စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 31, 2022

ဒီဃာဝုမင်းသားအကြောင်း

🙏ဒီဃာဝုမင်းသား🙏
🌼🌼🌼🌼🌼🌼🌼🌼
မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်ကာသိမင်းသည် ကြွယ်ဝ၍ များသောဥစ္စာစည်းစိမ် ရှိ၏၊ များသောရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားလည်း ရှိ၏၊ ကြီးသော တိုင်းနိုင်ငံနှင့် ပြည့်သော ဘဏ္ဍာအိမ်ကျီကြလည်း ရှိ၏။

ဒီဃီတိ ကောသလမင်းသည်ကား ဆင်းရဲ၍ နည်းသော ဥစ္စာစည်းစိမ် ရှိ၏၊ နည်းသောရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားရှိ၏၊ ငယ်သော တိုင်းနိုင်ငံနှင့် မပြည့်သော ဘဏ္ဍာအိမ်ကျီကြရှိ၏။

ဗြဟ္မဒတ် ကာသိမင်းသည် အင်္ဂါလေးပါး ရှိသော စစ်သည်ကို ပြင်ဆင် စေ၍ ဒီဃီတိ ကောသလမင်း၏ နိုင်ငံသို့ ရှေးရှုချီတက်၏။ ''ဗြဟ္မဒတ်ကာသိမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို ပြင်ဆင်စေ၍ ငါ၏ (နိုင်ငံ) ရှေးရှု ချီတက်လာသတတ်''ဟု ဒီဃီတိ ကောသလမင်းသည် ကြားလေ၏။

ဒီဃီတိ ကောသလမင်းအား ''ဗြဟ္မဒတ် ကာသိမင်းသည်ကား ကြွယ်ဝ၍ များသောဥစ္စာစည်းစိမ် ရှိ၏၊ များသောရဲမက် ဗိုလ်ပါ ဆင်မြင်းရထား ရှိ၏၊ ကြီးသော တိုင်းနိုင်ငံနှင့် ပြည့်သော ဘဏ္ဍာအိမ်ကျီကြ ရှိ၏၊ ငါသည်ကား ဆင်းရဲ၍ နည်းသော ဥစ္စာစည်းစိမ် ရှိ၏၊ နည်းသောရဲမက်ဗိုလ်ပါ ဆင်မြင်းရထား ရှိ၏၊ 

ငယ်သော တိုင်းနိုင်ငံနှင့် မပြည့်သော ဘဏ္ဍာအိမ် ကျီကြ ရှိ၏၊ ငါသည် ဗြဟ္မဒတ် ကာသိမင်းနှင့် တစ်ကြိမ် စစ်ထိုးခြင်းကိုပင် ခံခြင်းငှါ မစွမ်းနိုင်ချေ၊ ငါသည် စောစောကပင်လျှင် မြို့မှ ထွက်ပြေးရမူ ကောင်း လေစွ''ဟု အကြံဖြစ်၏။

ဒီဃီတိ ကောသလမင်းသည် မိဖုရားကြီးကို ခေါ်၍ စောစောကပင်လျှင် မြို့မှ ထွက်ပြေးလေ၏။

ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃီတိ ကောသလမင်း၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း အောင်မြင်၍ စိုးမိုးအုပ်ချုပ် ၏။

ဒီဃီတိမည်သော ကောသလမင်းသည် မိဖုရားနှင့်တကွ ဖဲသွားလေသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ ဒီဃီတိ ကောသလမင်းသည် မိဖုရားနှင့် တကွ ဗာရာဏသီပြည် အစွန်အဖျား ဖြစ်သော အရပ်ရှိ အိုးထိန်းသည်အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်း၏ အဝတ်ကို ဝတ်လျက် နေလေ၏။ ဒီဃီတိ ကောသလမင်း၏ မိဖုရားကြီးသည် မကြာမီပင်လျှင် ကိုယ်ဝန်ရှိလေ၏။

ထိုမိဖုရားကြီးအား ဤသို့ သဘောရှိသော ချင်ခြင်း 'တောင့်တမှု' သည် ဖြစ်ပေါ်လာ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ရှုကြည့်ခြင်းငှါ၄င်း၊ သန်လျက်ဆေးရေကိုသောက်ခြင်းငှာ၄င်း အလိုရှိ၏''။ 

ဒီဃီတိ ကောသလမင်း၏ မိဖုရားကြီးသည် ဒီဃီတိ ကောသလမင်းကို အရှင်မင်းကြီး အကျွန်ုပ်သည် ကိုယ်ဝန်ရှိပါ၏၊ ထိုအကျွန်ုပ်အား ဤသို့ သဘောရှိသော ချင်ခြင်း 'တောင့်တမှု' သည် ဖြစ်ပေါ်လာပါ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညို ကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ သန်လျက်ဆေးရေ ကိုသောက်ခြင်းငှါလည်းကောင်း အလိုရှိပါ၏''ဟု ပြောဆို၏၊

မိဖုရား ဆင်းရဲခြင်းသို့ ရောက်နေသော ငါတို့အား ညီညွတ်သော မြေအပြင်၌ တည်လျက် ချိပ်မိန့်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို အဘယ်မှာရအံ့နည်း သန်လျက်ဆေးရေကို သောက်ခြင်းငှါ အဘယ်မှာရအံ့နည်းဟု (မင်းကြီးက ဆို၏)။

အရှင်မင်းကြီး အကယ်၍ မရငြားအံ့ အကျွန်ုပ်သည် သေရတော့အံ့ဟု (ဆို၏)။

ထိုစဉ်အခါ၌ ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဒီဃီတိ ကောသလမင်း၏ အဆွေခင်ပွန်း ဖြစ်လေ၏။ ဒီဃီတိ ကောသလမင်းသည် ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားထံသို့ ချဉ်းကပ်ပြီးလျှင် အဆွေ သင်၏ အဆွေတော် မိဖုရားကြီးသည် ကိုယ်ဝန်ရှိပါ၏၊ ထိုမိဖုရားကြီးအား ဤသို့ သဘောရှိသော ချင်ခြင်းသည် ဖြစ်ပေါ် လာပါ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ရှုမြင်ခြင်းငှာ၄င်း၊ သန်လျက်ဆေးရေကို သောက်ခြင်းငှါ၄င်း အလိုရှိပါသည်''ဟု ပြောဆို၏။

အရှင်မင်းကြီး သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မိဖုရားကြီးကို ကြည့်ရှုကြပါကုန်အံ့ဟု (ပြောဆို၏)။ ဒီဃီတိ ကောသလမင်းကြီး၏ မိဖုရားကြီးသည် ဗြဟ္မဒတ် ကာသိမင်း၏ ပုရော ဟိတ်ပုဏ္ဏားထံသို့ ချဉ်းကပ်လေ၏။ ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဒီဃိတိ ကောသလမင်း၏ မိဖုရားကြီး လာနေသည်ကို အဝေးကမြင်၍ နေရာမှ ထပြီးလျှင် လက်ဝဲ တစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို စံပယ်တင်၍ ဒီဃီတိ ကောသလ မင်းကြီး၏ မိဖုရားကြီးရှိရာသို့ လက်အုပ်ချီလျက် ''အချင်းတို့ ဝမ်း၌ တည်သော သူငယ်သည် ကောသလ မင်း ဖြစ်ပေသည်တကား၊ အချင်းတို့ ဝမ်း၌ တည်သော သူငယ်သည် ကောသလမင်း ဖြစ်ပေသည်တ ကား''ဟု သုံးကြိမ် ဥဒါန်းကျူးရင့်လေ၏။

မိဖုရားကြီး ဝမ်းမြောက်လော့၊ နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ကြည့်ရှုရပါလတ္တံ့၊ သန်လျက်ဆေးရေကိုလည်း သောက်ရပါလတ္တံ့ဟု (ဝန်ခံလေ၏)။

ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဗြဟ္မဒတ် ကာသိမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''အရှင်မင်းကြီး ထိုသို့ လျှောက်တင်သည့်အတိုင်း နိမိတ်တို့သည် ထင်လာပါကုန်၏၊ နက်ဖြန်နေထွက်သောအခါ ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ညီညွတ်သော မြေအပြင်၌ တည်ပါစေလော့၊ သန်လျက်တို့ကိုလည်း ဆေးပါကုန်လော့''ဟု လျှောက်၏။

 ဗြဟ္မဒတ် ကာသိမင်းသည် ''အချင်းတို့ ပုရောဟိတ်ပုဏ္ဏား ပြောဆိုသည့်အတိုင်း ပြုကြကုန်လော့''ဟု လူတို့ကို စေခိုင်း၏။ ဒီဃီတိ ကောသလမင်း ကြီး၏ မိဖုရားကြီးသည် နေထွက်သောအခါ ညီညွတ်သော မြေပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင် ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကိုလည်း ကြည့်ရှုရလေ၏၊ သန်လျက်ဆေးရေကိုလည်းသောက်ရ လေ၏။

ဒီဃီတိ ကောသလမင်းကြီး၏ မိဖုရားကြီးသည် ကိုယ်ဝန်ရင့်ခြင်းကို စွဲ၍ သားဖွားမြင်လေ၏၊ ထိုသားအား 'ဒီဃာဝု' ဟူသော အမည်ကို မှည့်ကုန်၏ ဒီဃာဝု မင်းသားသည် မကြာမီပင်လျှင် သိကြားလိမ္မာသည်၏အဖြစ်သို့ ရောက်လေ၏။

ဒီဃီတိ ကောသလမင်းအား ''ဗြဟ္မဒတ် ဤကာသိမင်းသည် များစွာ ငါတို့၏ အကျိုးမဲ့ကို ပြုသူတည်း၊ ဤမင်းသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း လုယူခဲ့၏၊ အကယ်၍ ဤမင်းသည် ငါတို့ကို သိငြားအံ့၊ ငါတို့ သုံးယောက်လုံးကို သတ်စေလတ္တံ့၊ ငါသည် ဒီဃာဝုမင်းသားကို မြို့ပြင်၌့နေစေရလျှင် ကောင်းလေစွ''ဟု အကြံဖြစ်၏။ 

ဒီဃီတိ ကောသလမင်းသည် ဒီဃာဝုမင်းသားကို မြို့ပြင်၌ နေစေ၏။ ရဟန်းတို့ ထိုအခါ ဒီဃာဝုမင်းသားသည် မြို့ပြင်၌ နေလျက် မကြာမီပင် အလုံးစုံသော အတတ်တို့ကို သင်ယူလေ၏။

ထိုအခါ ဒီဃီတိ ကောသလမင်း၏ ဆတ္တာသည်သည် ဗြဟ္မဒတ် ကာသိမင်း၏ အထံ၌ နေ၏၊ ဒီဃီတိ ကောသလမင်း၏ ဆတ္တာသည်သည် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ အိုးထိန်းသည်အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်းတို့၏ အဝတ်ကို ဝတ်လျက်နေသည်ကို မြင်သဖြင့် ဗြဟ္မဒတ်မည်သော ကာသိမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''အရှင်မင်းကြီး ဒီဃီတိကောသလမင်းသည် မယားနှင့်အတူ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ အိုးထိန်းသည် အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်းတို့၏ အဝတ်ကို ဝတ်လျက်နေပါသည်'' ဟု လျှောက်လေ၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ''အချင်းတို့ သို့ဖြစ်လျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဆောင်ယူခဲ့ကုန်လော့''ဟု လူတို့ကို စေခိုင်းလေ၏။ ''အရှင်မင်းကြီး ကောင်းပါပြီ''ဟု ထိုလူတို့သည် ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဆောင်ယူခဲ့ကုန်၏။

ဗြဟ္မဒတ် ကာသိမင်းကြီးသည် လူတို့ကို ''အချင်းတို့ သို့ဖြစ်လျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ မြဲမြံခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်တုပ်နှောင်လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည် ဆောင်ယူလျက် တောင်တံခါးဖြင့် ထွက်စေ၍ မြို့၏ တောင် အရပ်၌ လေးပိုင်းဖြတ်ပြီးလျှင် လေးဖို့လေးစုတို့ကို (ပြုပြီး၍) အရပ်လေးမျက်နှာတို့၌ ပစ်ကုန်လော့''ဟု စေခိုင်း၏။

ထိုလူတို့သည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ မြဲမြံခိုင့်ခံသော ကြိုးဖြင့် လက်ပြန်တုပ် နှောင်လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်ကာ ဆောင်ယူကြလေကုန်၏။

ထိုအခါ ဒီဃာဝုမင်းသားအား ''ငါသည် အမိအဖတို့ကို မတွေ့မမြင်ရသည်ကား ကြာမြင့် လှလေပြီ၊ ငါသည် အမိအဖတို့ကို တွေ့မြင်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်သို့ ဝင်သည်ရှိသော် မြဲမြံခိုင့်ခံသော ကြိုးဖြင့် လက်ပြန်တုပ်နှောင် လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်ဆောင်ယူ အပ်သော အမိအဖတို့ကို မြင်၍ အမိ အဖတို့ထံသို့ ချဉ်းကပ်၏။

ဒီဃီတိ ကောသလမင်းသည် အဝေးမှ လာသော ဒီဃာဝုမင်းသားကို မြင်၍ ''ချစ်သား ဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့ မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏ ''ဟု ဒီဃာဝုမင်းသားကို ပြောဆို၏။

ဤသို့ပြောဆိုသော် လူတို့သည် ဒီဃီတိ ကောသလမင်းကို ''ဤဒီဃီတိ ကောသလမင်းသည် ရူး၍ ယောင်ယမ်း ပြောဆို၏။ ဤကောသလမင်း၏ ဒီဃာဝုကား အဘယ်နည်း၊ ဤကော သလမင်းသည် အဘယ်သူကို ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင့်ရန်တို့သည် ငြိမ်းကုန်၏''ဟု ဆိုပါလိမ့်မည်နည်းဟု ပြောဆိုကုန်၏။

အချင်းတို့ ငါသည် ရူး၍ ယောင်ယမ်းပြောဆိုသည် မဟုတ်၊ စင်စစ်သော်ကား ပညာရှိသူသည် သိလတ္တံ့ဟု ပြောဆို၏။ ဒီဃီတိ ကောသလမင်းသည် ''ချစ်သား ဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏''ဟု ဒီဃာဝုမင်းသားကို သုံးကြိမ်မြောက် ပြောဆို၏။

လူတို့သည် ဒီဃီတိ ကောသလမင်းကို ''ဤဒီဃီတိ ကောသလမင်းသည် ရူး၍ ယောင်ယမ်းပြောဆို၏၊ ဤကောသလမင်း၏ ဒီဃာဝုကား အဘယ်နည်း၊ ဤကောသလမင်းသည် အဘယ်သူကို ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏''ဟု ဆိုပါလိမ့်မည်နည်းဟု သုံးကြိမ်မြောက် ပြောဆိုကုန်၏။

အချင်းတို့ ငါသည် ရူး၍ ယောင်ယမ်းပြောဆိုသည် မဟုတ်၊ စင်စစ်သော်ကား ပညာရှိသူသည် သိလတ္တံ့ဟု ပြောဆို၏။

ထိုအခါ ထိုလူတို့သည် ဒီဃီတိမည် ကောသလမင်းကို မယားနှင့်အတူ လမ်းမ တစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည် ဆောင်ယူလျက် တောင်တံခါးဖြင့် ထွက်စေ၍ မြို့၏ တောင်အရပ်၌ လေးပိုင်းဖြတ်ပြီးလျှင် လေးဖို့လေးစုတို့ကို (ပြုပြီး၍) အရပ်လေးမျက်နှာ တို့၌ ချထားပြီးလျှင် အစောင့်အရှောက်ထား၍ ဖဲသွားကုန်၏။ 

ထိုအခါ ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် သေရည်ကို ဆောင်ယူခဲ့၍ အစောင့်တို့ကိုသောက်စေ၏။ ထိုအစောင့်တို့သည် မူးယစ်၍ လဲသောအခါ ထင်းတို့ကို စုရုံး၍ အပုံပြုလျက် အမိအဖတို့၏ အလောင်းကို ထင်းပုံထက် သို့တင်ကာ မီးတိုက်ပြီးလျှင် လက်အုပ်ချီ၍ ထင်းပုံကို သုံးကြိမ်လက်ျာရစ် လှည့်လည်၏။

ထိုစဉ်အခါ၌ ဗြဟ္မဒတ် ကာသိမင်းကြီးသည် မြတ်သော ပြာသာဒ်အထက်၌ တည်နေခိုက် ဖြစ်၏ လက်အုပ်ချီ၍ ထင်းပုံကို သုံးကြိမ်လက်ျာရစ် လှည့်လည်နေသည့် ဒီဃာဝု မင်းသားကို မြင်သော ထိုဗြဟ္မဒတ်မင်းအား ''ထိုသူသည် ဒီဃီတိမည်သော ကောသလမင်း၏ မိမျိုး ဖမျိုးသော်၄င်း သားချင်းသော်၄င်း မချွတ်ဖြစ်လတ္တံ့၊ ငါ့အား မည်သူကမျှ မပြောကြားဘဲ နေတုံဘိ၏၊ ဪ ငါ့အား အကျိုးမဲ့ချေပြီတကား''ဟု အကြံဖြစ်၏။

ထိုအခါ ဒီဃာဝုမင်းသားသည် တောသို့ သွားပြီးလျှင် အလိုရှိတိုင်း ငိုကြွေးမြည်တမ်း ပြီးနောက် မျက်ရည်ကို သုတ်လျက် ဗာရာဏသီပြည်သို့ ဝင်ကာ နန်းတော်၏ အနီး ဆင်တင်းကုပ်သို့ သွား၍ ဆင်ဆရာကို ''ဆရာ အကျွန်ုပ်သည် အတတ်သင်လိုပါသည်''ဟု ပြောဆို၏။ အချင်းလုလင်သို့ ဖြစ်လျှင် သင်လော့ဟု (ပြောဆို၏)။

ထိုအခါ ဒီဃာဝုမင်းသားသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီဆို၏၊ စောင်းကိုလည်း တီး၏။  ဗြဟ္မဒတ် ကာသိ မင်းသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုသံ စောင်းတီးသံကို ကြား၍ လူတို့ကို ''အချင်းတို့ အဘယ်သူသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုဘိသနည်း၊ စောင်းကိုလည်း တီးဘိသနည်း''ဟု မေး၏။

အရှင်မင်းကြီး ဤမည်သော ဆင်ဆရာ၏ အနီးနေတပည့် လုလင်သည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုပါသည်၊ စောင်းကိုလည်း တီးပါသည်ဟု (လျှောက်ကုန်၏)။ အချင်းတို့ သို့ဖြစ်လျှင် ထိုလုလင်ကို ဆောင်ခဲ့ကုန်လော့ဟု (မိန့်ဆို၏)။

ထိုလူတို့သည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃာဝုမင်းသားကို ဆောင်ခဲ့ကုန်၏။ အချင်းလုလင် သင်သည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစော ထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီဆိုသလော၊ စောင်းကိုလည်း တီးသလောဟု (မေး၏)။ မှန်ပါသည် အရှင်မင်းကြီးဟု (လျှောက်၏)။ အချင်းလုလင် သို့ဖြစ်လျှင် သီဆိုလော့၊ စောင်းကိုလည်း တီးလော့ဟု (မိန့်၏)။ 

''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် မည်သော ကာသိမင်းကြီးအား နှစ်သက်စေလိုသည်ဖြစ်၍ သာယာသော အသံဖြင့် သီဆို၏၊ စောင်းကိုလည်း တီး၏။ ''အချင်း လုလင် သင်သည် ငါ့ကို လုပ်ကျွေးခစားလော့''ဟု (ဆို၏)။

ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်း ကြီးအား ဝန်ခံ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် ကာသိမင်းကြီး၏ ရှေးဦးစွာထ၍ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်အမှုကို ပြုရပါအံ့နည်းဟု နာခံလျက် နေလေ့ရှိ၏၊ နှစ်လို ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချစ်ခင်ဖွယ်ကို ပြောလေ့ရှိ၏၊ ရဟန်းတို့ ထိုအခါ ဗြဟ္မဒတ် ကာသိမင်း ကြီးသည် မကြာမီပင်လျှင် ဒီဃာဝုမင်းသားကို အတွင်းကျသော အကျွမ်းဝင်သော အရာဌာန၌ ထား၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃာဝုမင်းသားကို ''အချင်း လုလင် ရထား ကလော့၊ သမင်တောသို့ သွားကုန်အံ့''ဟု ဆို၏။ ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အသျှင်မင်းကြီး''ဟု ဗြဟ္မဒတ်မည်သော ကာသိမင်းအား ဝန်ခံ၍ ရထားကပြီးလျှင် ဗြဟ္မဒတ် မည်သော ကာသိမင်းကို ''အရှင်မင်းကြီး သင်မင်းကြီး၏ ရထားကပြီးပါပြီ၊ ယခုအခါ သွားရန် အချိန်ကို အရှင်မင်းကြီး သိတော်မူပါ၏။ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါသည်) ''ဟု ဆို၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ရထားကို တက်စီး၏၊ ဒီဃာဝုမင်း သားသည် ရထားကို မောင်းနှင်၏၊ စစ်သည်က တစ်လမ်းသွား၍ ရထားက တစ်လမ်းသွားအောင် မောင်း နှင်၏။ ဗြဟ္မဒတ် ကာသိမင်းကြီးသည် အဝေးသို့ ရောက်သောအခါ ဒီဃာဝုမင်းသား ကို ''အချင်းလုလင် ရထားကို ချွတ်လော့၊ ပင်ပန်း၏၊ အိပ်အံ့''ဟု မိန့်ဆို၏။

ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ်မည်သော ကာသိမင်း ကြီးအား ဝန်ခံ၍ ရထားကို ချွတ်ပြီးလျှင် မြေ၌ ထက်ဝယ်ပလ္လင်ဖြင့် ထိုင်နေ၏။ ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသား၏ ရင်ခွင်၌ ဦးခေါင်းချ၍ အိပ်လေ၏၊ 

ပင်ပန်းသော ထိုမင်းကြီးသည် တစ်မုဟုတ်ခြင်းဖြင့်ပင် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ဒီဃာဝု မင်းသားအား ဤသို့ အကြံဖြစ်၏ - 

''ဤဗြဟ္မဒတ် ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း၊ လုယက်ဖျက်ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။

ထိုအခါ ဒီဃာဝုမင်းသားအား ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီး အခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်။ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု သန်လျက် အိမ်သို့ သန်လျက်ကို ပြန်သွင်း၏။

ဒီဃာဝုမင်းသားအား နှစ်ကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်၏ - ''ဤဗြဟ္မဒတ်မည်သော ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက် ဗိုလ်ပါ့ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကိုလည်းကောင်း လုယက်ဖျက် ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါ ရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။

ဒီဃာဝုမင်းသားအား နှစ်ကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီးအခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု တစ်ဖန် သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်း၏။

ဒီဃာဝုမင်းသားအား သုံးကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ဤဗြဟ္မဒတ် မည်သော ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက် ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း လုယက် ဖျက်ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါ ရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။

ဒီဃာဝုမင်းသားအား သုံးကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီး အခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်း၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ကြောက်ရွံ့ ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထလေ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် ကာသိမင်းကြီးကို ''အရှင်မင်းကြီး အဘယ့်ကြောင့် သင်သည် ကြောက်ရွံ့ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထဘိသနည်း''ဟု ပြောဆိုမေးမြန်း၏။

အချင်းလုလင် ယခုအခါ အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိ ကောသလမင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ငါသည် ကြောက်ရွံ့ ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထ၏ဟု ပြောဆို၏။

ထိုအခါ ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် ဗြဟ္မဒတ် ကာသိမင်းကြီး၏ ဦးခေါင်းကို ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို ထုတ်ကာ ဗြဟ္မဒတ် ကာသိမင်းကြီးကို ''အရှင်မင်းကြီး ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ထိုဒီဃာဝုမင်း သားသည်ကား ငါပင်တည်း၊ သင်သည် ငါတို့၏ အကျိုးမဲ့ ကို များစွာပြု၏၊ သင်သည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း ဘဏ္ဍာ တိုက်နှင့် ကျီကြကို၄င်း လုယက်ဖျက်ဆီး၏၊ သင်သည်ပင် ငါ၏ အမိအဖတို့ကို သတ်၏၊ ဤ အခါသည်ကား ငါရန်တုံ့မူရမည့် အခါတည်း''ဟု ပြောဆို၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသား၏ ခြေတို့၌ ဦးခိုက်၍- ''ချစ်သားဒီဃာဝု ငါ၏ အသက်ကို ပေးပါလော့၊ ချစ်သားဒီဃာဝု ငါ၏ အသက်ကို ပေးပါလော့''ဟု ဒီဃာဝုမင်းသားကို ပြောဆို၏၊

''အကျွန်ုပ်သည် အရှင်မင်းကြီး၏ အသက်ကို ပေးခြင်းငှါ အဘယ်မှာ တတ်နိုင်ပါအံ့နည်း၊ အရှင်မင်း ကြီးသည်သာလျှင် အကျွန်ုပ်၏ အသက်ကို ပေးနိုင်ရာ၏''ဟု (ဒီဃာဝုက ပြောဆို၏)။

''ချစ်သားဒီဃာဝု သို့ဖြစ်လျှင် သင်သည်လည်း ငါ၏ အသက်ကို ပေးလော့၊ ငါသည်လည်း သင်၏ အသက်ကို ပေးအံ့''ဟု (ပြောဆို၏)။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးနှင့် ဒီဃာဝုမင်းသားတို့သည် အချင်းချင်း အသက်ကို ပေးကုန်၏၊ လက်ကိုလည်း ဆွဲကိုင်ကုန်၏၊ (အချင်းချင်း) မပြစ်မှားရန် ကတိသစ္စာ ကျိန်ဆိုခြင်းကိုလည်း ပြုကုန်၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃာဝုမင်းသားကို ''ချစ်သားဒီဃာဝု သို့ဖြစ်လျှင် ရထားကလော့ သွားကုန်အံ့''ဟု ပြောဆို၏။

ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်း အား ဝန်ခံ၍ ရထားကို ကပြီးလျှင် ဗြဟ္မဒတ် ကာသိမင်းကို ''အရှင်မင်းကြီး သင်မင်းကြီး၏ ရထားကပြီးပါပြီ၊ ယခုသွားရန်အချိန်ကို သင်မင်းကြီး သိတော်မူပါ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလို အတိုင်းပင် ဖြစ်ပါသည်) ''ဟု လျှောက်၏။

ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ရထားကို တက်စီးလေ၏၊ ဒီဃာဝု မင်းသားသည် ရထားကို မောင်းနှင်လေ၏၊ မကြာမီပင် စစ်သည်နှင့် ပေါင်းဆုံမိမည့် လမ်းအတိုင်း ရထား ကို မောင်းနှင်လေ၏။ ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် အမတ်ပရိသတ်တို့ကို စည်းဝေးစေ၍ ''အချင်းတို့ ဒီဃီတိမည်သော ကောသလမင်း၏သား ဖြစ်သော ဒီဃာဝုမင်းသားကို တွေ့မြင်လျှင် အသို့ပြုကုန်အံ့နည်း''ဟု မေးမြန်း၏။

အချို့သော အမတ်တို့က....
''အရှင်မင်းကြီး အကျွန်ုပ်တို့သည် လက်တို့ကို ဖြတ်ပါကုန်အံ့။
အရှင် မင်းကြီး အကျွန်ုပ်တို့သည် ခြေတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် လက်ခြေတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နားတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နှာခေါင်းကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နား နှာခေါင်းကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် ဦးခေါင်းကို ဖြတ်ပါကုန်အံ့''ဟု ပြောဆိုကုန်၏။

''အချင်းတို့ ဤသူသည်ကား ဒီဃီတိမည်သော ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသား တည်း၊ ဤမင်းသားကို တစ်စုံတစ်ခုသော အမှုကိုမျှပြုရန် မရတော့ပြီ၊ ဤမင်းသားသည်လည်း ငါ့အား အသက်ကို ပေးခဲ့ပြီ၊ ငါသည်လည်း ဤမင်းသားအား အသက်ကိုပေးခဲ့ပြီ''ဟု ပြောဆို၏။

ထို့နောက် ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသားကို ''ချစ်သား ဒီဃာဝု သင်၏ အဖသည် သေခါနီးအခါ၌ -

'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်။ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု မှာထားခဲ့၏၊ သင်၏ အဖသည် အဘယ်ကို ရည်၍ မှာထားခဲ့ပါသနည်း''ဟု မေးမြန်း၏။

အရှင်မင်းကြီး အကျွန်ုပ်၏အဖသည် သေခါနီးအခါ၌ ''အရှည်ကို မကြည့်လင့်''ဟု ပြောဆိုမှာထားခဲ့သော စကားသည် ''ရှည်မြင့်စွာ ရန်ကို မပြုလင့်''ဟု ပြောဆိုမှာထားခဲ့ပါသည်။

ဗားမဲ့ဆရာတော်ဘုရားကြီး

ဗားမဲ့ဆရာတော်ဘုရားကြီး 🙏

ဗားမဲ့ဆရာတော်ဘုရား အလောင်းလျာကို တောင်ငူခရိုင်၊ ပဲခူးရိုးမတောင်တန်းအနီး ရွာသာယာနေ အဖ ကိုအင်းတောင်နဲ့ အမိ မဒေါင်းတို့မှ သက္ကရာဇ် (၈၄၄)ခုနှစ် တွင်ဖွားမြင်ခဲ့ကာ ငယ်နာမည်မှာ မောင်နန္ဒဖြစ်ပါတယ်။ မိဘနှစ်ပါးမှာ သားဖြစ်သူ ဆရာတော်ဘုရားအလောင်းလျာကို ရွာဦးကျောင်းတွင် ရှင်သာမဏေပြုစေခဲ့ရာ ဘွဲ့အမည်မှာ ရှင်နန္ဒသာရဖြစ်လေတယ်။ မောင်နန္ဒအား ရှင်သာမဏေပြုရန် ဆံချစဉ် မဟာသိဒ္ဓိ ဝိဇ္ဇာဓိုရ်နှင့် ပန်းစားဘီလူး မယ်ဝဏ္ဏတို့ ရောက်လာပြီး မဟာဝိဇ္ဇာဓိုရ်မှ ငါ့ညီမောင်နန္ဒကို သာသနာ့ဘောင်ပို့ဆောင်ပေးတဲ့အတွက် ဝမ်းမြောက်ကြောင်းနဲ့ မယ်ဝဏ္ဏမှာလည်း သားကဲ့သို့ဖြစ်နေသော မောင်နန္ဒအတွက် ဝမ်းမြောက်ကြောင်းပြောကာ သာဓုအနုမောဒနာများ ခေါ်ဆိုခဲ့ကြလေတယ်။ ရှင်နန္ဒသာရမှာ ဟံသာဝတီမြို့သို့ သွားကာ ပရိယတ္တိစာပေများကို ဆက်လက်ဆည်းပူးခဲ့လေတယ်။ 

တစ်နေ့ ရှင်နန္ဒသာရ ပဲခူးမြစ်ကမ်းနဖူးတွင် တစ်ပါးတည်း ဗုဒ္ဓါနုဿတိဘာဝနာပွားများစဉ် သူရူးတစ်ယောက်မှာ ကြေးပုရပိုက်ရထိုက်သူအကြောင်း ပြောကာမြူးထူးနေစဉ် မိကျောင်းတစ်ကောင်မှာ ရေထဲမှ ကြေးပုရပိုက်ကို ကိုက်ချီလျက် ကမ်းနားရောက်လာလေတယ်။ ထိုအခါ သူရူးအား ဒကာကြီး ကြေးပုရပိုက်ကို ဆောင်ယူပေးလော့ဟု ဆိုလိုက်လေသော် သူရူးမှာ မိကျောင်းထံမှ သွားယူလို့ အရှင်အား ဆက်သာလေတယ်။ ထို့နောက် မိကျောင်းလည်း ရှင်နန္ဒသာရအား ဦး(၃)ကြိမ်တိုက်လို့ နေရပ်ပြန်သွားကာ သူရူးလည်း ပျောက်သွားလေတယ်။

 ရှင်နန္ဒသာရမှာ ကြေးပုရပိုက်မှ စာများကို ကျောင်းသင်္ခမ်းတွင် ဖတ်ရှုကြည့်လေသော် နားမလည်နိုင်ဖြစ်နေစဉ် ရှေးဘဝမှ ညီအစ်ကိုတော်စပ်သူ မဟာဝိဇ္ဇာဓိုရ်ရောက်ရှိလာပြီး ပုရပိုက်အတွင်းမှ စာပေများကို နားလည်အောင် ကြံဆောင်ပေးနိုင်မယ့် နည်းလမ်းကို ညွှန်ခဲ့လေတယ်။ ဝိဇ္ဇာဓိုရ်၏ ပြောပြချက်အတိုင်း ပုပ္ပါးတောင်၏ အရှေ့ဘက်ကျောက်ဂူတွင် သွားရောက်လို့ ဝိဇ္ဇာဓိုရ်ပြောပြသည့်နည်းအတိုင်း ဆောင်ရွက်လိုက်သော် လိုအင်ဆန္ဒပြည့်ဝလို့ ပုရပိုက်အတွင်းက စာပေများကိုလည်း နားလည်တတ်မြောက်ခဲ့လေတယ်။ ထို့နောက် ဟံသာဝတီသို့ ပြန်လာပြီး လောကီပညာရပ်များကိုလည်း လိုက်စားတော်မူခဲ့ရာ အထူးအထွေသော လောကီပညာရပ်များကို တတ်မြောက်လို့ နာမည်ကျော်ကြားလာခဲ့လေတယ်။ ဤသည်ကို ဟံသာဝတီပြည့်ရှင်က ရဟန်းနှင့် မအပ်စပ်သော လောကီပညာရပ်များအား လိုက်စားမှုကြောင့် ရှင်နန္ဒသာရကို ညောင်ရမ်းသို့နှင်လေတယ်။ 

ဒီလိုနဲ့ သက္ကရာဇ် (၉၅၅)ခုနှစ်တွင် ညောင်ရမ်းသို့ရောက်သော် ညောင်ရမ်းမင်း မင်းရဲနန္ဒမိတ်က ရှင်နန္ဒသာရ၏ အတ္ထုပ္ပတ္တိနဲ့ ပညာရပ်အလုံးစုံကို သိရှိပြီး နသာရ ကဝိဓဇ ဟူသောဘွဲ့တံဆိပ် ဆက်ကပ်လို့ ကျောင်းဆောက်လုပ်လှူဒါန်းကာ ကိုးကွယ်ခဲ့လေတယ်။ထိုအချိန်မှစ၍ ဗားမဲ့ဆရာတော်ဟူ၍ ကျော်ကြားလာခဲ့လေတယ်။ ညောင်ရမ်းမင်းသည် ဗားမဲ့ဆရာတော်ထံ တိုင်းရေးပြည်ရေးများကို အကြံဉာဏ်တောင်းခံရာ ဆရာတော်ဘုရားရဲ့ အကြံပေးချက်များအတိုင်း အင်းဝမြို့ကို တည်ထောင်နိုင်ခဲ့လေတယ်။ ထို့နောက် အင်းဝမြို့ကို ရတနာပူရ်ရွှေမြို့တော်ဟု သမုတ်ခဲ့လေတယ်။ တစ်ခါသော် အင်းဝမြို့တွင် ရေကြီးမှုဖြစ်ရာ မြို့တွင်းသို့ရေများစွာ ဝင်ရောက်လေတယ်။ ဗားမဲ့ဆရာတော်ဘုရားကြီးနဲ့ တိုင်ပင်လို့ အစီအရင်များ ပြုလုပ်လို့ တားမြစ်ခဲ့လေရာ တစ်ညအတွင်း ရေများလျောကျခဲ့လေတယ်။ နောင်တွင်လည်း တိုင်းပြည်၌ ကြုံတွေ့ရသော အခက်အခဲများကို ဆရာတော်ဘုရားရဲ့ အစီအရင်နဲ့ ပပျောက်စေခဲ့လေတယ်။ 

သက္ကရာဇ် (၉၆၇)ခုနှစ်တွင် ညောင်ရမ်းမင်း ကံကုန်သော် သားဖြစ်သူအနောက်ဘက်လွန်မင်း နန်းတက်လေတယ်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း ဗားမဲ့ဆရာတော်ကို ယခင်အတိုင်း ချီးမြှင့်မြှောက်စားလို့ နိုင်ငံရေး အကြံဉာဏ်များ တောင်းခံလေတယ်။ တောင်ငူကို သိမ်းပိုက်မည့်အရေးကိုလည်း ဆရာတော်ဘုရား ဟောပြောချက်များအတိုင်း လုပ်ဆောင်ခဲ့ရာ တောင်ငူဘုရင် နတ်သျှင်နောင်မှာ အညံ့ခံလာပြီး အနောက်ဘက်လွန်မင်းက တောင်ငူကို အောင်နိုင်ခဲ့လေတယ်။

တစ်ခါကလည်း အင်းဝနေပြည်တော်တွင် မီးမကြာခဏလောင်ခြင်း၊ တောကောင်များ မြို့တွင်းသို့ မကြာခဏဝင်ရောက်လာခြင်း၊ လေကြမ်းများ တိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်းတို့ကြောင့် ပြည်သူပြည်သားများ ရောဂါထူပြောခြင်း၊ အပျက်အစီးများပြားခြင်းတို့နဲ့ ကြုံနေရသောကြောင့် ဗားမဲ့ဆရာတော်ဘုရားထံလျှောက်တင်ကြလေသော် စေတီတည်ခြင်း၊ ကောင်းမှုကုသိုလ်များပွားများခြင်း အဓိဌာန်တို့ကြောင့် တိုင်းသူပြည်သားများ ကပ်ဘေးမှ လွတ်မြောက်ခဲ့ရလေတယ်။ အခြားသော ကပ်ဘေးများ ကြုံလာရချိန်မှာလည်း ဗားမဲ့ဆရာတော်ဘုရားကြီး၏ အစီအရင်များဖြင့် ဘေးများကို လွန်မြောက်စေခဲ့လေတယ်။ သို့နှင့် မင်းတရားကြီးမှာ ဆရာတော်ဘုရားအား ယခင်ကထက် လွန်စွာကြည်ညို၍ ပြာသာဒ်သုံးဆောင်ဆောက်လုပ် ကိုးကွယ်ခဲ့လေတယ်။

ဗားကရာ ဆရာတော်ဘုရားကြီးမှာ ကာယသိဒ္ဓိ၊ ပီယသိဒ္ဓိ အစရှိသော သိဒ္ဓိလမ်းကို အကြွင်းမဲ့ ပြီးမြောက်ခဲ့ပြီး အလုံးစုံတတ်မြောက်တော်မူခဲ့သောကြောင့် လွန်စွာ ကျော်စောခဲ့လေတယ်။ ဗားမဲ့ဆရာတော်ကြီး သီတင်းသုံးခဲ့သော နေရာများစွာထဲမှ အင်းဝရှိ ဗားကရာကျောင်းမှာ ဗားမဲ့ကျောင်းတော်အဖြစ် လူသိများခဲ့တာပဲဖြစ်ပါတယ်။ လောကီပညာရပ်များနဲ့ ပြည့်စုံသော ဗားမဲ့ဆရာတော်ဘုရားကြီးမှာ သက္ကရာဇ် (၉၇၂)ခုနှစ်တွင် အင်းဝနေပြည်တော်တွင် တစ်ဘဝ ခန္ဓာချုပ်ငြိမ်းတော်မူခဲ့လေတယ်။

ကာတွန်းမုန့်ချစ်သူတို့အတွက် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များဆိုတဲ့ ကဏ္ဍလေးကနေ ဗဟုသုတရဖွယ်အကြောင်းအရာများစွာကို ဖော်ပြပေးသွားဦးမှာမို့ ကာတွန်းမုန့်တွေကို အားပေးရင်း ပေ့ချ်လေးကို Like နဲ့ See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက် ရပါတယ်ခင်ဗျာ။

Credit..Cartoon..


သမားတော်ဆရာဇီဝက

 “သမားတော် ဇီဝက” 

ဇီဝကသည် ဂေါတမမြတ်စွာဘုရားလက်ထပ်တွင် ထင်ရှားကျော်ကြားသော သမားတော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရာဇဂြိုလ်တွင် တိုင်းပြည်သာယာစေရန် သာလဝတီမည်သော အဆင်း အင်္ဂါနှင့် ပြည့်စုံသည့် အမျိုးသမီးတစ်ဦးကို ပြည့်တန်ဆာပြု၍ထားရှိထားပါတော့တယ်။ ဇီဝကသည် ထိုပြည့်တန်ဆာနှင့် ဗိမ္ဗိသာရမင်းကြီး၏သားတော် အဘယမင်းသား ဝင်ထွက် ပျော်ပါးရာမှ ဇီဝကကို သန္ဓေတည်တယ်လို့လည်း ကျမ်းဂန်တစ်ချို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။ ပြည့်တန်ဆာမ သာလဝတီ က ဇီဝက ကို ဖွားမြင်ပြီးသောအခါ သူမ၏အလုပ်တစ်ဖက် သားတော်မောင်ကတစ်ဖက်နှင့် အဆင်မပြေသောကြောင့် သားငယ်ကို မြို့ပြင်တွင်ပဲ စွန့်ပစ်ခဲ့ပါတယ်။ အဘယမင်းသားသည် ဗိမ္ဗိသာရမင်းကြီးထံ အခစားဝင်ရန်သွားစဉ် လမ်း၌စွန့်ပစ်ခံရသော ကလေးငယ်အားတွေ့သောအခါ အမှုထမ်းများအား ကြည့်ရှုခိုင်းစေတယ်။ ထို့နောက် “အသက်ရှိသေးသလော” ဟု မိန့်တော်မူခဲ့ပါတယ်။ အမှုထမ်းများက အသက်ရှိကြောင်းပြောသောအခါ သားငယ်လေးကို အဘယမင်းသား က ကောက်ယူမွေးစားခဲ့ပါတော့တယ်။ “အသက်ရှိသေးသလော” ဟု မေးခဲ့ဖူးသည်ကို အစွဲပြု၍ သားငယ်လေး၏နာမည်ကို ဇီဝက ဟု ခေါ်တွင်ခဲ့ပါတယ်။ 

ဇီဝက အရွယ်ရောက်လာသောအခါ မိမိ၏အဖြစ်မှန်ကို သိရှိ၍ အလွန်ဝါသနာပါသော လူအများကို ဆေးကုပေး၍ ကျန်းမာရေးစောင့်ရှောက်ပေးရသော ဆေးပညာကို သင်ယူရန်အတွက် အဘယမင်းသားထံ ခွင့်ပန်ခြင်းမပြုဘဲ တက္ကသိုလ်ပြည်သို့သွားရောက်၍ ဒိသာပါမောက္ခဆရာကြီးထံတွင် တောင်းပန်၍ ဆေးပညာကို ကြိုးစားသင်ယူခဲ့ပါတယ်။ တခြားသော ပညာအတူတူသင်ယူနေကြသော မင်းညီ မင်းသားများလို အခကြေးငွေမပေးနိုင်သောကြောင့် အားလပ်သည့်အချိန်တွင် ဆရာကြီး၏အိမ်အလုပ်များကို ဝိုင်းကူလုပ်သောကြောင့် ဆရာကြီးတင်မက ဆရာကတော်ကပါ ဇီဝကအား ချစ်ကြပါတယ်။ ဇီဝက သည် ဆရာကြီး၏တပည့်များထဲတွင် အတော်ဆုံးတပည့်ဖြစ်သည့်အလျှောက် လျှင်မြန်စွာ သင်ယူဆည်းပူးနိုင်သူဖြစ်ခဲ့ပါသေးတယ်။ အချိန်အတော်အတန်ကြာသောအခါ ဇီဝကသည် ဆေးအတတ်ပညာများကို သင်ယူပြီးစီးခဲ့ပါတယ်။ ထို့နောက် ဆရာကြီး ဒီသာပါမောက္ခထံ ခွင့်တောင်းပြီး ပြန်လာခဲ့ပါတော့တယ်။ 

ပြန်လာသောလမ်းတွင် ပါလာသောရိက္ခာကုန်သွားသောကြောင့် ဆေးကုသပြီး ရိက္ခာရှာဖွေရန်အတွက် အနီးအနားတွင် နာမကျန်းဖြစ်သောသူများ ရှိ မရှိ စုံစမ်းကြည့်ရာ သာကေတပြည် သူဌေးကတော်ကြီးတစ်ယောက်၏ ခုနှစ်နှစ်တာ ခံစားနေရသော ဦးခေါင်းကိုက်ခဲရောဂါ ကို သိရှိ၍ သူဌေးကတေ်ာအား မိမိဆေးကုသပေးရန် သွားရောက်ခဲ့ပါတယ်။  အသက်ငယ်ရွယ်သေးသော ဇီဝက၏ ဆေးကုသရန် ငြင်းဆန်ခဲ့ပါတယ်။ ထိုအခါ ဇီဝက က သူဌေးကတော်၏ ရောဂါမပျောက်ကင်းခဲ့လျှင် အသပြာပေးရန်မလိုဟု ပြောသောကြောင့် ကပ်စဲနှဲသူဌေးကတော်ကြီးက လက်ခံ၍ ကုသရန် သဘောတူခဲ့ပါတယ်။ ဇီဝကသည် သဘာဝဆေးဓာတ်စာများဖြင့် ကုသပေးလိုက်ရာ သူဌေးကတော်ကြီး၏ ခုနှစ်နှစ်တာ ခေါင်းကိုက်ဝေဒနာသည် ချက်ချင်းဆိုသလို သက်သာပျောက်ကင်းခဲ့ပါတော့တယ်။ ကျေးဇူးတင်လွန်းသောကြောင့် သူဌေးကတော်င်္ကြီးသာမက မိသားစုဝင်များကပါ ဆုလာဒ်တွေများစွာ ပေးအပ် ချီးမြှင့်ခဲ့ပါသေးတယ်။ ထို့နောက်တွင် မွေးစားဖခင်ထံသို့ ပြန်၍ ဆေးကု၍ရရှိထားသော အသပြာများကို ပေးအပ်၍ ကျေးဇူးဆပ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားက လက်မခံပဲ ဇီဝကကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဇီဝက သည် ဗိမ္ဗိသာရမင်းကြီး၏ မြင်းသရိုက်နာစွဲကပ်နေသောကြောင့် အဝတ်အစားများတွင် ပေကျံနေသောသွေးများအား မိဘုရားငယ်၊မောင်းမငယ်များက လှောင်ပြောင်နေကြသော စိတ်မချမ်းသာစရာကောင်းသော မြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ စိတ်မကောင်းဖြစ်မိ၍ ရောဂါသောက်ကင်းစေသော ဆေးများကို အဘယမင်းသားအား ဆက်သစေခဲ့ပါတယ်။ ဗိမ္ဗိသာရမင်းကြီးလည်း ရောဂါပျောက်ကင်းသွားသောကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဇီဝကအား ဆုလာဒ်တော်အမြောက်အများပေးအပ်ခဲ့သော်လည်း ဇီဝက က မိမိ၏ဘိုးတော်ဖြစ်သောကြောင့် လက်မခံခဲ့ချေ။ 

ထို့နောက် ဗိမ္ဗိသာရမင်းကြီးက ဇီဝကအား ဘုရားအမှူးရှိသော သံဃာတော်များနှင့် မိမိ၏မိသားစုဝင်များအား ဆေးကု၍စောင့်ရှောက်ရန် မိန့်ကြားတော်မူခဲ့ပါတယ်။ ထိုအမိန့်ကိုလည်း ဇီဝက  က လက်ခံခဲ့ပါတယ်။ ရာဇဂြိုလ်ပြည်၏ မြောက်မျက်နှာတွင်နေသော မဟာသာလသူဌေးသည် ဦးခေါင်းခဲနာစွဲကပ်လျှက်ရှိရာ ဇီဝက က သူဌေးကြီးအားအိပ်ပျော်စေ၍  ဦးခေါင်းအား ဓားဖြင့်ခွဲပြီး ဦးနှောက်ကို လှိုက်စားလျှက်ရှိနေသော ပိုး ၂ ကောင်ကို ထုတ်ယူခြင်းဖြင့် ပျောက်ကင်းသက်သာစေခဲ့ပါသေးတယ်။ ထိုနောက်တွင်လည်း ဗာရာဏသီပြည်ရှိ သူဌေးသားတစ်ယောက်၏ အူထုံးသောရောဂါကို ဇီဝက က မူးမေ့စေသော ဆေးကိုပေးပြီးမှ ဝမ်းကို ဖောက်ခွဲ၍ ထုံးနေသောအူကို ဖြေပေးခဲ့ပြန်ပါတယ်။

အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်တွင် စမြင်းဒေါသဖြစ်များပြီး ကိုယ်လက်မအီမသာဖြစ်နေတော်မူသောကြောင့် ဝမ်းနုပ်ဆေးသောက်လိုကြောင်း ရှင်အာနန္ဒာအား မိန့်ကြားလိုက်ပါတယ်။ ရှင်အာနန္ဒာသည် သမားတော်ဇီဝကအိမ်သိုကြွသွား၍ အကြောင်းကိုမိန့်ကြားလေသော်သမားတော်ဇီဝကက "အရှင်ဘုရား- မြတ်စွာဘုရားရှင်အား ဝမ်းနူးစေ၇န် သုံးရက်တိတိ ဆီနှင့်ရေ ရော၍ဆွမ်းဆက်ကပ်ပါ လေးရက်မြောက်သောနေ့တွင် တပည့်တော်လာ၍ ဆေးဆက်ကပ်ပါမည်။"ဟုလျှောက်ထားလေ၏ ရှင်အာနန္ဒာသည်သမားတော်ဇီဝက လျှောက်တင်လိုက်သည့်အတိုင်း မြတ်စွာဘုရားရှင်အား ဆီနှင့်ရောသောဆွမ်းကို သုံးရက်တိတိ ဆက်ကပ်ခဲ့ပါတယ်။ သမားတော်ဇီဝကမှ" မြတ်စွာဘုရားရှင်အားကြမ်းတမ်းသောဆေးဖြင့် ဝမ်းလျှောစေရန်မသင့် သိမ်မွေ့သောဆေးကိုသာ ဆက်ကပ်ပါအံ့"ဟု ကြံ၍ လေးရက်မြောက်သောနေ့တွင် ဆေးဖြင့်ထုံအပ်သောကြာလက်သုံးလက်ကို ကျောင်းတော်သို့ယူလာ၍ မြတ်စွာဘုရားရှင်အားဆက်ကပ်ပြီး
"အရှင်မြတ်ဘုရား-ပထမကြာလက်ကိုသုံးကြိမ်နမ်းလျှင် ကြမ်းတမ်းသောစမြင်းဒေါသများ၊ ဆယ်ကြိမ်သက်ပါလိမ့်မယ် တတိယကြာလက်ကိုသုံးကြိမ်နမ်းလျှင် နူးညံ့သော စမြင်းဒေါသများဆယ်ကြိမ်သက်ပါလိမ့်မည်"ဟုလျှောက်ထားပါတာ့တယ်။ 

မြတ်စွာဘုရားရှင်ထံမှပြန်လာသော ဇီဝကသည် ကျောင်းပရဝဏ်၏အပြင်ဘက်သို့ရောက်သောအခါ မြတ်စွာဘုရားရှင်ထံတွင် ထားခဲ့သော ကြာသုံးလက်တွင် တတိယကြာလက်၌ ဆေးတစ်မျိူးလျော့သောကြောင့် မြတ်စွာဘုရားရှင်သည် နှစ်ဆယ့်ကိုးကြိမ်သာ ဝမ်းသက်မည်ဖြစ်ကြောင်း
စဉ်းစားမိသော်လည်း "အကယ်၍ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ရေချိူးလိုက်လျှင် အကြိမ်သုံးဆယ်အထိပင်ဝမ်းသက်ပါလိမ့်မည်"ဟူ၍ စဉ်းစာမိပြန်သောကြောင့် မြတ်စွာဘုရားရှင်အထံ၊ပြန်လည်လျှောက်ထားခြင်းမပြုတော့ဘဲအိမ်သို့သာ ပြန်လာခဲ့တော့တယ်။

မြတ်စွာဘုရားရှင်သည် သမားတော်ဇီဝက၏အကြံစည်ကိုသိတော်မူလေသောကြောင့်ဝမ်းလျှောသက်၍ နှစ်ဆယ့်ကိုးကြိမ် စေ့သောအခါ ရှင်အာနန္ဒာအား ရေနွေးကိုစီရင်စေပြီးလျှင် ရေသပ္ပါယ်ချိူးလိုက်လေရာအကြိမ်သုံးဆယ်တိတိပင် ဝမ်းလျှောသက်သွားခဲ့ပါတယ်။ နောက်တစ်နေ့ နံနက်စောစောတွင်သမားတော်ဇီဝကသည် ယာဂုကိုစီရင်၍ ကျောင်းတော်သို့ ယူလာပြီး မြတ်စွာဘုရားရှင်အား"အရှင်ဘုရား တပည့်တော်လျှောက်ထားသည့်အတိုင်း ဝမ်းသက်လျှောပါရဲ့လားဘုရား" ဟုလျှောက်လေလျှင်မြတ်စွာဘုရားရှင်က အကြိမ်သုံးဆယ်အထိပင်ဝမ်းလျှောသက်ခဲ့ကြောင်း
မိန့်ကြားသောကြောင့်  သမားတော်ဇီဝကသည် မိမိယူဆောင်လာခဲ့သော ယာဂုကို မြတ်စွာဘုရားရှင်ထံ ဆက်ကပ်ခဲ့ပါတယ်။ 

ဝေဒနာ ရောဂါ ကင်းစင်နေ၍ ကြည်လင်နေသော မြတ်စွာဘုရားရှင်ကို ဖူးတွေ့လိုက်ရသော သမားတော်ဇီဝကသည် လွန်စွာကြည်ညိုမှုများ ဖြစ်ပေါ်လာပြီး စဏ္ဍပဇ္ဇောတမင်းကြီးထံမှ ရရှိထားသော ဝတ်စုံကို မြတ်စွာဘုရားရှင်အား လှူဒါန်းလိုက်ပါတယ်။။ " မြတ်စွာဘုရား..ဤဝတ်စုံသည် ဥဇ္ဇေနီပြည့်ရှင် စဏ္ဍပဇ္ဇောမင်ထံမှရရှိခဲ့ပြီး တပည့်တော်အားချီးမြောက်သောအားဖြင့် အလှူခံယူတော်မူပါ အရှင်မြတ်ဘုရား၏ တပည့်သံဃာတော်တို့မှာလည်း ပံ့သကူသင်္ကန်းကိုသာဆောင်ရသဖြင့် ဆင်းရဲပင်ပန်းကြလိမ့်မည်။ ထို့ကြောင့် ဒါယကာတို့လှူဒါန်းသည့် အဝတ်သင်္ကန်းကို ခံယူသုံးစွဲခွင့်ပြုတော်မူမှသာ လူဒါယကာများလည်း ကုသိုလ်ပွားခွင့် ရကြပါလိမ့်မည်"ဟုလျှောက်ထားခဲ့ပါတယ်။ ထိုသို့ သမားတော်ဇီဝကလျှောက်ထားတောင်းပန်ချက်အရ မြတ်စွာဘုရားရှင်သည် ရဟန်းတော်တို့အား အလှူ့ဒါယကာများ လှူဒါန်းသည့် အဝတ်သင်္ကန်းကို အလှူခံယူသုံးစွဲရန် ခွင့်ပြုတော်မူခဲ့ပါတယ်။ ထိုသတင်းကိုကြားရသောရာဇဂြိုလ် မြို့သူ မြို့သားတို့သည် ဝမ်းမြောက်ဝမ်းသာဖြင့် များစွာသော အဝတ်သင်္ကန်းတို့ကို လှူဒါန်းကြလေတော့တယ်။ 

သမားတော်ဇီဝကသည် ဆေးကုခြင်းအရာ၌ မအားမလပ်နိုင်အောင်ရှိနေသော်လည်း ဘုရားရှင်နှင့် သံဃာတော်တို့အား ပြုမြဲသောဝတ်တို့ကိုတော့ မပျက်ခဲ့ချေ။ ဘုရားရှင်၏ တပည့်သားအပေါင်းတွင် ဇီဝကသည် လူချစ်လူခင် အပေါများဆုံး၊ ကြည်ညိုသူ အများဆုံးဖြစ်သဖြင့် “ကုလပ္ပသာဒက” တည်းဟူသော ဧတဒင်္ဂဘွဲ့ထူးကို ဆင်မြန်းခဲ့ရပါသေးတယ်။ ဤသည်မှာ သမားတော်ဇီဝက၏ ဘုရားရှင်လက်ထပ် ဗုဒ္ဓသာသနာကို အထောက်အပံ့ဖြစ်စေခဲ့သော အကြောင်းတစ်ချို့ကို ဖော်ပြပေးခြင်းပဲ ဖြစ်ပါတယ် ခင်ဗျာ။ 

ကာတွန်း Page ကနေပြီး သားသားမီးမီးလေးတို့အတွက်  အသိပညာတိုးတက်ပြီး ဗဟုသုတရစေဖို့ အပတ်စဉ်အင်္ဂါနေ့တိုင်း တင်ဆက်ပေးနေတာ ဖြစ်တဲ့အတွက်ကြောင့် Page လေးကို See First လုပ်ထားဖို့လည်း မမေ့ကြနဲ့ဦးနော်။ 

 Credit..Cartoon_Bakery #ဇီဝက #Story


ကိသာဂေါတမီ

ကိသာဂေါတမီ
🌿🌺🌺🌺🌿

ရှေးသရောအခါ သာဝတ္ထိပြည်တွင် ကိသာဂေါတမီ အမည်ရှိ ချမ်းသာသောသူဌေးသမီးတစ်ဦးရှိလေသည်။ သူမအရွယ်ရောက်သောအခါ မိဘများမှာ နွမ်းပါးသောအဖြစ်သို့ ရောက်ရှိသွားရသည်။ ထိုအချိန်တွင် သာဝတ္ထိပြည်ရှိသူဌေးကြီးတစ်ဦးကလည်း သူ့ထံ၌ ပိုင်ဆိုင်ထားသော ရွှေများမှာ မီးသွေးအဖြစ်သို့ ပြောင်းသွား၍ စိတ်ညစ်နေချိန်ဖြစ်၏။ 

ထိုအခါ မိတ်ဆွေတစ်ဦးမှ အသင် စိတ်မပျက်ပါနှင့် ဘုန်းကံရှိသူတစ်ဦးနှင့်တွေ့ပါက သင်၏ မီးသွေးများမှာ ရွှေအဖြစ်သို့တစ်ဖန်ပြန်ရောက်နိုင်ကြောင်း အားပေးစကား ပြောဆို၏။ သူဌေးကြီးလည်း သူ့ရွှေများ ပြန်လည်ရရှိရေးအတွက် လုံ့လစိုက်ကာ ဈေးတွင် မီးသွေးတစ်ဖြစ်လည်းရွှေများကို လာဝယ်မည့်သူကို စောင့်စားရောင်းချနေတော့သည်။ ကိသာဂေါတမီမှ ထိုမီးသွေးများကို မြင်သော် “ဒီလောက်များပြားလှတဲ့ ရွှေများကို အဘယ်သူ ဝယ်နိုင်ပါမည်နည်း” ဟု ပြောဆိုပြီး ကိသာဂေါတမီလက်နှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် မီးသွေးများမှာ ရွှေအဖြစ်သို့ပြောင်းသွားရလေသည်။ 

သူဌေးကြီးမှာ ဝမ်းမြောက်ဝမ်းသာဖြင့် “ဘုန်းကံရှိသူကို တွေ့ပြီ”ဟုဆိုကာ သူ၏ သားကြီးနှင့် ကိသာဂေါတမီကို ထိမ်းမြားလက်ထပ်ပေးရန် စီစဉ်ပေးလေသည်။ သို့ဖြစ်၍ ကိသာဂေါတမီလည်း သူဌေးသားနှင့် လက်ထပ်လိုက်ရတော့သည်။ 

လက်ထပ်ပြီးသော ကိသာဂေါတမီမှာ ယောက္ခမ သူဌေးကြီးအိမ်မှာပင် လိုက်လံနေထိုင်ရသောကြောင့် စိတ်ထားမကောင်းသူ ယောက္ခမကြီး၏ ကြမ်းကြုတ်သော အပြုအမူတို့ကြောင့် စိတ်မချမ်းမြေ့ဖြစ်ရလေတော့သည်။ ကံဆိုးမှုများနှင့်နေထိုင်လာရာ အချိန်အတော်တန်ကြာမှ သားလေးတစ်ယောက် ဖွားမြင်လေသည်။ သားလေးမွေးဖွားလာ၍ ကံကောင်းမှုများပင် ကြာကြာမခံသေးချိန်တွင် သားကလေးမှာ သုံးနှစ်သားအရွယ်တွင် ဆုံးပါးသွားတော့သည်။

ထိုအခါ ကိသာဂေါတမီတစ်ယောက် ဆုံးပါးသွားသော သားသေကို ရင်ဝယ်ပိုက်လျက် ရူးမတတ်ဖြစ်ပြီး အရပ်တကာလှည့်ကာ သူ့သားသေကို အသက်ရှင်အောင် ကုစားပေးပါဟု  လူတကာကို လိုက်လံတောင်းပန်နေတော့သည်။လူများကလည်း ကိသာဂေါတမီကို “သင်ရူးနေလေပြီ” ဟု ဆိုကြသည်။ ကြင်နာသော သူတစ်ယောက်ကမူ “ချစ်သမီး သင့်သားကို ပြန်ရှင်လာအောင် ကုသနိုင်သောဆေးကိုတော့ ငါမသိ၊ သို့သော် ဂေါတမမြတ်စွာဘုရားရှင်ကမူ ကုသနိုင်သော ဆေးနည်းကို သိတော်မူ၏။ ဒါကြောင့် ချစ်သမီး ဂေါတမဘုရားရှင်ကိုယ်တော်မြတ်ထံသာ သွားပါလေ” ဟု လမ်းညွှန်လေသည်။ 

ကိသာဂေါတမီလည်း အလျင်အမြန်ပင် မြတ်စွာဘုရားရှင်ထံ သွားရောက်တော့သည်။ မြတ်စွာဘုရားထံတွင် သူ့သား အသက်ပြန်ရှင်နိုင်မည့် ဆေးကို တောင်းသည်။ ဘုရားရှင်က “ကိသာဂေါတမီ သင့်သားအတွက် ဆေးဖော်စပ်ရန် လူမသေဖူးသော အိမ်မှ မုန်ညင်းစေ့ တစ်ဆုပ်မျှ တောင်းခဲ့လော့” ဟု ဉာဏ်တော်ဖြင့် ဆင်ခြင်၍ မိန့်တော်မူလိုက်သည်။ 

ကိသာဂေါတမီလည်း လူမသေဖူးသော အိမ်မှ မုန်ညင်းတစ်ဆုပ်ရဖို့သာ အရေးတင်၍ မြို့တစ်ပတ်အနှံ့ လိုက်ရှာလေတော့သည်။ မည်သည့်အိမ်မှာမှ လူမသေဖူးသည်ဆိုသည်မှာ မရှိ တစ်ဦးမဟုတ်တစ်ဦး သေဖူးကြသည်ချည်းသာ ဖြစ်နေသောကြောင့် လက်လျှော့ပြီး သေဆုံးပျက်စီးတတ်ခြင်း အနိစ္စတရားကို နားလည်သဘောပေါက်ကာ မြတ်စွာဘုရားရှင်ထံ ပြန်လာခဲ့သည်။ 

ထိုအခါ မြတ်စွာဘုရားရှင်က “ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသော ရွာသူ၊ ရွာသားအပေါင်းကို တိုက်ယူ၍ သွားသကဲ့သို့ ထို့အတူ သေမင်းသည်လည်း လွန်စွာမေ့လျော့၍ ကပ်ငြိစိတ်ရှိသော သတ္တဝါတို့ကို ခေါ်ဆောင်၍ သွားလေ၏။” ဟု တရားရေအေးကို တိုက်ကျွေးတော်မူလိုက်လေသည်။ ကိသာဂေါတမီလည်း သောကအပူမီးတို့ ငြိမ်းလျက် သောတာပန် အဖြစ်သို့ ဆိုက်ရောက်သွားလေသည်။ 

ထို့နောက် ရဟန်းမပြုလျက် တရားအားထုတ်နေစဉ် တစ်နေ့သ၌ တောက်လောက်နေသော ဆီမီးကို ကြည့်ရင်း ကုန်ခမ်း ပျက်စီးတတ်သော တရားကို နှလုံးသွင်းလျက် ဝိပဿနာတရားများ ပွားများအားထုတ်လိုက်ရာ သစ္စာတရားများ သိမြင်ကာ ရဟန္တာမ အဖြစ်သို့ ဆိုက်ရောက်သွားလေတော့သည်။ ထိုသို့လျှင် ရဟန္တာမတို့တွင်လည်း ခေါင်းပါးသော အကျင့်ကို ကျင့်ရာတွင် အမြတ်ဆုံးသော ဧတဒဂ် ဘွဲ့ထူးကိုပါ ရရှိသွားလေသည်။

ထို့ကြောင့် သားသေသည်မှ အစ လောကဓံကို အကြောင်းပြုပြီး တရားထူးရရှိသည်အထိ အားထုတ်နိုင်ခဲ့သော ရဟန္တာမကြီး ကိသာဂေါတမီ၏ အကြောင်းကို ဗဟုသုတရဖွယ် ဖော်ပြပေးလိုက်ရပါတယ်။နောက်တစ်ပတ်တွေမှာလည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ဝေမျှပေးသွားဦးမှာမို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးဗျ။

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် ဘုရားစေတီပုထိုးများရဲ့ သမိုင်းကြောင်းကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင်း ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

Credit..Cartoon 


မိတ်ဆွေကောင်းကို ပြစ်မှားသောပုဏ္ဏား

ဗာရာဏသီမြို့အနီးတွင် မိဂါစိန်ဟူသော ဥယျာဉ်ရှိ၏။ ဗြဟ္ဓဒတ်မင်းကြီးသည် အခါအားလျော်စွာ ထိုဥယျာဉ်သို့သွားရောက်၍ အပန်းဖြေနေကျဖြစ်၏။ ဥယျာဉ်သည်သစ်ပင်ပန်းမံတို့ဖြင့် တင့်တယ်သာယာလှပသည်ဖြစ်၍ မင်းကြီးရောက်လေတိုင်း အပန်းဖြေ၍ စိတ်ရောကိုယ်ပါ လန်းဆန်းရလေသည်။

သို့ရာတွင် ထိုနေ့က တစ်ခေါက်ရောက်သည်တွင်ကား မင်းကြီးမှာ အပန်းမပြေရုံမှမက စိတ်ညစ်ညူး၍သွားရ၏။ ဥယျာဉ်တော်၏ အုတ်တံတိုင်းအနီးတွင် မမြင်အပ် မမြင်ချင်ဖွယ် မတင့်တယ်သော အရာကို မြင်လိုက်ရ၍ ဖြစ်ပေသည်။ထိုအရာကား ရုပ်ပျက်ဆင်းပျက် လူနာတစ်ယောက်ဖြစ်၏။ အုတ်တံတိုင်းနားမှာ ဖတ်ရွက်များကို ခင်း၍ အိပ်ကာ ဆင်းရဲပင်းပန်းစွာ သည်းညူးနေလေသည်။ 

သူ့တစ်ကိုယ်လုံးမှာ အနာများ ဗရပွဖြစ်နေ၏။ ပေါက်တဲ့နေရာကပေါက်။ သွေးယိုတဲ့နေရာကယို။တစ်ချို့ နေရာမှာတော့ အရိုးနှင်အရေများ ကပ်လျက်။ အရေအောက်တွင်အကြောကြီးများက ပိုက်ကွန်ကို ဖြန့်ထားသကဲ့သို့ ထင်းထင်းပေါ်၍နေကြ၏။ သူ၏ အဝတ်အဆင်နှင့် ဆံပင်ပြုပြင်ထားပုံ ရှုရခြင်းအားဖြင့် ပုဏ္ဏားတစ်ယောက်ဟု သိရပေသည်။ ထိုပုဏ္ဏားပေါ် တွင် ရွံရှာမိသည်နှင့်အမျှ ဗြဟ္ဓဒတ်မင်းကြီးသည် သနားခြင်းလည်းဖြစ်လာမိ၏။ ထို့အတူထိုအဖြစ်သို့ ရောက်လာရသည့်အကြောင်းကိုလည်း သိချင်နေ၏။

 ထို့ကြောင့်အို.. ပုဏ္ဏား၊ သင်ဘာဖြစ်လို့များ ဒါလောက်တောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရတာပါလဲ။ ဘယ်လိုမကောင်းမှုများ ပြုမှားမိလို့ပါလဲ ဟု အသာတကြည်မေးလိုက်၏။နားဆင်တော်မူပါ အရှင်မင်းကြီး။ ကျွန်တော်တက်နိုင်သမျှ တင်လျှောက်ပါ့မည်ဘုရား..ပုဏ္ဏားက အရိုအသေပြုကာ ဗြဟ္ဓဒတ်မင်းကြီးအား သူ့ဇာတ်ကြောင်းကို ပြန်ပြောင်း၍ပြောပြလေသည်။

အရှင်မင်းကြီး ကျွန်တော်က ကာသိကရွာက လယ်သမား ပုဏ္ဏားဖြစ်ပါတယ်။ လယ်ထွန်ဖြုတ်ချိန်မှာ ကန်သင်းပေါက်စရာရှိတာနဲ့ နွားတွေကို ကြိုးဖြုတ်ပြီး လှန်ထားမိပါတယ်။ အလုပ်မှာသာ စိတ်ဝင်စားနေမိတာမို့ နွားတွေဘယ်သွားပြီး ဘာစားနေတယ်ဆိုတာ ကျွန်တော်ဂရုမစိုက်မိပါတယ်။ သတိရလို့ ကြည့်လိုက်တဲ့အခါမှာ နွားတွေ မရှိတော့ပါဘူး ဘုရား။

ဒါနဲ့ ဘုရားကျွန်တော်လဲ နွားတွေသွားတက်တဲ့ တောအုပ်ထဲဝင်ပြီးရှာပါတယ်။ အဲ့ဒီမှာ မတွေ့တာနဲ့တစ်တောပြီး တစ်တော ရှာလာလိုက်တာ ဟိမဝန္တာတောကြီးအထိရောက်လာပါတယ်။ ဟိမဝန္တာရောက်တယ်ဆိုရင်ပဲ မျက်စိလည်ပြီးလမ်းတွေပျောက်ကုန်ပါတယ်။ နွားကိုလည်း မတွေ့ အစာလည်း မစားရနဲ့ ၇ရက်တိုင်တိုင်ပါပဲဘုရား။

ရောက်တက်ရာရာ သွားနေရင်းက ကံအားလျော်စွာ တည်ပင်တစ်ပင်ကို တွေ့ရပါတယ်။ တည်ပင်ဟာ အသူတစ်ရာနက်တဲ့ ချောက်ကမ်းပါးမှာပေါက်နေပါတယ်။ သူ့အသီးများဟာ စားချင်စဖွယ်မှည့်ဝင်းလို့ နေပါတယ်။ ဘုရားကျွန်တော်ဟာ တည်ပင်ကိုမြင်လိုက်ရရင်ပဲ အပြေးအလွှားသွားပြီး လေတိုက်လို့ ကြွေကျနေတဲ့ တည်သီးများကို ကောက်စားလိုက်ပါတယ်။ အင်မတန်မှ အရသာ ထူးမြတ်လှပါတယ်ဘုရား။

တည်သီးများဟာ ပါးစပ်က စားလိုက်ပေမယ့် ဘယ်ရောက်သွားတယ်လို့ မသိရအောင်ပါပဲ။ တစ်လုံးစားနေရင်းက နောက်တစ်လုံးကို စားချင်စိတ်ပေါက်နေပါတော့တယ်။ ဒါကြောင့် မကြာခင်မှာပဲ လေကြွေတည်သီးတွေ ကုန်လို့မို့ အပင်ပေါ်တက်ရပါတော့တယ်။ 

အပင်ပေါ်က လက်လှမ်းမမီသမျှ တည်သီးများကို ဘုရားကျွန်တော် ကြွပ်ကြွပ်မည်အောင် ခူးစားပါတယ်.။ တစ်စတစ်စနဲ့ ကိုက်ရင်းက အသီးတွေကုန်လို့မို့ ကိုင်းဖျားမှာသာ အသီးများကျန်ပါတော့တယ်။ အဲ့ဒီကိုင်းဖျားမှာပဲ အလွန်မှည့်ပြီး စားချင်စရာကောင်းလှတဲ့ အသီးကြီးရှိနေပါတယ်။ 
‘ဒါနဲ့ ဘုရားကျွန်တော် အရဲစွန့်ပြီး ကိုင်းဖျားကိုလျှောက်လို့ ဆွတ်ဖို့ရာ လက်လှမ်းလိုက်တာနဲ့ တစ်ပြိုင်နက် နင်းထားတဲ့ကိုင်းက ပြုတ်ကျပါရောဘုရား’
‘အို၊ တစ်ခါဖြင့် သေဘေးတွေ့ပဟ’
‘ဒီလိုပဲ စိတ်ထဲက တွေးလိုက်မိပါတယ်။ ဦးခေါင်းစောက်ထိုး။ ခြေထောက်မိုးမျှော် ချောက်ထဲသို့ ကျသွားပါတော့တယ်။ အောက်မှာ အတောင်များစွာနက်တဲ့ ရေတွေရှိတာကြောင့် သေဘေးတော့ မထိုက်ပါ။ သို့သော်လည်း ချောက်ပေါ်ကို ပြန်မတက်နိုင်။ တွေးကာ မှိုင်ကာနဲပ ငိုကြွေးကာပဲ ဆယ်ရက်တိုင်တိုင် နေခဲ့ရပါတယ်။

‘ဆယ်ရက်မြောက်တဲ့နေ့ကျမှ ကယ်မယ့်သူနဲ တွေ့ရပါတော့တယ်။ ဧရာမမျောက်ကြီးတစ်ကောင်ဟာ ကယ်တင်ရှင်ဖြစ်နေပါတယ်။ သူဟာ သစ်ကိုင်းတစ်ခုကို ခုန်ကူးရင်း ကျွန်တော့်အထက် ကမ်းပါးမှာ ရောက်လာပါတယ်။ ချောက်အတွင်းက ကျွန်တော့်ကို လှမ်းပြီး ကြည့်နေပါတော့တယ်။
‘အဲ့ဒီအချိန်မှာ ကျွန်တော်ဟ အစာမစားရလို့ ကြုံလှီခြောက်ကပ်နေပါပြီ။ အသားအရေ ခြောက်ခန်းနေပါပြီ။ ဒါကို မြင်ပြီး မျောက်ကြီးက သနားလာဟန်တူပါတယ်။ သူက လူတို့ဘာသာ စကားနဲ့ပဲ ‘အသင်ဟာ လူလား၊ ဘီလူးလား၊ အကြောင်းမှန်ကို ပြောစမ်းပါ’ လို့ဆိုပါတယ်။

‘အိုအသင်မျောက်မင်း၊ ကျွန်တော်ဟာ မနုဿလူသားစင်စစ်မှန်ပါတယ်။ ကျွန်တော်ဒီချောက်ထဲက ဘယ်နည်းနဲမှ မတတ်နိုင်ပါ။ အို အသင်မျောက်မင်း ကျွန်တော့်ကို ကယ်တင်ပါ’
‘ရိုရိုသေသေနဲ့ပဲ ကျွန်တော်က တောင်းပန်လိုက်ရပါတယ်။ သည်တော့သန်မာလှတဲ့ မျောက်ကြီးဟာ ကျောက်ခဲတွေ၊ ကျောက်စွန်းတွေကို လက်မြဲမြဲခြေမြဲမြဲနဲ့ဆွဲပြီး ဆင်းလာပါတယ်’
‘ကဲ ဒုက္ခသည်အမောင်လူသား၊ ငါ့ကျောမှာ မြဲမြဲခွစီးပြီး လည်ပင်းမှာ ဖက်ထားပေတာ့’
‘ဒီလိုပြောပြီး ချောက်ကမ်းပါးအတွင်းက ကျွန်တော့်ကို ကယ်ထုတ်ခဲ့ပါတယ်။ နှစ်ယောက်ရဲ့၀န်ကို ထမ်းလာရတာမို့ သူ့လက်သူ့ခြေများ သွေးခြည်များ ဥကုန်ပါတော့တယ်။ အင်မတန်မှပဲ မောပန်းသွား ပါတယ်။’
‘ဒါကြောင့်မို့ပဲ အပေါ်ရောက်တဲ့အခါ မျောက်ကြီးက ‘ကဲ အမောင်လူသား၊ ငါတစ်ရေးအိပ်လိုက်ဦးမယ်။ ဒီတောအရပ်ဆိုတာ ကျားတွေ ကျားသစ်တွေ ရှိတတ်တယ်။ ငါအိပ်ပျော်နေတဲ့အခိုက်မှာ သင်က ကောင်းကောင်း စောင့်ရှောက်ပါဘိ’
‘အရှင်မင်းကြီး၊ မျောက်ကြီးဟာ ကျွန်တော့်ကို ယုံကြည်စိတ်ချစွာနဲ့ပဲ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။’
အဲ့ဒီအချိန်မှာ ကျွန်တော်ဆိုတဲ့ အမိုက်တကာ့ထိပ်ခေါင်တင်ဟာ မသင့်တော်တာ စိတ်ကူးမိတော့တာပါပဲ ဘုရား။

တောထဲမှာရှိတဲ့ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်တွေကို လူတွေစားလို့နေကြတယ်။ အခု ဒီမျောက်လိုဟာကြီးတွေကိုကာ။ ဒါလည်း ရရင်တော့ စားကြတာပါပဲ။ ဆယ်ရက်တိုင်တိုင် အစာမစား ရတဲ့ ငါ့ဗိုက်ကလည်း တကြုတ်ကြုတ်မြည်လို့။ တောက် ဒီမျောက်ကြီးသတ်ပြီး ကင်စားလိုက်ရရင် တော့လား။ အောင်မယ် ပိုတဲ့ဟာတွေ ဖက်နဲ့ထုပ်ယူရင် တစ်လမ်းလုံးအတွက် ရိက္ခာတောင် ရဦးမှာ။

  အရှင်မင်းကြီး၊ ကံမကောင်းချင်တော့ စိတ်အကြံရဲ့နောက်မှာ လက်က ထက်ကြပ်ပါသွား ပါတော့တယ်။ အနားက ကျောက်တုံးကြီးကို ယူပြီးမျောက်ကြီးခေါင်းကို ထုခွဲလိုက်ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်ဟာ အစာပြတ်လို့ အားနည်းနေတာကြောင့် မျောက်ကြီးဟာ သေပွဲမ၀င်ပါ။

အဲ့ဒီတုန်းက သူ့မျက်နှာထားကို ကျွန်တော့်မျက်စိထဲမှာ ခုထက်ထိမြင်နေပါသေးတယ်။ သွေးသံရဲရဲနဲ့ ထခုန်ရင်းက ကျွန်တော်မှန်းလည်းသိရော တကထတည်း စိမ်းစိမ်းကြီးကြည့်နေလိုက်တာ ကျွန်တော် အသည်းတုန်အူတုန် ဖြစ်ရတဲ့အထိပါပဲ။

သူ့ခေါင်းကသွေးတွေက တပေါက်ပေါက်ကျလို့။ ဒီ့အတူပဲ သူ့မျက်လုံးများကလည်း မျက်ရည်တွေ တပေါက်ပေါက်နဲ့။ တစ်လုံးချင်းနဲ့ သူငိုရင်းပြောနေတဲ့စကားလုံးများကို ကျွန်တော့နားထဲက မထွက်သေးပါ။
အို အသင်ယောက်ျား၊ လုပ်မှ လုပ်ရက်လေစွတကား။ အသင်ဟာ တခြားရန်သူတွေကို ကာကွယ်ရမှာ ဖြစ်ပါလျက် အခု ငါ့ကို သင်ကိုယ်တိုင်က ရန်ပြုပါပကော။ သြော် အံ့သြလောက်တဲ့ ယောက်ျားပါပေတကား။
အသင် ယောက်ျား၊ ငါဟာ အသင့်ကို ဟိုးတမလွန်လောကက ကယ်ထုတ်လို့လာခဲ့ရတယ်။ ငါသာ မကယ်ရင် တမလွန်လောကသို့ ဧကန်သွားရတော့မယ်။ ဒီလို ကျေးဇူးရှင်ကိုမှ ဒီလိုယုတ်မာလှတဲ့ အကြံအစည်မျိုး ပြုရက်ပါပေ့ကွယ်။

အို သူတော်မဟုတ် ယောကျာ်းယုတ်၊ အသင့်အတွက်ကြောင့် ငါ့မှာဖြင့် ဒုက္ခဝေဒနာခံစားနေပြီ။ ဒါပေမယ့်လို့ အသင့်မှာတော့ ဒီလိုဆင်းရဲတဲ့ ဝေဒနာမျိုး မရောက်လာ မနှိပ်စက်ပါစေနဲ့။ ဝါးပင်ဟာ ကိုယ့်အသီးက ကိုယ့်ကိုသတ်သလိုပဲ ဒီမကောင်းမှုကသင့်ကိုမသတ်ပါစေနဲ့။

“ကိုယ်စိတ်နှလုံး မစောင့်သုံးတဲ့ အို လူယုတ်။ သင့်ကိုတော့ဖြင့် ငါက အကျွမ်းတဝင်မပြုရဲတော့ပြီ။ ငါ့နောက်ပါးက သွေးစက်တွေ ခြေရာခံပြီးတော့သာ လိုက်ခဲ့ပေတော့”“မျောက်ကြီးဟာ သွေးပေါက်သွေးစက်နဲ့ ကျွန်တော့်ကိုလမ်းပြပြီး လူတို့ရပ်ထံ ပို့ဆောင်ပေးပါတယ်။ လမ်းဖုံဖုံရှိရာကိုရောက်ရင်ပဲ မျောက်ကြီးဟာ တောထဲကိုပြန်ဝင်ပြီးတော့ တောင်ပေါ်ကိုတက်သွားပါတော့တယ်။”

တောထဲကထွက်အလာမှာ ကျွန်တော့်တစ်ကိုယ်လုံးဟာ ပူလောင်လွန်းမက လောင်လာပါတယ်။ ရေသောက်ချင်လွန်းလို့ ရေကန်တစ်ခုကိုဆင်းလိုက်တဲ့အခါ စောစောက ကြည်လင်အေးမြနေတဲ့ရေကန်ဟာ သွေးတွေ၊ပြည်တွေလိုဖြစ်ပြီး ကျိုက်ကျိုက်ဆူလို့နေပါရောဘုရား
“ဒါတင်မကသေးပါဘူး ဘုရား။ အဲဒီရေကန်က ရေပေါက်တွေဟာ ကျွန်တော့်ကိုယ်ပေါ်မှာစင်လာကြပါတယ်။ အဲဒီရေပေါက်တွေအမျှ ကျွန်တော့်ကိုယ်ပေါ်မှာ အနာကြီးတွေဖြစ်လာပါတယ်။ ချက်ချင်းပဲ သွေးတွေပြည်တွေတည်လို့ ကိုယ့်ကိုကိုယ်တောင် မသတီစရာဖြစ်ရပါတော့တယ်။

ဘယ်လိုပဲဒုက္ခရောက်ပေမယ့် ကျွန်တော်ဟာ ကိုယ့်ရပ်ရွာကိုတော့ ရောက်အောင်ပြန်မယ်ဟဲ့ဆိုပြီး အားခဲလို့လာခဲ့ပါတယ်။ လမ်းမှာတွေ့သမျှ ရွာတွေ၊လူတွေကိုလည်း အသနားခံတောင်းပန်ပါတယ်။ ဒါပေမယ့်တွေ့သမျှလူတွေကဖြင့် သနားဖို့နေနေသာသာ ကျွန်တော်လာတာမြင်ရင်ပဲ အဝေးကရှောင်ကြပါတော့တယ်။ ကျွန်တော်ကမတတ်သာလွန်းလို့ ဇွတ်တိုးသွားပြန်တေ့ာလဲ တုတ်တွေ၊ဓားတွေနဲ့ ကာကွယ်ပြီး ဆဲဆိုကြိမ်းမောင်းကြပါတော့တယ်။

ကဲ ကျွန်တော့ဖြစ်အင်၊ ကျွန်တော့်မကောင်းမှုကိုတော့ဖြင့် အရှင်မင်းကြီးကြားသိရပါပပြီ၊ ရှုမြင်ရပါပြီ။ ဒီနားမှာရောက်နေကြတဲ့ အရှင်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါအပေါင်းကို ကျွန်တော်အထူးတလည် အမှားစကားပါးလိုက်ချင်တာကတော့ဖြင့် မိတ်ကောင်း၊ဆွေကောင်းများကို ကျွန်တော့်နည်းတူ မပြစ်မှားဖို့ပါပဲ ဘုရား။ ဒုက္ခသည် ပုဏ္ဏားကဖြစ်ကြောင်းကုန်စင်ကို ဤသို့ စီကာပတ်ကုံးပြောပြကာ မကြာမီသေဆုံးလေ၏။ဗြဟ္မဒတ်မင်းကြီးနှင့်တကွ မှူးမတ်ဗိုလ်ပါတို့သည် သတိသံဝေဂရလျက် နန်းတော်သို့ ပြန်ခဲ့ကြလေသည်။

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

Credit...Cartoon_Bakery

သုတနုလုလင်

သုတနု လုလင်

အသိပညာကို ကောင်းစွာ အသုံးချလို့ အသက်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့တဲ့ ပညာရှိလုလင်လေးရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

ဟိုးရှေးအခါတုန်းက ဗာရာဏသီမင်းကြီးဟာ မှူးမတ်ဗိုလ်ပါအပေါင်းနဲ့ တောကစားထွက်စဉ် ရွှေသမင်တစ်ကောင်ဟာ မင်းကြီး ပိတ်စောင့်တဲ့ဘက်ကနေ လွတ်ပြီး ထွက်ပြေးသွားလေတယ်။ လွတ်သွားတဲ့ သမင်နောက်ကိုလိုက်ရင်း မင်းကြီးတစ်ယောက် ဘီလူးနယ်မြေထဲ ရောက်သွားသတဲ့။ ထိုနယ်မြေထဲက မာဃဒေဝ အမည်ရတဲ့ ဘီလူးဟာ သူ့အပိုင် ညောင်ပင်အောက်ကို ရောက်လာတဲ့ မည်သူမဆို ဖမ်းယူစားသောက်ခွင့်ရထားပါတယ်။ ထိုညောင်ပင်အောက်ကို ဘုရင်ကြီးက သွားနားမိလေတော့ စားမယ်ပြင်ခံရတော့တာပေါ့။ ဒါနဲ့ ဘုရင်ကြီးက သူ့ကို အခုသတ်ရင် တစ်ယောက်သာ စားရမယ် သူ့ကို အခုလွှတ်ပေးရင် နေ့စဉ်တစ်ဦးကျ အစာလာပို့ပေးရင်း ထိုသူကို သင်စားခွင့်ရှိမယ်လို့ ကမ်းလှမ်းတော့ ဘီလူးကြီးက လက်ခံလိုက်လေတယ်။ 

ဒီလိုနဲ့ ဘုရင်ကြီးမှာ ပေးခဲ့တဲ့ ကတိကြောင့် ဘီလူးကြီးထံကို အစာပို့ပေးမယ်ဆိုရင် အသပြာတစ်ထောင်ပေးမယ်ဆိုကာ ကြေညာမောင်းခတ်၍ ပို့ပေးနိုင်မယ့်သူကို ရှာဖွေလေတယ်။ ထိုကဲ့သို့ ရှာဖွေနေကြောင်းကို မိခင်အိုကြီးအား ပြုစုပေးနေသော သုတနုလုလင် ကြားလေသော် အသပြာတစ်ထောင်ရမည်ကို စိတ်ဝင်စား၍ ဒီအလုပ်အား လက်ခံမည်ဟု မင်းကြီးထံ လျှောက်ထားလေတယ်။
မင်းကြီးရှေ့တော်သို့ ရောက်သော် ဘီလူးကြီးထံ အစာပေးပို့ရမည့်တာဝန်ကို ယူပေးပါမည် လိုအပ်သော ပစ္စည်းများသာ ချီးမြှင့်ပေးပါရန် လျှောက်ထားလေတယ်။ 

လုလင်က လိုအပ်သော ပစ္စည်းများအဖြစ် ရွှေခြေနင်း၊ ထီးဖြူ နှင့် သန်လျက် တို့ကို ပေးသနားပါလို့ ဆိုပါတယ်။ သူရမည့် အသပြာတစ်ထောင်ကိုတော့ မိခင်ကြီး အလှူလုပ်နိုင်ရန် သွားပို့ပေးစေလိုကြောင်း လျှောက်ပြီး ဘီလူးကြီးထံ အစာပို့ရန် ထွက်ခွာလာပါတယ်။ လမ်းညွှန်လိုက်သည့်အတိုင်း ဘီလူးကြီးရှိရာ တောအုပ်ထဲသို့ ရောက်သော် ညောင်ပင်နား ရောက်ခါနီး မလှမ်းမကမ်းတွင် ယူလာသော ဘုရင်ကြီး၏ ရွှေခြေနင်းကို ချစီး၊ ထီးဖြူကို ဖွင့်ဆောင်းကာ ပွဲတော်အုပ်ကို လက်တစ်ဖက်က ကိုင်ကာ တစ်ဖက်မှ သန်လျက်ကိုလည်း ကိုင်ပြီး ညောင်ပင်ရင်းသို့ ဝင်ရောက်လိုက်ပါတယ်။ ဘီလူးကြီးကတော့ သူ့ထံ အစာပို့မည်သူလာပြီဆိုတော့ သတ်ဖြတ်စားသောက်ရန် အသင့်ပြင်လိုက်လေသော် လုလင်က ငါက သင့်ရဲ့ အစာမဟုတ်ပါ။ သင့်ကို အစာလာပို့သူသာ ဖြစ်ပါတယ်လို့ ဆိုလေတယ်။ ဘီလူးကြီးကလည်း ဒီညောင်ပင်အောက် ရောက်လာတဲ့ မည်သူမဆို ငါစားခွင့်ရှိတယ် လို့ ပြန်လည် ချေပလေတယ်။ 

ဒီတော့ လုလင်လေးက သင့်ညောင်ပင်ရိပ်မှာ ငါမခိုပဲ ဘုရင့် ထီးဖြူအောက်မှာ ခိုနေခြင်းသာ ဖြစ်ကြောင်း၊ သင့်မြေပေါ် နင်းထားခြင်း မဟုတ်ပဲ ဘုရင်ကြီး၏ ရွှေခြေနင်းပေါ်တွင်သာ နင်းထားခြင်းဖြစ်ကြောင်း၊ ဘုန်းတန်ခိုးကြီးတဲ့ ရှင်ဘုရင်ရဲ့သန်လျက်ကိုလည်း လက်နက်အဖြစ် ကိုင်ဆောင်ထားကြောင်း ဆိုလေတယ်။ ဘီလူးကြီးမှာ လုလင်ဟာ အခြားသော အစာပို့သူများနဲ့မတူ ရဲရင့်သော သူဖြစ်ကြောင်း အကဲခတ်မိသွားလေတယ်။ လုလင်က တစ်ဖန် သင်ငါ့ကို စားလိုက်မည်ဆိုရင်လည်း ငါဟာ ငါးပါးသီလ လုံခြုံစွာ စောင့်ထိန်းသူဖြစ်လို့ ငါ့ကို စားလိုက်သည်နှင့်တစ်ပြိုင်နက် သင် ဒုက္ခရောက်လိမ့်မည်ဟု ပြောလေတော့ ဘီလူးကြီးလည်း ကောင်းမှု၏ အကျိုးကို နားလည်ပြီး မကောင်းမှုကို ပယ်ရမည်မှန်း သဘောပေါက်သွားလေတော့တယ်။ ဒီလိုနဲ့ သုတနု လုလင်လေးဟာ ဘီလူးကြီးကို သတ္တဝါများအပေါ် မေတ္တာထားဖို့ သူ့အသက်သတ်ခြင်းကို ရှောင်ရှားဖို့ နဲ့ ငါးပါးသီလ လုံအောင်စောင့်ထိန်းလို့ စိတ်ထားဖြူစင်အောင်ထားပါဟု တရားချလေသော် ဘီလူးကြီးလည်း အကျွတ်တရား ရသွားပါတော့တယ်။ 

ဒီလိုနဲ့ လုလင်လေးဟာ ရဲရင့်လှတဲ့ သတ္တိ နဲ့ ပိုင်ဆိုင်ထားတဲ့ အသိဉာဏ်ပညာတို့ကို ကောင်းစွာ အသုံးချလို့ မိမိအကျိုးကော သူတစ်ပါးအကျိုးပါ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့လို့ ဘုရင်ကြီးက ဆုလက်ဆောင်တွေ ချီးမြှင့်လေတယ်။ 
ကာတွန်းမုန့်ချစ်သူတို့လည်း မိမိရဲ့ ဉာဏ်ပညာနဲ့ သတ္တိတို့ကို ကောင်းသော အကျိုးငှာ အသုံးချလို့ မိမိအကျိုး အများအကျိုး တို့ကို ကောင်းစွာ သယ်ပိုးနိုင်ကြပါစေဗျာ။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

ပေါရိသာဒ

လူသားစားသော ပေါရိသာဒ

အလိုဆန္ဒတစ်ခုကြောင့် ကြီးစွာဒုက္ခရောက်ခဲ့ရတဲ့ မင်းတစ်ပါးအကြောင်းပဲ ဖြစ်ပါတယ်။

ဟိုးလွန်လေပြီးတဲ့ အချိန်တုန်းက ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး စိုးစံတော်မူနေလေတယ်။ ထိုမင်းဟာ အမဲသားကို လွန်စွာ နှစ်သက်လို့ နေ့စဉ်မပြတ်ပွဲတော်ထဲမှာ မပါမဖြစ် စားတော်ကဲကို ထည့်ချက်ခိုင်းလေ့ ရှိတယ်။ သို့သော် နေပြည်တော်အတွင်းမှာ ဥပုသ်နေ့ကဲ့သို့ အခါကြီး ရက်ကြီးများတွင် အမဲသား မရောင်းရဟု အမိန့်ထုတ်ထားသတဲ့။

 တစ်နေ့သော ဥပုသ်နေ့မှာတော့ စားတော်ကဲကြီး ရသကမှာ ဘုရင်ကြီးအတွက် သီးသန့်ဖယ်ထားသော အမဲသားကို ချက်နေစဉ် ပူအိုက်လွန်း၍ ဟင်းအိုးကို ခဏထားကာ အပြင်ဘက်သို့ လေအေးခံဖို့ ထွက်လာလေတယ်။ ထိုစဉ်မှာပဲ ခွေးတစ်ကောင်က အမဲသားကို ချီပြေးလေတော့တယ်။ စားတော်ကဲလည်း အမဲသား မရှိတော့၍ ထိတ်လန့်သွားပြီး ဈေးထဲတွင် အမဲသား အဝယ်ထွက်ရန် ငယ်သားများကို စေလွှတ်လေတယ်။ ငယ်သားများလည်း ဘယ်နေရာမှာမှ အမဲသားကို ရှာမရလေတော့ ရသကမှာ ဘုရင်ကြီး အမျက်တော်ရှမည်ကို စိုး၍ ဓါးတစ်ချောင်းဖြင့် ရုပ်ဖျက်ကာ သုဿာန်သို့ ထွက်လာခဲ့ပြီး ရရာ လူသေကောင်သားကို ပေါင်မှ လှီးယူကာ ပြန်လာခဲ့လေတယ်။ ဘုရင်ကြီးက အမဲသားအတုကို စားပြီး ထူးကဲသော အရသာကို ရနေတော့ ရသက ကို မေးလေတယ်။ ရသကလည်း အစမှာတော့ အမဲသားဟု လိမ်ညာထွက်ဆိုသော်လည်း နောက်ပိုင်းတွင် မလိမ်ရဲတော့ပဲ မင်းကြီးကို အမှန်အတိုင်း လျှောက်ထားလိုက်လေတော့ မင်းကြီးမှာ ထူးခြားလွန်းသော ဒီအရသာရှိတဲ့ လူသားကို နေ့စဉ်ဆက်သစေလို့ ဆိုလေတယ်။

အစပိုင်းတွင် အပြစ်မရသောကြောင့် ဝမ်းသာစရာဖြစ်ခဲ့သော်လည်း မင်းကြီး၏ ဆန္ဒကို မလွန်ဆန်နိုင်ပဲ နေ့စဉ်ဆက်သနေရသော လူသားမှာ ကြာလေ ရှာရခက်လေ ဖြစ်လာခဲ့ပါတယ်။ ထိုခေတ်ကာလက လူများမှာ သီလကို အထူးစောင့်ထိန်းကြသူများ ဖြစ်သောကြောင့် လူသေကို ရှာရန်ခက်ခဲခြင်း ဖြစ်လေတယ်။ ထိုအခါ မင်းကြီး နဲ့ ရသကမှာ နောက်တစ်နည်း ကြံရပြန်လေတယ်။ မင်းစိုးရတနာများကို လမ်းမတွင်ချထားကာ တွေ့မြင်ကောက်ယူသူများကို သူခိုးဟု စွပ်စွဲကာ သေဒဏ်ပေးစေလေတယ်။ 

ဒီလိုနဲ့ လမ်းမှာတွေ့တဲ့အရာတွေကို ပြည်သူတို့ မကောက်ရဲကြတော့ပေ။ ဒီတော့ ရသကမှာ ညဘက်လမ်းထွက်သူများကို စောင့်ဖမ်းခြင်း၊ လူမရှိသော အိမ်များကို အတင်းဝင်ရောက်ဖမ်းဆီးခြင်းများ လုပ်နေသောကြောင့် စစ်သူကြီးကိုယ်တိုင် စောင့်ကာ လူသူခိုးကို ဖမ်းလေတော့ ရသက ကို လက်ပူးလက်ကြပ် ဖမ်းမိလေတော့တယ်။ ရသကလည်း စစ်သူကြီးကို အမှန်အတိုင်း ပြောပြလိုက်လေတော့ စစ်သူကြီးမှာ မင်းကြီးကို တိတ်တဆိတ်နဲ့ ဤအမှုကို စွန့်လွှတ်ပါရန် လျှောက်ထားလေတယ်။

 သို့သော် မင်းကြီးမှာ သူ့ဆန္ဒကို လုံးဝမစွန့်။ ရသက နဲ့ အိုးတစ်လုံးသာ ငါ့ကိုပေးလိုက် နန်းတော်ကိုတော့ သင်အုပ်ချုပ်လေတော့ဟု ဆိုကာ နန်းတော်မှ ထွက်ခွာလာတော့တယ်။ တောထဲတွင် နေထိုင်ပြီး တွေ့သမျှလူများကို ဖမ်းယူစားသောက်နေသောကြောင့် ပေါရိသာဒ လို့ အမည်တွင်လာလေတယ်။ တစ်နေ့ ပေါရိသာဒတို့ နေထိုင်ရာ တောအုပ်သို့ လူအင်အား ထောင်ကျော်ရှိသော လှည်းကုန်သည်များ လာလေသော် အင်အားခြင်းမမျှမှန်းသိ၍ ပေါရိသာဒမှာ ရရာ လူကိုစွဲပြေးသော်လည်း အရေးမအောင်မြင်ပဲ ဒဏ်ရာများနှင့်သာ ပြန်လာခဲ့ ရလေတယ်။ ဒဏ်ရာနဲ့ အမောတကော ပြေးလာတဲ့ သခင်ကို ရသကမှာ ဆီးကြိုကာ သူ့သခင်ရဲ့ ရသတဏှာအတွက် အသက်ပေးကာ ဖြည့်ဆည်းပေးလေတယ်။ ရသကလည်း မရှိတော့သောကြောင့် ပေါရိသာဒမှာ ပြုစုပေးမည့်သူကလည်း မရှိ ဒဏ်ရာတစ်ဖက်နဲ့မို့ အနီးနားက ညောင်ပင်စောင့်နတ်ကို တိုင်တည်ပြီး အနာမြန်မြန်ကျက်အောင် လုပ်ပေးလျှင် တစ်ရာ့တစ်ပါးသော မင်းတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်မည် ဟု ဆိုလေတယ်။ 

ရုက္ခစိုး၏ မ,စ မှုကြောင့် ခုနစ်ရက်နဲ့ ဒဏ်ရာသက်သာသွားပြီး ရှေးဘဝက ဘီလူးဖြစ်စဉ်က အကုသိုလ်ဖက် ဘီလူးဆီမှ ခွန်အား မန္တရားကို သင်ပြီး ခုနစ်ရက်အတွင်း ရှင်ဘုရင်တစ်ရာ့တစ်ပါးကို ဖမ်းဆီးနိုင်ခဲ့လေတယ်။ အမှန်က ညောင်ပင်စောင့်နတ်မှာ ပေါရိသာဒအား စောင့်ရှောက်ခဲ့ခြင်းမဟုတ်။ သူ့ဘာသာ အစာမစားပဲ အနာကို မီးကင်သဖြင့် ပျောက်ကင်းခဲ့ပြီး ညောင်ပင်စောင့်နတ်မှာ သူ့ညောင်ပင်ရင်းတွင် လူသွေးနံ့ လှိုင်မည်ကို မလိုလားသောကြောင့် သိကြားမင်းထံ တိုင်ကြားလေတယ်။ သိကြားမင်းကလည်း ငါတော့မတတ်နိုင်ပေမယ့် သူ့ဆရာ သုတသောမ မင်းတော့ တတ်နိုင်လိမ့်မယ်လို့ ဆိုသောကြောင့် ညောင်ပင်စောင့်နတ်မှာ ပေါရိသာဒကို ကိုယ်ထင်ပြပြီး သုတသောမမင်း မပါသေး၍ မကျေနပ်ဟုဆိုလေတယ်။ 

ပေါရိသာဒလည်း ဆရာဖြစ်သူ သုတသောမ မင်းကို ဖမ်းခေါ်ဖို့ ကြိုးစားလေတယ်။ ဖမ်းခေါ်လာရာ လမ်းမှာ ဆရာတပည့် နှစ်ယောက် စကားပြောကြစဉ် သုတသောမမင်းက ငါ နန္ဒပုဏ္ဏားဆီက “သတာရဟ” ဂါထာလေးပုဒ်ကို ကြားနာဖို့ ကတိရှိထားလို့ အခုပြန်သွားပြီး တရားနာအပြီး မင်းဆီကို ငါ ပြန်လာမည်ဟု ကတိပေးခဲ့လေတယ်။ ကတိအတိုင်း ပြန်လာသော သုတသောမမင်းကို ပေါရိသာဒက သေမှာကို သိလျက်နဲ့ မကြောက်ပဲ ပြန်လာတာလား ဟု မေးလေတယ်။ 

“သတာရဟ” ဂါထာကို နာခဲ့ရပြီမို့ သေမှာကို မကြောက်တော့ပါဘူးလို့ ဆိုလေတယ်။ ဒါဖြင့် သူလည်း ထိုတရားကို နာလိုကြောင်း ပေါရိသာဒ က ဆိုလေတယ်။ ထိုတရားကို ဟောကြားပေးတဲ့အတွက် သင့်ကို ဆုလေးဆု ပြန်ပေးမယ်လို့ ပေါရိသာဒက ဆိုလေတော့ သုတသောမမင်းက “သင် ပေါရိသာဒ အသက်တစ်ရာ ရှည်တာ မြင်ရစေ၊ သင်ဖမ်းထားသော မင်းများကို မစားပါနဲ့၊ သူတို့ကို နေရပ်ဌာန ပြန်ပို့ပေးပါ၊ သင် ပေါရိသာဒ မကောင်းမှုကို မကျူးလွန်ရ” လို့ ဆု လေးဆု တောင်းလေတယ်။ ရှေ့ သုံးဆုကို ချက်ချင်းပေးနိုင်သော်လည်း နောက်ဆုံးတစ်ဆုကို ပေါရိသာဒ အခက်တွေ့နေပါတယ်။ ထိုအချက်ကို သိလေသော် သုတသောမမင်းက ပါးနပ်စွာဖြင့် ထပ်မံ တရားချလေသော် ပေါရိသာဒ အကျွတ်တရား ရလေတယ်။ သုတသောမမင်းက ပေါရိသာဒကို သူ့နေပြည်တော်ကို ပြန်ပို့ပေးကာ ပြန်လည် မင်းပြုစေပြီး သူလည်း သူ့တိုင်းပြည်သူ ပြန်သွားလေတော့တယ်။

ကာတွန်းမုန့်ချစ်သူတို့လည်း မမှန်ကန်သော စိတ်အလိုဆန္ဒကြောင့် ပျက်စီးခြင်းအဖြစ်ကို မရောက်ရလေအောင် သတိတရား အမြဲလက်ကိုင်ထားလို့ ဆရာသမားကောင်းတို့၏ ဆိုဆုံးမမှုကို အမြဲနာခံကာ ကောင်းမှုတရားတို့ကို အစဉ် လက်ကိုင်ထားနိုင်ကြပါစေဗျာ။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

အဇာတသတ်

မိဘကို စော်ကားမိသော အဇာတသတ်မင်း

အဇာတသတ်မင်းဟာ ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးနှင့် ဝေဒေဟီအမည်ရ မိဖုရားကြီးတို့မှ ဖွားမြင်သော မင်းသားတစ်ပါး ဖြစ်ပါတယ်။ အဇာတသတ်မင်းသားသည် မယ်တော် ဝေဒေဟီ မိဖုရားကြီး၏ ဝမ်း၌ ပဋိသန္ဓေနေစဉ်အခါကပင် မိဖုရားကြီးမှာ ဗိမ္ဗိသာရမင်းကြီး၏ ညာဘက် လက်ရုံးသွေးကို ကိုက်ဖောက်သောက်သုံးချင်သော စိတ်ကိုဖြစ်စေလေတယ်။ မင်းကြီးလည်း ထိုသတင်းကို ကြားလေသော် မိဖုရားကြီးကို နှစ်သိမ့်၍ ပညာရှိတို့မှ ယင်းနိမိတ်မှာ မွေးဖွားလာမယ့် သူငယ်မှာ ခမည်းတော်ကို မချွတ်ဧကန်သတ်လိမ့်မည်ဟု နိမိတ်ဖတ်ကြားကြလေတယ်။ ထိုအခါ မိဖုရားကြီးလည်း မွေးဖွားလာမယ့် ကလေးငယ်ဟာ ဖခင်ဖြစ်သူကို ပြန်သတ်မည့်သူဖြစ်တာကြောင့် ပဋိသန္ဓေကို မစောင့်ရှောက်လိုပဲ ဖျက်ရန်အားထုတ်လေတယ်။ ဤသည်ကို မင်းကြီးသိလေသော် ငါ့ကို သတ်လိုလျှင်လည်း သတ်ပါစေ၊ ကိုယ်ဝန်ကို မဖျက်ပါနဲ့ဟု ပြော၍ တားမြစ်လေတယ်။ ထိုသတို့သား ဖွားလေသော် မမွေးမီကပင် ဖခင်ကို အန္တရာယ်ပြုမည့် ရန်သူဖြစ်ကြောင်း ပုဏ္ဏားတို့လျှောက်တင်သည်ကို အကြောင်းပြု၍ အဇာတသတ္တုဟု အမည်မှည့်လေတယ်။ ဖွားမြင်လာသော် ဗိမ္ဗိသာရမင်းကြီးသည် ဝါဂွမ်းဆီထိသကဲ့သို့ လွန်စွာဝမ်းမြောက်ပြီး စားတော်မျှ မခေါ်နိုင်ပဲ မီးနေနန်း၌ပင် ဆင်းရဲကြီးစွာ စောင့်ဆိုင်းနေလေတယ်။ အဇာတသတ်မင်းသားလေး အနည်းငယ်အရွယ်ရောက်သော် လက်မတွင်ခူနာပေါက်၍ ဆောက်တည်ရာမရ ပြည်ကိုက်နာကြောင့် ငိုယိုလေသော် မင်းကြီးသည် သားငယ်၏ လက်မကို ခံတွင်းတွင်ငုံပြီး ပြည်ကို စုပ်ယူပေးလေတယ်။  

ထို့နှင့် အဇာတသတ်မင်းသားလေး အရွယ်ရောက်လတ်သော် မင်းကြီးမှာ သားတော်ကို လွန်စွာချစ်ခင်သဖြင့် အိမ်ရှေ့မင်းအရာ အပ်နှင်းပေးလေတယ်။ အိမ်ရှေ့မင်းအဖြစ်နေစဉ်မှာပဲ မြတ်စွာဘုရား၏ ယောက်ဖတော် ရှင်ဒေဝဒတ် နှင့်တွေ့၍ မသင့်တော် မလျော်ကန်သော ဩဝါဒကို ခံယူမိလေတယ်။ ထို့ကြောင့် အဇာတသတ်မင်းသားသည် ရှင်ဒေဝဒတ်၏ “ငါလည်း ယောက်ဖတော်ကို သတ်လို့ ဘုရားလုပ်မယ်၊ မင်းသားလည်း ခမည်းတော်မင်းကြီးကို သတ်လို့ မင်းလုပ်တော့” ဟုတိုက်တွန်းချက်ကို နားယောင်ကာ  သန်လျက်ကို ပေါင်ကြားတွင် ဝှက်၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို ပထမအကြိမ် လုပ်ကြံသတ်ဖြတ်ရန် အားထုတ်လေတယ်။ ဤသည်ကို မင်းကြီးသိလေသော် အဘယ်ကြောင့် ငါ့အား သတ်ဖြတ်လိုသနည်း၊ မင်းသားသာ အလိုရှိလျှင် ငါ့စည်းစိမ်အကုန်ပေးရန် ဝန်မလေးကြောင်းပြောလေတယ်။ သို့ဖြင့် အဇာတသတ်မင်းသားအား အရိုက်အရာအပ်နှင်းကာ မင်းပြုစေတယ်။ သို့သော် ရှင်ဒေဝဒတ်၏ ဖခင်ဖြစ်သူအား ထပ်မံ လုပ်ကြံသတ်ဖြတ်ရန် တိုက်တွန်းချက်ကို အကြောင်းပြုပြီး ဖခင်ဖြစ်သူအား လှောင်အိမ်တွင်း ချုပ်နှံထားကာ အစာအာဟာရ မပေးပဲ သတ်စေပြန်တယ်။ မိဖုရားကြီးမှာ ဗိမ္ဗိသာရမင်းကြီးအား နည်းအမျိုးမျိုး ကြံဖန်ကာ အစာကျွေးနိုင်ရန် အားထုတ်၍ မသေနိုင်သည်ကို သိလေသော် အဇာတသတ်မင်းမှာ မိခင်ကို အချုပ်အတွင်း အဝင်မခံပဲ ဖခင်ဖြစ်သူ၏ ခြေဖဝါးကို ဓားဖြင့် အစိတ်စိတ်မွှန်းကာ ဆားရော ဆီနယ်ပြီး မင်းကျီးစုဖြင့်ကင်၍ သတ်ပြန်တယ်။ သို့ဖြင့် ဗိမ္ဗိသာရမင်းကြီးမှာ အဇာတသတ်မင်း၏ သားတော် ဥဒယဘဒ္ဒမင်းသား ဖွားမြင်သောနေ့တွင် ကံတော်ကုန်လေတယ်။

အဇာတသတ်မင်းမှာ ခမည်းတော်အား သတ်ပြီးမှ နောင်တကြီးစွာရသည့်အပြင် ရှင်ဒေဝဒတ်မှာလည်း ဘုရားရှင်အား ပြစ်မှားသဖြင့် မြေမျိုသည်ကို ကြားသိပြီးသော ခေါင်းကိုက်ခြင်းဝေဒနာကို ပြင်းစွာ ခံစားရလေတော့တယ်။ ထိုအခါ သမားတော်ကို ဇီဝကထံ ချည်းကပ်၍ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ခွင့်ရရန် တောင်းဆိုလေတယ်။ သမားတော်ကြီး ဇီဝကမှာလည်း အဇာတသတ်မင်းအား မြတ်စွာဘုရားရှင်ထံ ခေါ်ဆောင်သွားလေသော် မြတ်စွာဘုရားမှ တရားရေအေးတိုက်ကျွေးတော်မူသော် နာယူပြီးသောအခါမှ ခေါင်းကိုက် ဝေဒနာသက်သာရာ ရလေတယ်။ တရားမြတ်ကို နာယူခွင့်ရသော်လည်း ဖခင်ကို သတ်ထားသော ပိတုဃာတကကံ ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို မရောက်နိုင်ပဲ ဥပါသကာ မြောက်ရုံသာ သရဏဂုံနှင့် ပဉ္စသီလတည်လေတယ်။ 

အဇာတသတ်မင်းမှာ မဂ်ဖိုလ်ကို ရထိုက်သောသူဖြစ်သော်လည်း ဖခင်ကိုသတ်ထားသော ကံကြောင့် ကာလရှည်စွာ အဝီစိငရဲတွင် အပြစ်ခံရမည်ဖြစ်သော်လည်း မသေခင်တွင် အသိတရားရကာ မြတ်စွာဘုရားရှင်ကို လွန်စွာ ကြည်ညိုသော သဒ္ဓါတရားကြောင့် လောဟကုမ္ဘီ ငရဲတွင် အနှစ်ခြောက်သောင်း အပြစ်ခံ၍ လွတ်မြောက်လေသော် ဝိဇိတဝိသေသမည်သော ပစ္စေကဗုဒ္ဓါဖြစ်မည် ဖြစ်ကြောင်း ဗျာဒိတ်တော် ထားရှိခဲ့ပါတယ်။ အဇာတသတ်မင်း နန်းတက်ပြီး ရှစ်နှစ်မြောက်တွင် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူလေတယ်။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ရှင်မဟာကဿပ မထေရ်ကြီးမှ ဦးဆောင်ကာ များစွာသော သံဃာတော်တို့မှ အဇာတသတ်မင်းကို အမှီပြု၍ ပထမသင်္ဂါယနာ တင်ခဲ့လေတယ်။ဤသည်ပင်လျှင် အဇာတသတ်မင်း ပြုခဲ့သော ကြီးစွာသော ကောင်းမှုဖြစ်လေတယ်။ သို့နှင့် အဇာသတ်မင်းမှာ (၃၂) နှစ်ကြာ မင်းပြုပြီးနောက်တွင် သားတော် ဥဒယဘဒ္ဒလုပ်ကြံ၍ ကံတော်ကုန်ခဲ့လေတယ်။

ကာတွန်းမုန့်ချစ်သူတို့အတွက် ဒီတစ်ပတ်မှာ ဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးကတော့ အဇာတသတ်မင်းရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးထဲကနေပြီးတော့ မှားယွင်းသော ဆရာကို ဆည်းကပ်မိခြင်းကြောင့် ဒုက္ခများတတ်ရကြောင်း၊ အမှားကို သိပြီး အမှန်ကို ချက်ချင်းပြန်ပြင်နိုင်လျှင် ရလဒ်အားဖြင့် အကောင်းဆုံးတွေအထိ ဖြစ်လာနိုင်ကြောင်း၊ မကောင်းမှုသည် ဆိတ်ကွယ်ရာ မရှိ၍ မကောင်းမှု၏ တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ကြောင်း၊ မိဘမေတ္တာနဲ့ တရားဓမ္မရဲ့ အေးမြစွာ အတုမရှိ လမ်းညွှန်ပေးနိုင်မှုတို့ကို လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

မဟာဒုတ်

မဟာဒုက်

မဟာဒုဂ္ဂတ-မဟာဒုက် ... အပြည့်အစုံ“မဟာဒုဂ္ဂတ” ဆိုတာ ပါဠိသတ် ဝေါဟာရပဲ ဖြစ်ပါတယ်။ မဟာ-များစွာသော၊ ဒုဂ္ဂတ-ဆင်းရဲခြင်း၊ ဖတ်ရအဆင်ပြေအောင် မြန်မာပြန်လိုက်ရင်  လွန်စွာဆင်းရဲသော ပုဂ္ဂိုလ် လို့ အဓိပ္ပာယ်ရပါတယ်။

မဟာဒုက်ဆိုတာ ဆွမ်းလောင်းပွဲ တစ်နည်းအားဖြင့် ဆွမ်းလှူပွဲလေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာကြောင်း ဖြစ်ပါတယ်။ မဟာဒုဂ္ဂတ- မဟာဒုက် ဆွမ်းလောင်းပွဲလေးသည် ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူကြသော မြတ်စွာဘုရားရှင်တို့တွင် သုံးဆူမြောက် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါကဖြစ်ပါတယ်။ ကဿပမြတ်စွာဘုရားရှင်သည် တပည့်သာ၀ကအပေါင်း နှစ်သောင်းခြံရံတော်မူကာ ဗာရာဏသီပြည်သို့ ကြွချီတော်မူစဉ်အခါက တိုင်းသူပြည်သားများက ရှစ်ဦးစီ-ဆယ်ဦးစီ ဖွဲ့စည်း၍ မြတ်စွာဘုရားရှင်နှင့်တကွ တပည့်သာ၀ကတို့အား အာဂန္တုကဆွမ်း= ဧည့်သည်ဆွမ်းကပ် လှူဒါန်းမှု့ပြုခဲ့ကြပါသည်။ ဆွမ်းလှူပွဲအပြီးတွင် မြတ်စွာဘုရားရှင်က တပည့် ဒကာ ဒကာမတို့အား ဆွမ်းအနုမောဒနာတရား မိန့်ချွေတော်မူပါတယ်။ 

ကဿပ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို ကြားနာခဲ့ရသော ပညာရှိသူတော်ကောင်းများသည် ဥာဏ်ပညာများပြဋ္ဌာန်းလျက် ပစ္စည်းဥစ္စာများလည်းကြွယ်၀ ချမ်းသာချင်သလို- သားသမီး အခြွေအရံ အသင်းအပင်း အပေါင်းအသင်းလည်း ပေါများချင်ကြသော အမျိုးကောင်းသား ပုဂ္ဂိုလ်များက ကဿပမြတ်စွာဘုရားရှင်နှင့်တကွ နောက်ပါတပည့်သာ၀က နှစ်သောင်းတို့ကို နောက်နေ့ နံနက်မိုးသောက် အလင်းရောက်သောအခါ ဆွမ်းအလှူခံရန် မြတ်စွာဘုရားရှင်အား လျောက်ကြားပြီး အပြန်တွင် မိမိနှင့် နီးစပ်ရာရပ်ကွက် အိမ်စသည်တို့ကို ၅-ပါး ၈-ပါး ၁၀-ပါး စသည်ဖြင့် တတ်နိုင်သမျှ မိမိတို့အိမ်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲ့ဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းရန် တိုက် တွန်းနိုးဆော်သမှု့ပြု ကြလေသည်၊ နှိုးဆော်ပြီးချိန်၌ အိမ်ရှင်များက နိဗ္ဗာန်ဆော်ထံ သံဃာစာရင်းပေးသွင်းကာ နောက်နေ့ နံနက် မင်္ဂလာရှိသော အချိန်အခါကာလ သမယတွင် ဆွမ်းလှူဒါန်းရန် ပြင်ဆင်ကြပါတော့သည်။

ထိုအချိန်၌ ဗာရာဏသီမြို့တွင် အဆင်းရဲအနွမ်းပါးဆုံး သူရင်ငှါးဖြစ်သည့် မဟာဒုဂ္ဂတ ခေါ် မဟာဒုက်လည်း နိဗ္ဗာန်ဆော်၏ အနီးအနားတွင်း မျက်နှာငယ်လေးနှင့် ငေးမှိုင်နေသည်ကို နိဗ္ဗာန်ဆော်က “ဟေး မဟာဒုဂ္ဂတ မင်းဘာလို့ငေးမှိုင်နေတာလဲ မင်းမှာ မရှိလို့မလှူ မလှူလို့မရှိဆိုတာ မင်းမကြားဘူးဖူးလားကွ မင်းဟာ မြတ်စွာဘုရားနှင့် ကြုံကြိုက်နေသည့် အခွင့်အချိန်မှ လှူဒါန်းမှု့မပြုလျှင် ဘယ်တော့မှ ဆင်းရဲနွမ်းပါးမှု့ လွတ်မြောက်တော့မှာ မဟုတ်တော့” စသည်ဖြင့် တိုက်တွန်းလိုက်သည့်အချိန်တွင် “နိဗ္ဗာန်ဆော်ကြီး ကျွန်တော်မျိုး သံဃာတော်တစ်ပါးအတွက် တာ၀န်ယူပါမယ်ခင်ဗျား စာရင်းမှတ်ထားပေးပါ” ဆိုပြီးအိမ်သို့ ပြန်လာခဲ့ပါတယ်။

အိမ်သို့အရောက်တွင် အိမ်သူသက်ထားကို “အရှင်မ ငါတော့ မနက်ဖြန်နံနက် မင်္ဂလာရှိသော အချိန်အခါကာလ သမယတွင် သံဃာတစ်ပါးကို ဆွမ်းလှူဒါန်းရန် နိဗ္ဗာန်ဆော်ကြီးထံ စာရင်းပေးခဲ့တယ် ငါတို့ အခုချိန်ကစပြီး ဆွမ်းတစ်နပ်စာ ဆက်ကပ်လှူဒါန်းဖို့ ငွေရှာထွက်ကြမယ်” ဆိုပြီး ထွက်ကြရာ သူဌေးတစ်ဦးထံတွင် သူရင်းငှါးလုပ်ပြီး လုပ်ခအဖြစ် သူဌေးကြီးထံမှ သလေးဆန် ရှစ်စလယ်ကို ရရှိခဲ့ပါသည်၊ ထို့ပြင် အိမ်ရှင်မကလည်း သူဌေးကတော် တစ်ဦးထံမှာ သူရင်းငှါလုပ်ပြီး လုပ်ခအဖြစ် ထောပတ်တစ်ဇလုံ၊ နို့ဓမ်းအိုးနှင့် သလေးဆန် တစ်စလည်တို့ကို ရရှိပြန်ပါတယ်၊ ဤသို့ဖြင့် မဟာဒုဂ္ဂတို့ အကြင်လင်မယားနှစ်ဦးမှာ သံဃာတော် တစ်ပါးဆွမ်းတော်ကပ်ဖို့ရန် ပြည့်စုံနေပြီဖြစ်ရကား ပဌမဇောစေတနာ ပြဌာန်းလျက် စိတ်ကြည်နူး ၀မ်းမြောက်လျက်ရှိပေသည်။ 

နောက်နေ့နံနက် ဆွမ်းဆက်ကပ် လှူဒါန်းမည့်နေ့တွင် ဆွမ်းစားပွဲဝုိင်း၌ ပြည့်စုံလုံလောက်စေရန် ဟင်းသီးဟင်းရွက်နှင့် အသားငါးတို့ကိုလည်း တံငါသည်တို့အား ဝုိင်း၀န်းကူညီဆောင်ရွက်ပေးရာမှ ဆွမ်းကပ် လှူဒါန်းဆိုသည့်အတွက် ငါးကြင်းလေးကောင်တို့ကို လက်ဆောင်အဖြစ် ပေးလိုက်လေသည်။ လူမင်းဘုန်းကြီး နတ်မင်းမနေသာ ဆိုသလိုပဲ သကြားမင်းသည် မြတ်စွာဘုရား မဟာဒုဂ္ဂတ- မဟာဒုက်အိမ်သို့ဆွမ်းအလှူခံ ကြွချီးမြှောက်အကြောင်းကို သိသဖြင့် မဟာဒုဂ္ဂတဒုက်ကြီး အိမ်သို့ ဆွမ်းချက်စေတနာ့ ၀န်ထမ်းပြုလိုပါကြောင်း စသည်ဖြင့် စကားစမည်ပြောဆိုကာ ဆွမ်းချက်တာ၀န်ကို ဆောင်ရွက်ပါတော့တယ်။

မဟာဒုဂ္ဂတ-မဟာဒုက်သည် သံဃာတော်ပင့်ချိန်နီး၍ နိဗ္ဗာန်ဆော်ထံသို့ သွားရောက်ပြီး မိမိတာ၀န် ယူထားသည့် သံဃာတော်တစ်ပါးပေးပါရန် တောင်းခံသည့်အခါတွင်မှ နိဗ္ဗာန်ဆော်ကြီးသည် မဟာဒုက် သံဃာတော် တစ်ပါး ယူထားသည်ကို သတိထားမိပြီး “သူငယ်ချင်းငါတော့ ငါမင်းအတွက်စာရင်းမှတ်ဖို့ မေ့သွားတယ်ကွာ၊ အခုလည်း သံဃာတော်တွေ ပင့်သွားကြတာကုန်ပြီ” ဟုဆိုလိုက်ရာ မဟာဒုက် ခမျာ ရင်၀ကို လှံနှင့်ထိုးလိုက်သည့်အလား စိတ်အလွန်ထိခိုက်သွားပြီး “အဲလိုလုပ်လို့ ဘယ်ရမလဲ၊ နိဗ္ဗာန်ဆော်ကြီး သံဃာတစ်ပါး မဖြစ်မနေ ပေးမှဖြစ်မယ်”လို့ လက်မြှောက်ပြီး ငိုကြွေးပါတော့သည်။ ထိုအချိန်တွင် နိဗ္ဗာန်ဆော်ကြီးက မဟာဒုက်ကို နှစ်သိမ့်သောအားဖြင့် အခြားသံဃာတွေကိုတော့ လိုက်ပင့်ပေးလို့ မရတော့ဘူးကွာ၊ မြတ်စွာဘုရားရှင် ကိုယ်တော်ကြီးတော့ ဂန္ဓကုဋီတိုက်တော်အတွင်းမှာ ရှိနေသေးတယ် မင်း သတ္တိရှိရင်တော့ မြတ်စွာဘုရားရှင်၏ မြသပိတ်တော်ကို တောင်းခံပေတော့၊ ဂန္ဓကုဋီတိုက်ရှေ့မှာ အိမ်ရှေ့မင်း၊ သူဌေး သူကြွယ်တွေ စောင့်နေကြတယ် မြတ်စွာဘုရားတို့မည်သည် သူဆင်းရဲကို သနားချီးမြှောက်လေ့ ရှိပါတယ် မင်းသာရဲရဲဝံ့ဝံ့သာ လျောက်ကြားပေတော့ မင်းကံကောင်းရင်တော့ ရမှာပဲ” လို့ စေလွှတ်လိုက်ပါတော့တယ်။

ထိုအခါ မဟာဒုက်သည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်ရှေ့သို့ အလျှင်အမြန် သွားရောက်ပါတော့သည်၊ ထိုအချိန်တွင် သူဌေး သူကြွယ်များက စာကြွင်းစာကျန်များကို လာတောင်းသူလို့ ထင်မှတ်က ဆွမ်းစားချိန်မဟုတ်သေးကြောင်း ပြောဆိုကာ မောင်းထုတ်လေသည်၊မဟာဒုက်က စာကြွင်းစာကျန်ကို တောင်းစားသူမဟုတ်ပါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမြှော်ရန်လာရောက်သူဖြစ်ပါသည်” ဟု ပြောဆိုကာ ဂန္ဓကုဋီတိုက်တံခါးခုံကို နဖူးနှင့် ဦးတိုက်ကာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဗာရာဏသီမြို့မှာ တပည့်တော်ထက် ဆင်းရဲတဲ့သူမရှိပါဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော်၏ အားကိုးအားထားရာ ဖြစ်တော်မူပါဘုရား၊ ဘုရားတပည့်တော်ကို သနားသဖြင့် ဆွမ်းအလှူခံ ချီးမြှောက်တော်မူပါဘုရား” ဟု မြင်သူတိုင်းက သနားချင်အောင် သနားစဖွယ် လျောက်ထားပါတော့သည်။

ထိုအချိန်တွင် မြတ်စွာဘုရားရှင်က ဂန္ဓကုဋီတံခါးကို ဖွင့်တော်မူကာ သပိတ်တော်ကို မဟာဒုက် လက်ထဲသို့ အပ်နှင်းလိုက်လေသည်၊
သပိတ်တော် လက်ထဲသို့ရောက်သည်နှင့် တစ်ပြိုင်နက် မဟာဒုက်သည် တိုင်းပြည်အုပ်ချုပ်ရသည့် မင်းဘုရင်ဖြစ်ရသည့်အလား အလွန့်အလွန်ပင် ၀မ်းသာအားရဖြစ်သွား ပါတော့တယ်။

မြတ်စွာဘုရားရှင်၏ သပိတ်တော်ကို ရယူဖို့ရန်စောင့်စားနေသော သူဌေးသူကြွယ်များကလည်း တစ်ယောက် မျာက်နှာ တစ်ယောက်ကြည့်လျက် အံသြမဆုံး ဖြစ်နေကြပါသည်။ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်လိုက်သည့် သပိတ်ကို တန်းခိုးရှင်ဖြစ်စေကာမူ ယူနိုင်ရိုးထုံးစံမရှိပေ၊ ထို့ကြောင့် မဟာဒုက်ထံမှ သပိတ်တော်ကို ငွေအသပြာများပေး၍ ၀ယ်ယူကြပါသည်၊ မဟာဒုက်က--------“အကျွန်ုပ် ငွေမလိုပါ၊ ဗုဒ္ဓမြတ်စွာကိုသာ ဆွမ်းဆက်ကပ်လိုပါသည်” ပြောဆိုကာ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အိမ်သို့ပင့်ဆောင်သွားပါသည်၊ ဗုဒ္ဓမြတ်စွာသည်လည်း မဟာဒုက်၏ နိမ့်လှစွာသော တဲပုတ်အိမ်လေးအတွင်းသို့ ပကတိအတိုင်းကြွတော်မူ၍ သိကြားမင်းခင်းထားသော နေရာ၌ သီတင်းသုံးတော်မူပါသည်၊ မဟာဒုက်ကလည်း သိကြားမင်းစီမံထားသော ယာဂုဆွမ်းစသည်တို့ကို ရိုသေကိုင်းညွတ်စွာ ဆက်ကပ်လှူဒါန်းပါသည်၊ မြတ်ဗုဒ္ဓသည်လည်း ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်တို့ကို ဘုန်းပေးသုံးဆောင်တော်မူပြီးသောအခါ အနုမောဒနာတရား ဟောကြားပြီး ပြန်ကြွတော်လေ၏။

မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရား ဟောသောအခါတွင် မဟာဒုက်တို့ဇနီးမောင်နှံနှစ်ဦး သောတာပန်တည် ကြလေသည်။ မဟာဒုက်သည်လည်း မြတ်စွာဘုရားရှင်၏ သပိတ်တော်ကို ထမ်းလျက် မြတ်စွာဘုရားရှင်ကို ကျောင်းတော်သို့ အရောက်ပို့ဆောင်ခဲ့ပါသည်။

သိကြားမင်းသည် မဟာဒုက်အား ပါရမီဖြည့်ဆည်းပြီးနောက် နတ်ပြည်သို့ပြန်ရန် အိမ်မှအထွက်တွင် တံခါး၀၌ရပ်ကာ အထက်ကောင်းကင်သို့ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရတနာခုနှစ်ပါးမိုး ရွာသွန်းဖြိုးလေရာ မဟာဒုက်အိမ်၌ အိုးခွက်များပါမကျန် တစ်အိမ်လုံး တစ်အိမ်လုံးရတနာများဖြင့် လွှမ်းမိုးသွားပါတော့သည်၊ မဟာဒုက်၏ အိမ်သူဇနီးသည်မှာ နေစရာမရှိသဖြင့် ကလေးများကိုပါ ခေါ်ထုတ်ကာ အိမ်အပြင်တွင် ရပ်နေရပါသည်၊မဟာဒုက်သည် မြတ်စွာဘုရားကျောင်းတော်မှ ပြန်ရောက်လာ၍ ရတနာမိုးများ ရွာသွန်းသည့်အကြောင်းသိရသည့်အခါ “ငါ့ဆွမ်းအလှူကတော့ ဒီနေ့မှာပဲ အကျိုးပေးပြီ” ဟုဆိုကာ ရှင်ဘုရင်ထံမှောက်သို့ သွားရောက်ကာ “မိမိရဲ့ရတနာခုနှစ်ပါးကို လှည်းအစီးတစ်ထောင်ဖြင့် သယ်ဆောင်တော်မူပါ” လျောက်တင်ပါတော့သည်။

မင်းကြီးသည် မဟာဒုက်လျောက်ထားသည့်အတိုင်း ရတနာခုနှစ်ပါးတို့ကို လှည်းများဖြင့်သယ်ဆောင်၍ မင်းရင်ပြင်၌ စုပုံထားရာ ယခုခေတ်အခေါ် ထီးရိုးဝါး နှစ်ပြန်စာလောက်ရှိသတဲ့၊ ယင်းနောက် တိုင်းသူပြည်သူများ၏ ဆန္ဒအတိုင်း မဟာဒုတ်ကြီးအား ထူးခြားသောသူအဖြစ် ပူဇော်သက္ကရပြု၍ သူဌေးရာထူးကို ပေးသနားတော်မူပါသည်။ယင်းနောက် သူဌေးကြီးတစ်ဦးနေထိုင်ခဲ့သော မြေနေရာဟောင်းကို နေစေကာ အိုးသစ်အိမ်သစ် ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့ကိုအား ခုနှစ်ရက် ခုနှစ်လီ ဆွမ်းအစရှိသော ဒါတဗ္ဗ၀တ္ထု အစုစုတို့ကို လှူဒါန်းဆက်ကပ်ပါတော့သည်။ယင်းနောက် မဟာဒုက်ကြီးဘ၀ အဆက်ဆက် သံသရာလည်ခဲ့ပြီးနောက် ဂေါတမဗုဒ္ဓမြတ်စွာလက်ထက်တွင် ပဏ္ဍိတသာမဏေဖြစ်လာ၍ ခုနစ်နှစ်အရွယ်၌ပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လာခဲ့ပါသည်။

ဤသည်ကို အကြောင်းပြု၍ မဟာဒုက်ဆွမ်းအလှူပွဲဖြစ်ပေါ်လာလေ၏။ ဤဆွမ်းအလှူပွဲလေးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုး သူတော်စဉ်များသည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အစဉ်လာမပျက် ယနေ့တိုင် ကျင်းပပြုလုပ်ခဲ့ကြသလို ဆက်လက်၍ ကျင်းပနေဆဲလည်း ဖြစ်ပါတယ်။ 

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

Credit....Cartoon_Bakery

ဥပ္ပလဝဏ်ထေရီ

✨ဥပ္ပလဝဏ်ထေရီ✨

ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ ပဒုမုတ္တရမြတ်စွာဘုရား လက်ထက်တော်အခါက ဟံသာဝတီမင်းနေပြည်တော်တွင် သူဌေးသမီးတစ်ဦးဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်းများနှင့် ဘုရားရှင်အား သွားရောက်ဖူးမြော်ရာ ဘိက္ခုနီမတစ်ပါးကို တန်ခိုးကြီးသောအရာဝယ် အသာဆုံး ဧတဒဂ်ဆုကို ပေးအပ်လေ့ရှိကြောင်း တရားတော်ကို နာယူပြီးနောက် ခုနစ်ရက်ပတ်လုံး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များအား မဟာဒါနကြီးပေးလှူလို့ မြတ်စွာဘုရား၏ ခြေတော်ရင်းတွင် ကြာညိုပန်းစည်း ခုနစ်စည်းတို့ကို ချထားပူဇော်ကာ ထိုတန်ခိုးကြီးမားသော အရာတွင် အသာဆုံး အမြတ်ဆုံးသော ဧတဒဂ်ရာထူးကို ရလိုကြောင်း ဆုတောင်းလေတယ်။ 

ထိုအခါ ပဒုမုတ္တရမြတ်စွာဘုရားလည်း ဗျာဒိတ်စကား မိန့်ကြားပေးတော်မူခဲ့လေတယ်။ ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ ထိုဘဝ၌ တောင်းအပ်သော ဆုတောင်းကို ဦးထိပ်ထားလျက် မြတ်စွာဘုရားနှင့် သံဃာတော်တို့ကိုလည်း အသက်ထက်ဆုံး အလုပ်အကျွေးပြုခဲ့လေတယ်။

ထိုဘဝမှ စုတေသော် တာဝတိံသာနတ်ပြည်တွင် ဖြစ်၍ လူ့ပြည်၌တစ်ဖန် လူဖြစ်ပြန်သော် ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ဆူအား ကြာပန်းနှင့်တကွ ဆွမ်းအလှူဒါနပြုလေတယ်။ ထိုမှတစ်ဖန် ကမ္ဘာပေါင်းကိုးဆယ်အကြာ ဗာရာဏသီပြည်တွင် သူဌေးသမီးဖြစ်ပြန်၍ ဝိပဿီမြတ်စွာဘုရားရှင် အမှူးရှိသော သံဃာတော်တို့ကို ပင့်ဖိတ်၍ မဟာဒါနကြီး ပေးလှူကာ ကြာပန်းတို့ကို ဆက်ကပ်၍ စိတ်ထဲတွင် ရုပ်အဆင်းလှပခြင်း ဆုတောင်းကို ပြုခဲ့လေတယ်။ သို့နှင့် ဥပ္ပလဝဏ်ထေရီအလောင်း အမျိုးသမီးကောင်းလေးဟာ လူ့ပြည်၊ နတ်ပြည် တစ်လှည့်စီတွင် ဖြစ်၍ ကဿပမြတ်စွာဘုရားလက်ထက်တွင် ဗာရာဏသီပြည်တွင် ကိကီမင်းကြီး၏ သမီးတော်ခုနစ်ယောက်တို့အနက် နှစ်ယောက်မြောက် သမဏဂုတ္တာမင်းသမီးဖြစ်ကာ ခေမာထေရီအလောင်းလျာနည်းတူ နှစ်ပေါင်းများစွာ ကောမာရိ ဗြဟ္မစရိယအကျင့်ကို ကျင့်ကြံလို့ ရဟန်းသံဃာတို့အတွက် ပရိဝုဏ်ကျောင်းဆောက်လုပ်လှူဒါန်းလို့ ထိုဘဝမှ စုတေသော် နတ်ပြည်တွင် ဖြစ်လေတယ်။ ထို့နောက် နတ်ဘဝမှ စုတေသော် လူ့ပြည်တွင်ဖြစ်ပြီး ထိုအမျိုးကောင်းသမီးလေးဟာ ကဿပမြတ်စွာဘုရား၏ သာဝကရဟန္တာထေရ်မြတ်တစ်ပါးအား အဝတ်လှူဒါန်းလို့ ရုပ်ရည်အဆင်းနဲ့ ပတ်သက်သော တောင်းဆုကို ပြုလေတယ်။ ထိုမှ နောက်ဘဝတစ်ခုတွင် သိဝိတိုင်း တိရိဋိဝစ္ဆသူဌေးကြီး၏ အလွန်လှပသော သူဌေးသမီးလေး ဉမ္မာဒန္တီ ဖြစ်လာခဲ့တယ်။ 

ထိုဘဝမှ စုတေပြန်သော် လယ်သမားသမီးအဖြစ် မွေးဖွားလာပြီး တစ်နေ့လယ်ထဲသွားရာလမ်းခုလတ်တွင် ပဒုမ္မာကြာပန်းတို့ကို တွေ့၍ အိုင်အတွင်းသို့ဆင်းကာ ခူးယူလို့ လယ်တဲသို့ရောက်သော် ပေါက်ပေါက်တို့ကိုလှော်လို့ ပေါက်ပေါက်ပေါင်း(၅၀၀)စေ့ကို ရေတွက်စဉ် ပစ္စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကြွလာရာ သူငယ်မလေးမှာ အရှင်မြတ်အား ဖူးမြော်လို့ ပဒုမ္မာကြာပန်းနှင့်တကွ ပေါက်ပေါက်တို့ကို လှူဒါန်းလို့ ပဒုမ္မာကြာပန်းလှူရခြင်းအကျိုးကြောင့် ဖြစ်လေရာ ဘဝမှာ တပည့်တော်၏ခြေလှမ်းတိုင်းမှာ ပဒုမ္မာကြာပန်းတို့ အံ့မခန်းမြေပေါ်မှ တက်ကြစေသတည်းလို့ ဆုတောင်းလေတယ်။

ထိုဘဝမှ စုတေသော် နတ်ပြည်တွင်ဖြစ်၍ တစ်ဖန်လူ့ပြည်၌ ဖြစ်ပြန်သော် ပဒုမ္မာကြာပန်းတိုက်၌ သန္ဓေတည်၍ ဖြစ်လာလေတယ်။ ဤသည်ကို ရသေ့တစ်ပါးမြင်၍ သမီးအဖြစ်ကောက်ယူမွေးစားလေသော် အဆင်းမှာလည်း လူမကနတ်မမီဖြစ်၍ ခြေလှမ်းတိုင်းမှာလည်း ကြာပွင့်တို့ မြေမှဖြစ်လေသည်ကို မြင်သော် သတို့သမီးလေးအား “ပဒုမဝတီ”ဟု ခေါ်တွင်လေတယ်။ ပဒုမဝတီ အရွယ်ရောက်သော် ဗာရာဏသီမင်းကြီး၏ မိဖုရားဖြစ်လာပြီး မင်းသား(၅၀၀)ကိုဖွားမြင်ပြီး ထိုမင်းသား(၅၀၀)မှာ ဘဝအဆက်ဆက်ပါရမီများကြောင့် အသက်(၁၆)နှစ်တွင်ပင် ပစ္စေကဗုဒ္ဓါ(၅၀၀)အဖြစ်သို့ရောက်ကြလေတယ်။ 

နောက်ဆုံးဘဝအဖြစ် ဥပ္ပလဝဏ်ထေရီဟာ ဂေါတမမြတ်စွာ ဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်လာခဲ့ပါတယ်။ ထေရီဟာ သာဝတ္ထိပြည်ရှိ ကုဋေ( ၁၆ဝ) ကြွယ်ဝသော သူဌေး၏ သမီးဖြစ်၍ ကြာညိုအဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည်တွင်လေတယ်။ ကိုယ်အနံ့မှာလည်း ကြာညိုနံ့သင်း၍ လှပမှုမှာလည်း ပြိုင်ဖက်ကင်းသောကြောင့် ဥပ္ပလဝဏ်ကို ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှ မင်းများနှင့် သူဌေးများက လာရောက်တောင်းရမ်းကြလေတယ်။ ထိုအခါ ဥပ္ပလဝဏ်၏  ဖခင်ဖြစ်သူကပရိယာယ်ဖြင့် တောင်းလာသူအားလုံးကို ကျေနပ်စေခြင်းငှာ၊ သမီးအား ရဟန်း ပြုနိုင်မည်လောဟု မေးမြန်းတိုက်တွန်းလေတယ်။ သမီးဖြစ်သူမှာလည်း မူလကပင် ရဟန်းပြုချင်သော ဆန္ဒပြင်းပြသဖြင့် ပြုနိုင်ပါသည်ဟု ဝန်ခံ၍ ရဟန်း ပြုလေတယ်။ ရဟန်းအဖြစ်သို့ရောက်၍ များမကြာမီ ဆီမီးရောင်ကို မြင်ရသဖြင့် တေဇောကသိုဏ်းကို အာရုံပြုကာ မဂ်လေးတန်ရ၍ ရဟန္တာမအဖြစ်သို့ ရောက်လေတယ်။ ရဟန္တာဖြစ်သည်နှင့် တစ်ပြိုင်နက် တန်ခိုး အဘိညာဉ် ကြီးမားလှသောကြောင့် အများကပင် အံ့ဩကြည်ညိုကြရပါတယ်။ 

မြတ်စွာဘုရားသည် တိတ္ထိတို့အား တန်ခိုးပြာဋိဟာကို ပြမည်ပြုသောအခါ မိမိအား ပြသခွင့်ပြုရန် ဥပ္ပလဝဏ်ထေရီက လျှောက်ထားဝံ့သူလည်း ဖြစ်ပါတယ်။ ထို့ကြောင့် မြတ်စွာဘုရားက လက်ဝဲရံ အဂ္ဂသာဝိကအဖြစ် မြှောက်စား၍ တန်ခိုးအရာ၌ ဣဒ္ဓိမန္တဧတဒဂ်ဘွဲ့ ချီးမြှောက်တော်မူခဲ့ပါတယ်။

ဥပ္ပလဝဏ်ထေရီသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဝိမလာဒေဝီ နဂါးမဘဝမှစ၍ ကဿပ ဘုရားရှင်လက်ထက် တွင် ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာ မင်းသမီးအဖြစ် ဆုပန်ခဲ့ကာ ထို့နောက်တွင် ဥမ္မာဒန္တီအဖြစ်၊ ပဒုမဝတီမင်းသမီးအဖြစ် စသည့်ဘဝတို့၌လည်း ဆုပန်ခဲ့သော တောင်းဆုများကြောင့် တန်ခိုးထက်မြက်ခြင်း၊ သွားလေရာ၌ ဖဝါးချရာတွင်ကြာပွင့်ခံခြင်း၊ ကိုယ်နံ့မှာ ကြာညိုပန်းကဲ့သို့ မွှေးကြိုင်ခြင်း စသော အကျိုးတရားများနှင့် ပြည့်စုံရခြင်းဖြစ်လေတယ်။ “ဥပ္ပလဝဏ်ထေရီသည် လည်းကောင်း၊ ဥပ္ပလဝဏ်အမျိုးသမီးငယ်သည် လည်းကောင်း ဗုဒ္ဓမြတ်စွာ ဘုရား၏ မြတ်သော တပည့်မ အဂ္ဂသာဝိကာ တို့ ဖြစ်ကုန်လတ္တံ့” ဟု ကောဏ္ဍညဗုဒ္ဓဘုရားက ဟောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

ဝိသာခါ

ထူးခြားသောအမျိုးသ္မီးကြီး ဝိသာခါ

ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့မှာ ဝိသာခါဆိုတဲ့ သမီးလေးကို မွေးဖွားခဲ့တယ်။ ဝိသာခါ၏အဘိုးဖြစ်သူဟာ ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံမှ တရားဒေသနာတော်ကို နာကြားခဲ့ရပါတယ်။ ဝိသာခါရဲ့ ရှေးဘဝပါရမီ ဆုတောင်းကြောင့် ယခုလက်ရှိ ဘဝမှာအသက်ခုနစ်နှစ်အရွယ်တွင်ပင် သောတာပန်အရိယာ သူတော်စင်တစ်ဦးဖြစ်လာခဲ့လေတယ်။

သာဝတ္ထိပြည်၌နေထိုင်တဲ့ မိဂါရသူဌေးကြီးမှာ ပုဏဝဃနအမည်ရ သူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြတယ်။ သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်လေတယ်။

ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသားအရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးလွန်းတာကြောင့်လည်း ဖြစ်ပါတယ်။
ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းတဲ့ ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ်ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေတယ်။ ထိုအချိန် ဝိသာခါ သတို့သမီးမှာ အသက် (၁၆)နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကိုဆင်နွှဲရန် အခြွေအရံငါးရာနှင့် ထွက်လာလေတယ်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားတော့တယ်။

ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက်သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန်ဣနြေ္ဒရှင်ဖြစ်တဲ့ ဝိသာခါဟာ မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣနြေ္ဒရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားလေတယ်။ အဲဒီမှာပဲ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေတယ်။

ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ''ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်''ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြတော့တယ်။ ထိုအခါဝိသာခါအမျိုးသမီးလေးကလည်း ''လောကမှာ လျင် မြန်စွာသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်းမြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်းသံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်''လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါတော့တယ်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်လေတယ်။

 ယင်းနောက် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်း၏ သူဌေးဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာဝတ္ထိပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြလေတယ်။ နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့ပါတယ်။

ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရမည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦးအား စောင့်ရှောက်ပေးပါရန်ဆိုကာ သမီးကိုအပ်နှံခဲ့တယ်။

ဝိသာခါ၏ ဖခင်ဖြစ်သူသင်ကြားပေးလိုက်သော ဩဝါဒ (၁၀)ချက်ကား-

✨အတွင်းမီးကို အပြင်ဘက်သို့ မထုတ်ဆောင်အပ်။
✨အပြင်ဘက်ဖြစ်သော မီးကို အတွင်းသို့ မသွင်းအပ်။
✨ပေးကမ်းသော သူအားသာလျှင် ပေးကမ်း၏၊
✨မပေးကမ်းသောသူအား မပေးမကမ်းအပ်။
✨ပေးကမ်းသောသူအားလည်းကောင်း၊ မပေးမကမ်းသော သူအားလည်းကောင်း ပေးကမ်းအပ်၏။
✨ချမ်းသာစွာ နေထိုင်အပ်၏။
✨ချမ်းသာစွာ စားသောက်အပ်၏။
✨ချမ်းသာစွာ အိပ်အပ်၏။
✨မီးကို လုပ်ကျွေးအပ်၏။
✨အိမ်တွင်း နတ်ကို ရိုသေညွှတ်လျှိုး ရှိခိုးအပ်၏ဟု ဤဆယ်ပါးသော အဆုံးအမဩဝါဒတို့ပဲဖြစ်လေတယ်။

မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါဟာ ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့တယ်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့နိုင်ပါဘူး။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာများကြွလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက်ကြလေတယ်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့လေတယ်။

ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခံကြွလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခြင်းမျိုးများ ပြုလုပ်လေတယ်။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ''ခွင့်လွှတ်ပါဘုရား။ တပည့်တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန်တော့ဆွမ်းပါဘုရား''လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ''ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း''လို့ နှင်ချ ခံရပါတယ်။ ဝိသာခါကလည်း ''ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်''ဟု ဆိုလေတယ်။ ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူ ကြွယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေရှင်းပေးလေတယ်။

''ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမက ဒီဘဝမှာ သူကြွယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်းကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်''လို့ ဖြေရှင်းချက်ပေးလေတယ်။
ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အတွက် သူကြွယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြတယ်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရမည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆိုတော့တယ်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါသည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့လေတယ်။ မြတ်စွာဘုရားနှင့်သံဃာတော်များ ကြွလာသည့်အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာဖို့ လူကြားထဲတွင် ခေါ်သည့်အတွက် ငြင်းရခက်ပြီး ကန့်လန့်ကာနောက်ကွယ်မှနေ၍ မြတ်စွာဘုရားကိုမကြည့်ဘဲ တရားနာခဲ့ရာ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာတော့တယ်။

ဝိသာခါ၏ သတ္တိရှိမှုကြောင့် မိမိဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများအား စိတ်ရင်းစေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြတော့တယ်။ ဝိသာခါတွင် သားယောက်ျား တစ်ကျိပ်၊ သမီးမိန်းမ တစ်ကျိပ်တို့ထွန်းကားပြီး ထိုသားသမီးတို့တွင် တစ်ယောက် တစ်ယောက်၌လည်း သားတစ်ကျိပ် သမီးတစ်ကျိပ်အားဖြင့် နှစ်ကျိပ်စီဖြစ်၍ မြေးလေးရာရှိလေတယ်။ မြေးတို့တွင်လည်း တစ်ယောက် တစ်ယောက်၌ နှစ်ကျိပ်စီဖြစ်၍ မြစ်ရှစ်ထောင်ဖြစ်လေတော့တယ်။ ဝိသာခါသည် အသက်တစ်ရာ့နှစ်ဆယ်တိုင်နေရ၍ ဆံဖြူတစ်ပင်မျှမပေါက်ပဲ တစ်ဆယ့်ခြောက်နှစ်အရွယ်ကဲ့သို့ အမြဲဖြစ်နေလေတယ်။

 သားမြေးမြစ်တို့နှင့် ကျောင်းသို့သွားသော် ဤသူတို့တွင်ဝိသာခါသည် အဘယ်နည်းဟုမေးရကုန်သည်အထိ နုပျိုခြင်းအစွမ်းနှင့် ပြည့်စုံလေတယ်။ ဣရိယာပုထ်လေးပါးလုံး၌ပင် တင့်တယ်ပြီး ဝိသာခါသည် ဆင်ငါးစီးအားကိုဆောင်နိုင်လေတယ်။ ထိုအခါ သာဝတ္ထိပြည်၌ ဝိသာခါသည် သားမြေးမြစ် များစွာဖြစ်၍ အလွန်မင်္ဂလာရှိသောသူဟု သမုတ်အပ်ပြီး သားမြေးမြစ်တို့တွင် တစ်ယောက်သောသူမျှအကြား၌ သေသူဟူ၍ မရှိ၊ မင်္ဂလာပွဲလမ်းသဘင်တို့၌ ဝိသာခါကို ဖိတ်မန်၍ ရှေးဦးစွာကျွေးမွေးခြင်းပြုကြလေယ်။ ဝိသာခါဟာ သာဝတ္ထိပြည် အရှေ့တံခါး၌ ကျောင်းမြေအတွက် အသပြာ ကိုးကုဋေ၊ ကျောင်း‌ဆောက်လုပ်ရန်အတွက် အသပြာ ကိုးကုဋေ၊ အလှူ၌ အသပြာ ကိုးကုဋေအားဖြင့် ၂၇ ကုဋေသော အသပြာတို့ကို အကုန်အကျခံလျက် ဘုံခုနစ်ဆင့်ရှိသော ပုဗ္ဗာရုံကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ထိုအခါမှစ၍ ဝိသာခါကို ပုဗ္ဗာရုံကျောင်းအမ ဝိသာခါ ဟုလည်းခေါ်စမှတ်ပြုခဲ့ကြလေတော့တယ်။

ကျောင်းအမကြီးဝိသာခါသည် ရှေးဘဝက ကုသိုလ်ပါရမီများကို နိဗ္ဗာန်အတွက် အကျိုးရှိအောင် အသုံးပြုလို့ တစ်ပါးသူများကိုလည်း အရိယာသူတော်စင်ဖြစ်စေသည်အထိ သာသနာပြုနိုင်သော အရိယာသူတော်စင် အမျိုးသမီးကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင် အတုယူအပ်သူတစ်ဦးပဲ ဖြစ်ပါတယ်။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

ဗိမ္ဗိသာရမင်း

ရတနာသုံးပါကို လွန်စွာကြည်ညိုသော ဗိမ္ဗိသာရမင်း

ဗိမ္ဗိသာရမင်းသည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည့်ရှင်၊ ဘာဂီနိယ မင်းကြီး၏ သားတော်ဖြစ်ပြီး ဘာဂီနိယ မင်းကြီးနှင့် သက္ကတိုင်း ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးတို့သည် မိတ်သဟာယများဖြစ်ကြလေတယ်။ ဗိမ္ဗိသာရမင်းသားသည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် သိဒ္ဓတ္ထမင်းသားအောက် (၅) နှစ် ငယ်တော်မူပြီး အဉ္ဓနမင်းကြီးဖြိုပြီး သက္ကရာဇ် (၇၃) ခုနှစ်တွင် ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ သက်တော် (၁၅) နှစ်အရွယ်တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံကာ မင်းပြုလေတယ်။ သိဒ္ဓတ္ထမင်းသားသည် တောထွက်ပြီးနောက် ရဟန်းပြုကာ၊ ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံဝင်ရာ ဗိမ္မိသာရမင်းသည် ကြားထားရသော သိဒ္ဓတ္ထမင်းသား၏သတင်းစကားများကြောင့် သိချင်စိတ်ဖြစ်ကာ မင်းချင်းတို့အား စေလွှတ်စုံစမ်းစေတယ်။ မင်းချင်းတို့၏ လျှောက်တင်ချက်ကို ကြားသိတော်မူလျှင်၊ ဘုရားအလောင်းရှိရာသို့ ဆောလျင်စွာ သွား၍ အသက်အရွယ် ငယ်ပါသေးသဖြင့် တောမထွက်ပါနှင့်။ ပြည်တော်ထက်ဝက်ကို ပေးအပ်မှာမို့ မင်းပြု၍ စံစားပါဦးဟု လျှောက်ထားလေတယ်။ သို့သော် ဗိမ္မိသာရမင်း၏ လျှောက်ထားချက်ကို ဘုရားအလောင်းတော်က ငြင်းပယ်လေတယ်။ ထိုအခါ ဗိမ္ဗိသာရမင်းက ဘုရားအဖြစ်သို့ ရောက်ခဲ့လျှင်၊ ရှေးဦးစွာ ရာဇဂြိုဟ်ပြည်သို့ ကြွရောက်ပါရန် ပြန်ပြောင်းလျှောက်ထားတော်မူသောအခါ ဘုရားအလောင်းတော်က ဝန်ခံကတိပေးခဲ့လေတယ်။

ဗိမ္ဗိသာရမင်း၏ နန်းစံ (၁၆) နှစ်မြောက်တွင် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီးသော ဗုဒ္ဓရှင်တော်ဘုရားသည် ဗိမ္ဗိသာရမင်းကြီး၏ လျှောက်ကြားချက်ကို နှလုံးထားတော်မူသဖြင့် ရာဇဂြိုဟ်ပြည်သို့ သံဃာတော် တစ်ထောင်နှင့် ကြွရောက်တော်မူ၍၊ မြို့အနီး ထန်းတောဥယျာဉ်၏အလယ် သစ်ပင်ရင်း၌ သီတင်းသုံးတော်မူကြောင်း ဗိမ္ဗိသာရမင်းကြီး ကြားသိတော်မူလျှင် တစ်သိန်းနှစ်သောင်းမျှသော မှူးမတ်၊ သူဌေး၊ ပုဏ္ဏားတို့ ခြံရံလျက် မြတ်စွာဘုရားအထံတော်သို့ လာရောက်ဆည်းကပ်လေတော့တယ်။

 မြတ်စွာဘုရားသည် ဥရုဝေ ၊ ကဿပရသေ့ကို အကြောင်းပြု၍ ဂါတာ (၁၉၀) ရှိသော နာရဒကဿပဇာတ်ကို ဟောတော်မူရာ၊ ဗိမ္ဗိသာရမင်းနှင့်တကွ တစ်သိန်းတစ်သောင်းသော ခြွေရံသင်းပင်းတို့သည် သောတာပန် တည်ကုန်လေတယ်။ ကျန်တစ်သောင်းသော သူတို့မှာ သရဏဂုံ တည်ကြကုန်တယ်။
ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ပွားလှသဖြင့် မိမိအား ဥပသကာအဖြစ် အမှတ်ထားတော်မူရန် လျှောက်ထားပြီးသော်၊ နောက်တစ်နေ့နံနက်တွင် ဘုရားရှင်အား အခြံအရံ သံဃာတော်များနှင်တကွ မိမိ၏ နန်းတော်သို့ ဆွမ်းအလှူခံ ကြွတော်မူရန် ဖိတ်ကြားလေတယ်။ ထိုနေ့ နံနက်တွင် ဘုရားရှင်နှင့် သံဃာတော် အပေါင်းအား ဆွမ်းလုပ်ကျွေးပြုစုပြီးသော် ဝေဠုဝန်ဥယျာဉ်တွင်း၌ မင်း၏ နန်းတော်ကို အရံနှင့်တကွ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးရန် ရေစက်သွန်းချ လှူဒါန်းလေတယ်။

ဗိမ္ဗိသာရမင်းကြီးသည် ဂေါတမဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် လုပ်ကျွေးပြုစု ဆည်းကပ်ကိုးကပ်သော်လည်း မင်းကြီး၏ အဂ္ဂမဟေသီ ဒေဝီအရာထားတော်မူသော ခေမာမိဖုရားကား အဆင်းမာန်တက်၍ ဘုရားရှင်အား သွားရောက်ဖူးမြော်ခြင်း မပြုချေ။ ထို့ကြောင့် မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် မိဖုရားအား ဘုရားရှင်ထံသွားရောက်စေရာတွင် ခေမာမိဖုရားသည် ဘုရားရှင်၏ တရားကို နာယူရကာ အကျွတ်တရားရ၍ ဘိက္ခုနီမပြုပြီးသော် နောင်အခါ ခေမာထေရီဟု လက်ျာတော်ရံ ဧတဒဂ်ရထေရီတဦး ဖြစ်လာခဲ့လေတယ်။

ဗိမ္ဗိသာရမင်းကြီးသည် ယင်းသို့ဖြင့် ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်သော မင်းတပါး ဖြစ်ခဲ့လေတယ်။ ထို့ပြင် သားသမီးအပေါ်၌ မိဘ၏ မေတ္တာမည်မျှ ကြီးမားသည်ကို ဥပမာထုံးတမ်း အကိုးအကားပြုရသော မင်းတစ်ပါးလည်း ဖြစ်ပေတယ်။ ဗိမ္ဗိသာရမင်းတွင် ဝေဒေဟီအမည်ရှိ မိဖုရားကြီးတစ်ပါး ရှိရာ ထိုမိဖုရားတွင် သန္ဓေတည်လေလျှင် မင်းကြီး၏ လက်ျာလက်ရုံးသွေးကို သောက်လိုသော ချင်ခြင်းဖြစ်လေသော် မင်းကြီးသိတော်မူလျှင် မိဖုရား၏ ချင်ခြင်းကို ပြည့်စေခဲ့တယ်။ သို့သော် ဟူးရာတို့က မိဖုရား၏ သန္ဓေသားသည် မင်းကြီးအား သတ်မည့်သူဟု နိမိတ်ဖတ်ကြသော် မိဖုရားသည် သန္ဓေသားကို ဖျက်ဆီးရန် အတန်တန်ကြိုးစားတော့တယ်။ ဗိမ္မိသာရမင်းကြီးကမူ ယင်းသို့ မပြုရန် တားမြစ်၍ မြဲမြံစွာ သန္ဓေသားကို စောင့်ရှောက်ထားစေခဲ့တယ်။ အချိန်တန်၍ သားတော်ဖွားမြင်လျှင် မိဖုရား မသိရလေအောင် အစောင့်အရှောက်တို့က သိုဝှက်ပယ်ဆောင်ထားပြီး ကလေးငယ် သွားလာနိုင်သော အရွယ်ရောက်မှ သားတော်ကို မိဖုရားအား ပြစေခဲ့တယ်။ မင်းကြီးမှာ သားတော်အား အလွန်ချစ်ခင် မြတ်နိုး၍ သား၏လက်တွင် အိုင်းအမာနာပေါက်၍ မခံမရပ်နိုင်ဖြစ်သည်ကိုပင် မင်းကြီးသည် ထိုလက်ချောင်းကို ခံတွင်း၌ ငုံပေးခြင်းပြုလေတယ်။ အတန်ငယ် သက်သာရာ ရ၍ သားတော် အိပ်ပျော်စဉ် ပြည်ပေါက်လေသော်၊ သားတော်နိုးမည်စိုး၍ ပြည်ကို မျိုချသည်အထိ မင်းကြီးသည် သားတော်အား လွန်စွာ ချီးမြှောက်ထားလေတယ်။ သားတော် အရွယ်ရောက်လျှင် အိမ်ရှေ့အရာနှင်းလေရာ ထိုအိမ်ရှေ့မင်းကား အဇာတသတ်မင်းသားပဲ ဖြစ်ပါတယ်။

ဘုရားရှင်နှင့်တကွ သာဝကအပေါင်းကို ပျက်စီးစေလိုသော ဒေဝဒတ်သည် အဇာတသတ် မင်းသားက မိမိအား ကြည်ညိုအောင် ပြုပြီး မိမိပြောဆိုသမျှ နားဝင်အောင် ပြုကာ ဘုရားရှင်အား ကြည်ညိုလှသူ ဗိမ္ဗိသာရမင်းအားလည်း ပျက်စီးစေလေတယ်။ ထို့ကြောင့် မိမိက ဘုရားရှင်အား သတ်၍ ဘုရားအဖြစ် ယူမည်၊ အဇာတသတ်က ခမည်းတော်ကို သတ်၍ မင်းအဖြစ်ယူရန် တိုက်တွန်းလေတော့တယ်။ အဇာတသတ်သည် ဒေဝဒတ်၏ တိုက်တွန်းချက်အတိုင်း၊ ခမည်းတော်အား ကိုယ်တိုင်သတ်ရန် ကြံစည်ပြီး ယင်း၏အကြံ ပေါ်ပေါက်သွားသော်လည်း ဗိမ္ဗိသာရမင်းကြီးသည် အပြစ်မယူဘဲ သားတော်၏ ဆန္ဒအတိုင်းဖြစ်စေရန် ထီးနန်းလွှဲအပ်ပေးလိုက်လေတယ်။ သို့သော် ဒေဝဒတ်၏ လှည့်ဖျားအကြံပေးချက်ကြောင့် အဇာတသတ်မင်းသည် ခမည်းတော်အား ထောင်သွင်းအကျဉ်းချကာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်း ပြုစေပြန်တယ်။
 
အဇာတသတ်ရဲ့ မယ်တော် ဝေဒဟီမိဖုရားသည်လည်း ဗိမ္မိသာရမင်းရှိရာ ထောင်တွင်းသို့ ဝင်ကာ နည်းအမျိုးမျိုးဖြင့် မင်းကြီးအား သက်သာရာရစေအောင် ပြုစုလေတယ်။ ဤသည်ကို အဇာတသတ်သိလေသော် ခမည်းတော်အား အစာပြတ်သေစေရန် မယ်တော်ကို ခမည်းတော်ထံ ဝင်ခွင်မပြုတော့ချေ။ ထိုအခါ ဗိမ္ဗိသာရမင်းကြီးသည် စင်္ကြံလျှောက်ရင်းပင် မဂ်ဖိုလ်ချမ်းသာကို ခံစား၍ မိမိကိုယ်ကို မျှတအောင် နေတော်မူလေသော်၊ အလွန်လျှင် ခန္ဓာကိုယ် အတ္တသဘောသည် တင့်တယ်လေကြောင်း သိရလေတယ်။ ထိုအခါ အဇာတသတ်မင်းသည် ခမည်းတော် စင်္ကြံမလျှောက်နိုင်စေရန် ခြေဖဝါးကို ဓားနှင့်ခွဲပြီးသော် ဆားရောသော ဆီဖြင့် လိမ်းကျံ၍ ရှားမီးခဲတွင် ကင်မြှိုက်စေသော် မင်းကြီးသည် ဆင်းရဲဝေဒနာကို ပြင်းထန်စွာ ခံစားရပေမယ့် ရတနာသုံးပါးကို အောက်မေ့ နှလုံးသွင်းလျက်ကပင် ခန္ဓာကိုယ်သည် ညှိုးနွမ်းခြောက်သွေ့၍ စုတေလေသော် စတုမဟာရာဇ်နတ်ပြည် ဝေဿဝဏ နတ်မင်းကြီး၏ အလုပ်အကျွေး ဇနဝသဘမည်သော နတ်သား သွားဖြစ်လေတယ်။ သို့နှင့် ဗိမ္ဗိသာရမင်းကြီးသည် မင်းစည်းစိမ် (၅၂) နှစ်၊ သက်တော် (၆၇) နှစ်၊ မဟာသက္ကရာဇ် (၁၄၀) ပြည့်နှစ်တွင် သားတော် အဇာတသတ်မင်းလုပ်ကြံ၍ ကံတော်ကုန်ခဲ့ရလေတယ်။ သို့သော် ဗုဒ္ဓ၏ သာဝကများတွင် ရတနာသုံးပါးကို ကြည်ညိုလွန်းသူအပြင် သားသမီးအပေါ်မေတ္တာကြီးမားလွန်းသူဟု သမိုင်းတွင်ကျန်ရစ်လေတယ်။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။

အလှူအတန်းရက်ရောသော အနာထပိဏ်

အလှူအတန်းရက်ရောသော အနာထပိဏ်
*************🌺🌿🌺*********

အနာထပိဏ်မှာ သာဝတ္ထိပြည်သားတစ်ယောက်ဖြစ်ပြီး ကုန်သည်တစ်ဦးဖြစ်ကာ အမည်ရင်းမှာ သုဒတ္တဖြစ်ပါတယ်။ သုဒတ္တဟာ မြတ်စွာဘုရားနှင့် မတွေ့ဆုံမီကပင် အလှူအတန်းတို့၌ ရက်ရောသည့်အပြင် သူတစ်ပါးတို့အပေါ်၌ ကြင်နာတတ်သူလည်း ဖြစ်ခဲ့လေတယ်။ ချို့တဲ့သူများကိုလည်း ပေးကမ်းစွန့်ကြဲခြင်းကြောင့် သူ၏အမည်အရင်းဖြစ်သည့် သုဒတ္တ ပျောက်ကာ အနာထပိဏ္ဍိက ဟု အမည်တွင်လေတော့တယ်။ အနာထပိဏ္ဍိက၏ အဓိပ္ပါယ်သည် 'ကိုးကွယ်ရာမဲ့တို့အား စွန့်ကြဲပေးကမ်းသူ' ဟု အဓိပ္ပါယ်ရလေတယ်။

တစ်နေ့ အနာထပိဏ်သည် သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကူးသန်းရောင်းဝယ်ရေးအတွက် လှည်းပေါင်းငါးရာဖြင့် ယောက်ဖတော်စပ်သူ ရာဇဂြိုဟ်သူဌေး၏ အိမ်သို့ လာခဲ့လေတယ်။ ထို့နောက် ရာဇဂြိုဟ်သူဌေး၏ အိမ်တွင် တည်းခိုလေရာ ထိုအချိန်တွင် ရာဇဂြိုဟ်သူဌေးကြီးသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းစားပင့်ထားသဖြင့် အလုပ်များ ရှုပ်လျက်ရှိသဖြင့် အနာထပိဏ်အား ဧည့်ခံ၍ စကားမပြောနိုင်အောင် ဖြစ်လျက်ပင် ရှိနေလေတယ်။ ထိုအချိန်က မြတ်စွာဘုရား ပွင့်တော်မူပြီးသည်မှာ တစ်နှစ်ကျော် ကာလပင် ရှိပြီ ဖြစ်သော်လည်း အနာထပိဏ်သူဌေးကြီးကတော့ မြတ်စွာဘုရားကို မသိရှာပေ။ ယခုမှ ဘုရားပွင့်တော်မူကြောင်း သိပြီး ထိုအကြောင်းကို ကြားသိသော် အနာထပိဏ်သည် မြတ်စွာဘုရားအား သွားရောက်ဖူးမြော်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့တယ်။ အနာထပိဏ်အား ယောက်ဖဖြစ်သူက မနက်ဖြန် ဆွမ်းစားကြွလာချိန်မှသာ ဖူးမြော်ရန် ပြောလေတယ်။ အကြောင်းမှာ အနာထပိဏ်သွားရောက်ဖူးမြော်လိုသည်ဟု ပြောလာသောအချိန်မှာ ညဉ့်အချိန် ဖြစ်သောကြောင့် သွားရန် မသင့်တော်သောကြောင့် ဖြစ်ပါတယ်။ ထိုအခါ အနာထပိဏ်မှာ အိပ်၍မျှပင် မပျော်ဘဲ မိုးလင်းခဲ့လေတယ်။ မိုးလင်းသော် အနာထပိဏ်သည် ဆွမ်းစားကြွလာသည်အထိ မစောင့်နိုင်တော့ပဲ နံနက်စောစောအချိန်ထကာ မြတ်စွာဘုရားရှိရာ ရာဇဂြိုဟ်ပြည် သုသာန်အနီး သီတဝန တောအုပ်သို့ သွားရောက်လေတော့တယ်။

အနာထပိဏ်သည် မြတ်စွာဘုရားထံသွားနေစဉ် ဤသို့ စိတ်အကြံ ဖြစ်လေတယ်။ "လောကတွင် ဘုရားအမည်ခံသူများ ပေါများ၏။ ငါသည် ဘုရားကို မမြင်ဘူးပေ။ ထို့ကြာင့် မည်သူ့ဆီသွားရမည် မသိပေ။ အကယ်၍ ဘုရားသည် ငါ၏ ငယ်အမည် သုဒတ္တ ကို သိပြီး ငါ့ကို အမည်ခေါ်၍ နှုတ်ဆက်လျှင် ကောင်းမည်။ ထိုမှသာ မြတ်စွာဘုရားအား ဆည်းကပ် ရလွယ်နိုင်သည်။ မြတ်စွာဘုရားသည်လည်း အစစ်ဖြစ်နိုင်ပေလိမ့်မည်" ဟု အကြံဖြစ်လေတယ်။ မြတ်စွာဘုရားလည်း ထိုအကြံကို သိတော်မူ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် စင်္ကြံလျှောက်နေလေရာ အနာထပိဏ် သူဌေးကြီးကို မြင်သောအခါ မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ နေရာ၌ ထိုင်လေတယ်။ ထို့နောက် `လာ သုဒတ္တ´ ဟု နှုတ်ဆက်စကား ဆိုလိုက်လေတယ်။ ထိုအခါ အနာထပိဏ်သည် သူ၏ ငယ်အမည်ကို တရင်းတနှီးခေါ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေတော့တယ်။ 

သူဌေးကြီးသည် မြတ်စွာဘုရား လွင်တီးခေါင်ပြင်၌ စင်္ကြံလျှောက်နေသည်ကို လာကတည်းကပင် မြင်လေတယ်။ ထို့ကြောင့် မြတ်စွာဘုရားအား "ချမ်းသာစွာ ကျိန်းစက်တော်မူရပါရဲ့လား" ဟု လျှောက်လေတယ်။ ထိုအခါ မြတ်စွာဘုရားသည် "ကာမဂုဏ် တို့၌ မလိမ်းကျံသော၊ ဝဋ်ဒုက္ခမှ ကင်းဝေးပြီးဖြစ်၍ ငြိမ်းအေးသော၊ ကိလေသာကင်းကွာ ချုပ်ငြိမ်းပြီးသူတို့သည် ချမ်းသာစွာ အိပ်ရ၏။ အာရုံငါးပါး၌ တပ်မက်တတ်သော တဏှာကို ပယ်ပြီးဖြစ်၍၊ ကိလေသာအပူကို ငြိမ်းပြီး၍၊ နိဗ္ဗာန်သို့ အရဟတ္တဖိုလ်ဖြင့် ရောက်ပြီး၍ ငြိမ်းချမ်းမှုကို ရပြီးသူသည် ချမ်းသာစွာ အိပ်ရ၏" ဟု မိန့်တော်မူလိုက်လေတယ်။ ထို့နောက် မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အစဉ်အတိုင်း ဟောကြားလေတယ်။ ထိုအခါ အနာထပိဏ်မှာ သမာဓိဉာဏ်ကို ရ၏။ ထို့နောက် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့ကို အဆင့်ဆင့် ရလေတယ်။ နောက်ဆုံးတွင် မဂ်ဉာဏ်ကို ရရှိလို့ သောတာပန်အဖြစ်သို့ ရောက်လေတယ်။ 

သာဝတ္ထိပြည်တွင် ဝါဆိုရန် မြတ်စွာဘုရားအား အနာထပိဏ်မှ လျှောက်လေသော် မြတ်စွာဘုရားမှ “ဒါယကာ ဘုရားရှင်တို့မည်သည် ဆိတ်ငြိမ်ရာအရပ်မှာသာ ပျော်ပိုက်တော်မူကြကုန်၏”ဟု မိန့်လေသော် အနာထပိဏ်သူဌေးမှာ ကောင်းစွာ သဘောပေါက်၍ သာဝတ္ထိပြည်သို့ ပြန်လာပြီး လမ်းတစ်လျှောက်ရှိ မိတ်ဆွေများကိုလည်း တည်းခိုနားနေရန် ဉယျာဉ်နဲ့ လှူဒါန်းရန် အလှူပစ္စည်းများ စုဆောင်းထားပါ။ လောက၌ အတုမရှိသည့် မြတ်စွာဘုရားပွင့်တော်မူလာလေပြီ။ မြတ်စွာဘုရားက ကျွန်ုပ်၏ ဖိတ်ကြားလျှောက်ထားချက်အရ ဤလမ်းအတိုင်းကြွလာမှာမို့ ပြင်ဆင်ထားရခြင်းဖြစ်တယ်လို့ ဆိုလေတယ်။ 
သို့နှင့် သာဝတ္ထိသို့ ပြန်ရောက်သော် ပတ်ဝန်းကျင်မြို့ရွာတို့နှင့် မနီးလွန်းမဝေးလွန်းခြင်း၊ သွားလမ်း၊လာလမ်း ပြည့်စုံခြင်း၊လူတိုင်း သိရှိလိုသောအခါ သွားလာရန် လွယ်ကူခြင်း၊ မြို့သံ၊ လူသံ၊ ရွာသံတိတ်ဆိတ်ခြင်းဟူသော အင်္ဂါရပ်တို့နှင့် ပြည့်စုံသော နေရာကိုရှာဖွေရာ ဇေတမင်းသားပိုင်ဆိုင်သော ဉယျာဉ်တော်ကို ရှာတွေ့လေတယ်။ 

ထိုအခါ ဇေတမင်းသားထံ သွားရောက်လို့ ဤဉယျာဉ်တော်အား ဈေးဖြတ်ရောင်းချပေးရန် တောင်းခံလေတယ်။ ဇေတမင်းသားက “ငါ၏ ဉယျာဉ်ကို အသပြာချင်အစွန်းထိအောင်ခင်းသဖြင့်လည်း မပေးနိုင်ပါ။”လို့ ဆိုလေတယ်။ အနာထပိဏ်မှာလည်း မင်းသားလေး အခုလို ဆိုခြင်းက ဉယျာဉ်ကို ဈေးဖြတ်ရန် ဆိုလိုက်ခြင်းနဲ့ အတူပါပဲလို့ ပြန်လည်ချေပလေတယ်။ သို့နှင့် သူတို့နှစ်ဦး ဉယျာဉ်ရောင်းဝယ်ရန် စကားဆိုခြင်း၊မဆိုခြင်းနဲ့ ပြဿနာဖြစ် ငြင်းခုံကြရာ တရားရုံးတော်က မင်းသားလေး စကားဟာ ဈေးဖြတ်ရန် စကားမှန်ကြောင်း ပြောလေတော့မှ အနာထပိဏ်လည်း အနိုင်ရသွားလေတယ်။ ထိုကြောင့် အနာထပိဏ်ဟာ ဉယျာဉ်တော်ကို ဝယ်ရန် ရွှေဒင်္ဂါးများကို လှည်းဖြင့်တိုက်လျှက် ဇေတဉယျာဉ်အစွန်းထိအောင် ခင်းစေတယ်။ ဉယျာဉ်အတွင်းရှိ ပန်းပင်၊ ရေကန်တို့ အတိုင်းအရှည်ကို တိုင်းထွာပြီးလည်းခင်းစေရာ စုစုပေါင်း ရွှေဒင်္ဂါး (၁၈)ကုဋေကုန်လေတယ်။ 

ဤသို့ အနာထပိဏ် စိတ်အားထက်သန်စွာ ပြုနေသည်ကို ဇေတမင်းသားမြင်သော် မကောင်းမှုအတွက် ဉယျာဉ်ကို လိုသည်တော့ မဖြစ်တန်ရာ ကောင်းမှုအတွက်သာဖြစ်မည်ဟု သဘောတွေ့လျက် ဒီနေရာကို သူလှူပါတယ်လို့ ဆိုလာတယ်။ ထိုအခါ အနာထပိဏ်လည်း သဘောတူ၍ ဇေတမင်းသားအား ဘုံ(၇)ဆင့်ရှိသော ကျောင်းတိုက်မုခ်ဉီးပြာသာဒ်ကြီးကို ဆောက်လုပ်လှူဒါန်းစေတယ်။ ထို့နောက်တွင်မှ အနာထပိဏ်ဟာ ဉယျာဉ်အတွင်း မြတ်စွာဘုရားရှင်သီတင်းသုံးရန် ဂန္ဓကုဋိတိုက်နှင့်တကွ အရံကျောင်းတော်များ၊ ကျောင်းမုခ်ဦးပြာသာဒ်ကြီးများ၊ သံဃာတော်များ စုဝေးရာ တန်ဆောင်းတန်းများ၊ မီးတင်းကုပ်များ၊ ကပ္ပိယကုဋီကျောင်းများ၊ စင်္ကြန်များ၊ ရေချိုးရုံများစသည်ကို ပြည့်စုံစွာ ဆောက်လုပ်လှူဒါန်းလေတယ်။ 

ဆောက်လုပ်ပြီးစီးသောအခါ အနာထပိဏ်သူဌေးမှာ မြတ်စွာဘုရားထံ တမန်တော်စေလွှတ်၍ ပင့်စေတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ပြီး အနာထပိဏ်သူဌေးကြီး၏ ဇေတဝန်ကျောင်းလွှတ်ပူဇာပွဲကို ချီးမြှင့်ခဲ့လေတယ်။ အနာထပိဏ်မှာ ဇေတဝန်ကျောင်းဆောက်လုပ်ခြင်းအတွက် ရည်ရွယ်၍ လှူဒါန်းခဲ့သော ပမာဏမှာ (၅၄)ကုဋေသော အသပြာဖြစ်လေတယ်။ထိုအလှူမှအစပြု၍ အနာထပိဏ်ပြုခဲ့သော ဂေါတမမြတ်စွာဘုရား သာသနာအတွင်း အလှူဒါနများသည် အနာထပိဏ်အား အလှူအတန်းအရာ၌ ဧတဒဂ်ရသည်အထိပင် ဖြစ်လေတယ်။ ထိုကဲ့သို့ ဧတဒဂ်ရရန်လည်း အနာထပိဏ်မှာ ပဒုမုတ္တရဘုရားလက်ထက်ကတည်းက ဒါယကာဆုပန်ခဲ့ခြင်းဖြစ်လေတယ်။

Cartoon_Bakery Page ၏ Tuesday_Story အစီစဉ် မှ တင်ဆက်မူ့ ကို ကူးယူ ဖော်ပြခြင်းဖြစ် ပါသည် ။