⭐ ❝ တကယ့်အဖော် ❞ ⭐
💜💜💜💜💜💜💜💜💜💜
လူတွေဟာ ...
အဖော်ကို အများကြီး ရှာတယ်။
ကိုယ့်စိတ်ကို သိပြီး နေနိုင်တဲ့လူဟာ ...ပြင်ပအဖော်ကို ရှာဖို့ မလိုတော့ဘူး။
ကိုယ့်စိတ်ထဲမှာပဲ သတိ၊ သမာဓိ၊ ပညာတွေ ဖြစ်နေတဲ့လူဟာ ...
အဲဒါလေးကို သိပြီးတော့ ...
အဖော်လုပ်ပြီးတော့ နေလို့ရတယ်။
ပြင်ပအဖော်ဆိုတာဟာ ...
ကိုယ်နဲ့ အတူတူ
အမြဲတမ်း မပါနိုင်ဘူး။
အပေါ်ယံအဖော်ပဲ ဖြစ်မယ်။
ခဏ အဖော်ပဲ ဖြစ်မယ်။
တကယ့် တကယ် ...
ဒုက္ခနဲ့တွေ့တဲ့အခါ ...
အခက်အခဲနဲ့ တွေ့တဲ့အခါမှာ ...
အဲဒီ ပြင်ပအဖော်က
ကိုယ့်ကို ဘာမှ ထိထိရောက်ရောက်အကူအညီ မပေးနိုင်ဘူး။
နဲနဲပါးပါးတော့ ပေးနိုင်မှာပေါ့။
မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေက
ကိုယ့်ဒုက္ခရောက်တဲ့အခါမှာ ...
သူတို့တတ်နိုင်သလောက်တော့
အကူအညီ ပေးမယ်ပေါ့။
ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကို ပျောက်သွားအောင်တော့ ...
သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။
ပိုက်ဆံ ပေးချင်ပေးမယ်။ နေမကောင်းတဲ့အခါ ဆေး၀ါး ပေးမယ်။ စားစရာ သောက်စရာ ပေးမယ်။ မိသားစုဆိုလည်း နှိပ်ပေးမယ်။ တစ်ခုခုပေါ့။ သက်သာအောင် လုပ်ပေးမယ်။
ဒါလောက်ပဲ သူတို့တတ်နိုင်တယ်။
တကယ် ကိုယ့်စိတ်ထဲမှာ ...
ခံစားနေရတာကိုတော့
ဘယ်သူမှ ကူပြီးတော့ မျှပြီးတော့
အဖော်အဖြစ်
မခံစားပေးနိုင်ဘူး။
အဆိုးဆုံး အခြေအနေကို ပြောရမယ်ဆိုရင် ...သေခါနီးအချိန် ရောက်ပြီဆိုပါတော့။ ပါးစပ်ကလည်း ဘာမှ မပြောနိုင်တော့ဘူး။
မျက်စိကလည်း ကြည့်လို့
ကောင်းကောင်း မမြင်ရတော့ဘူး၊
မှုန်၀ါးလာပြီ။
နားကလည်း ကောင်းကောင်း မကြားရတော့ဘူး။ ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ...ကောင်းကောင်း မသိတော့ဘူး။ ထုံကုန်ပြီ ဆိုပါတော့။
စိတ်ကတော့ သိနေသေးတယ်။
ဘေးက ကြည့်နေတဲ့
သူတွေကတော့ ...
မျောနေပြီလို့ ထင်မှာပဲနော်။
တကယ်တော့ မျောချင်မှ မျောတာ။
လူတစ်ယောက် သူ့ကိုယ်တွေ့ကို
ပြောပြတာကတော့ ...
သူ့ကို ဘေးက လူတွေက
မျောသွားပြီလို့ ပြောနေကြတယ်။
ဒါပေမယ့် ပြောနေတဲ့အချိန်မှာ ...
အဲဒီပြောသံကို
သူကြားနေရတယ်တဲ့။
အဲဒီအချိန်မှာ
နားက မချုပ်သေးဘူး။
တကယ်သေတာမှ မဟုတ်ဘဲကိုး။
မျက်စိကတော့ မဖွင့်နိုင်ဘူး။
ပါးစပ်ကလည်း ပြန်မပြောနိုင်ဘူး။
တခြားလည်းပဲ အမူအရာနဲ့
သူဘာမှ လုပ် မပြနိုင်တော့ဘူး။
တစ်ကိုယ်လုံးက ငြိမ်ပြီးတော့
နေတာကိုး။ နားကတော့ ကြားနေသေးတယ်တဲ့။
ကာယပသာဒ အရင်ချုပ်တယ်။
ပြီးတော့ မျက်စိ ချုပ်တယ်။
နှာခါင်း ချုပ်တယ်။ လျှာထဲမှာဖြစ်တဲ့ အရသာတွေကို မသိတော့ဘူး။ ချုပ်သွားပြီ။
ပတ်၀န်းကျင်ကလူတွေက
သူ့ကို မျောနေပြီလို့ ပြောပေမယ့် ...သူကတော့ သိနေသေးတယ်တဲ့။ သူ မမျောပါဘူးတဲ့။ အဲဒီအချိန်မှာ တစ်ခုခုတော့ ပြန်ပြောချင်တယ်။ ဒါပေမဲ့ ပြောလို့မရဘူးတဲ့။
အဲဒီတော့ အားငယ်တတ်
ကြောက်တတ်တဲ့သူဆိုရင် ...
အဲလိုအချိန်မှာ
သူ့စိတ်ထဲ ဘယ်လိုနေမလဲ။
တော်တော်ကို အားငယ်နေလိမ့်မယ်။ တော်တော်ကို ကြောက်နေလိမ့်မယ်နော်။
ကိုယ့်စိတ်ကိုယ် သိသူ၊
တရားကို အားထုတ်ပြီး
နေတဲ့သူဆိုရင် ...အဲဒီအချိန်မှာ
စိတ္တာနုပဿနာ အားထုတ်ပြီး
နေလို့ရတယ်။ ကိုယ့်စိတ်လေး ကိုယ်သိပြီး နေလို့ရတယ်။
စိတ်ထဲမှာ ဖြစ်နေတဲ့ ...လှုပ်ရှားမှုတွေကို သိပြီး နေလို့ရတယ်။
အကယ်၍ လှုပ်ရှားမှု
မရှိဘူးဆိုရင်လည်း
အဲဒီ လှုပ်ရှားမှု မရှိတာကိုဘဲ
သိပြီးတော့ နေလို့ရတယ်။
အဖော်မလိုတော့ဘူးနော်။
နောက်ဆုံးအချိန်မှာ ..
အဖော်မရှိပါဘူး။
နောက်ဆုံးအချိန်မှာ ...
ကိုယ့်စိတ်ကိုယ်
သိနေကျလူဆိုရင်တော့
အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာ၀နာလေးက ကိုယ်ရဲ့ တကယ့်အဖော်
ဖြစ်လိမ့်မယ်နော်။
တကယ်တော့ ...
ဘ၀သံသရာခရီးကို
တစ်ကိုယ်တည်း သွားနေရတာပါ။
အဖော် မရှိပါဘူး၊ ခဏ ဆုံမိကြတာပါ။
ဒီဘ၀မှာ ခဏလာဆုံပြီးတော့ ...
ပြီးရင် လမ်းခွဲပြီး ကိုယ့်ခရီးကိုယ် ...ဆက်သွားကြရဦးမှာပါ။
သံသရာတစ်လျှောက်လုံး လိုက်ပြီး အဖော်လုပ်ပေးမဲ့သူ မရှိပါဘူး။
ဆရာတော်ဦးဇောတိက
မဟာမြိုင်တောရ
No comments:
Post a Comment