စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 24, 2022

ဂေါတမဗုဒ္ဓလောင်းလျာ အမျိုးသမီးဘ၀ မရောက်ခဲ့ဖူးဘူး ဆိုတာဟုတ်လား

ဂေါတမဗုဒ္ဓလောင်းလျာ အမျိုးသမီးဘ၀ မရောက်ခဲ့ဖူးဘူး ဆိုတာဟုတ်လား
==============================

ဤဘဒ္ဒကမ္ဘာမှရေတွက်သော် ကမ္ဘာပေါင်း၂၀သင်္ချေနှင့် ကမ္ဘာတစ်သိန်း အထက် ပေါရာဏဒီပင်္ကရာဗုဒ္ဓ ပွင့်သည့်ကာလတွင်ဂေါတမဗုဒ္ဓလောင်းလျာသည် ဘုရင် သမီးတော်(အမျိုးသမီး) ဘ၀၌ ဖြစ်ခဲ့သည်။

ပေါရာဏဒီပင်္ကရာဗုဒ္ဓ၏ လူ့ဘ၀က နှမတော်လည်းဖြစ်သည်။ မင်းသမီးသည် တစ်နေ့သော ညနေအခါတွင် ဆီးမီးအလို့ငှာ မုန့်ညှင်းဆီကိုအလှူခံနေသော ရဟန်းတော်တစ်ပါးအား မုန့်ညှင်းဆီလှူဒါန်းပြီး ဗုဒ္ဓဖြစ်ရန်ဆုပန်ခဲ့သည်။
ပေါရာဏဒီပင်္ကရာဗုဒ္ဓက ဂေါတမဗုဒ္ဓလောင်းလျာမင်းသမီးအား ယောက်ျားဘ၀ကိုအရင်ဆုတောင်းရန်ညွန်ကြားခဲ့သည်။

မင်းသမီး လောင်းလှူလိုက်သော ဆီးမီးကို အလှူခံသောရဟန်းတော်သည် ဒီပင်္ကရာဗုဒ္ဓ ကဲ့သို့ဗုဒ္ဓဖြစ်ရန်ဆုတောင်းခဲ့ရာ-" ဗုဒ္ဓက ထိုရဟန်းတော်အား နောင် ၁၆-သင်္ချေ ကမ္ဘာ တစ်သိန်းကြာအောင် ပါရမီဖြည့်တော်မူပြီးနောက် ဒီပင်္ကရာဗုဒ္ဓ (ဝီရိယ ဓိက) သုမေဓာ ရှင်ရသေ့အား ဗျာဒိန်ပေးတော်မူမည့် ဘုရားတစ်ဆူ ဖြစ်လာမည် " ဟုဗျာဒိတ်ပေးခဲ့သည်။ မင်းသမီးသည် ဗျာဒိတ်ရ ရဟန်းတော်ထံတွင်နောက်နေ့၌ မုန့်ညှင်းဆီ ဒါနပြု ပြီးယောက်ျား ဘ၀ကိုဆုပန်ခဲ့သည်။ မင်းသမီးသည် ဒီပင်္က ရာ ဗုဒ္ဓလောင်းလျာ ရဟန်းတော်နှင့် အတူအသက်ထက်ဆုံး ဒါန၊ သီလ၊ ဘာ၀နာမှုပြုကာ ပါရမီ အတူ ဖြည့်တော် မူခဲ့သည်။

၇-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ပထမကာလကြီး)
--------------------------------------------------

ထို့နောက် ယောက်ျားဘ၀အဖြစ်ကိုရရှိနေပြီးဖြစ်သည့် ဂေါတမဗုဒ္ဓလောင်းလျာ အမျိုးသား သည် ကမ္ဘာပေါင်း ၇-သင်္ချေကာလအတွင်းပွင့်တော်မူသော ဗုဒ္ဓပေါင်း ၁-သိန်း ၂-သောင်း ၅-ထောင်ဆူတို့ထံတွင် ဒါန၊ သီလ၊ ဘာ၀နာမှုပြုပြီး ဗုဒ္ဓဖြစ်ရန် စိတ်ထဲမှ ဆုပန် ခဲ့သည်။ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် " ဗုဒ္ဓဖြစ်လိုစိတ် " ပြင်းပြစွာထားကာ ပါရမီဖြည့် ရ သည့် ပထမဆုံးကာလကြီးဖြစ်သည်။

၉-သင်္ချေ နှင့် ကမ္ဘာတစ်သိန်း ( ဒုတိယကာလကြီး)
------------------------------------------------

ထို့နောက် တစ်ခုသောဘ၀တွင် ဗုဒ္ဓလောင်းလျာသည်အလွန် ခွန်အားဗလကောင်းသော၊ အရပ်အမောင်းကြီးမားသော ဆင်းရဲသားအမျိုးသားဖြစ်ခဲ့သည်။ ဆင်းရဲချို့တဲ့စွာ မိခင်နှင့်အတူနေရသည်။ ထိုဆင်းရဲချို့တဲ့မူကိုပြေလည်ရန်အလို့ငှာ သင်္ဘောသားအဖြစ်လုပ်ကာ သု၀ဏ္ဏဘုမ္မိ(ယခု-မြန်မာပြည်)သို့ လိုက်သွားရန်ပြင်ခဲ့သည်။

သူ့အမေပါ ထိုသင်္ဘောပေါ်သို့ခေါ်ပြီး ပင်လယ်ခရီးကိုစတင်ခဲ့သည်။ ပင်လယ်ထဲတွင် မုန်တိုင်းကျ၍သင်္ဘောပျက်သောအခါ ဗုဒ္ဓလောင်းလျာသည် မိခင်ကို ကျောပိုးကာ ပျဉ်ပြားပေါ် တွင် သားအမိနှစ်ယောက် ကူးကာနေ ခဲ့သည်။ ထိုအချိန်တွင် ဗြဟ္မာ (သုဒ္ဓါဝါသ ၅-ဘုံမှ )ကြီးတစ်ဦးက ဘုရားပွင့်ခဲ့သည့်ကာလကိုချင့်တွက်ကာ ဗုဒ္ဓများ မပွင့်ပေါ် သည်မှာ ကြာလာပြီဖြစ်သဖြင့်ဗုဒ္ဓဖြစ်နိုင်ရန်ပုဂ္ဂိုလ်ကိုရှာဖွေနေစဉ်၊လုံလဝီရိယ ထက်သန်သော ဂေါတမဗုဒ္ဓ လောင်းလျာသဘောင်္သားကိုတွေ့ရှိပြီး ဗုဒ္ဓဆုပန်ရန် တိုက် တွန်း သဖြင့် ဂေါတမဗုဒ္ဓလောင်းလျာသည် ဤသို့-

" ငါ ဗုဒ္ဓဖြစ်လို့ သစ္စာလေးပါးသိသလို၊ သတ္တဝါတွေကို သစ္စာလေးပါးတရားကို သိစေ မည်။ငါ သံသရာမှလွတ်မြောက်သွားသလို၊ သတ္တဝါတွေကို လွတ်မြောက်စေရမည်။
ငါ သံသရာသမုဒ္ဒရာကြီးကိုကူးပြီး ( နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းရောက်သလို) ၊
သတ္တဝါတွေကိုလည်းနိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းကိုပို့ဆောင်ပေးမည် "
ဟု နှုတ်မြွက်ပြီး ဆုပန်ခဲ့သည်။

ဂေါတမဗုဒ္ဓလောင်းလျာသည် ထိုသင်္ဘောသားကြီးဘ၀မှ စတင်ကာ ကမ္ဘာပေါင်း ၉-သင်္ချေကာလကြီး၌် ပွင့်တော်မူသည့် ဗုဒ္ဓပေါင်း ၃-သိန်း ၈- သောင်း ၇- ထောင်ဆူ တို့ထံတွင် ဒါန၊ သီလ၊ ဘာ၀နာမှုတို့ပြုကာ ဗုဒ္ဓဖြစ်ရန်နှုတ်မြွက်ပြီး ဆုတောင်းခဲ့သည်။ ဤကာလသည် ဂေါတမဗုဒ္ဓလောင်းသည် ဗုဒ္ဓဖြစ်တော်မူလိုသောစိတ်တို့ အပြင်းပြ ဆုံးရောက်ရှိကာ၊ နှုတ်တော်မှ မြွက်ကြားကာ ပါရမီဖြည့်တော်မူရသည့် ဒုတိယကာလကြီးဖြစ်သည်။

၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း ( တတိယကာလကြီး နှင့် ဗုဒ္ဓဖြစ်ချိန် )
--------------------------------------------
ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာပေါင်း ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းထက် ကာလတွင် ဂေါတမဗုဒ္ဓလောင်းလျာသည် စျာန်အဘိဥာဉ်ရသော သုမေဓာအမည်ရှိ ရသေ့ဖြစ်လာသည်။ ပေါရာဏဒီပင်္ကရာဘုရားထံတွင်ဝိရီယဓိကဘုရားအဖြစ်ဖြင့် ဗျာဓိတ်ရသော ရဟန်းတော်သည် ပါရမီပြည့်၍ ဒီပင်္ကရာဗုဒ္ဓ ဖြစ်တော်မူသည်။

ဒီပင်္ကရာဗုဒ္ဓသည် သုမေဓာရသေ့ကိုလွန်ခဲ့သော ၁၆ သင်္ချေနဲ့ကမ္ဘာတစ်သိန်းကာလက အတိတ်ဖြစ်တော်စဉ်ကိုဟောကြားပြီးမုန့်ညှင်းဆီလှူသောအကြောင်းကြောင့်လည်းကောင်း၊ ဗုဒ္ဓဖြစ်ရန်ဆုပန်သဖြင့်လည်းကောင်း၊ နောင် ၄-သင်္ချေ နှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ပါရမီဖြည့်ပြီးနောက်၊ ဘဒ္ဒကမ္ဘာတွင်(သိဒ္ဓတ္ထ- မုန်ညှင်း၊ တေလ-ဆီ ) - မုန့်ညှင်းဆီ) သိဒ္ဓတ္ထမင်းသားအဖြစ်မှ ဂေါတမအမည်ရ ဗုဒ္ဓတစ်ဆူဖြစ်မည်ဟုဗျာဓိတ်တော်ပေးခဲ့သည်။

ထိုအချိန်တွင် ယသော်ဓရာဒေဝီလောင်းလျာ သုမိတ္တာအမည်ရှိ သူဋ္ဌေးသမီးသည် နောက်တော်ပါအခြွေအရံတော် တွေနဲ့ ဒီပင်္ကရာဗုဒ္ဓကို ကြာပန်းလှူရန်ရောက်ရှိနေသည်။ သူမသည် သုမေဓာရသေ့ ဗုဒ္ဓဗျာဓိတ်ရတော်မူသည်ကို ကြားသိကာ သုမေဓာရသေ့၏ ပါရမီဖြည့်ဘက်ဆုကို တောင်းရာ ဗျာဓိတ်တော်ရခဲ့သည်။ ( သုမိတ္တာသည် လှူရန် ကြာပန်း ၈-ခိုင်ကို ယူလာရာ ၅-ခိုင်ကို သုမေဓာရှင်ရသေ့အားလှူပြီး၊၃-ခိုင်ကို ဒီပင်္ကရာဗုဒ္ဓအား လှူခဲ့သည် ။

ဂေါတမဗုဒ္ဓသည် ပါရမီဖြည့်ဘက် ယသော်ဓရာဒေဝီနှင့်အတူ ဤဘဒ္ဒကမ္ဘာ၌ ဝေဿန္တာရာမင်းကြီးဘဝြဖင့််ပါရမီတော် အလုံးစုံပြည့်တော်မူသည်။ ထို့နောက် တုဿိတာနတ်ပြည်ရှိ သေတကေတုနတ်သားအဖြစ်မှ နတ်သက်ကြွေကာ ၊ လူပြည်တွင်သိဒ္ဓတ္ထမင်းသားဖြစ်လာခဲ့သည်။

ဂေါတမဗုဒ္ဓဖြစ်တော်မူသောအခါ ကပ္ပိလ၀တ်ပြည်သို့ဗုဒ္ဓဖြစ်တော်မူပြီးသည့်နောက် ပထမဆုံးပြန်လာ စဉ်တွင် ယသော်ဓရာဒေဝီအား ထို ၁၆-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ ပါရမီဖြည့်ခဲ့ရပုံကို ဟောကြားတော်မူခဲ့သည်။ 

နောင်သောအခါတွင် အခြားသူတို့မေးမြန်းလျှောက်ထားသဖြင့် ယသော်ဓရာရဟန္တာထေရီမကြီးသည် ၄သင်္ချေနှင့်ကမ္ဘာ တစ်သိန်းအလွန်၁၆သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလ) ဂေါတမဗုဒ္ဓပါရမီဖြည့်ရာကာလ နှင့်ပါရမီဖြည့်ရာဖြစ်တော်စဉ်ကိုတစ်ဆင့်ဟောကြားပေးခဲ့သည်။

မှီငြမ်း- ယသော်ဓရာထေရီအပဒါန်
ထေရီအပဒါနဒီပနီ

( ဗန်းမော်ဆရာတော်ကြီး- နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ)

Credit...

No comments:

Post a Comment