တစ်ခါတုန်းက ရွာတစ်ရွာမှာ
`ငတူး´ ဆိုတဲ့ လူတစ်ယောက်
ရှိခဲ့ဖူးတယ်။
တစ်နေ့တော့ သူဟာ
ငွေတစ်သောင်းကို
လွယ်အိတ်ထဲမှာထည့်ပြီး
ပစ္စည်းဝယ်ဖို့ မြို့ကို သွားသတဲ့။
ခါးမှာလည်း …
ထက်တဲ့ ဓားတစ်ချောင်းကို
ထိုးချပ်သွားသတဲ့။
လမ်းမှာ ရန်သူတွေ့ရင်
ခုခံကာကွယ်ဖို့ ဓားယူသွားတာပါ။
ဒီလိုနဲ့ ခရီးဆက်ရင်း
တောအုပ်တစ်ခုအတွင်း
လမ်းတစ်ကွေ့ရောက်တော့
လူဆိုးတစ်ယောက်နဲ့ တွေ့ပါလေရော။
လူဆိုးရဲ့ လက်ထဲမှာ
တုတ်တစ်ချောင်း ပါလာတယ်။
ဒီ့ပြင် လက်နက်တော့ မပါဘူး။
လူဆိုးက ငတူးကို မြင်တော့ -
"ဟေ့လူ- ခင်ဗျား လွယ်အိတ်ကို
ပေးစမ်း"လို့ တောင်းသတဲ့။
ငတူးက "မပေးနိုင်ဘူး"လို့ ငြင်းတော့
လူဆိုးက တုတ်နဲ့ ရိုက်တော့တာပေါ့။
ငတူးတစ်ယောက်
ခါးမှာ ချပ်ထားတဲ့ ဓားကို
လုံးလုံး မေ့နေတယ်။
ခါးမှာ ဓားပါလာတာကို သတိမရဘူး။
ဒီတော့ လက်သီးနဲ့ပဲ ရန်သူကို
ခုခံနေတယ်။
တစ်ကြိမ်မှာ ရန်သူလူဆိုးက
ငတူးရဲ့ခေါင်းကို
တုတ်နဲ့ တအားရိုက်ချလိုက်တော့
ငတူးဟာ ခေါင်းကွဲပြီး မူးလဲပါလေရော။
မူးလဲသွားတော့…
ခါးမှာ ချပ်ထားတဲ့ ဓားက
ငတူးရဲ့ခါးကို ရှပါလေရော။
ခါးကို ဓားရှမှပဲ
ငတူးဟာ ကိုယ့်မှာ ဓားပါလာမှန်း
သတိရလာတယ်။
ဒါပေမယ့် အသိ နောက်ကျသွားပြီပေါ့။
လူဆိုးကလည်း ငတူး မူးလဲကျသွားတာနဲ့
ငတူးထံက လွယ်အိတ်ကို ယူပြီး
ပြေးပါတော့တယ်။
တကယ်လို့သာ ငတူးဟာ
ကိုယ့်မှာ ဓားပါလာမှန်း
စောစောက သိပြီး၊
ဓားနဲ့ လူဆိုးကို ခုခံရင်
ရန်သူကို ဧကန်နိုင်မှာ သေချာတယ်။
အခုတော့ ဓားက
ရန်သူကို ကာကွယ်ပေးဖို့ မပြောနဲ့
ကိုယ့်ကိုယ်ကိုတောင်
ဓားကြောင့် ဒုက္ခရောက်ရတယ်။
ဓားပိုင်ရှင် ငတူးဟာ
ကိုယ့်ဓားနဲ့ ကိုယ်ပြန်ပြီး အရှခံရတယ်။
အသုံးချနိုင်တဲ့ အခွင့်အရေးတစ်ခုဟာ
ကိုယ့်မိုက်မဲမှု၊ မေ့လျော့ပေါ့ဆမှုကြောင့်
အသုံးမချလိုက်ရဘဲ …
ဆုံးရှုံးလက်လွှတ်လိုက်ရပြီဆိုရင်
နစ်နာမှန်း ပိုပြီး သိတတ်ကြတယ်။
ယခုလည်း ကြည့်ပေါ့။
ကိုယ့်မှာ ခုခံကာကွယ်ဖို့
စွမ်းအားရော လက်နက်ရော ရှိပါလျက်နဲ့
ကိုယ့်ရဲ့ မေ့လျော့ပေါ့ဆမှုကြောင့်
ရန်သူကို မခုခံ မကာကွယ်နိုင်သည့်အပြင်
အရိုက်လည်း ခံရသေး၊
ငွေတစ်သောင်းလည်း ရန်သူလက်ထဲ
ပါသွားသေး။
နောက်ပြီး ဓားရှလည်း ခံရသေး။
ငတူး ဘယ်လောက် ဆုံးရှုံးနစ်နာသွားသလဲ။
အဲဒါ ကိုယ့်မှာ ရှိတာကို မသိလိုက်ရလို့
ရောက်တဲ့ ဒုက္ခကြီးပေါ့။
လောကမှာလည်း… ဒါမျိုးပဲ။
အပ္ပမာဒ သတိလွတ်နေရင်၊
မေ့လျော့ပေါ့ဆနေရင်…
ရှိတာကိုလည်း မသုံးရ၊
ရှိတာတွေက ကိုယ့်ကို ဒုက္ခပြန်ပေး၊
ရန်သူနှောက်ယှက်သမျှ ခံရ၊
နောက်ဆုံး အပါယ်ကိုတောင်
ကျသွားနိုင်တယ်။
တကယ်တော့ …
ဘဝကောင်း တစ်ခုကို ရတယ်ဆိုတာ
အမြဲ ရပ်တည်နေချင်လို့ မရပါ။
နေခွင့် ရသလောက်ပဲ နေကြရပြီး
ခွင့်စေ့တာနဲ့ သေကြရမှာပါ။
နောက်ပြီး ဘဝမှာ ရှိလာတဲ့
ရာထူးဂုဏ်သိမ် စည်းစိမ်ချမ်းသာ
ဆိုတာတွေဟာလည်း… အငှါးတွေပါ။
အပိုင်တွေ မဟုတ်သေးပါဘူး။
သုံးခွင့်ရှိသလောက် သုံးကြရတာပါ။
သုံးနိုင်သလောက် သုံးကြရတာပါ။
မှန်မှန်ကန်ကန် မသုံးတတ်ရင်
(သို့မဟုတ်)
အကျိုးရှိအောင် သုံးဖို့ မေ့နေရင်
ပုံပြင်ထဲက ငတူးလိုပဲ
အကျိုးရှိအောင် မသုံးလိုက်ရ ဖြစ်မယ်။
ဒါ့အပြင် ကိုယ့်မှာ ရှိတဲ့
စည်းစိမ်ချမ်းသာ၊ ရာထူးအာဏာ
အရှိန်အဝါတွေကြောင့်…
တဏှာ၊ မာန၊ ဒိဋ္ဌိတွေ အားကြီးလာရင်
အားကြီးလာသလောက် ဒုက္ခရောက်ဦးမယ်။
နောက်ဆုံး ဒုစရိုက်တွေပါ ကျူးလွန်မိပြီး
အပါယ်လေးပါးကို ရောက်သွားနိုင်တယ်။
မရှိလို့ ဆင်းရဲဒုက္ခရောက်ရတာက
ဖြေသာပါသေးတယ်။
ရှိလို့ ဒုက္ခရောက်ရတယ်ဆိုတာက
အသိဉာဏ်နည်းပါးရာ ရောက်ပါတယ်။
ဒါကြောင့် အခုဘဝမှာ
ပတ်သက်ဆက်စပ်နေတဲ့…
လုပ်ပိုင်ခွင့်တွေ ပိုင်ဆိုင်မှုတွေကို
မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်မိဖို့
အရေးကြီးပါတယ်။
တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ဘုရားကြီး
No comments:
Post a Comment