စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 24, 2022

ဉာဏ်စဉ်တွေ တက်လာတယ် ဆိုတာ.. ဘယ်လိုမျိုး..လဲ

☸️️ ဉာဏ်စဉ်တွေ တက်လာတယ် ဆိုတာ..
           ဘယ်လိုမျိုး..လဲ ☸️️
••••••••••••••••••••••••••••••••
                       ( ခန္ဓာ၅ပါး-တစ်ဦး )
             
            ဉာဏ်စဉ် တက်လာတဲ့ အကြောင်း မတင်ပြခင်မှာ ကြားဖြတ်ပြီးတော့ ရှေးဦးစွာ  အသိပေး တင်ပြရရင်...
             ဓမ္မမိတ်ဆွေ ယောဂီဟာ မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းတရားကို မရပ်မနား၊ တောက်လျှောက် ၊ အစဉ်တစိုက် ပွားများ ရှုမှတ် လာတဲ့အခါမှာ..
             ရုပ်နာမ်" နှစ်ပါး "သာ ရှိပါလား ဆိုတာ သိသိသွားပါတော့တယ်။
ကိုယ်တိုင်သိပြီး တွေ့သွားတဲ့သဘောပါ။
အဲဒါ လက်တွေ့အမြင်လို့ခေါ်ပါတယ်။
           နောက်ဆုံးမှာ ဒါပဲ..ရှိပါလား ဆိုတဲ့..
          ဒီရုပ်နာမ်တွေကလည်း  ရှုလိုက်တိုင်း၊ ရှုလိုက်တိုင်း ပျောက်ပျောက်သွားတယ်။
" နေပါအုံး" လို့ဆိုပြီး ဆိုင်းထားလို့လည်းမရ၊
ဒါဆိုရင်..မပေါ်ပါ နဲ့ဆိုပြီးလည်း တားလို့မရ၊
သူဖာသာသူ ပေါ်လိုက်ပျောက်လိုက်၊ ပေါ်လာလိုက် ပျောက်သွားလိုက်  ၊ ရှုလိုက်တိုင်း ရှုလိုက် တိုင်း ...အသစ်သစ်တွေဖြစ်ပြီး၊ ချက်ချင်း ပျက်ပျက်သွားတာကိုပဲ တွေ့နေရတယ်.... ။
အော်..ဘာ..ရှုရှု ဒီအတိုင်းပါပဲလား၊ ဒါတွေချည်းပါလား ဆိုတာပဲ တွေ့နေတယ်၊ သိသွားတယ်။
ငြီးငွေ့လာတယ်။ 
စွန့်လွှတ်ချင်လာတယ်။
စွန့်လွှတ်ဖို့လမ်းစ ရှာကြည့်တယ်။ဒီတော့..
ဘယ်လိုစွန့်လွှတ်ရမလဲ လို့ ဆက်ရှုတယ်...။ 
ရုပ်နာမ်တွေ မရှိမှ အေးငြိမ်းမှာပဲလို့ သဘောပေါက်လာတယ်။
နိဗ္ဗာန်အစစ်ကို တကယ်လိုလားတဲ့၊ တကယ်တောင်းတတဲ့ ဆန္ဒဟာ ဖြစ်ပေါ်လာပါတော့တယ်။
        အဲဒီလို နိဗ္ဗာန်အစစ်ကို လိုလားပြီးဆက်လက်အားထုတ်တဲ့အခါ..
        ဆက်ပြီး ရှုသိတာဟာ...တဖန်ထင်ပြီး ရှုသိတာ ဖြစ်တဲ့အတွက် ဉာဏ်စဉ်အားဖြင့်..
အနိစ္စ၊ ဒုက္ခ၊ အနတ္တရဲ ့သဘောတွေ ကို ရှေးယခင်က ထက် ပိုသိတဲ့ " ဉာဏ် " ပေါ်လာပါတယ်။ အဲဒီ ဉာဏ်က..
      " ပဋိသင်္ခါဉာဏ်" လို့ခေါ်ပါတယ်။
 အဲဒီ " ပဋိသင်္ခါဉာဏ်" ရင့်သန်လာတဲ့အခါမှာ ...
        ခုန မြင်တွေ့နေရတဲ့ ရုပ်နာမ်သင်္ခါရတွေကို လစ်လျူရှုနိုင်တဲ့ " သင်္ခါရုပေက္ခာဉာဏ် " ဖြစ်ပေါ်လာပါတော့တယ်။
       ( သောတာပန် အရိယာဖြစ်ပြီးသား ပုဂ္ဂိုလ်တွေ ကတော့ ရှုမှတ်လိုက်တယ်ဆိုရင် မကြာမီအတွင်းမှာပဲ " သင်္ခါရုပေက္ခာဉာဏ် " ကို ရောက်တတ်ပါတယ် ) ဒါကတော့ ဗဟုသုတ အနေနဲ့တင်ပြတာပါ။
        အထက်ကပြောသလို ...
        "သင်္ခါရုပေက္ခာဉာဏ် " လို့ဆိုတော့
         သင်္ခါရုပေက္ခာ မှာ...
                  ဂုဏ် ၆-ပါးရှိပါတယ်။ အဲဒီ ဂုဏ်အင်္ဂါ ၆-ပါး အကြောင်း ကိုတော့ ဒီစာစု တစ်နေရာမှာရေသား ဖေါ်ပြပေးပါ့မယ်။ ဒီ    "သင်္ခါရုပေက္ခာဉာဏ် " ဖြစ်ဖူးတဲ့ သူဆိုရင်တော့ ဒီ ဂုဏ်အင်္ဂါ ၆-ပါး ကို ကိုယ်တိုင်တွေ့ရ တဲ့အတွက်ကြောင့် ထင်ရှားပါတယ်။ အဲဒီလို ထူးခြားတဲ့ အသိဉာဏ် ကို မတွေ့ရသေးဘူးဆိုရင်တော့..
           "သင်္ခါရုပေက္ခာဉာဏ်" ကို မိမိအနေနဲ့ မရောက်သေးဘူး ဆိုတာ၊ ဓမ္မမိတ်ဆွေတို့ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရပါတယ်။
           ဉာဏ်စဉ် တက်လာတဲ့ အကြောင်း ခုလိုတင်ပြတဲ့ အခါ ဖတ်ယင်းငြီးငွေ့မှာစိုးလို့ခုလို လိုရင်းကို အရင်ဆုံးရေးသားလိုက်ရခြင်းဖြစ်ပါတယ်။
              ဉာဏ်စဉ်တွေ တက်လာတယ် ဆိုတာ ဘယ်လိုမျိုးလဲ ဆိုပြီး ရေးသားဖေါ်ပြတဲ့နေရာမှာ တကယ်တော့   " ဉာဏ်စဉ် (၁၆)ပါး အကြောင်း" ကို အကြမ်းအားဖြင့်တော့ သိထားဖို့လိုပါလိမ့်မယ်။
            အကယ်၍ ဓမ္မမိတ်ဆွေတို့ဟာ အမှန်တကယ် အားထုတ်နေပြီ၊အရှိန်လေးရလာပြီး၊ တော်တော်လေး ခရီးရောက်နေတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ ခုလို တင်ပြမဲ့ အကြောင်းရာတွေကို ဖတ်လိုက်တာ နဲ့ချက်ခြင်းသိ၊ ချက်ခြင်းနားလည်ကြမှာပါပဲ။ တရားရပြီးသား အရိယာ ပုဂ္ဂိုလ် အတွက်ကတော့ ပြောနေစရာလိုမယ် မထင်ပါဘူး။

                မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ "အနတ္တလက္ခသုတ်" တော်ကို ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက တဖန်ပြန်လည်ဟောကြားတဲ့" အနတ္တလက္ခဏသုတ် တရားတော်ကြီး" ရဲ ့သုတ်ရဲ ့အဆုံးပိုင်းမှာ  ဖေါ်ပြထားတဲ့ ဝိပဿနာဉာဏ်စဉ်တက်သွားပုံ ကို ဖတ်ရှုမိပြီး ဓမ္မမိတ်ဆွေတို့အတွက် မျှဝေပေးချင်တဲ့ ဆန္ဒဖြစ်ပေါ်မိရာက ဓမ္မမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ ့အားထုတ်မှုကြောင့် တိုးတက်လာတဲ့ ဝိပဿနာ ဉာဏ်စဉ်တွေ ကို မှန်ကန်စွာ သုံးသပ်ပြီး ဆင်ခြင်နိုင်ဖို့အတွက် ဆရာတော်ကြီးဟောကြားခဲ့တဲ့့" အနတ္တလက္ခဏသုတ် တရားတော်ကြီး" ထဲမှာဟောကြားထားတဲ့  ဉာဏ်စဉ်တက်ပုံ ကို ထုတ်နှုတ် ဓမ္မဒါနပြုလိုက်ပါတယ်။
           အရင်ဆုံး သူ့အဆင့်လိုက် တက်သွားတဲ့ ဉာဏ်စဉ်အလိုက် ဉာဏ်စဉ်-၁၆ပါးကို အကြမ်းအားဖြင့်သိထားစေချင်တဲ့အတွက် ဖေါ်ပြပေးလိုက်ပါတယ်။
( အလွတ်ကျက်မှတ် မထားလည်း ရပါတယ် )

♦️၁။ နာမရူပ ပရိစ္ဆေဒဉာဏ်
(ရုပ် နာမ် ခွဲခြားသိသောဉာဏ်)

♦️၂။ ပစ္စယပရိဂ္ဂဟဉာဏ်
(နာမ်ဖြစ်ပေါ်ခြင်း အကြောင်းတရား နဲ့ရုပ်ဖြစ်ပေါ်ခြင်း အကြောင်းတရားတို့ကို သိမ်းကျုံးစုစည်း သိမြင်နိုင်သောဉာဏ်)

♦️၃။ သမ္မသနဉာဏ်
(ရုပ်သဘော နာမ်သဘောတို့ကို လေ့လာသုံးသပ်သောဉာဏ်)

♦️၄။ ဥဒယဗ္ဗယဉာဏ်
(ရုပ်နာမ် အဖြစ်အပျက်တို့ကို သိမြင်သောဉာဏ်)

♦️၅။ ဘင်္ဂဉာဏ်
(ရုပ်နာမ်တို့၏ အဖြစ်ကိုမမီလိုက်ဘဲ အပျက်ကိုသာမီလိုက်သဖြင့် သိမြင်လိုက်သောဉာဏ်)

♦️၆။ ဘယဉာဏ်
(ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်ကို ဘေးဟူ၍ ရှုမြင်သောဉာဏ်)

♦️၇။ အာဒီန၀ဉာဏ်
(အဲဒီဖြစ်ပျက်နေတဲ့ ဘေးကို အပြစ်ဟူ၍ ရှုမြင်သောဉာဏ်)

♦️၈။ နိဗ္ဗိန္ဒဉာဏ်
(ရုပ်နာမ်နှစ်ပါးတို့၏ အဖြစ်အပျက်တွေအပေါ် ငြီးငွေ့လာသောဉာဏ်၊မလိုချင် မတွယ်တာ ဖြစ်လာသောဉာဏ်)

♦️၉။ မုစ္စိတုကမျတာဉာဏ်
( ဖြစ်ပျက် ဒုက္ခသစ္စာကြီးမှ လွတ်မြောက်လိုသောဉာဏ်)

♦️၁ဝ။ ပဋိသင်္ခါဉာဏ်
(ထိုဒုက္ခတို့မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ဆင်ခြင်သောဉာဏ်)

♦️၁၁။ သင်္ခါရုပေက္ခာဉာဏ်
(သင်္ခါရတရားတွေချည်း ရှုမြင်နေသောဉာဏ်)

♦️၁၂။ အနုလောမဉာဏ်
(မဂ်ဖိုလ် နိဗ္ဗာန်အား ရဖို့အလျော် ဖြစ်သောဉာဏ်)

♦️၁၃။ ဂေါတြဘူဉာဏ်
( ပုထုဇဉ် အနွယ်ကိုဖြတ်ပြီး အရိယာအနွယ်ကို ဖြစ်စေတတ်တဲ့ ဉာဏ်)

♦️၁၄။ မဂ်ဉာဏ်
(နိဗ္ဗာန်ကို မြင်တဲ့ ဉာဏ်)

♦️၁၅။ ဖိုလ်ဉာဏ်
(နိဗ္ဗာန်ကိုပင်မြင်တဲ့ ဉာဏ်)

♦️၁၆။ ပစ္စဝေက္ခဏာဉာဏ်
(ရခဲ့ပြီးသော တရားတို့ကို ပြန်လည်ဆင်ခြင်တဲ့ ဉာဏ်)
ဆိုပြီးတော့ ဉာဏ်စဉ် ၁၆-ပါးရှိပါတယ်။
         ဉာဏ်စဉ်တက်တဲ့ပုံကို ဖေါ်ပြမှာဖြစ်တဲ့အတွက် တစ်ခုခြင်းကို အသေးစိတ်မဖေါ်ပြတော့ပါဘူး။
          အထက်မှာ တင်ပြထားသလို ဓမ္မမိတ်ဆွေ ယောဂီဟာ မိမိရှုမှတ်နေတဲ့ ကမ္မဋ္ဌာန်းတရားကို မရပ်မနား၊ တောက်လျှောက် ၊ အစဉ်တစိုက် ပွားများ ရှုမှတ် လာတဲ့အခါမှာ..
             ဘာမှမရှိ၊ ရုပ်နာမ်" နှစ်ပါး "သာ ရှိပါလား ဆိုတာ ကိုယ်တိုင်မြင်၊ ကိုယ်တိုင် သိသိသွားပါတယ် ဆိုတာနဲ့ပတ်သက်ပြီးပြောရရင်..
             မြတ်စွာဘုရားရှင် ဟောကြားနေတဲ့ ဒီ အနတ္တလက္ခဏသုတ်တော်ကို ကြားနာနေကြတဲ့ ပဉ္စဝဂ္ဂီရဟန်းတော် ငါးပါး ကတော့ အဲဒီအချိန်မှာ သောတာပန်အရိယာတွေ ဖြစ်နေကြတဲ့အတွက် အထက်ကဖေါ်ပြခဲ့တဲ့ ရုပ်နာမ်နှစ်ပါးသာ ရှိတဲ့ အကြားအမြင်မျိုးနဲ့ ပြည်စုံနေပြီဖြစ်ကြောင်း ရှင်းပြစရာလိုမယ် မထင်ပါဘူး။ ဒီစာစု ကို ဖတ်ရှုနေကြတဲ့ ဓမ္မမိတ်ဆွေ တို့အထဲမှာလည်း ကိုယ်တိုင်တွေ့ အမြင်ဉာဏ်နဲ့ပြည့်စုံနေတဲ့ ပုဂ္ဂိုလ်တွေ ပါကောင်းပါနိုင်ပါတယ်။
            သာမာန်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ ခုလို ကျင့်ကြံအားထုတ်လာတဲ့အခါမှာ " နိဗ္ဗိန္တတိ" ဆိုတဲ့ မပျော်ပဲ ငြီးငွေ့လာပါလိမ့်မယ်။ ဘာတွေကို ငြီးငွေ့မလဲ ဆိုတော့.. 
           မိမိရှုနေတဲ့အပေါ်၊ရုပ်တရားတွေ၊ ခံစားမှုဝေဒနာတွေ၊ မှတ်သားမှုသညာတွေ၊ သင်္ခါရတွေ၊ ကြံသိမှုစိတ် ဝိဉာဏ်တွေ မှာ မပျော်မွေ့တော့ပဲ ငြီးငွေ့လာပါတော့တယ်။
         အဲဒါကို မြတ်စွာဘုရားက အနတ္တလက္ခဏာသုတ်မှာ ဘယ်လိုဟောထားသလဲ ဆိုတော့...
        " ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ " 
          လို့ဟောတော်မူပါတယ်။
( အနက်အဓိပ္ပါယ်တိတိကျကျသိချင်ရင်တော့..မဟာစည်ဆရာတော်ဘုရားကြီးဟောကြာတဲ့ အနတ္တလက္ခဏသုတ်တရားတော် စာအုပ်က စာမျက်နှာ ၃ဝ၆ မှာပြဋ္ဌာန်းထားပါတယ်။ စာကြောင်းရေ အခက်ခဲကြောင့် တိတိကျကျမဖေါ်ပြတော့ပါဘူး )
        အဲဒီလို ငြီးငွေ့တယ်ဆိုတာ တကယ်တော့..
        နိဗ္ဗိန္ဒဉာဏ် ဖြစ်နေပုံကို ပြတာပဲ ဖြစ်ပါတယ်။ ဉာဏ်စဉ်အားဖြင့်တော့ ဉာဏ်စဉ် နံပါတ်( ၈ )နေရာမှာပေါ့။ အဲဒီလို နိဗ္ဗိန္ဒဉာဏ် ဖြစ်လာပြီဆိုရင် သာမာန်ပုထုဇဉ်ယောဂီက ဘယ်လို ဖြစ်တတ်သလဲဆိုရင်..
         တရားထိုင်ချင်စိတ်မရှိတော့ဘူး၊ ငြီးငွေ့လာတယ်၊ တရားအားထုတ်ရတာ စိတ်မပါတော့ဘူး။ ဒီတော့ ဓမ္မမိတ်ဆွေက ဘယ်လိုစိတ်ဖြစ်တတ်သလဲ ဆိုတော့..
       ငါတရားအားထုတ်တာ ဟုတ်မှဟုတ်ရဲ့လား၊ စိတ်ကိုမပါဘူး၊ ထိုင်ချင်စိတ်ကို မရှိဘူး၊ ငါတရားအားထုတ်နေတာ အလကားပါပဲ ၊ တရားထိုင်နေပေမဲ့ တရားမဖြစ်ပါဘူး ဆိုပြီး ဖြစ်တတ်ကြပါတယ်။ တကယ်တော့.. ဒါဟာ တရားတက်နေတာပါ။ နိဗ္ဗိန္ဒဉာဏ် ရောက်ရှိနေတဲ့ ပုဂ္ဂိုလ်တို့ဖြစ်လေ့ရှိတဲ့ သဘောပါ။
         အဲဒီလို ငြီးငွေ့ပျင်းရိမှု ဖြစ်နေတဲ့ အချိန်မှာ ဓမ္မမိတ်ဆွေဟာ ဆက်လက်ရှုမှတ်ပွားများရပါတယ်။ အဲဒီလို မိမိရဲ ့ကမ္မဋ္ဌာန်း တရားကို ရှုမှတ်နေရင်း...
        ရှူတာ၊ထုတ်တာ၊ ဝင်တာ၊ ထွက်တာ၊ ဖောင်းတာ၊ ပိန်တာ၊ ကွေးတာ၊ ဆန့်တာ၊ လှုပ်ရှားတာ၊ တောင့်တင်းတာ၊ တွန်းကန်တာ၊ ခက်မာတာ၊ ကြမ်းတာ၊နုတာ၊ ချောညက်တာ၊ပူတာ၊အေးတာ၊ မြင်ရတာ၊ ကြားရတာ၊ နံရတာ၊ စားသိရတာ၊ ထိသိရတာ ..စတဲ့ ဒီလိုဟာတွေကို ရှုမိတဲ့အခါ.. 
          သိတာက နာမ်၊ သိမှု၏ တည်ရာက ရုပ် ဆိုတဲ့..ရှုသိရတာက.. ရုပ်ပဲ၊ ရှုသိရတာက..နာမ်ပဲ၊ ဆိုတဲ့ ရုပ်နာမ် နှစ်ပါးမျှသာရှိတယ်လို့သိသိသွားပါတော့တယ်။ ဓမ္မမိတ်ဆွေတို့ အဲဒီလိုသိဖူးကြမှာပါ။ အဲဒီလို အသိကို " အဓိဂမသုတ" လို ခေါ်ပါတယ်။ သူများပြောလို့သိတာမဟုတ်ဘူး။ ကိုယ်တိုင်တွေ့ပြီး သိရတဲ့ သဘော၊ အဲဒါကို အမြင် လို့ခေါ်တာပါ။
           နောက်ပြီးတော့ ခုနရှုမှတ်နေရင်း နဲ့ကွေးချင်တယ်၊ကွေးတယ်၊ဆန့်ချင်တယ်၊ ဆန့်တယ်၊ သွားချင်တယ်၊ သွားတယ် စတဲ့ ရှုမှတ်တရားတွေနဲ့ကွေးချင်လို့ကွေးတယ်၊ ဆန့်ချင်လို့ဆန့်တယ်၊ သွားချင်လို့သွားတယ်၊ အဲဒီလို ကွေးအောင်၊ ဆန့်အောင်၊ သွားအောင် ပြုလုပ်ပေးနေတဲ့ အကောင်ရယ်မရှိဘူး၊ သူနဲ့ဆိုင်ရာဆိုင်ရာ အကြောင်း နဲ့အကျိုး သာပဲ ရှိတယ်လို သိသိသွားတယ်။ပဋိစ္စသမုပ္ပါဒ် အကြောင်း နဲ့အကျိုးဆက်နွယ်ပုံ လည်း သဘောပေါက်သွားတယ်။အဲဒီလို အသိကို " အဓိဂမသုတ" လို ခေါ်တာပါပဲ။
          အဲဒီလို နိဗ္ဗိန္ဒဉာဏ် မရောက်သေးတုန်းက ဆိုရင် ဓမ္မမိတ်ဆွေယောဂီဟာ..
          လက်ရှိ ရုပ်ကိုယ် နဲ့လည်း ပျော်နေတယ်၊ နောင်ဘဝမှာ ရမဲ့ လူ့ရုပ်ကိုယ်၊ နတ်ရုပ်ကိုယ် နဲ့လည်း မျှော်လင့်တောင်းတပြီး ပျော်နေတတ်တယ်။
        တရားရှုမှတ်နေတဲ့ ယောဂီဟာ ဝိသုဒ္ဓိမဂ် မှာ ပြထားတဲ့အတိုင်း ရုပ်နာမ်တွေရဲ ့အဖြစ်အပျက်တွေ ကို သိမြင်တဲ့ ဥဒယဗ္ဗယဉာဏ် ကို ရောက်လာကြရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဘာဖြစ်တတ်သလဲ ဆိုတော့..
          ထူးခြားတဲ့ အရောင်အလင်းတွေလည်း တွေ့ရတတ်တယ်။အလွန်ဝမ်းမြောက်ပီတိအထူးဖြစ်နေတတ်တယ်။စိတ်အေးချမ်းပြီး ပေါ့ပါး၊ နူးညံ့၊ ဖြောင့်မတ်မှုတွေ နဲ့လည်း ပြည့်စုံပြီး၊ ကိုယ်ရောစိတ်ပါ ဘယ်လိုကောင်းမှန်းမသိအောင် အထူးကောင်းနေတာ တွေ့ရပါလိမ့်မယ်။အသိဉာဏ်ကလည်း မသိတာမရှိဘူးလို့ထင်ရလောက်အောင် ကောင်းနေတယ်၊ ဘုရား တရားသံဃာ နဲ့စပ်ပြီး ယုံကြည်မှု သဒ္ဓါကလည်း ဘယ်တုန်းကမှ မဖြစ်စဖူး၊ အထူးကြည်လင်နေတယ်။ တကယ်တော့ အဲဒီ အထူး ဆိုတာ တွေ ကို ရှုမှတ်ပြီး ပယ်သွားရမှာဖြစ်ပါတယ်။
            အဲဒီလို ရှုမှတ်ပယ်လို့ အဲဒီဉာဏ်အဆင့်က လွန်မြောက်သွားတဲ့အခါမှာ ဘင်္ဂဉာဏ် ဆိုတာ ဖြစ်လာပါတယ်။ အဲဒီအခါမှာ ဘာရှုရှု ရှုသိရတဲ့ အာရုံရော၊ ရှုသိမှုရော အကုန်အတွဲလိုက် အတွဲလိုက် ကုန်ကုန် ပျက်ပျက်သွားတာကို တွေ့နေရပါလိမ့်မယ်။
ဥပမာ ဝင်တယ် လို့ရှုလိုက်ရင် ဝင်တာလည်း ပျောက်ပျောက်သွားတယ်။ ဖောင်းတယ် လို့ရှုရင်လည်း ဖောင်းတာလည်း ပျောက်သွာတယ်။ ရှုသိနေတာတွေလည်း တစ်ပါတည်းပျောက်သွားတယ်။ ရှုတိုင်းရှုတိုင်း ပျောက်ပျောက်သွားတာကို သိသိနေတယ်။ တရိပ်ရိပ်နဲ့အလွန်လျင်မြန်ပျက်ပျက်သွားတာတွေချည်းပဲ တွေ့နေရတော့ ဘယ်အချိန်မဆို သေနိုင်တယ် ဆိုတာကို သိရတဲ့အတွက် ကြောက်စရာလို မြင်လာတယ်။ အဲဒါကတော့ ဘယဉာဏ် ဖြစ်လာတာပါပဲ။
        အဲဒီလို ကြောက်စရာထင်လာတော့ မကောင်းဘူးလို့အပြစ်မြင်လာတယ်။ အဲဒါဟာ အာဒီနဝဉာဏ် ပဲ ဖြစ်ပါတယ်။ အပြစ်မြင်လာတော့ အပြစ်ရှိတဲ့ ရုပ်နာမ်ခန္ဓာတွေမှာ မပျော်နိုင်တော့ဘူး။ငြီးငွေ့လာပြီ။ဘာရှုရှု ဒီရုပ်နဲ့နာမ်ပဲ တွေ့တွေ့နေတော့ တရားအားထုတ်ရတာ စိတ်ပျက်လာတယ်၊ ငြီးငွေ့လာတယ် တရားအားထုတ်ချင်စိတ်မရှိတော့ပါဘူး ဆိုပြီး ဖြစ်လာတဲ့ အထက်က ဖေါ်ပြခဲ့တဲ့ နိဗ္ဗိန္ဒဉာဏ် ပဲ ဖြစ်ပါတယ်။
          ဥပမာအားဖြင့်..
          ငါးဖမ်းတဲ့သူဟာ ငါးကြီးထင်ပြီး၊ မြွေဆိုးကြီးကို ဆုပ်ကိုင်ထားရင်၊ မြွေဆိုးကြီးမှန်းသိသွားတဲ့အခါမှာ ဆုပ်ကိုင်မထားလိုတော့ဘဲ စိတ်ပျက် ငြီးငွေ့နေသလိုပါပဲ..တဲ့။
( အဲဒီ ဥပမာ အပြည့်စုံကိုတော့ သီလဝန္တသုတ္တန် တရားတော်က စာမျက်နှာ-၁၆၇ မှာ ကြည့်ရှုနိုင်ပါတယ် )
         အဲဒီလို နိဗ္ဗိန္ဒဉာဏ် ဖြစ်ပြီး တကယ်ငြီးငွေ့ ဖြစ်ဖို့ရာ အရေးကြီးပါတယ်။တစ်ချို ့ဆိုရင် အားထုတ်နေရင်း ဆိပ်ကွယ်ရာကို ချဉ်းကပ်ပြီး ချုံးပွဲချ ငိုဖူးတဲ့သူတွေတောင် မျက်မြင်ကြုံတွေ့ဘူးပါတယ်။
         အဲဒီလို တကယ့်ကို ငြီးငွေ့ပါမှ ရုပ်နာမ်တွေကို စွန့်လွှတ်လိုတဲ့ဉာဏ် ဖြစ်ပြီးတော့ တကယ်စွန့်လွှတ်နိုင်အောင် ဆက်လက်ပြီး တဖန်ရှုမှတ် အားထုတ်သွားနိုင်မှာပါ။ အဲဒီလို အားထုတ်တော့မှ ဒီစာစုအစမှာ ဖေါ်ပြခဲ့တဲ့ "သင်္ခါရုပေက္ခာဉာဏ်" ဖြစ်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ 
            သိပ်အရေးကြီးပါတယ်၊အဲဒီ  "သင်္ခါရုပေက္ခာဉာဏ်" ပြည့်စုံပါမှ အရိယာမဂ်ဉာဏ် ဖိုလ်ဉာဏ် နဲ့နိဗ္ဗာန် ကို မျက်မှောက်ပြုပြီး သောတာပန်၊ သကဒါဂမ်၊ အနာဂမ်၊ ရဟန္တာ အစစ်တွေ ဖြစ်နိုင်မှာပါ။ ဒါ့ကြောင် အားထုတ်သူ ဓမ္မမိတ်ဆွေတို့ဟာ နိဗ္ဗိန္ဒဉာဏ်အစစ် ဖြစ်အောင် ရှုမှတ်အားထုတ်ဖို့အလွန်အရေးကြီးပါတယ်။
           နိဗ္ဗိန္ဒဉာဏ် ဖြစ်နေတဲ့ ယောဂီကတော့ ရုပ်နာမ်အဖြစ်အပျက်ကို တကယ်မြင်ပြီး ငြီးငွေ့နေတဲ့အတွက် ရုပ်နာမ်ခန္ဓာ မရှိတဲ့နေရာ၊ ခံစားမှုမရှိတဲ့နေရာ ဖြစ်တဲ့ နိဗ္ဗာန်ကို ချမ်းသာအစစ်အနေဖြင့် သိမြင်ပြီး တကယ်လိုလားတော့တာပါပဲ။ 
            အဲဒီလို နိဗ္ဗာန်အစစ်ကို လိုလားပြီးဆက်လက်အားထုတ်တဲ့အခါ..
        ဆက်ပြီး ရှုသိတာဟာ...တဖန်ထင်ပြီး ရှုသိတာ ဖြစ်တဲ့အတွက် ဉာဏ်စဉ်အားဖြင့်..
အနိစ္စ၊ ဒုက္ခ၊ အနတ္တရဲ ့သဘောတွေ ကို ရှေးယခင်က ထက် ပိုသိတဲ့ " ဉာဏ် " ပေါ်လာပါတယ်။ အဲဒီ ဉာဏ်က..
      " ပဋိသင်္ခါဉာဏ်" လို့ခေါ်ပါတယ်။
 အဲဒီ " ပဋိသင်္ခါဉာဏ်" ရင့်သန်လာတဲ့အခါမှာ ...
        ခုန မြင်တွေ့နေရတဲ့ ရုပ်နာမ်သင်္ခါရတွေကို လစ်လျူရှုနိုင်တဲ့ " သင်္ခါရုပေက္ခာဉာဏ် " ဖြစ်ပေါ်လာပါတော့တယ်။
        အခုဖေါ်ပြခဲ့တဲ့အတိုင်း ဉာဏ်စဉ် အစက စပြီး ဝိပဿနာဉာဏ်တွေ တစ်ဆင့်ခြင်း တဖြည်းဖြည်းတက်လာပုံကတော့ နေယျပုထုဇဉ်ပုဂ္ဂိုလ် တွေမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။အထက်မှာရေးပြခဲ့သလို  သောတာပန် အရိယာဖြစ်ပြီးသား ပုဂ္ဂိုလ်တွေ ကတော့ ရှုမှတ်လိုက်တယ်ဆိုရင် မကြာမီအတွင်းမှာပဲ " သင်္ခါရုပေက္ခာဉာဏ် " ကို ရောက်တတ်ပါတယ်။ အဲဒါကြောင့် အနတ္တလက္ခဏသုတ် တရားကို နာယူနေကြတဲ့  သောတာပန် ပဉ္စဝဂ္ဂီရဟန်းတော်တွေကတော့ " သင်္ခါရုပေက္ခာဉာဏ် " ကို အလျင်အမြန်ရောက်သွားတယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။
          ဒီနေရာမှာ "သင်္ခါရုပေက္ခာဉာဏ် " နဲ့ပါတ်သက်လို့ သင်္ခါရုပေက္ခာဉာဏ် က ဂုဏ် ၆-ပါးထင်ရှားတာကို အကျဉ်းချုံးပြီး ဖေါ်ပြရင်..
( ၁ ) ကြောက်ခြင်း နှစ်သက်ခြင်း တို့ကင်းနေပါတယ်
( ၂ ) ချမ်းသာ နဲ့ဆင်းရဲ အညီအမျှရှုနိုင်ပါတယ်
( ၃ ) ရှုမှတ်ရလွယ်ကူနေတယ်
( ၄ ) ကြာရှည်စွာတည်နေတယ်
( ၅ ) ကြာလေလေ ပို၍သိမ်မွေ့လေဖြစ်နေတယ်
( ၆ ) အာရုံက တစ်ခြားကို ပြန့်မသွားတော့ဘူး
           အဲဒီလို ဂုဏ်အင်္ဂါတွေ နဲ့ထင်ရှားပါတယ်။ အကယ်၍ အဲဒီလို ထူးခြားတဲ့ အသိဉာဏ် ကို မတွေ့ရသေးဘူးဆိုရင်တော့..
           "သင်္ခါရုပေက္ခာဉာဏ်" ကို မိမိအနေနဲ့ မရောက်သေးဘူး ဆိုတာ၊ ဓမ္မမိတ်ဆွေတို့ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရပါတယ်။
            အဲဒီဂုဏ်အင်္ဂါ ၆-ပါးနဲ့ပြည့်စုံတဲ့ "သင်္ခါရုပေက္ခာဉာဏ်" ကထက်သန်ပြည့်စုံတဲ့အခါကျတော့ အလွန်လျင်မြန်ထူးခြားတဲ့ အသိတွေဖြစ်လာပါတယ်။အရှိန်တစ်ခုနဲ့ပြေးလာသလို ထင်ရတတ်ပါတယ်။အဲဒီလိုထူးခြားတဲ့ အသိကို "ဝုဋ္ဌာနဂါမိနိ"ဝိပဿနာလို့ခေါ်ပါတယ်။ ဝုဋ္ဌာန- ဆိုတာ ထတယ် လို့အဓိပ္ပါယ်ရပါတယ်။တစ်နေရာရာက ထလာတဲ့သဘောမျိုးပေါ့။ ဝိပဿနာ ဉာဏ်တွေကလည်း ထိသိမှု၊ ကြံသိမှု၊ ခံစားမှု၊ ကြားသိမှု၊ မြင်သိမှု စတဲ့ ခဏမစဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်အလျင်မှာသာ ရှုသိလျက် ရှုသိလျက် ဖြစ်လာခဲ့တယ်။ ရှုတိုင်း ရှုတိုင်း ဖြစ်ပျက်နေတဲ့ ရုပ်နာမ် အလျင်ပေါ်မှာသာ ကျကျနေတယ်။ အဲဒါက " ပဝတ္တ" လို့ခေါ်တဲ့ ရုပ်နာမ်အလျင်ပေါ်၌သာ ကျကျနေပုံပါပဲ။
            အဲဒီလို ရုပ်နာမ်အလျင်ပေါ်မှာသာ ကျကျနေရင်းထဲက အရိယမဂ်ဉာဏ် ဖြစ်လာတဲ့အခါကျတော့ ဖြစ်ပျက်တဲ့ ရုပ်နာမ်ကင်းချုပ်တဲ့ သဘောထဲကျရောက်သွားတယ်။ အဲဒီအခါမှာ ရုပ်နာမ်အလျင်မှ ထပြီး နိဗ္ဗာန်အာရုံဆီကို ရောက်သွားတာပါပဲ။
              အဲဒီလို ရုပ်နာမ်အလျင်မှ ထသွားတတ်တဲ့အတွက်ကြောင့် အရိယာမဂ်ကို ဝုဋ္ဌာန လို့ခေါ်တာပါ။ ခုနပြောတဲ့ အထူးသွတ်လက်လျင်မြန်တဲ့ ဝိပဿနာဆုံးသွားရင်  ဝုဋ္ဌာနလို့ခေါ်တဲ့ ဒီအရိယာမဂ်က နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် ဖြစ်တော့တာပဲ။ အဲဒီတော့ ထူးခြားတဲ့ ဝိပဿနာက ဝုဋ္ဌာန ခေါ်တဲ့ အရိယာမဂ် ဆီကို သွားတဲ့သဘောဖြစ်နေတာပေါ့။ ဒါ့ကြောင့် ဝိပဿနာအထူးကို ဝုဋ္ဌာနဂါမိနိ လို့ဆိုလိုတာပါပဲ။ သင်္ခါရအာရုံမှ ထလာတဲ့ အရိယာမဂ်ထံသို့သွားတဲ့ ဝိပဿနာလို့ဆိုလိုတာပါပဲ။
           အဲဒီ ဝုဋ္ဌာနဂါမိနိ ဝိပဿနာက အဲဒီခဏမှာ ထင်ရှားဖြစ်ပေါ်လာတဲ့ ကြံသိမှုကိုဖြစ်စေ၊ ထိသိမှုကို ဖြစ်စေ၊ ကြားသိမှုကို ဖြစ်စေ၊ မြင်သိမှုကို ဖြစ်စေ၊ စားသိမှုကို ဖြစ်စေ၊ နံသိမှုကို ဖြစ်စေ၊ တစ်ခုခုကို ရှုသိလျက်ဖြစ်တယ်။ ရှုသိပုံကတော့ အလွန်လျင်လျင်မြန်မြန် ပျက်ပျက်သွားလို့မမြဲတဲ့ အခြင်းအရာဖြင့် သိသိသွားတာလည်း ရှိတယ်။ ဆင်းရဲတဲ့အခြင်းအရာ၊ မကောင်းတဲ့အခြင်းအရာ အားဖြင့် သိသိသွားတာလည်း ရှိတယ်။ အနတ္တအခြင်းအရာ သဘောတရားမျှအနေနဲ့လည်း သိသိသွားတာရှိတယ်။ အကြိမ်အားဖြင့် အနည်းဆုံး  ၂ကြိမ်၊ ၃ ကြိမ်ဖြစ်တယ်၊ များရင်တော့ လေး ငါး ဆယ်ကြိမ် စသည်လည်း ဖြစ်နိုင်ပါတယ်။
          ကျမ်းဂန်ဝေါဟာရ နဲ့ပြောရရင် အဲဒီ ဝုဋ္ဌာနဂါမိနီ နောက်ဆုံးအကြိမ်မှာ ပရိကံ ဥပစာအနုလုံ လို့ခေါ်တဲ့ ရှုသိဇော သုံးကြိမ်ဆုံးသွားတဲ့အခါမှာ ရုပ်နာမ်ချုပ်ငြိမ်းကင်းဆိတ်တဲ့ နိဗ္ဗာန်အာရုံဆီသို့ညွှတ်ကိုင်းအာရုံပြု တဲ့ ကာမကုသိုလ်ဇော အထူးတစ်ကြိမ်ဖြစ်ပါတယ်။ အဲဒီဇောရဲ့အခြားမဲ့မှာ အရိယာမဂ်ဖြစ်ပေါ်လာပြီး ရုပ်နာမ်သင်္ခါရ ချုပ်ငြိမ်းကင်းဆိတ်တဲ့ နိဗ္ဗာန်အာရုံထဲကို ပြေးဝင်ကျရောက်သွားပါတော့တယ်။ အဲဒီဇော ရဲ ့အခြားမဲ့မှာ အကျိုးဖြစ်တဲ့ အရိယာဖိုလ်ဇော ၂ကြိမ်၊ ၃ကြိမ် ဖြစ်ပါတယ်။ အာရုံပြုပုံခြင်းကတော့ အရိယာမဂ်နဲ့အတူတူပါပဲ။
             အဲဒီလို အရိယာမဂ်ဖိုလ် ဖြစ်သွားရင် ..
            ပုထုဇဉ်က သောတာပန် ဖြစ်သွားတာပါပဲ။ သောတာပန် က သကဒါဂါမ်၊ သကဒါဂါမ် က အနာဂါမ်၊ အနာဂါမ်အရိယာက ရဟန္တာ ဖြစ်သွားတော့တာပါပဲ။

(ခန္ဓာ၅ပါး-တစ်ဦး)
•••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။

No comments:

Post a Comment