"ခန္ဓာငါးပါးကို ဥပမာပြ၍ ဟောကြားချက်"
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=
ဟေ့ ဒကာ မင်း ဒီမှာဘာလုပ်နေတာလဲ
(နွားကျောင်းရင်းနဲ့ နေရိပ်ခိုနေတာပါဘုရား)
အေးကွယ် ငါလည်း မောမောနဲ့ ခရီးလာရတာ ရေတစ်ခွက်လောက် ကပ်စမ်းပါအုံး။
(တင်ပါ့ဘုရား)
မင်းတို့ ဒီနားရွာကလူတွေ တရားဟောမယ်ဆိုရင် တရားနာမည့်သူတွေ ရှိလောက်ရဲ့လား။
(တရားဟောတာပဲ ကိုယ်တော်
တရားနာမည့်သူ ရှိတာပေါ့ဘုရာ့)
အေး ငါကလည်း ဟောချင်လို့ မေးနေတာပါကွယ်။
ဒါပေမယ်လို့ တရားမဟောခင် မင်းနဲ့ငါနဲ့ စည်းဝါးတော့ ရိုက်ရလိမ့်အုံးမယ်။
(ကိုယ်တော်ကလည်း တရားဟောတာပဲ စည်းဝါးတိုက်စရာ လိုလို့လားဘုရာ့)
အေး ငါဟောမယ့်တရားက စည်းလွတ်ဝါးလွတ်တရား မဟုတ်ဘူးကွယ့်။
(ဒါဆိုရင် ဘယ်လို စည်းဝါးရိုက်မှာလည်းဘုရာ့)
လွယ်ပါတယ်ကွယ် ငါမေးတဲ့ တရားကို မင်းက သိရင် ဖြေရုံပါပဲ။
(သိတာတော့မေးပါဘုရား၊ မသိတာတွေတော့ မမေးနဲ့၊ တပည့်တော်က စိတ်တိုတတ်တယ်)
စိတ်မတိုပါနဲ့ကွယ်၊ ငါကလည်း မင်းသိနိုင်ရုံလောက်ပဲ မေးမှာပါ။
အခု မင်းနဲ့ ငါနဲ့ ထိုင်နေတဲ့ ဇရပ်ကြီးကို မင်းခဲနဲ့ မှန်အောင် ပေါက်နိုင်ပါ့မလား။
(တရားဟောပါဆိုနေမှ ကိုယ်တော်ကလည်း ဘယ့်နှယ် ဇရပ်ကြီးကို ခဲနဲ့ ပေါက်ခိုင်းနေရတာလဲ၊
ဒီလောက်ကြီးတဲ့ ဇရပ်ကြီး မျက်စိမှိတ်ပေါက်တောင် မှန်တယ်ဘုရာ့)
မင်း...စဉ်းစားပြီးမှ ဖြေနော်။
(ဘာစဉ်းစားစရာ လိုလို့လဲကိုယ်တော် အခုပေါက်ပြမယ်)
ထိုစဉ် လူငါးယောက်လောက်နဲ့ လှည်းတစ်စီး ရောက်လာသည်။
(ဟာ... ဟိုမှာ... ပွကြီး ဘုန်းကြီးတစ်ပါးနဲ့ ဘာဖြစ်နေတယ် မသိဘူးဟေ့)
(ဟာ ကိုပွကြီး မလုပ်နဲ့ မလုပ်ပါနဲ့)
(ကျုပ်ဇရပ်ကို ခဲနဲ့ပေါက်မလို့)
(ဟာ... ဇရပ်ပေါ်မှာ ဘုန်းကြီးရှိတယ်၊ ဘုန်းကြီးမှန်မှာပေါ့ကွ)
(လာကြပါအုံးဗျို့ ရွာဝင်ဇရပ်မှာ ပွကြီး နဲ့ ဘုန်းကြီးတစ်ပါး ရန်ဖြစ်နေကြလို့ လာကြပါအုံးဗျို့)
အေး ဒကာတွေ... လာ...လာ...
မင်းတို့ ရန်ဖြစ်မနေကြနဲ့၊ ဒီကို လာခဲ့ကြ။
ဟေ့... ဒကာ ငါခိုင်းတာက ဇရပ်ကို ခဲနဲ့ပေါက်ခိုင်းတာနော်။သစ်သား နဲ့ ဝါး မမှန်စေနဲ့။
(သစ်သားနဲ့ ဝါးက ဇရပ်မဟုတ်ဘူးလား ကိုယ်တော်။
ဇရပ်ပေါက်မှတော့ သစ်သား နဲ့ ဝါး မှန်ပြီပေါ့)
အေး သစ်သား နဲ့ ဝါးက ဇရပ်လားကွယ့်။
ရွာထဲမှာ သစ်သားနဲ့ဝါး ဆောက်ထားတဲ့ အိမ်တွေရှိတာပဲကွယ့်၊ ဇရပ်လို့ ခေါ်ပါတော့လား။
(တရားဟောမှာသာ ဟောပါကိုယ်တော်၊ ကိုယ်တော်ပြောမှ ရှုပ်ကုန်ပြီ)
အေး... မင်းက
သစ်သား,ဝါး နဲ့ ဇရပ်မှ မကွဲပဲကိုးကွယ့်။
မင်းကို တရားဟောလို့ မဖြစ်ပါဘူး။
ဒါက တရားရဲ့ အခြေခံပဲ။
ထိုစဉ် ပွကြီးသည် နောက်က လူအများဘက်ကိုလှည့်ခါ ပြောလိုက်သည်။
(အေး... ဟုတ်တော့ဟုတ်တယ်ကွ စဉ်းစားစရာပဲ။)
အေးပေါ့ကွယ် တို့ဘုရားသာသနာတော်ဆိုတာ စဉ်းစား ဝေဘန် ကြံဆမှကွဲ့၊ မိရိုးဖလာဓမ္မတာ အသိမျိုးနဲ့ဆိုရင် အသိဉာဏ် မတိုးနိုင်ဘူး။
သစ်သားဝါးနဲ့ ဇရပ်ဆိုတာ မင်းကို ဥပမာပြောတာကွယ့်။
အဲဒီသစ်သားဝါးတွေကိုပဲ လူတွေတည်းခိုစရာအတွက် လမ်းဘေးမှာ ဆောက်လုပ်လိုက်တဲ့အခါကြတော့ ဇရပ်လို့ မခေါ်ရဘူးလား?
(ဇရပ်လို့ ခေါ်ရပါတယ်ဘုရား)
အဲဒီ သစ်သားဝါးတွေကိုပဲ ရွာထဲမှာ လူတွေနေဖို့ ဆောက်လုပ်လိုက်တဲ့အခါမှာ ဘာလို့ ခေါ်သလဲ?
(အိမ်လို့ ခေါ်ပါတယ်ဘုရား)
အဲဒီ သစ်သားဝါးတွေကိုပဲ ကျောင်းဝိုင်းထဲမှာ သံဃာတော်တွေ သီတင်းသုံးဖို့ ဆောက်လုပ်လိုက်တဲ့အခါကျတော့ ဘာလို့ခေါ်သလဲ?
(ကျောင်းလို့ ခေါ်ပါတယ်ဘုရား)
အဲတော့ သစ်သားနဲ့ ဝါးတွေကို ဇရပ်လို့တစ်မျိုး, အိမ်လို့တစ်မျိုး, ကျောင်းလို့တစ်မျိုး အမျိုးမျိုး အဖုံဖုံ မှည့်ခေါ်ရတာဟာ လောက အနေနဲ့တော့ မှန်တာပေါ့ကွယ့်။
အေး ဓမ္မအနေနဲ့ကတော့...
သစ်သားက... သစ်သားပဲ။
ဝါးက... ဝါးပဲ။
အဲဒီ သစ်ဝါးတွေကို...
ဇရပ်လို့ခေါ်လည်း သစ်ဝါးကတော့ ဇရပ်ဖြစ်မသွားဘူး။
အိမ်လို့ ခေါ်လည်းပဲ
အဲဒီ သစ်ဝါးတွေက
အိမ်ဖြစ်မသွားဘူး။
ကျောင်းလို့ ခေါ်လည်းပဲ
သစ်ဝါးတွေကတော့
ကျောင်းဖြစ်မသွားဘူး။
သစ်သားဆိုတဲ့ အမည်ကို စွန့်ခွာပြီး နည်းနည်းလေးမှ မဖောက်ပြန်ဘူး။
ဝါးဆိုတဲ့ အမည်ကို စွန့်ခွာပြီးတော့လည်း နည်းနည်းလေးမှ မဖောက်ပြန်ဘူး။
အဲဒါ မင်းတို့ သေသေချာချာ နားထောင်ကြနော။
(မှန်ပါဘုရား)
အေး.... ဇရပ်၊ အိမ်၊ ကျောင်းဆိုတဲ့ အမည်ပညတ်တွေကသာ ပြောင်းလဲသွားတာ။
သစ်သားနဲ့ ဝါးကတော့ ပြောင်းလဲမသွားဘူး။
အိမ်ကိုဖျက်ပြီးတော့ ကျောင်းဝိုင်းထဲမှာလာပြီးတော့ ဆောက်လုပ်လိုက်တဲ့အခါကြတော့ အိမ်လို့ ခေါ်နိုင်ပါတော့ မလား?
(မခေါ်နိုင်တော့ပါဘုရား)
ဘယ်လိုခေါ်မလဲ
(ကျောင်းလို့ခေါ်ပါတယ်ဘုရား)
အေး... အဲတိုင်းပဲ
ဇရပ်လို့ခေါ်ခေါ်... အိမ်လို့ခေါ်ခေါ်... ကျောင်းလို့ခေါ်ခေါ်...
သစ်သားနဲ့ ဝါးကတော့ သစ်သားနဲ့ ဝါးပါပဲ။
(တင့်ပါးဘုရား)
အေး... သစ်သား နဲ့ ဝါးဟာ...
ဇရပ်မဟုတ်ဘူးဆိုပေမဲ့...
သစ်သားနဲ့ ဝါးနဲ့ကင်းပြီးတော့ ဇရပ်ဆိုတာ ရှိနိုင်ပါအုံးမလား။
(မရှိနိုင်ပါဘုရား)
သစ်သားဝါးဟာ ဇရပ်မဟုတ်ဘူး ဆိုပေမယ်လို့ အဲဒီသစ်သားဝါးနဲ့ ကင်းပြီးတော့ ဇရပ်ကို ပြစမ်းပါဆိုလို့ရှိရင်...
ပြနိုင်ပါ့မလား?
(မပြနိုင်ပါဘုရား)
သစ်သားဝါးနဲ့ ဇရပ်ဟာ
အတူတူလားဆိုတော့...
အတူတူလည်း မဟုတ်ဘူး။
သစ်သားဝါးနဲ့ ဇရပ်ဟာ
တစ်ခြားဆီလားဆိုတော့...
တစ်ခြားဆီလည်း မဟုတ်ပြန်ဘူး။
ဇရပ်ဆိုတာ နဂိုကတည်းက မရှိတဲ့ ပညတ် အခေါ်အဝေါ်မျှသာ ဖြစ်တယ်ကွယ့်။
(မှန်ပါဘုရား)
အေး ဇရပ်ဆိုတာ နဂိုကတည်းက မရှိတဲ့ အမည်ပညတ်မျှသာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ သစ်သားရဲ့ အမူအရာတို့ကိုသာ ဇရပ်လို့ခေါ်ရတာ၊ အိမ်လို့ ခေါ်ရတာ၊ ကျောင်းလို့ ခေါ်ရတာ။
အဲဒီအတိုင်းပဲ မင်းတို့ ငါတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ရုပ်တရားတွေ ရှိတယ်၊ နာမ်တရားတွေ ရှိတယ်။
အဲဒီ ရုပ်နာမ်တရားတွေရဲ့ အမူအရာတို့ကိုသာ ပုဂ္ဂိုလ်သတ္တဝါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမလို့ ပြောရတာ။
တကယ် ထင်ရှားဧကန် အမှန်ရှိတာကတော့...
ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးပဲရှိတယ်။
အဲဒီ ရုပ်,နာမ်နှစ်ပါးကို...
ဒုက္ခသစ္စာတရားလို့ မှတ်ရမယ်၊ မဂ္ဂသစ္စာတရားတွေ ပွားများအားထုတ်မယ်ဆိုရင် ပယ်သင့်တဲ့ သမုဒယသစ္စာတရားကို ပယ်နိုင်သလို လိုချင်ရချင်တဲ့ နိရောဓသစ္စာလို့ခေါ်တဲ့ နိဗ္ဗာန်စခန်း နိဗ္ဗာန်နန်းကိုလည်း ဖြောင့်တန်းစွာ တက်ရောက်နိုင်ပါတယ်ကွယ်။
(သာဓု သာဓု သာဓုပါဘုရား)
(ပထမကြောင်ပန်းဆရာတော်ဘုရားကြီး)
No comments:
Post a Comment