စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 15, 2022

ထီးနှင့်တူသောစိတ်

ထီးနဲ့ တူသော စိတ်
••••••••✷✿✷••••••

ထီးဟာ ...
ထီးကို အသုံးပြုတဲ့ ပုဂ္ဂ္ဂိုလ်
ထီးဆောင်းတဲ့ ပုဂ္ဂိုလ်ရဲ့ အထက်မှာပဲ အမြဲ ရှိတယ်။
အောက်မှာ ဘယ်တော့မှ မရှိဘူး …

ထို့အတူပဲ
ဝိပဿနာ ယောဂီများရဲ့ စိတ်ဟာ 
ကိလေသာတွေရဲ့ အထက်မှာပဲ 
အမြဲတမ်းရှိနေရမယ် …

ကိလေသာတွေရဲ့ အောက်မှာ 
ဘယ်တော့မှ မရှိစေရဘူး …

မိမိရဲ့ စိတ်ကသာလျှင် 
ကိလေသာကို လွှမ်းမိုးနိုင်ရမယ်။
ကိလေသာက မိမိကို မလွှမ်းမိုးစေရဘူး။

ကိုယ့်စိတ်ကသာလျှင် 
ကိလေသာကို အနိုင်ရရမယ်။
ကိလေသာက ကိုယ့်ကို နိုင်သွားတယ် ဆိုတာ မရှိစေရဘူး။

လောဘ ဖြစ်လာရင်လည်း 
လောဘ အလိုကို မလိုက်နဲ့။
လောဘကို တွန်းလှန်နိုင်အောင် ကြိုးစား …

ဒေါသ ဖြစ်လာရင်လည်း 
ဒေါသ အလိုကို မလိုက်နဲ့။
ဒေါသကို တွန်းလှန်နိုင်အောင်ကြိုးစား …

ဘဝင်မြင့်မှု မာန , မနာလိုမှု ဣဿာဖြစ်လာရင်လည်း မာန ဣဿာ အလိုကို မလိုက်နဲ့။
မာန ဣဿာကို တွန်းလှန်နိုင်အောင် ကြိုးစား။

ကိလေသာတွေထဲမှာ တဏှာက 
တော်တော် ကြောက်ဖို့ကောင်းတယ် …

ဒေါသဖြစ်လည်း ဒေါသဖြစ်နေတာကို 
သူက လိုက်သာယာ …

ဣဿာဖြစ်လည်း ဣဿာဖြစ်နေတာကို 
သူက လိုက်သာယာ …

ဘာကိလေသာဖြစ်ဖြစ် သူက လိုက်သာယာနေတော့ ကိုယ့်စိတ်မှာဖြစ်နေတဲ့ ကိလေသာကို မကောင်းမှန်း သိသိကြီးနဲ့ 
မစွန့်နိုင်ဘဲ ဖြစ်နေတတ်တယ်။

ဒါကြောင့် ကိုယ့်ရဲ့စိတ်ကို တဏှာက လွှမ်းမိုးချုပ်ကိုင် မထားနိုင်အောင် ကြိုးစားရမယ်။

ကိုယ့်ရဲ့စိတ်ကို တဏှာက နှောင်ဖွဲ့
ရစ်ပတ်မထားနိုင်အောင် အားထုတ်ရမယ် …

တဏှာကို မတွန်းလှန်နိုင်ရင် 
အခြား ကိလေသာတွေကိုလည်း 
တွန်းလှန်နိုင်ဖို့ မလွယ်ဘူး …

တဏှာကိုသာ ရဲရဲကြီး တွန်းလှန်နိုင်ရင်
ကိုယ်စိတ်ဟာ ကိလေသာရဲ့ အထက်မှာ 
ဖြစ်သွားပါပြီ …

ဒီတော့ 
ကိုယ့်စိတ်ကို ထီးနဲ့ တူအောင် 
ကြိုးစားကြရမယ် …

ဆရာတော် အရှင်ဆန္ဒာဓိက
 ( ရွှေပါရမီတောရ )
🙏🙏🙏

Credit..

No comments:

Post a Comment