ်ဘဲ ကံဖြုန်းရင်တော့ ပြဿဒါးလို့ မှတ်လိုက်ပါ။

အိုးမဲ့အိမ်မဲ့ သူဋ္ဌေးသား
------------------

ဘုရားလက်ထက်က သူဋ္ဌေးသား မဟာဓနကို ကြည့်လိုက်ပါ။ သူ့အခြေအနေဟာ  ကံမဖြုန်းဘူးဆိုရင် ပထမတန်းစား သူဋ္ဌေး ဖြစ်နိုင်တယ်။ ဒါက လူ့ဘဝမှာ နေမယ်ဆိုရင် သူရနိုင်တဲ့ အခွင့်အရေး။

လူ့ဘဝ မနေချင်လို့ ရဟန်းဝတ်ပြီး တရားအားထုတ်ရင် ရဟန္တာထိ ဖြစ်နိုင်တယ်။ သူ့ကို ကံက ထိပ်တန်း အခွင့်အရေး ပေးပြီးသားပါ။ 

ဒါပေမဲ့ ဘာအလုပ်မှ မလုပ်ခဲ့ဘူး။ ဘာစီးပွားမှ မရှာခဲ့ဘူး။ ဘာတရားမှ မကျင့်ခဲ့ဘူး။ သွားမယ် လာမယ်၊ စားမယ် သောက်မယ်၊ ကမယ် ခုန်မယ်ဆိုပြီး ကံကို ဖြုန်းခဲ့တယ်။

ဒါကြောင့် အသက်ကြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်ပြီး လမ်ဘေးရောက်သွားတယ်။ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလဲ။ လူငယ်တွေအတွက် သတိထားရမည့် အချက်ပါပဲ။

ဒီနေ့ခေတ်လည်း ကြည့်လိုက်ပါ။  ပျော်ပွဲရွှင်ပွဲ မှန်သမျှ အရက်က မပါရင် မပြီးဘူး။ လူငယ်လည်း သောက်၊ လူကြီးလည်း သောက်၊ အမျိုးသမီးလည်း သောက်။ ဒီလိုကိုး ဖြစ်နေတာ။ တွေးကြည့်ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ရင်လေးစရာပါပဲ။

အရက်ကြောင့် ဘဝပျက်တဲ့ သူတွေ အများကြီးပဲ။  ရောဂါရသူက ရ၊ စီးပွားပျက်သူ ပျက်၊ အိုးမဲ့အိမ်မဲ့ ဖြစ်သူဖြစ်နဲ့၊ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။

ဇာတ်တော်တစ်ခု မှာဆိုရင် အရက်သောက်ပြီး သားကို သတ်တယ်လေ။ အဲဒီလောက်ထိ အသိမဲ့သွားတယ်။ အဲဒါ ဘာကြောင့်လဲ၊ အရက်ကြောင့်ပဲ။ ဒါကြောင့် အရက်သောက်ရင် ကံဖြုန်းနေတယ်လို့ မှတ်ပါ။ ကံဖြုန်းရင်တော့ ဘဝတုံးမှာပဲ။

ကံမြှင့်မှ ဘဝမြင့်မယ်
----------------

အလုပ်နှင့် ပတ်သက်ပြီး သီတဂူဆရာတော် ပြောထားတာ ရှိတယ်။ မှတ်သားစရာ အလွန်ကောင်းတယ်။

" လောကမှာ အချိန်နှင့် အလုပ်ဟာ သိပ် အရေးကြီးတယ်။ ရတဲ့အချိန်လေးမှာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေ လုပ်ရမယ်"။

" ဒို့မှာ B.A လည်း မရှိဘူး။ M.A လည်း မရှိဘူး၊ Ph.D. ကလည်း မိုးပေါ်ကျ Ph.D။ ဒါပေမဲ့ တိုိ့ု့ရဲ့ ဘွဲ့ဒီဂရီက ဘာလဲဆိုရင် အချိန်ရှိသလောက် အလုပ်လုပ်။ အဲဒါ ဒို့ရဲ့ ဒီဂရီဘဲပါပဲ။ အချိန်တွေ ရှိတယ်၊ ဒါပေမဲ့အလုပ် မလုပ်ဘူး ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာ  အချည်းနှီးပါပဲ"။ အဲဒါ သီတဂူဆရာတော်ရဲ့ သြဝါဒပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကံ မဖြုန်းကြပါနဲ့။ ကံကို မြှင့်ပေးကြပါ။ ကံမြှင့်မှ ဘဝမြင့်မယ်။ ကံမြှင့်တယ်ဆိုတာ တခြား မဟုတ်ဘူး၊ မြင့်မြတ်တဲ့ အလုပ်ကို လုပ်ရမယ်လို့ ဆိုလိုတယ်။

ရေကန်ဟာ ကြာရှိမှ လှတယ်။ ညဟာလည်း လရှိမှ လှတယ်။ ဒီလိုပဲ၊ လူဟာလည်း အလုပ်ရှိမှ လှတယ်။ 

ဒါကြောင့် ကိုယ့်ဘဝကို အနာဂတ် မမဲ့စေရဘူး။ ရည်မှန်းချက် ရှိရမယ်။ ကောင်းမှုကို လိုလားရမယ်။ အလုပ် လုပ်ရမယ်။ ဒါမှ ကိုယ့်ရဲ့ အနာဂတ်ခရီးဟာ လှပတင့်တယ်မှာ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
________________________

#အင်ကြင်းမြိုင်ဆရာတော်
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ

တရားဆိုတာနာရတယ်..

တရားဆိုတာ နာရတယ်။ နာလို့ရှိရင် ဒီဘဝ အပြည့်အဝ နားမလည်လည်း မျိုးစေ့ကလေးတော့ ဖြစ်သွားတယ်။ 

နောင်ဘဝအတွက် မျိုးစေ့ရတယ်ဆိုတာနည်းတာ မဟုတ်ဘူး။ 
မျိုးစေ့ကလေး ရသွားနိုင်တယ်။ 

အေး ဒီလိုလေးတောင် ဘုရားသာသနာနဲ့ ကြုံတဲ့အချိန်လေးမှာ မျိုးစေ့လေးတောင် မရလိုက် လို့ရှိရင် နောင်ဘဝ အပင်ဆိုတာ 
မမျှော်လင့်လေနဲ့။ 

သံသရာထဲမှာ မျှော်လင့်စရာအကြောင်းမရှိဘူး။
ဘုရားနဲ့တွေ့လည်းပဲ မကျွတ်နိုင်တဲ့ 
နလပိန်းတုန်းပဲ ဖြစ်မှာပဲ။ 

အေး တရားဓမ္မကို နားမလည်ဘူး။
ဒီဘဝမှာ နားလည် နိုင်တဲ့ စွမ်းအားမရှိခဲ့ဘူး။ နားမလည်ခဲ့ဘူး။ တရားဆိုတဲ့အသံ နားထဲ တောင်
မရောက်ဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ
နောက်ဘဝလည်းပဲ ရောက်ဖို့ သိပ်မရှိတော့ဘူး။ 
ဝေးသထက် ဝေးသွားတတ်တယ်။
ဒါကမဖြစ်ဘူး မပြောနဲ့။ 

ပဉ္စက္ကပုဏ္ဏား လင်မယား ကဿ ပ မြတ်စွာဘုရားလက်ထက်က နာမရူပဆိုတဲ့ စကားလုံးနဲ့ရှင်း ဟောတာ တစ်ခါတည်း အနာဂါမ်တန်းဖြစ်တယ်လေ။

ဘာဖြစ်လို့ ဖြစ်တာတုန်းဆိုတော့ "နာမရူပ"ဆိုတဲ့ စကားလုံးလေးကို ကြားခဲ့ဖူးလို့တဲ့။ အတိတ်က အကြောင်းနဲ့ ပြန်ဆက်ပေးတာ။

ဘယ်အရာမှ ပျောက်သွားတာမရှိဘူး၊ online ဖြစ်နေတာ။ ကိုယ့်သန္တာန်မှာ ဖြစ်သွားတဲ့ အသိဉာဏ်တစ်ခုဟာ အခုခေတ်စကားနဲ့
ပြောရင် online ဖြစ်နေတာ။
online ဖြစ်နေတယ်ဆိုတာ နောက်ထပ် အကြောင်းတစ်ခု ပေါင်းလိုက်တာနဲ့တစ်ပြိုင်နက်
သူကပေါ်လာမှာ။ 

အေး ဒါကြောင့်မို့လို့ မြတ်စွာဘုရား သာသနာနဲ့ ကြုံတွေ့နေတဲ့အချိန်လေးမှာ မိမိတို့ တရားဓမ္မကို
လေ့လာသင့်တယ်။ နားလည်အောင် မှတ်ယူသင့်တယ်။ လေ့လာသင့်တယ်။

အဲဒီလို မှတ်ယူလေ့လာခြင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်ဘူးတဲ့။ လုပ်ထားတဲ့ အရာတွေဟာ
အလဟဿ သဲထဲရေသွန် ဖြစ်တယ်ဆိုတာ မရှိဘူးတဲ့။

အဲဒါကြောင့်မို့လို့ အင်မတန်မှ ခိုင်မြဲတယ် 
ဒီအသိ ဉာဏ်တွေ ဆိုတာ အနိစ္စသဘောတရားအရ
ပျောက်သွားပေမယ့်လို့ သူ့ရဲ့ စွမ်းရည်သတ္တိတွေက
ကျန်ရစ်တယ်။ 

ကြည့်လေ ငယ်ငယ်တုန်းက 
"က ခ" မရေးတတ်တဲ့ အချိန်မှာ 
ဆရာ ဆရာမတွေဆီက သင်ထားတာ ကြီးတော့ ပျောက်သွားလား? ဘယ်ပျောက်မလဲ။ 

ငယ်ငယ်တုန်းက ရေးတတ်တာ သင်ထားတာဟာ ကြီးတော့ ပျောက်သွားတာမှ မဟုတ်တာ။ 
အသိဉာဏ်ဆိုတာ ပျောက်မသွားဘူးတဲ့။ ပြန်ပေါ်လာတယ်။ 

ဒါကြောင့်မို့လို့ တရားဓမ္မကို လေ့လာ လိုက်စားကြရတယ်။ 
ကျင့်ကြံကြိုးကုတ် အားထုတ်ကြရတယ်။ 

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

Credit..

အာခံတွင်းက ဖွားသူမျာ

အာခံတွင်းက ဖွားသူများ
+++++++++++++++++++

ကလေးများအတွက် ယဉ်ကျေးလိမ္မာသင်တန်းနဲ့ ဟောပြောပွဲများရယ်၊ မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာများထဲက အရေး အကြီးဆုံးနဲ့ အလိုအပ် ဆုံးဖြစ်တဲ့ “သက်ကြီးပူဇော်ပွဲ”တို့ “အာစရိယပူဇော်ပွဲ”တို့ရယ် ဆိုရင်တော့ “ချောင် ကျလွန်းတယ်၊ လမ်း ကြမ်းလွန်းတယ်၊ ရာသီ ပြင်းလွန်းတယ်”တို့ဆိုတာ ဘာမှ ဂျီး(ချေး)မများဘူး။ လူကျန်းမာသမျှလိုက်မယ်”လို့ အားလုံးကို ကတိ ပေးထားခဲ့တဲ့ အတိုင်း ဒီလိုပွဲမျိုးကလေးတွေကို မနှစ်က အတော်ကလေး ချောင်ကြိုချောင်ကြား ကျတဲ့ နေရာတွေအထိလည်း လိုက်ဖြစ်၊ ဟောပြောဖြစ်ခဲ့ပါတယ်။

 အဲဒီလို ဟောပြောဖြစ်ခဲ့တဲ့အထဲက ဆွာမြို့မှာပြုလုပ်တဲ့ “အာစရိယ ပူဇော်ပွဲ”မှာ ဟောပြောခဲ့တဲ့ အကြောင်းအရာများကို နာကြားကြသူတွေက တခြား တပည့်တပန်းတွေ၊ လူငယ်တွေကိုလဲ သိစေချင်လို့ စာတစ်ပုဒ်အဖြစ် ပြန်ရေးပေးဖို့ တောင်းဆိုလာတဲ့အတွက် အကျဉ်းချုပ်ပြန်ရေးပေးလိုက်ပါတယ်။ ရှေးလူကြီးများပြောကြတဲ့ “ဘုန်းရှင် ကံရှင်များဟာ အာခံတွင်းက မွေးဖွားကြတယ်”ဆိုတဲ့ စကားကို ငယ်ငယ်ကတည်းက ကြားရဖူးပါတယ်။

 ဒီစကားကို ကြားရစဉ်ကတော့ ကလေးအတွေးနဲ့ပဲ “လူတွေဟာ တကယ်ပဲ အာခံတွင်းက မွေးတာလည်း ရှိသလား၊ ဒီလို ဆိုရင် သွားတွေနဲ့ ငြိမကုန်ဘူးလား”စတဲ့ မရေမရာ အတွေးမျိုးလည်း တွေးခဲ့ထင်ခဲ့မိတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး ဒေးဒရဲမြို့မှာ နိကာယ်သင်တန်းတက်တော့လည်း သင်တန်း နာယက ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ တောင်တွင်းကြီးမြို့၊ နတ်မှီတောရ ဆရာတော်ကြီးကို လျှောက်ထားခဲ့ဖူးပါတယ်။

 ဆရာတော်ကြီးကတော့ “ဒီစကား ဟာ ဗြဟ္မဏ (ပုဏ္ဏား)တွေရဲ့ ယုံကြည်မှုကနေ ဆင်းသက်လာဟန်တူပါတယ်။ အခုနိကာယ်သင်တန်းမှာ ဒီဃနိကာယ်၊ ပါထိကဝဂ်၊ အဂ္ဂည သုတ်မှာတုန်းက တွေ့ခဲ့ပါတယ်။ “ပုဏ္ဏားမျိုးတို့ကသာ ဗြဟ္မာရဲ့ ရင်မှာသန္ဓေတည်ပြီး ဗြဟ္မာရဲ့ အာခံတွင်းက မွေးဖွားခဲ့တာဖြစ်လို့ ဗြဟ္မာရဲ့ အမွေခံတွေလည်း ဖြစ်၊ ဗြဟ္မာရဲ့ သားတွေလည်း ဖြစ်လို့မြတ်တယ်။ ဦးပြည်း (ဂတုံး=ခေါင်းတုံး) ဖြစ်တဲ့ရဟန်းတွေဟာ ဗြဟ္မာရဲ့ ခြေဖုမိုးက ဖွားမြင်ကြတာဖြစ်လို့ ဇာတ်နိမ့်တွေ၊ ယုတ်ညံ့သူတွေ ဖြစ်တယ်”ဆိုတာလေ။ (ပါထိက၊မြန်၊၇၂ )

ဒါကတော့ ပုဏ္ဏားတွေရဲ့ အယူအဆသက်သက်ပါ၊ ဒါနဲ့ပတ်သက်လို့ မြတ်စွာဘုရားရှင်ကိုယ်တိုင်လဲ အဲဒီသုတ်မှာ ရှင်းပြထားတာ ရှိပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး အဋ္ဌကထာ ဆရာတော်ပြောတဲ့ စကားက သိပ်ကောင်းတယ်။ “အာခံ တွင်းက မွေးဖွားသူဆိုတာ ဆရာကောင်းတပည့်တွေကိုပြောတာ”တဲ့။

 ဒီစကားကို အဋ္ဌကထာဆရာတော်ကိုယ်တိုင်ပဲ ရှင်းလင်းချက် ပေးထားပါတယ် “ဆရာသမား ဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းကမွေးဖွားပေးကြသူ(ပဝတ်္တိ မိဖ)များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလဲ ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်းက မွေးဖွား လာကြသူများဖြစ်တယ်တဲ့။ ဘာကြောင့် လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ် တော်စေချင်၊ တတ်စေချင်၊ လိမ်္မာစေချင်တဲ့ မေတ်္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ နှလုံးသားထဲမှာ ကိန်းအောင်း ဖြစ်တည်စေပြီးတော့မှ ကြီးမားတဲ့ လုံ့လတွေနဲ့ လှုံ့ဆော်ပြီး အာခံတွင်း ကနေ မြွက်ဆိုဟောညွှန်သင် ပြပေးကြတာတွေဖြစ်လို့ ဒီလိုမြွက်ဆို ဟောကြား သင်ပြပေးတာတွေကို နာယူသင်ကြားတတ်မြောက်လာကြတဲ့ တပည့်ကောင်းများသာလျှင် တကယ့် “ဆရာသမားတို့ရဲ့” နှလုံးသားမှာ သန္ဓေတည်ပြီး အာခံတွင်းက မွေးဖွားကြသူများလို့ ဆိုနိုင်တယ်”လို့ ရှင်းပြ ထားတယ်လေ။

ဘယ်စာမဆို အထူးသဖြင့် မဇ္ဈိမဒေသက ရေးတဲ့၊ ဟောတဲ့ စာတွေက အလင်္ကာဂုဏ်တွေ အတော်ပါတတ်တယ်။ အလင်္ကာ စကားတွေဆိုတာ အသံ အတိုင်း အဓိပ္ပာယ်ကောက်ယူရတဲ့ မုချစကားတွေ မဟုတ်ဘူး၊ တင်စား ပြောဆိုတဲ့ ဥပမာစကားတွေဖြစ်လို့ မုချဆိုလိုရင်း အဓိပ်္ပာယ်ကို သဘောပေါက် အောင် လေ့လာနိုင်မှ တန်ကာကျတယ်”ဆိုတဲ့ အကြောင်း အကျယ်တဝင့် ရှင်းပြပါတယ်။

ဒီစကားနဲ့ ဆက်စပ်ပြီး ပိုမိုပြည့်စုံတဲ့ ရှေးမထေရ်မြတ်တို့ရဲ့ အဆိုအမိန့် ကတော့ “လူဆိုတာ တစ်ကြိမ်ဖွားရုံနဲ့တော့ လူလားမြောက် (လူကောင်ကြီး) ရုံပဲ ရှိမယ်၊ နှစ်ကြိမ်ဖွားသူမှ လူရာဝင်တယ်”တဲ့။ လူရာဝင်ချင်ရင် အနည်းဆုံး နှစ်ကြိမ် ဖွားသူဖြစ်ရမယ်လို့ ဆိုလိုတာပေါ့။ ဘယ်လိုလုပ်ပြီး နှစ်ကြိမ်ဖွားသူ ဖြစ်ရမလဲ ဆိုတော့ - ပထမတစ်ကြိမ် မွေးသမိခင် မွေးသဖခင်တို့က သူလိုငါလို ဖွားမြင် ပေးတာပေါ့။ ဒီလိုတစ်ကြိမ်သာ ဖွားပြီး ဒီအတိုင်းပဲ ကြီးပြင်းလာသူများဟာ အရွယ် ရောက်လာတဲ့အခါ လူကောင်ကြီးပြီး လူလားမြောက်လာသူပဲ ဖြစ်မယ်။ လူရာ မဝင်နိုင်သေးဘူးလို့ ဆိုလိုတာပါ။

 အခု ဒီပူဇော်ပွဲမှာ အပူဇော်ခံဆရာကြီးများရော ပူဇော်ပွဲပြုလုပ်ကြတဲ့ တပည့်လူငယ်လူရွယ်များရောဟာ ကိုယ့်နေရာ ကိုယ့်ဒေသမှာ ကိုယ့်အတိုင်း အတာနဲ့ ကိုယ်တော့ လူရာဝင်နေကြသူများဖြစ်ပါလိမ့်မယ်။ ဒီလို လူရာဝင် လာတာဟာ ဘာကြောင့်လဲလို့ စဉ်းစားကြည့်ရင်တော့ “အသက်မွေးမှုတစ်ခု ပညာ၊ ကိုယ်စီပါ”ဆိုတဲ့အတိုင်း အတတ်ပညာ၊ အသိပညာ တစ်ခုခုအနည်းဆုံးပါကြလို့ ဖြစ်တယ် ဆိုတာကိုလဲ သဘောပေါက်ကြမှာပါ။

ဒီလို “အသက်မွေးမှု၊ တစ်ခုပညာ၊ ကိုယ်စီပါ”ဖို့ဆိုတာ မိဘတို့က ဖွားမြင် ပေးရုံနဲ့ မပြည့်စုံနိုင်ပါဘူး” ပထမတစ်ကြိမ် မွေးဖွားပေးတဲ့ မိဘတို့ဆိုတာ “မာတာ ပိတ၊ မိနှင့်ဖတို့၊ ရေကြည်ကလလ၊ တည်ဦးစပင်၊ ချို,ချဉ်,ပူ,စပ်၊ ရှင်းရှင်း ပြတ်အောင်၊ မပြတ်ယုယ၊ မိဘတို့မှာ၊ စိုးရိမ်စွာနှင့်၊ အစာဆိမ့်အေး၊ နို့ချိုပေး၍၊ မွေးသည့်မိခင်၊ ကျွေးဖခင်ကို”ဆိုတဲ့အတိုင်း အမေက ယုယ၊ အဖေက ရှာကျွေးရုံလောက်သာဖြစ်လို့ လူလားမြောက်ရုံသာ စွမ်းနိုင်ကြတာပါ။

မိဘကမွေးဖွားပေးလို့ လူဖြစ်ပြီး လူလားမြောက်လာတဲ့ လူကလေးတွေကို လူရာဝင်ဖို့ဆိုတာကတော့ “နယနည်းနာ၊ အဖြာဖြာကို၊ လိမ္မာစေကြောင်း၊ မေတ္တာလောင်း၍။ မကောင်းကိုကြဉ်၊ ကောင်းရာယှဉ်လျက်၊ နှုတ်မြွက် သံချို၊ ဆုံးမဆိုသာ” ဆိုတဲ့အတိုင်း ဆရာသမားတို့က သင်ကြားပြသ ဟောညွှန် ပေးတာကို နည်းနာခံ သင်ယူပြီး “တစ်ခုပညာ၊ ကိုယ်စီပါ” အောင် သင်ယူခဲ့တဲ့ တပည့်အဖြစ်နဲ့ ဒုတိယအကြိမ် (နှစ်ကြိမ်မြောက်) မွေးဖွားခဲ့သူများ ဖြစ်ကြမှသာ လူရာ ဝင်နိုင်ကြတာပါ။

 သေချာစဉ်းစားကြည့်မယ်ဆိုရင် ပထမအကြိမ်မိဘများက မွေးဖွား ပေးရ တာက လူမဖြစ်သေးသူကို လူဖြစ်လာအောင် မွေးရတာဆိုတော့ သားသန္ဓေ ဖွားမြင်ချိန်ရောက်အောင် လွယ်ထားရတာက တကယ်ကို ဝမ်းထဲမှာ လွယ်ပြီး ထား ရတာဖြစ်လို့ မိခင်မှာ ကာယိကဒုက္ခအနေနဲ့တော့ ဆရာများထက်ပိိုလို့ ပင်ပန်းမှာ အမှန်ပါပဲ။ “ယောကျ်ားဖောင်စီး မိန်းမမီးနေ”ဆိုတဲ့ အသက်အန္တရာယ်နဲ့ အနီးဆုံး တာဝန်ကြီးနှစ်မျိုးထဲမှာ ပါဝင်တဲ့ကိစ္စဖြစ်လေတော့ သာမန်ကာယိကဒုက္ခမျိုးထက် အဆမတန်ကြီးမားတဲ့ တကယ်ကို အသက်တစ်ချောင်းအတွက် အသက် တစ် ချောင်းကို ရင်းရတဲ့ တာဝန်ကြီးဖြစ်လို့ ဘယ်လောက်ကြီးမားတယ်ဆိုတာလဲ စာဖွဲ့လို့ ကို မရနိုင်ပါဘူး။

 လောကစကားလုံးတွေနဲ့ ဘယ်လိုမှ တိုင်းတာမရနိုင်လို့လဲ “မာတာ ပိတု ဂုဏော အနန္တော”လို့ အတိုင်းတာ အပိုင်းအခြား၊ အကန့်အသတ်နယ်ကို လွန်ကဲတဲ့ “အနန္တ” ဂုဏ်ပုဒ်ကြီးနဲ့ ချီးကျူးရတာပေါ့။ ဒါကတော့ အားလုံးလည်း သိမှတ် လေးစားကြပြီးသားပါ။ ဒါပေမယ့် စေတသိက ဒုက္ခပိုင်းအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်တော့ လူလားမမြောက်သေးတဲ့ အမိဝမ်းထဲက ကလေးငယ်မှာ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အတုမြင် အတတ်သင် အကောင်းအဆိုးတွေဆိုတာ ဘာမှမပါသေးတဲ့ တကယ့်ကိုမှ “ပီဘိ သန့်သန့်ကလေး” ဖြစ်လို့ သာမန်အာဝေဏိက ဒုက္ခထက်ပိုပြီး မိဘကို ဘာမှဒုက္ခ မပေးတတ်သေးဘူးလို့တော့ ပြောရမယ်ထင်တယ်။

 အဲ .. မိဘများက မွေးဖွားပြီးလို့ လူလားမြောက်လာတဲ့ လူကလေး တွေကို ဆရာသမားများက ဒုတိယအကြိမ် ဖွားမြင်ပေးဖို့ နှလုံးသားနဲ့ လွယ်ရတဲ့ အခါမှာတော့ “တပည့်”ဆိုတဲ့ လူကလေးတွေမှာ ပတ်ဝန်းကျင်ရဲ့ အဆိုးအကောင်း စရိုက်စုံတွေက အတုမြင် အတတ်သင်ထားကြပြီးဖြစ်လို့ မေတ္တာနှလုံးသား ကိုယ်ခံ စွမ်းအား အတော်ကြီး ကောင်းကောင်းထားပြီးတော့ကို လွယ်ယူပိုက် ထွေးကြရ တယ်ဆိုတာ ဆရာ,ဆရာမများ အသိဆုံးပါပဲ။ မိမိနဲ့ အလွန်ရင်းနှီးတဲ့ ကျောင်းဆရာ ကဗျာဆရာတစ်ဦးရေးတဲ့ ကဗျာ တစ်ပုဒ်ကို ဖတ်လိုက်ရဖူးတယ်၊ သူ့ကဗျာက “သူငယ်ချင်းရေ၊ ကျောင်းဆရာ ဆိုတာ၊ “စေတနာ, စာနာ, ၀ါသနာ”ရယ်လို့ “နာ”သုံးနာ ရှိရမယ်တဲ့ကွာ။

 တကယ်တန်း ငါတို့ ဘဝကတော့ “နာ”သုံးနာ မကပါဘူး၊ အသံနာ, လည်ချောင်းနာရတဲ့အပြင် “တစ်ခါ တစ်ခါ ရင်ပါနာရ”လို့ လေး၊ ငါး၊ ခြောက်နာ မကပါဘူးကွာတဲ့လေ။ ဒီ ကဗျာလေးကိုဖတ်ပြီး “အော်.. ဒီဆရာ့ရင်ကို ဘယ်လိုတပည့်က ဘယ်လိုများ ဆောင့်ကန် တွန်းထိုးလုပ်လိုက်လို့ပါလိမ့်”လို့ တွေးခဲ့မိသေးတယ်။ ဟုတ်တယ်၊ တကယ်တမ်းကျတော့ ဆရာတို့ဘဝက ငါးနာ ခြောက်နာ မကတတ်ပါဘူး။

 ကျေးလက်ကျောင်းဆရာတွေဆိုရင် ခရောင်းလမ်းခရီးမှာ ခြေလျင် လျှောက်ရ၊ စက်ဘီးစီးရ၊ လှည်းစီးရနဲ့ ခြေနာ၊ ခါးနာ၊ တစ်ကိုယ် လုံးနာ တာကို ကြိတ်မှိတ်ခံပြီး တပည့်တွေကို နှလုံးနဲ့လဲ လွယ်၊ ခံတွင်းကလည်း ဖွားမြင် ပေးနေ ကြရတာပါ။ ဒီကြားထဲမှာ “ရင်ပါနာကြရတယ်” ဆိုရင်တော့ တပည့်များ အနေနဲ့ အလွန်စဉ်းစားသင့်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဆရာအားလုံးတို့ရဲ့ အထွတ်အထိပ်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်က တပည့်တွေကိုပြောတဲ့ စကားလေးတစ်ခု ရှိပါတယ်။ ဥပရိပဏ္ဏာသပါဠိတော်၊ မဟာသုညတသုတ်မှာပါ။

အဲဒီသုတ်မှာ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို “မြတ်စွာဘုရားရှင်တို့က တပည့်သားတို့အတွက် တရားဟောညွှန် ဆုံးမတယ်ဆိုတာ တပည့်သားတို့ရဲ့ အကျိုးစီးပွားနဲ့ ချမ်းသာသုခ ဖြစ်စေဖို့ အတွက် တပည့်သားတို့ရဲ့ အကျိုးစီးပွားကို ရှာမှီးတဲ့အနေနဲ့ သနားစောင့်ရှောက် မှုကို အကြောင်းပြုပြီး ဟောညွှန်ဆုံးမခြင်း ဖြစ်တယ်”ဆိုတဲ့အကြောင်း ရှင်းပြ ပြီးတော့မှ အရှင်အာနန္ဒာကို မိန့်ကြားလိုက်တာကတော့- “တသ္မာတိဟာနန္ဒ မိတ္တဝတာယ သမုဒါစရထ = အာနန္ဒာ၊ ဒါ့ကြောင့် သင်ချစ်သားတို့အနေနဲ့ ငါဘုရားရှင်အပေါ်မှာ မိတ်ဆွေတို့ ကျင့်သုံးသလို ကျင့်သုံး ကြပါ။” “မာပသတ္တဝတာယ = ရန်သူတို့ ကျင့်သုံးသလိုတော့ မကျင့်သုံးကြပါနဲ့”တဲ့။ (မ-ဥ-၁၅၈)။

 မိတ်ဆွေလို ကျင့်သုံးတယ်ဆိုတာ “ဆရာဟောပြောတဲ့စကားကို (၁) လေးလေးစားစားလည်း နာယူ။ (၂) အဓိပ္ပာယ်သိအောင်လဲ စဉ်းစား။ (၃) ဆုံးမသင်ကြား တဲ့ အတိုင်းလည်း လိုက်နာကျင့်သုံးတာပါ”လို့ ဆိုလိုတာပေါ့။ ရန်သူလို ကျင့်သုံးတယ်ဆိုတာကတော့ (၁) ကြားအောင်လည်း နား မထောင်၊ (၂) သိအောင်လည်း မစဉ်းစား။ (၃) ဆရားအဆုံးမကိုလည်း လွန်ကျူး ဆန့်ကျင်ပြီး ကျင့်သုံးတာပါ။

 “ဒီလို တိုက်တွန်းရတာကလဲ သင်ချစ်သားတို့အတွက် ကာလရှည်ကြာ စီးပွားချမ်းသာကြဖို့ အတွက်ပါ”လို့ အဆုံးမှာ ပါလိုက်သေးတယ်။ ဒီစကားရပ်ကို ဖြေးဖြေးလေးစဉ်းစား နားထောင်ကြည့်ပါ။ “ငါ့အပေါ်မှာ မိတ်ဆွေလို ကျင့်ကြပါ၊ ရန်သူလို မကျင့်ကြပါနဲ့”တဲ့။ “ဒါဟာ လူနတ်ဗြဟ္မာ သတ္တဝါ အားလုံးတို့ရဲ့ ကိုးကွယ်ရာဖြစ်တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်လိုက်တဲ့ စကားမှ ဟုတ်ရဲ့လား”လို့ ထင်ရလောက်အောင်ကို တောင်းပန်တိုးလျှိုးသံ ပေါက် နေတာကို ကြားယောင် မိကြပါလိမ့်မယ်။

 ဒီစကားကို မိမိအနားမှာလာပြီး ဘုရား ရှင်က မိန့်ကြားနေသလို အာရုံပြု နာယူကြည့်မိတိုင်းလည်း ကြက်သီးမွေးညင်းထပြီး ရင်ထဲမှာ နာကျင်သလို ဝေဒနာကို ခံစားခဲ့ရပါတယ်၊ “တို့တတွေဟာ ဆရာဖြစ်တဲ့ ဘုရားရှင်အပေါ်မှာ မိတ်ဆွေလိုမှ သဘောထားကျင့်သုံးနေကြတာ ဟုတ်ရဲ့လား၊ ရန်သူလိုများ သဘောထားကျင့်နေမိကြလေသလား”ဆိုတဲ့ ခံစားချက်နဲ့ပေါ့။ တစ်ခါ တစ်ခါ တပည့်တွေကို “အော်မယ်၊ ငေါက်မယ်၊ နာကျင်အောင် ရိုက်ပစ်ချင်တယ်” ဆိုတဲ့ စိတ်ရိုင်းများ ပေါ်လာခဲ့ရင်လဲ၊ ဘုရားရှင်ရဲ့ ဒီစကားတော်ကို ပြန်လည်ကြား ယောင်လာအောင် စဉ်းစားမိလိုက်ရင် ကိုယ့်ကိုယ်ကိုယ်လည်း ရှက်၊ ဘုရားရှင် အပေါ်လည်း အတော်ကြီးကို ရှက်နိုးအားနာကြီး ဖြစ်ပြီး ဘုရားရှင် ပုံတော်ကို ဖူးမြော်ရမှာကိုတောင် မျက်နှာပူသလိုလို ဖြစ်လာမိပါတယ်။ ဒီလိုပါပဲ ပုထုဇဉ်လူသားဖြစ်တဲ့ ဆရာသမားများဆိုတာလည်း မြတ်ဗုဒ္ဓလို မဟာကရုဏာရှင်ကြီး မဟုတ်သော်လဲ ပုထုဇဉ်တွေ ထဲမှာတော့ အများထက်သာတဲ့ ကရုဏာတရားထားပြီး ကားစီး တိုက်ဆောက် ဂုဏ်မြောက်ဖို့မတွေးဘဲ လှည်းစီး ဗိုက်မှောက် အူခြောက်တဲ့ကြားကပဲ မနည်းတဲ့ စေတနာ မေတ္တာတွေနဲ့ သင်ကြား ပေးခဲ့ကြသူတွေဖြစ်လို့ သာမန်လူတွေထက် ကရုဏာကြီးမား ကြသူတွေ အမှန် ပါပဲ။

တစ်ခါတစ်ခါတော့ စဉ်းစားမိတယ် “ဘုန်းကြီး”တို့ “ဆရာ”တို့ဆိုတဲ့ အမည် တွေဟာ ခိုင်းကောင်းအောင်လိုများ တမင် မြှောက်ပြီး အမည်ပေးထား ကြသလား လို့။ ဟုတ်တယ်လေ အမည်ကတော့ ဘုရားနဲ့တစ်တန်းတည်း ထားတဲ့ အနန္တဂိုဏ်း ဝင် အမည်တွေပဲ။ အလုပ်လုပ်ရတာကတော့ တကယ့်ကိုမှ “ဘုံကျွန်” ပါ။ မိပေါင်း သားစုံက မွေးဖွားထားသမျှတွေရဲ့အရေးကို ကိုယ့်အရေးထက် အလေးထား လုပ် ကိုင် နေကြရသူတွေ မဟုတ်လား။

အဲဒီလိုဆရာသမားတွေက ကရုဏာဆိုတဲ့ “ဏာ”တစ်လုံးကို “အမတေ” လို ငုံပြီး“နာ”မျိုးစုံကို အံတုရင်း တပည့်သားတွေကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက ဖွားပေးကြလို့သာ တပည့်တွေမှာ အသက်မွေးမှု တစ်ခုပညာ၊ ကိုယ်စီပါပြီး လူလားမြောက်နေကြတာပါ။ ဒီလိုဆရာတို့ရဲ့ အာခံတွင်းက ဖွားလာသူ တပည့်ကောင်း ဖြစ်ခဲ့ကြမှသာ “ဘုန်းရှင်ကံရှင် အဖြစ်”ပေါ်လွင် ထင်ရှားနိုင်ကြပါတယ်။ တကယ်လို့သာ ဆရာတို့ ရဲ့ အာခံတွင်းက ဖွားခဲ့တဲ့ “နှစ်ကြိမ်ဖွား” များမဖြစ်ခဲ့ဘူးဆိုရင်တော့ အတိတ်ကံက ဘယ်လောက်ပဲ ကြီးမားနေနေ “ဘုန်းရှင်ကံရှင်” အဖြစ်မပေါ်လွင် မထင်ရှားနိုင်ကြ ပါဘူး။

 ဒါနဲ့ပတ်သက်လို့ မြန်မာတို့ အသိများကြတဲ့ “ကုဋေရှစ်ဆယ် သူဌေးသား” ရဲ့ ဖြစ်ရပ်ဟာ အလွန်ထင်ရှားတဲ့ သာဓကပါပဲ။ ဒီသူဌေးသားဟာ အတိတ်ကံနဲ့ ပါရမီက လူ့စီးပွားရှာရင် ပထမတန်းစား သူဌေးကြီးဖြစ်နိုင်သလို တရားရှာခဲ့မယ် ဆိုရင်လည်း ရဟန္တာအထိ ဖြစ်နိုင်လောက်အောင် ကံလည်း ကြီးမား ပါရမီလည်း အားကောင်းပေမယ့် သူ့မိဘရဲ့ အမြင်တိုမှုကြောင့် “တို့မှာ ကုဋေရှစ်ဆယ် ကြွယ်ဝ တာပဲ၊ တို့သေရင် ဒီသားတစ်ယောက်ပဲ အမွေရမှာ၊ ဒီအသပြာတွေဟာ သူ့တစ် သက် စားမကုန်လောက်ပါဘူး။

 ဘာစီးပွားမှ ရှာဖို့မလိုတဲ့အတွက် ဘာပညာမှ သင်စရာ မလိုဘူး” ဆိုပြီး ဆရာသမားထံ မအပ်နှံခဲ့တဲ့အတွက် တစ်ကြိမ်ဖွားနဲ့ပဲ လူလား မြောက်ခဲ့ရတယ်။ အရွယ်ရောက်တဲ့အခါ သူ့လိုပဲ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့ တစ်ဦးတည်းသော သူဌေးသမီးနဲ့ လက်ထပ်ကြလို့ နှစ်ဘက်မိဘများ ဆုံးပါးတဲ့အခါ ကုဋေ တစ်ရာ့ခြောက်ဆယ် ကြွယ်ဝတဲ့ သူဌေးလင်မယားဖြစ်ကြပေမယ့် အာခံတွင်းမှ ဖွားသူများ မဖြစ်ခဲ့ကြတော့ ပစ္စည်းဥစ္စာကို ဘယ်လိုသိမ်းဆည်းရမယ်၊ ဘယ်လို တိုးပွားအောင် လုပ်ရမယ်ဆိုတာ ဘာမျှမသိကြဘဲ သုံးဖြုန်းသောက်စား ပျော်ပါးရင်း လုံးပါးပါးပြီး နောက်ဆုံးမှာ ခွက်လက်စွဲတောင်းစားရင်း မြောင်းကြားမှာ ဘဝဆုံး ကြရတယ်ဆိုတာ အားလုံးသိကြပြီးသားပါ။

ဒါကြောင့် “အာခံတွင်းက ဖွားမြင် သူများသာ ဘုန်းရှင်ကံရှင် ဖြစ်နိုင်ကြတယ်” လို့ဆိုရတာပါ။ ဘယ်ကိစ္စမဆို ပြီးမြောက်အောင်မြင် အရာဝင်ရေးအတွက် ဆရာသမားတို့ရဲ့ နှလုံးသားနဲ့ အာငွေ့စွမ်းအားတို့ အရေးပါမှုနဲ့ ပတ်သတ်လို့ သံယုတ္တနိကာယ်၊ ကလျာဏမိတ္တသုတ်မှာ အရှင်အာနန္ဒာက မြတ်စွာဘုရားရှင်ကို “အရာကိစ္စအားလုံး ပြီးမြောက် အောင်မြင်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ စွမ်းအား အထောက်အကူဟာ ထက်ဝက်လောက် အရေးပါတယ်လို့ မှတ်ထင်ကြောင်း လျှောက်ထားတဲ့အခါ မြတ်စွာဘုရားရှင်က “အာနန္ဒာ ဒီလိုမပြောနဲ့၊ အာနန္ဒာ.. ဒီလိုမပြောနဲ့” လို့ နှစ်ခွန်းဆက် တားမြစ်ပြီးတော့မှ “အာနန္ဒာ ... ကိစ္စအားလုံး ပြီးမြောက်ရေးမှာ ဆရာသမား (ကလျာဏမိတ္တ)တို့ရဲ့ အထောက် အကူဟာ ရာနှုန်းပြည့်လောက် အရေးပါတယ်။

သင်တပည့်သားတို့ အနေနဲ့ ပါရမီတွေ ဘယ်လောက်ပဲရှိနေနေ၊ ငါဘုရားရှင်ဆိုတဲ့ ဆရာသမား (ကလျာဏမိတ္တ) နဲ့ မတွေ့ကြုံခဲ့ရင် နိဗ္ဗာန်ရောက်ကြောင်း အကျင့်တွေ ဘယ်လိုလုပ်ကျင့်သုံးနိုင်မလဲ၊ ဒါကြောင့် တပည့်အားလုံးရဲ့ အောင်မြင်ရေးမှာ ဆရာသမားတို့ရဲ့ အထောက်အကူဟာ ရာနှုန်းပြည့်လောက် အရေးပါတယ်လို့ မှတ်ရမယ်”ဆိုတဲ့ အကြောင်း မိန့်ကြားတော်မူပါတယ်။ ဒီနေ့ လူရာဝင်နေကြသူတွေအားလုံးဟာလည်း ဆရာသမားတို့ရဲ့ အာခံတွင်းက မွေးဖွားသူများ ဖြစ်ခွင့်ရကြလို့သာ အခုလို အသက်မွေးမှု တစ်ခု ပညာ၊ ကိုယ်စီ ပါပြီး လူရာဝင်နေကြတယ်ဆိုတာကို အလေးအနက် ခံယူတတ်ကြ ရမှာပါ။

ဒါကြောင့် ဒီနေ့ပြုလုပ်တဲ့ ပူဇော်ပွဲဟာ မိမိတို့ လဲလျှောင်းခိုမှီးခဲ့ရာ နှလုံးသားများနဲ့ ဖွားမြင်ခဲ့ရာ အာခံတွင်းတို့ကို ကျေးဇူးတုံ့ ပေးဆပ်ပူဇော်တဲ့ ပွဲလည်း ဖြစ်တယ်။ ဒီလိုပူဇော်ကြတဲ့အတွက် မိမိတို့ ကိုယ်တိုင်လည်း လောကအလယ်မှာ လူရာဝင်နိုင်လောက်အောင် အရည်အချင်းနဲ့ ပြည့်စုံတဲ့ “အာခံတွင်းက ဖွားသူများ” ဖြစ်တယ်လို့ အများကသိသာစေတဲ့ ဂုဏ်ယူပွဲကြီးလည်း ဖြစ်ပါတယ်။

 အပူဇော် ထိုက်သူများကို ပူဇော်တဲ့ ပူဇနေယျမင်္ဂလာပွဲလည်း မည်ပါတယ်။ “မေတ္တာရှေးဦး၊ ပြုပေးဖူးကို၊ ကျေးဇူးသိမှု၊ ကတညုတည့်။ ထို သူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ် မှန်လှ၊ ကတဝေဒီ၊ ဟူတုံပြီရှင့်။ လောကီလူစု၊ ဉာဏ်မြင်နုတို့၊ သူပြုအထူး၊ သူ့ကျေးဇူးကို၊ ကြည့်နူးဝမ်းမြောက်၊ မခေါက်မရက်၊ နှစ်သက်အင်ရွှဲ၊ သိတတ်ခဲ၏” ဆိုတဲ့ မဃဒေဝလင်္ကာ (၂၅၅)အရ၊ ကျေးဇူးတု့ံ ပူဇော်ပွဲကြီး ပြု လုပ်ကြတာဖြစ်လို့ လောကမှာ အလွန်တွေ့ရ ကြုံရခဲတဲ့ “ကတညုတ ကတဝေဒီ” မင်္ဂလာပွဲကြီးလည်း ဖြစ်ပါတယ်။

အားလုံးကို အထူးပြောချင်တာကတော့ မြတ်ဗုဒ်္ဓက တပည့်သားများကို တိုးလျှိုးတောင်းပန်သံနဲ့ မဟာကရုဏာ တရားကြီးမားစွာ မှာကြားခဲ့သလိုပဲ၊ “ယနေ့ကစပြီး သံသရာခရီးဆုံးရာ နိဗ်္ဗာန်တိုင်အောင် - ကျေးဇူးရှင်ဆရာသမားတို့ အပေါ်မှာ (အနည်းဆုံး) မိတ်ကောင်းဆွေကောင်းလောက်တော့ သဘောထားပြီး ကျင့်သုံးကြပါ။ ရန်သူလို သဘောထားတဲ့ အမူအကျင့်များကိုတော့ လုံးဝ မကျင့်မှားမိကြပါစေနဲ့” ဆိုတာပါပဲ။

ဘာကြောင့် ဒါကိုအထူး ပြောရသလဲ ဆိုရင်တော့ ဆရာသမားများကို မိတ်ဆွေလို သဘောထားပြီး ကျင့်သုံးကြသူများသာ လောကီ လောကုတ္တရာ ကောင်းကျိုးနှစ်ဖြာကို ရနိုင်ကြမှာဖြစ်ပြီး ရန်သူလို သဘောထား ကျင့်သုံးကြရင်ဖြင့် ရှည်လျားလှတဲ့ သံသရာတစ်လျှောက်လုံး ဆင်းရဲ ဒုက္ခတွေနဲ့ တွေ့ကြုံနေကြရမှာ ဖြစ်လို့ပါ။ ဒီအတွက် မဃဒေဝကျမ်းမှာလာတဲ့ - “ကတညုတ၊ ကတဝေဒိ၊ မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ဥစ္စာစည်းပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမခိုင်ဘူး၊ ဓမ္မကရိုဏ်စစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျှက်၊ တန်ခိုးနေ့ည၊ ဆုတ်လ ပမာ၊ ယုတ်တတ်စွာ၏” ဆိုတဲ့ စကားလေးနဲ့ပဲ သတိပေး နိဂုံးချုပ်လိုက်ပါရစေ။ အားလုံး အာခံတွင်းက ဖွားသူများ ပီသကြပါစေ။

 (ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

ဆရာတော်၏ ကံကောင်းအကြောင်းလှပါစေနှင့် အလင်းတန်းအတွေးသစ်များ စာအုပ်မှပြန်လည် ဖော်ပြပါသည်)

Credit..